မြန်မာဘက်မှ တရားမ၀င်သစ်များ တရုတ်ပြည်ထဲ ၀င်နေဆဲ

ကချင်ပြည်နယ် အတွင်း တရားမ၀င် သစ်ခုတ်လှဲမှုကို တရုတ်ကုမ္ပဏီများက ဆက်လက်ပြုလုပ် နေကြောင်း ဗြိတိန် နိုင်ငံ အခြေစိုက် သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့တခုဖြစ်သည့် Global Witness အဖွဲ့ကြီးက အစီရင်ခံစာတစောင် ယနေ့ ထုတ်ပြန်လိုက်သည်။

လိုက်လျောညီထွေမရှိသည့်စီးပွားရေး (A Disharmonious Trade )ဟု အမည်ပေးထားသော ထိုအစီရင်ခံစာ တွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်းမှ သစ်များကို တရုတ်နိုင်ငံ အတွင်းသို့ တရားမ၀င်တင်ပို့နေမှုများ ကျဆင်းလာနေပြီဟု ပြောဆိုနေကြသော်လည်း ဆက်လက်၍ ခိုးယူ တင်ပို့နေမှုများ ရှိနေပြီး ထိုသစ်မှောင်ခို သမားများကို တရုတ်သစ်ကုမ္ပဏီများက ဆက်လက်ထောက်ပံ့နေဆဲဖြစ်ကြောင်း ထောက်ပြထားသည်။

“ကချင်ပြည်နယ်က တရားမ၀င်သစ်ခိုးထုတ်မှုတွေကို တရုတ်အစိုးရရော ဗမာအစိုးရကပါ နှိမ်နင်းခဲ့ပါတယ် ဒါပေမယ့် ရှိနေတုန်းပဲ၊  ဒါကြောင့် ဒီထက်မက ပိုပြီးတော့ လုပ်သင့်တယ်”ဟု အဆိုပါအဖွဲ့၏ သစ်တောရေးရာ ကျွမ်းကျင်သူ ဂျွန်ဘတ်ခ်ရဲလ်က ပြောဆိုကြောင်း အေပီ သတင်းတရပ်တွင်လည်း ဖော်ပြထားသည်။

Global Witness အဖွဲ့၏ ၂၀၀၅ခုနှစ်က ထုတ်ပြန်သည့် အစီအရင်ခံစာတွင်လည်း ကချင်ပြည်နယ်အတွင်းရှိ ကြီးမားသော သစ်တောများမှာ တရုတ်ကုမ္ပဏီများ ၏ တရားမ၀င်ခုတ်ယူမှုကြောင့် ပြုန်းတီးသွား ခဲ့ရ ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ အနေဖြင့် ပြန်လည်၍ စိုက်ပျိုးပေးသင့်ပြီး နယ်စပ်ကို ဖြတ်ကျော်၍ သစ်ခိုး ထုတ်နေမှုကို လည်း တားမြစ်ရန် နည်းလမ်းရှာဖွေသင့်သည်ဟု ဖော်ပြပါရှိသည်။

ထို ၂၀၀၅ ခုနှစ် ကြေညာချက်ကြောင့် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံဘက်မှ တရားမ၀င်သစ်မာ တင်သွင်း ခြင်းကို ပိတ်ပင်လိုက်သည်ဟု အဆိုပါအဖွဲ့ကြီးက ဆိုသည်။

သို့ရာတွင်တရုတ်ကုမ္ပဏီများနှင့် အကျိုးတူ တရားမ၀င်သစ်ခိုးထုတ်သည့် နေရာများသည် ကချင်ပြည်နယ် အတွင်းရှိ ဗန်းမော်မြို့နယ် ၊ မြစ်ကြီးနား မြို့နယ်၊ မိုးညှင်း မိုးကောင်းဒေသများနှင့် မေခနှင့် မလိခ မြစ်ကြားရှိ ဒေသများတွင် ခုတ်ယူပြီး တရုတ်နိုင်ငံဘက်မှ ကားများနှင့် လာရောက်သယ်ယူသည်ဟု ဗန်းမော်မြို့ နယ်ရှိ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) ၀န်ထမ်းတဦးကလည်း ပြောသည်။

“ညနေဆိုရင် တရုတ်ပြည်ဘက်က သစ်ကားတွေ ၀င်လာပြီ၊ တခါတလေ အစီးရေ ၇၀ကျော်တယ်၊မနက်ဆို အပြီး နယ်စပ်ဂိတ်ကိုပြန်ရောက်ပြီ”ဟု အဆိုပါဝန်ထမ်းက ပြောသည်။

