ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲသည့်နေ့က …

Saturday, 16 May 2009 17:16 ဆောင်းပါး
Print
ကောင်းကင်တွင် မိုးအုံ့လျက်ရှိပြီး မိုးဖွဲများက ခပ်ဖွဲဖွဲလေးကျနေခဲ့သည်။

ခပ်ဖွဲဖွဲကျနေသော မိုးဖွဲများအောက်မှာပင် ၀န်းကျင်တခုလုံး မှုန်မှိုင်းနေဆဲ ဖြစ်သော်လည်း ရန်ကုန်မြို့တွင်း၌ ရဲကားများ၊ လုံထိန်းများ၊ ဈေးသည်များ၊ ဈေးဝယ်များ၊ လမ်းလျှောက်သူများ၊ နံနက်စာ ထွက်စားသူများ၊ လက်ဖက်ရည်ဆိုင် ထိုင်သူများနှင့် လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

နက်ပြာရောင် ယူနီဖောင်းအပြည့်အစုံ၊ ဒိုင်း၊ လက်ကိုင်တုတ်၊ သေနတ် စသည့် လက်နက်ကိရိယာများနှင့်လုံထိန်း များကို အပြည့်တင်ထားသော ရဲကားများသည်လည်း နံနက် ၂ နာရီကတည်းကပင် ရန်ကုန်တမြို့လုံးကို လှည့် လည်လျက်ရှိရာမှ လမ်းဆုံလမ်းခွ နေရာများ၊ ဈေးအနီးပတ်ဝန်းကျင်နေရာများတွင် ရပ်ထားရင်း နံနက်ခင်း နိုးထ လာသူများကို ခြိမ်းခြောက်လျှက်ရှိသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ မေလ ၁၄ ရက်နေ့ကဖြစ်သည်။ မိုးအုံ့အုံ့ရာသီဥတုနှင့် လူတွေ၏ အလိုမကျသော ၊ စိတ်တိုနေဟန် တူသော မှုန်မှိုင်းမှိုင်းမျက်နှာတို့က ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရကအင်းစိန်တွင် စီရင်ချက်ချ မည်ဟု သတင်း ကြားပြီးကတည်းက ဒေါသဖြစ်နေကြပြီး ရဲကား၊ လုံထိန်း စသည်တို့ကို မိုးမလင်းခင်တွေ့လိုက်ရ သောကြောင့် ပိုပြီးမာထန်ကုန်ကြ လေသည်။

လူတချို့က ပေါ်ပေါ်တင်တင်ပင်ဖုန်းဆက်ပြီး မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများထံ ထိုဒေါ်အောင်ဆန်းစုကြည် သတင်းကို ပြောကြသည်၊ လက်ဖက်ရည်ဆိုင်မှာလည်းထိုခေါင်းစဉ်နှင့်ပင် ဆွေးနွေးကြသည်၊ထင်မြင်ချက်တွေ ပေးကြသည်။ဒေါသတွေဖြစ်ကြတာ တွေ့ရသည်။

“မနက် ၆ နာရီ မထိုးခင်ကတည်းက ကျနော့်ဆီကို ဖုန်းဆက်လာတယ်၊ နယ်က ဖုံးပဲ။ ဒီနေ့ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန်မှာ စီရင်ချက်ချမှာလို့ ကြားတယ်၊ အဲဒါ ဘာတွေထူးခြားနေလဲ ဆိုပြီး ဖုံးဆက်မေးကြတယ်၊ ထူးခြားရင်ပြောပါဦးလို့လဲ ပြောကြတယ်”ဟု ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်တဦးက ပြောပြသည်။

ရန်ကုန်မြို့ရှိ NLD အဖွဲ့ဝင်များထံသို့နယ်မှ သတင်းမေးမြန်းသူများက ဖုံးဆက်မေးကြသည်။ အချို့ကလည်း အင်းစိန်မြို့နယ် အတွင်း နေထိုင်သူများထံသိုY ဖုံးဆက်မေးပြီး သတင်းထူးရင် ဖုန်းပြန်ဆက်ပေးရန် မှာကြားကြ သည်။

ထို့ကြောင့်ပင် နံနက် ၉ နာရီ ခန့်တွင် အင်းစိန်မြို့နယ် အတွင်းရှိ လိုင်းဖုံးများအားလုံးကို အစိုးရက ဖြတ်ချလိုက် ဟန်တူသည်။ အင်းစိန်မြို့နယ်တွင်းသို့ မည်သို့မျှ ဖုံးခေါ်၍ မရတော့။ နယ်မှဖုံးများလည်း ၀င်မလာတော့၊ နယ်နှင့် ရန်ကုန်ကိုလည်းအဆက်အသွယ်ဖြတ်လိုက်ဟန်တူသည်။

