အနာဂတ်လမ်း ဖြောင့်တန်းစေလို…..

အနာဂတ် ဘ၀ အဆင်ပြေ သာယာလှပဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အသက် ၁၄ နှစ်ကတည်းက အလုပ် လာလုပ်တဲ့ နမ့်ခမ်းရဲ့ အိပ်မက်တွေကတော့ ၁၀ နှစ်ပြည့်သွားပြီ ဖြစ်သော်လည်း လက်တွေ့ဘ၀မှာ အရာမထင် ဖြစ်ခဲ့ရ ပါတယ်။

၁၉၉၆ ကနေ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်၊ သူပြန်သွားချိန် အထိ ၉ နှစ်နဲ့ ၇ လတိုင်တိုင် အခက်အခဲနဲ့ စိတ်ဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရပြီး ရရှိခဲ့တဲ့ စုစုပေါင်း သူ့ရဲ့ လုပ်အားခကတော့ ဘတ် ၄၈၀၀၀ (ကျပ် ၁၄သိန်း ခန့်) ပဲ ရှိပါတယ်။

“မွေးရပ်မြေ လားရှိုးကို စွန့်ခွာပြီး အိမ်ဖော် အလုပ်လုပ်သွားတဲ့ နမ့်ခမ်းရဲ့တရက် လုပ်အားခဟာ ၁၄ ဘတ် (ကျပ် ၄၂၀ခန့်) ပဲ ရှိပါတယ်” လို့ ချင်းမိုင်မြို့ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့ (MAP) က အိမ်ဖော် အလုပ် သမား အရေး ဆောင်ရွက်နေသူ Rujisanwee Pim က ဒီ ဖြစ်ရပ်ကို ပြန်ပြောပြပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတယောက် အတွက် ဥပဒေက တရားဝင်သတ်မှတ်ထားတဲ့ တရက်တာ လုပ်အားခက ၁၃၈ ဘတ် ဖြစ်ပေမယ့်လည်း အဲဒီသတ်မှတ်ချက်ဟာ အိမ်ဖော်အလုပ်သမားတွေ အတွက်သက်ရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံ အနှံ့မှာ မြန်မာပြည်သား စုစုပေါင်း ၂ သန်းကနေ ၄သန်း အထိ ရှိတဲ့အထဲက သိန်းနဲ့ချီတဲ့ အိမ်ဖော် အလုပ် လုပ်ရသူတွေဟာ ဥပဒေအရ အကာအကွယ်မဲ့နေပါတယ်။

နမ့်ခမ်းဟာ အိမ်ရဲ့ဝေယျာဝစ္စ အလုပ်တွေ သာမကဘဲ သူ့ အလုပ်ရှင်က တခြားသူတွေကို ငှားရမ်းထားတဲ့ တိုက်ခန်း သန့်ရှင်းရေး ကိုလည်း ဆောင်ရွက်ရပါတယ်။

တကယ်တော့ နမ့်ခမ်းဟာ အလုပ်စတင်စဉ်ကတည်းက အိမ်ရှင်ဖြစ်သူနဲ့ တလ လုပ်အားခ ဘတ် ၁၅၀၀ (၄၅၀၀၀ကျပ်ခန့်) နဲ့ သဘောတူညီ လုပ်ကိုင်ခဲ့တာပါ။

နမ့်ခမ်း ရသင့်တဲ့ လုပ်အားခကို အိမ်ရှင်က လစဉ် သူ့ဆီမှာ စုဆောင်းထားဖို့ ပြောတဲ့အတွက် ထုတ်ယူခွင့် မရခဲ့တာ ဖြစ်ပါတယ်။

“အိမ်ရှင်က သူ့ကို အပြင်ထွက်ခွင့်မပေးဘူး။ နေရတာနှစ်နဲ့ချီကြာလာတော့ သူ့နေတဲ့မြို့ကို သွားလည်မယ်ဆိုတော့လည်း အိမ်တိုင်ရာရောက် လိုက်ပို့ပေးမယ်လို့ အလုပ်ရှင်က ပြောတာကို သူက ယုံကြည်နေတယ်လေ” လို့ Pim ကဆက်ပြော ပါတယ်။