ထိုသို့ တရုတ်နိုင်ငံဘက်မှ သစ်ကားများဝင်ရောက်မှုသည် ဗန်းမော် - ဆင်ဘို လမ်းကြောင်းသာမဟုတ်ဘဲ၊ ကန် ဘိုက်တီး နှင့် ပန်ဝါဘက်မှလည်း ၀င်ရောက်ကြောင်းသိရသည်။

အဆိုပါ တရားမ၀င်သစ်ခိုးထုတ်မှုတွင် စစ်အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာချုပ် မှ အာဏာပိုင်များ နှင့် ကချင်ပြည်နယ်အတွင်းရှိ အပစ်အခတ်ရပ်ဆဲရေးအဖွဲ့များ ပါဝင်ပတ်သက် နေသည်ဟု ကချင်သဘာဝ ပတ်ဝန်းကျင်အဖွဲ့ တာဝန်ခံ ကိုယောန က လည်း ပြောသည်။

“ဖြတ်သန်းခ ခွင့်ပြုခ၊ အကောက်ခွန်တွေယူတယ်ဆိုတာကိုက သူတို့အနိမ့်ဆုံးပါဝင်မှုပဲ”ဟု ၎င်းက ဆိုသည်။

ထိုသို့ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကားများဖြင့် တရားမ၀င်ပို့ဆောင်နေသည်သာမက ပြည်တွင်းကုမ္ပဏီများဖြစ် သည့် ထူးကုမ္ပဏီ နှင့် ယုဇနကုမ္ပဏီ တို့ကလည်း သစ်များကိုခုတ်ယူပြီး ရေလမ်းဖြင့် ရန်ကုန်မြို့သို့သယ်ယူသည် ဟု ကချင်ဖွံဖြိုးရေးကွန်ယက်(KDNG)မှ ကိုအောင်ဝါကလည်း ထောက်ပြသည်။

“ယုဇနက ဟူးကောင်းတောင်ကြားမှာ စိုက်ပျိုးရေးလုပ်ကွက် ဖော်မယ်ဆိုပြီး ဧက တ သိန်း ယူထားပြီး သစ်ခုတ် တယ်”ဟု ကိုအောင်ဝါကပြောသည်။

ယခုအခါတွင် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတွင် သစ်တောများမရှိတော့သောကြောင့် ဧရာဝတီမြစ်အနောက် ဘက်ကမ်းသို့ လာရောက်သစ်ထုတ်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထိုသို့သစ်တောများပြုန်းတီးလာမှုကြောင့် ယခင်က ရာသီဥတုမျှတသော ကချင်ပြည်နယ်တွင် မိုးများခြင်း ရေကြီး ခြင်းနှင့် ပိုမိုပူလာပြီး လယ်ယာစိုက်ပျိုးရေးများကိုပါ ထိခိုက်လာကြောင်းသိရသည်။

ယခုကဲ့သို့ကချင်ပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများ ကိုထုတ်ယူခြင်းသည် ကချင်လူထုနှင့် မြန်မာပြည်သူ များအတွက် အကျိုးစီးပွားထိခိုက်မှုရှိကြောင်း၊ ဒေသခံများ၏ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်ရာရောက် ကြောင်း၊ ကချင် အပစ်ရပ် အဖွဲ့ခေါင်းဆောင်များ အနေဖြင့်လည်း ယခုကဲ့သို့သော တရုတ် ကုမ္ပဏီများ၏ တရား မ၀င် သစ်ခိုးထုတ်မှုကို တားဆီးသင့်ကြောင်း ကိုအောင်ဝါကသုံးသပ်သည်။

သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံဖြိုး တိုးတက်ရေး နှင့် ထိန်းသိမ်းရေး အသင်း ( FREDA ) အဖွဲ့မှ ဦးအုန်းက လည်း သစ်တောများကို အသစ်ပြန်စိုက်ခြင်းထက် လက်ရှိသစ်တောများကို ထိန်းသိမ်းခြင်းက ပိုမိုကောင်းမွန် ကြောင်း၊ စစ်အစိုး ရ အနေဖြင့် သစ်တောများဖွံဖြိုးတိုးတက်ရေး တွင် စိတ်ဝင်စားပြီး အသိအမှတ်ပြုသည် ဆိုသော်လည်း ပူးပေါင်း ဆောင်ရွက်မှုမှာ နည်းပါးနေသေးကြောင်း၊ ထိုကြောင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဝေဖန်ပြော ဆိုသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်