ဖုံးခေါ်၍မရသည့်အတွက် ကိုယ်တိုင်သွားကြည့်လိုသူများနှင့် အင်းစိန်ရုံးနှင့် အင်းစိန်ထောင် အနီးတ၀ိုက်တွင် လည်ကောင်း၊ ဈေးအနီးတွင်လည်ကောင်း လူစည်ကားနေခဲ့သည်မှာ ညနေစောင်းသည်အထိ ဖြစ်ကြောင်းသိရ သည်။

တချို့ကလည်း အင်းစိန် ထောင်အနီးပတ်ဝန်းကျင်ရှိ လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်တို့တွင် နံနက် စောစော ကတည်းက အသေအချာ သွားရောက်၍ အခြေအနေကို စောင့်ကြည့်ခဲ့ကြသည်။

ထိုလက်ဖက်ရည်ဆိုင်များမှာ ယခင်ရက်တွေကထက် ပိုစည်ကားခဲ့သည်။ ဆိုင်တိုင်းလိုလိုပင် လူပြည့်နေခဲ့သည် မှာ အံ့အားသင့်ဖွယ်တော့ မဟုတ်ပေ။

ထိုနေရာတွင် အပြည့်ချထားသော လုံထိန်းများကလည်း မျက်နှာသေကြီးများနှင့် ကျောက်ရုပ်ကြီးများလိုပင် ကားပေါ်မှာ မလှုပ်မယှက်၊ တချို့ကလည်းလမ်းထောင့်မှာ ငုတ်တုတ် ၎င်းတို့ကို ခပ်စူးစူးကြည့်သွားကြသော ၊ အကဲခတ်သလိုကြည့်သွားကြသူများကို ကြောင်စီစီပြန်ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြသည်။

တချို့ အရပ်ဝတ်များနှင့် ရဲများကလည်း လူစည်ကားရာလက်ဖက်ရည်ဆိုင်များတွင် ၀င်ထိုင်ရင်း လူအများကို စူးရဲသောမျက်လုံးများနှင့် ဘာကိုမှန်းမသိ ရှာဖွေနေခဲ့ကြသည်ကို တွေ့ရသည်။

လူအများစုထဲမှ တချို့က တိတ်ဆိတ်စွာပင် လက်ဖက်ရည်ဆိုင် ထိုင်နေကြရင်း “ဒီနေ့ ဘာဖြစ်နိုင်သလဲ” ဆိုသည် ကို တွေးဆ ကြည့်နေကြဟန် တူသည်။ တချို့ကလည်းထောင်အနီးသို့ ကားများဆိုက်လာတိုင်း ကားထဲကိုစူးစိုက် ကြည့်ကြသည်။ ထိုကဲ့သို့ စိတ်ဝင်စားသူများအနက် အမျိုးသမီးများက ပိုပြီး စိတ်ဝင်စားပုံ ပေါက်ကြသည်။   

မည်သို့ပင် ဖြစ်စေကာမူ ရန်ကုန်မြို့၏ ထိုနေ့နံနက်ခင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော သတင်း စကားသံများကသာအရပ်ရပ်မှာ ပျံ့လွင့်နေခဲ့သည်။

ပြည်တွင်းသတင်းထောက်များသည်  တနေကုန်ပင် နေမရ ထိုင်မရ ဖြစ်လာကြကာ သက်ဆိုင်ရာ ဂျာနယ်တိုက် က တားနေသည့်ကြားမှပင် ဂျာနယ်တွင်ဖော်ပြခွင့်ရမည်မဟုတ်မှန်းသိသော်လည်း အလုပ်ထုတ်ချင်ထုတ် ဟု ဆိုကာ ရောက်အောင်သွားခဲ့သူများ ရှိသည်။ တချို့ကလည်း ကိုယ်တိုင်ကိုယ်ကျမြင်တွေ့လိုသည့်စိတ်ဖြင့် သွားရောက်ချင်သော်လည်း အထက်တာဝန်ရှိသူများက တားမြစ်ထား၍ သွားရောက်ခွင့်မသာခဲ့ပေ။

နံနက် ၉ နာရီ ခွဲ ရုံးအသီးသီးဖွင့်ချိန်မှာလည်း “ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမယ်လို့ ကြားတယ်၊ ဘယ်လို ယုတ်မာဦးမလဲ မသိဘူး” ဟူသော စကားများကို တိုးတိုးတိတ်တိတ်ပြောနေသံများက ပုဂ္ဂလိက ရုံးများ၊ ကုမ္ပဏီများတွင်သာမက အစိုးရဌာနဆိုင်ရာ အရာရှိများ၏ နားများတွင် လျှံလျက်နေပေပြီ။

နံနက် ၉ နာရီ ခွဲမှ ဖွင့်လေ့ရှိသော အင်တာနက် ဆိုင်များတွင်လည်း နံနက်ပိုင်းပင် ဖြစ်လင့်ကစား သတင်းလာ ဖတ်သူများ ပြည့်နေခဲ့ကြောင်း သိရသည်။