နောက်ပိုင်း အရမ်း တင်းကျပ်ပြီး အဆင်မပြေတဲ့အချိန်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နမ့်ခမ်းက သူငယ်ချင်းနဲ့ ဆွေမျိုးတွေဆီ ဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားဖို့ ကြိုးစားပေမယ့် တဦးတယောက်မှ လာရောက် ကူညီနိုင်ခြင်း မရှိခဲ့ ဘူးလို့ သိရပါတယ်။

သူငယ်ချင်းတွေဆီ သူ ဆက်သွယ်နေတဲ့ ဖုန်းနံပါတ်တွေကို အလုပ်ရှင်က ဖျောက်ဖျက်လိုက်ပါတယ်။

“ကျမဆီကို ရောက်လာတော့ အဲဒီ ဖုန်းနံပါတ်တွေ ဖျောက်ဖျက်လိုက်တာကို ပြောပြပြီး သူက အရမ်းဝမ်းနည်းပုံရတယ်။ အလုပ်ရှင်က သူ့ကိုညာတာကို စိတ်မကောင်း ဖြစ်နေပုံပဲ” လို့ Pim က ဆိုတယ်။

နောက်ဆုံး အလုပ်ရှင် ဖြစ်သူက သူ့ရဲ့ ၁၀ နှစ်နီးပါးလုပ်အားခ အတွက် ဘတ် ၁၀၀၀၀ (ကျပ် ၃၀၀၀၀၀ခန့်) ပဲ ပေးတာကို လက်မခံနိုင်တဲ့ အဆုံးမှာတော့ အလုပ်လုပ်တဲ့ အိမ်က ထွက်ပြေးခဲ့တာပါ။

MAP အဖွဲ့က Mai Mai က “အလုပ်သမားတွေ အနေနဲ့က ထိုင်းမှာ တရားမ၀င် လာရောက် လုပ်ကိုင်ကြရတယ်ဆို ကတည်းက စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှုက ရှိနေတာပေါ့။ အဲဒီမှာ အိမ်ရှင်တွေက ထပ်ဖိအား ပေးတော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပိုဆိုးသွားစေပါတယ်” လို့ ပြောပြပါတယ်။

သူငယ်ချင်း တယောက်ရဲ့ အဆက်အသွယ်နဲ့ MAP အဖွဲ့ရဲ့ အကူအညီကို ရယူပြီး ထိုင်း အလုပ်သမား ကာကွယ်ရေးရုံးမှာ သူ ရသင့်တဲ့ လုပ်အားခကို တောင်းဆိုခဲ့ပါတယ်။ အဲဒီရုံးက နှစ်ဘက်ညှိနှိုင်းပြီး အိမ်ရှင်က ဘတ် ၄၈၀၀၀ ပေးဖို့ သဘော တူညီခဲ့ခြင်း ဖြစ်ပါတယ်။

“၉နှစ်လုံးလုံး အိမ်မပြန်ရတော့ သူက အရမ်း အိမ်ပြန်ချင်နေပြီလေ၊ ကြာကြာ မစောင့်ချင်တော့ဘူးနဲ့ တူတယ်၊ သူဌေးက အနိုင်ထက်ပြုကျင့်တာကို မခံရတာ ကံကောင်းတယ်လို့ မှတ်ယူရမှာပါ”ဟု Pim ကဆက် ပြောပါတယ်။

ရရှိတဲ့သူ့ရဲ့ လုပ်အားခဟာ နေထိုင် စားသောက်စရိတ် အပါအ၀င် အလုပ်သမား မှတ်ပုံတင် အတွက် ကုန်ကျစရိတ် တွေကို နုတ်ယူထားလိုက်ပြီးမှ ပေးတာဖြစ်ပါတယ်။

နမ့်ခမ်းလိုပဲ အိမ်ဖော်အလုပ်လုပ်နေတဲ့ မမိုးက “အလုပ်စလုပ်တော့ ကျမကို အလုပ်ရှင်က တလ ဘတ် ၈၀၀ (၂၄၀၀၀ ကျပ်ခန့်) ပေးမယ်လို့ပြောပေမယ့် ဘတ် ၅၀၀ (၁၅၀၀၀ ကျပ်ခန့်) ပဲ ရတယ်။ သူတို့ ဆွေမျိုးတွေက  ရဲတွေဆိုတော့ အရင် လာလုပ်တဲ့သူတွေကို ပိုက်ဆံမပေးဘူးတဲ့၊ ကျမက ကံကောင်း တယ်လို့ အိမ်နီးနားချင်းတွေက ပြောကြတယ်” လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

တကယ်တော့ မမိုးဟာ ထိုင်းနိုင်ငံမှာ အလုပ်မလုပ်ခင် မြန်မာပြည်က အစိုးရဌာန တခုမှာ အမှုထမ်းခဲ့တယ်လို့ဆိုပါတယ်။

“နေရထိုင်ရတာက မြန်မာပြည်ကထက်တော့ အဆင်ပြေတယ်ဆိုပေမယ့် ရွေးချယ်စရာမရှိလို့သာ လာလုပ်ရတာပါ” လို့ မမိုးက ပြောပါတယ်။

ထိုင်းမှာ ၄နှစ်လောက် အလုပ်လုပ်လာတဲ့ မမိုးဟာ အိမ်ရှင်အမြောက်အမြားနဲ့ ကြုံတွေ့ဖူးသူဖြစ်ပြီး  ညီမဖြစ်သူ ကလည်း ထိုင်းရဲမှူးကြီး တဦးရဲ့ အိမ်မှာ လက်ရှိ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။

သူ့ ညီမဖြစ်သူဟာ အပြင်ကို တလတခါတောင် ထွက်ခွင့် မရသလို အစားအသောက်ကိုလည်း အကန့် အသတ်နဲ့ ကျွေးပြီး သတ်မှတ် အလုပ်ချိန်မရှိဘဲ အချိန်ပြည့်ဆိုသလို လုပ်ကိုင်ပေးနေရတယ်လို့လည်း ပြောပြပါတယ်။

မမိုးအနေနဲ့ အနောက်နိုင်ငံက ထိုင်းမှာ လာရောက် နေထိုင်တဲ့ နိုင်ငံခြားသား အိမ်တွေမှာလည်း အလုပ်လုပ်ဖူးတယ်လို့ဆို ပါတယ်။

“လူ့အခွင့်အရေးကို သူတို့က ပိုနားလည်လို့ တချို့ကအထင်ကြီးကောင်းကြီးမယ်။ သူတို့တွေမှာလည်း အိမ်ဖော်တွေကို  ရိုင်းရိုင်း စိုင်းစိုင်းဆက်ဆံတဲ့သူတွေရှိတယ်။ ကျမတို့ကို ဆိုးရွားတဲ့နိုင်ငံက လာတယ်ဆိုပြီးတော့ ပစ္စည်းတွေ ပျောက်ရှရင် စွပ်စွဲတယ်၊ အရမ်းနှိမ်တဲ့သဘောပဲ” လို့ မမိုးက သူ့အတွေ့ အကြုံကို ပြောပြပါတယ်။

နိုင်ငံ အတော်တော် များများမှာလိုပဲ ထိုင်းနိုင်ငံမှာလည်း အိမ်ဖော်အလုပ်ကို အလုပ်တခုအဖြစ် သတ်မှတ်မထားသလို သူတို့တွေအတွက် အားလပ်ရက်ဆိုတာကလည်း မရှိပါဘူး။

MAP က ဒါရိုက်တာ တဦး ဖြစ်တဲ့ မစ္စ ဂျက်ကီ ပူးလော့က “အိမ်ဖော်အလုပ်သမားတွေကို အစိုးရက အလုပ်သမားအဖြစ် မသတ်မှတ်ပါဘူး၊ ရှေ့နှစ်ကျရင် အိမ်ဖော်တွေနဲ့ ပတ်သက် ပြီးတော့ ILO မှာ ပထမဆုံးအကြိမ် ဆွေးနွေးပါလိမ့်မယ်၊ အစိုးရအတော်များများက အိမ်ဖော်တွေရဲ့ အခွင့်အရေးကို လျစ်လျူရှုပြီး ဥပဒေကို ချိုးဖောက်နေကြပါတယ်” လို့ပြော ပါတယ်။