သို့သော်  နံနက် ၁၀ နာရီ မထိုးမီမှာပင် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အတော်များများမှာ လျှပ်စစ်မီးများ ပြတ် တောက်လျက်ရှိသောကြောင့် တချို့အင်တာနက်ဆိုင်များမှာ ပိတ်ထားရကြောင်း သိရပြီး၊ အင်းစိန်မြို့နယ်အတွင်း မှ ဆိုင်များကတော့ ပြဿနာဖြစ်မည်ကို ကြောက်သောကြောင့်ပိတ်လိုက်ရခြင်းဖြစ်ကြောင်း အင်းစိန် ဈေးအနီးမှ အင်တာနက်ဆိုင်ဝန်ထမ်း၏ ပြောပြချက် အရ သိရှိရသည်။

ရန်ကုန်မြို့တွင်းမှာတော့ မီးပျက်သောကြောင့် အင်တာနက် ဆိုင်တချို့မှာပိတ်ထားကြပြီး တချို့သာလျှင် မီးစက်မောင်း၍ ဖွင့်သည်ကို တွေ့ရသည်။
“အရင်တုန်းကဆိုရင် မနက်ဆို နိုင်ငံခြားဖုံးခေါ်တဲ့သူပဲ များတယ်။ ဒီနေ့တော့ မနက်ကတည်းက လာတဲ့သူတွေ က စာလာဖတ်ကြတာ များတယ်” ဟုကျောက်တံတားမြို့နယ်တွင်းရှိ အင်တာနက် ဆိုင် တဆိုင်မှ ၀န်ထမ်းတဦး က ပြောသည်။

ယနေ့တွင်လည်း နံနက်ကတည်းကပင် အင်တာနက်ဆိုင်အတွင်းရှိသူ အများစုမှာ သတင်းဖတ်နေကြသည်။

“ကျနော်က မနက်ဆိုရင် သတင်းမဖတ်ရရင် မနေနိုင်ဘူး၊ ငယ်ငယ်တုန်းကတော့သတင်းစာဖတ်ခဲ့တယ်။ ခုတော့ အင်တာနက် ရပြီဆိုကတည်းက သတင်းတွေပုံမှန်ဖတ်လာတာ ဆိုတော့ မနက် သတင်းဖတ်တယ်၊ ခုလို သတင်း မျိုးကတော့ အစိုးရသတင်းစာမှာမပါနိုင်ဘူး ဆိုတော့ အင်တာနက်က သတင်းတွေကိုပဲ အားကိုးရတာ၊ ဒီနေ့ ဆို တနေကုန် သတင်းပဲ ထိုင်စောင့်ဖတ်နေတာ”ဟု လူငယ် ရှေ့နေ တဦးက ပြောဆိုသည်။

ထိုနေ့က တနေ့ခင်းလုံး “ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘယ်လိုမျိုးလုပ်ဦးမလဲ”ဟု သိချင်စိတ်ပြင်းပြ နေကြသော လူအများစုသည်အင်တာနက်မှ သတင်းဖတ်ကြခြင်း၊ တချို့လည်း ညနေပိုင်းတွင် ရေဒီိယို သတင်း စောင့်နားထောင်ကြခြင်းတို့ကို တွေ့ရသလို၊ တချို့ကလည်း အချင်းချင်း ထံမှ မေးမြန်းကြနေကြသည်ကို လည်း  တွေ့ရသည်။

ညနေစောင်းပြီ ဆိုသည်နှင့် မီးကလေး မှိတ်တုတ်တုတ် ခပ်မှောင်မှောင်ရန်ကုန်ညမှာ ဓာတ်ခဲရေဒီယိုလေးနှင့် ဗီအိုအေ၊ ဘီဘီစီ၊ ဒီဗီဘီတို့မှအသံလှိုင်းတို့က ရပ်ကွက်တွေကြားမှာ လွင့်ပျံလျှက်ရှိသည်။ ယင်းသို့ ရေဒီယို နားထောင်ပြီး ဖြစ်ပေါ်လာသည့် ခံစားချက်အသံမျိုးစုံကိုလည်းကြားရသည်။

“၁၈ ရက်နေ့အထိ ရွှေ့လိုက်တာကို ကြည့်ရင် သူတို့က လူတွေ တခုခုလုပ်လာကြမှာကိုလည်း ကြောက်ပုံရ တယ်”ဟု ဝေဖန် ပြောဆိုသံတွေကိုလည်း ကြားသိရသည်။

ထိုအသံများသည် မေလ ၁၅ ရက်နေ့နံနက်ခင်းထိပင် ပျံ့လွင့်နေခဲ့်သည်။

လတ်တလော ရန်ကုန်မြို့သည် “ဘာကြားသေးလဲ”ဟူသည့် စကားသံများဖြင့် နံနက်ခင်းကို နိုးထ စေခဲ့သော မြို့တမြို့ ဖြစ်နေပါတော့သည်။     ။