အခု လာမယ့် သြဂုတ်လ၂၈ရက်နေ့ “နိုင်ငံတကာ အိမ်ဖော်အလုပ်သမားများနေ့” ကိုရည်ရွယ်ပြီး အိမ်ဖော်အလုပ်သမားများ ရသင့်တဲ့ အခွင့်အရေးတွေ ရဖို့အတွက် ပို့စကတ် လှုပ်ရှားမှုတခုကို MAP က ဦးစီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

နာမည်နဲ့ လက်မှတ်ထိုးပြီး ပြန်လည် ပေးပို့လာတဲ့ ပို့စကတ်တွေကို ထိုင်းနိုင်ငံ၊ အလုပ်သမား ၀န်ကြီးဌာနကို ပေးပို့သွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ တပတ်ကို တရက် နားခွင့်ပေးဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

MAP အဖွဲ့ အနေနဲ့ ပို့စကတ်စုစုပေါင်း ၁၀၀၀၀ခန့် ဖြန့်ဝေသွားမှာ ဖြစ်ပြီး ၅၀၀၀ကျော်ခန့်ဟာလည်း ဖြန့်ဝေပြီးဖြစ်ကြောင်း ပြန်လည် ပေးပို့လာသည့် ကတ် ၄၀၀ကျော် ကိုလည်း လက်ခံရရှိပြီ လို့သိရပါတယ်။

"ဒီပို့စကတ်ကလေးထဲမှာ နာမည်နဲ့ လိပ်စာလေးရေးပေးလိုက်ရင် ကျမတို့ အနာဂတ်တွေက လှပ လာမှာပါ" လို့ ပင်ပန်းနွမ်းနယ် နေပုံရပေမယ့် လန်းဆန်းပြီး တက်ကြွတဲ့လေသံနဲ့ အိမ်ဖော်အလုပ်လုပ်တဲ့ မပါလေးက ပြောပါတယ်။

ပို့စကတ်လေးထဲမှာတော့ ချွေးသံတရွှဲရွှဲနဲ့ အလုပ်ရှုပ်နေတဲ့ အမျိုးသမီးတယောက်ဟာ အိမ်လုပ်ငန်းမျိုးစုံကို သူ့မှာ ရှိသမျှခြေလက်တွေ သုံးပြီး ရှင်းလင်း လုပ်ဆောင် နေတဲ့ သရုပ်ဖော် ပုံလေးကို ထည့်သွင်းထားပါတယ်။

အိမ်ဖော် အလုပ်သမားတွေဟာ ပို့စကတ် လှုပ်ရှားမှုမှာ ပါဝင်ရင်း ဆိုးဝါးလွန်းတဲ့ အခြေအနေတွေကို သူတို့ တတ်နိုင်သမျှ ပြောင်းလဲပစ်ဖို့ ကြိုးစား နေကြပါတယ်။

မျှော်လင့်တကြီးနဲ့ ထိုင်းနိုင်ငံမှာ ၁၀ နှစ်နီးပါး အလုပ်လာလုပ်ခဲ့ရပေမယ့် အိမ်အပြန် ခရီးမှာ ထိုက်တန်တဲ့ လုပ်အားခ ပါမသွားရလို့ မျက်နှာပန်းမလှရှာတဲ့ နမ့်ခမ်းလို နောက်ထပ် အိမ်ဖော်မလေးတွေ ဘယ်လောက်တောင် ရှိနေသလဲ ဆိုတာတော့ မပြောနိုင်ပါ။ သူ့လို မိန်းကလေးပေါင်းများစွာ ရှိနေလိမ့်မည် ဆိုသည်ကတော့ သေချာလှပါသည်။


 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်