ပျော်မဆုံး မော်မဆုံး ဘောလုံး ကစားကြသည်

အလုပ်ပဲ ပြုတ်ပြုတ်၊ လစာပဲ ဖြတ်ဖြတ်၊ ကြိုက်သလိုလုပ် ဘောလုံးပြိုင်ပွဲ ဆိုတဲ့ အသံကြားတာနဲ့ သွား မကစားဘဲ မနေနိုင်တဲ့သူကတော့ ကိုအောင်လင်းထွန်းပဲ ဖြစ်ပါတယ်။

သူသွားကစားမယ့်ပွဲက သိန်းထောင်ချီ အကုန်အကျခံဖွဲ့စည်းထားတဲ့ မြန်မာ နေရှင်နယ်လိဂ် (MNL) ဘောလုံး ပြိုင်ပွဲတော့ မဟုတ်ပါဘူး။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ခရိုင်က ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကျင်းပပေးတဲ့ ဘောလုံးပြိုင်ပွဲ လေးပဲ ဖြစ်ပါတယ်။ အစကတော့ ရာဘာခြံအလုပ်သမားတွေ အားလပ်ချိန်မှာ ဘောလုံး ချိန်းကန်ကြတာပါ။

၂၀၀၆ ခုနှစ် ကစလို့ ထိုင်းဘုရင်မင်းမြတ် မိဖုရားကြီးမွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ GHREDလို့ ခေါ်တဲ့ ရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အလုပ်သမားတွေအတွက် ဘောလုံးပွဲ ကျင်းပပေးခဲ့တာ ခု ဆိုရင် ၃နှစ် ရှိပါပြီ။

အဲဒီဘောလုံး ပွဲမှာ ပါဝင်ကစားတဲ့အတွက် ရာဘာခြံ အလုပ်သမား ကိုအောင်လင်းထွန်းဟာ သူရမယ့် တနေ့လုပ်အားခ ဘတ် ၄၅၀ (ကျပ် ၁၅၀၀၀ နီးပါး) ကို စွန့်လွှတ်လိုက်ရ ပေမယ့် မမှုဘူးလို့ ဆိုပါတယ်။

“ဘောလုံးကန်တာ အလုပ်ပြုတ်နိုင်တယ်၊ မိန်းမကိုပြောထားတယ်၊ ဘောလုံးနဲ့ ပတ်သက်လာရင် မတားနဲ့၊ ရမယ့် လုပ်အားခ ကို မနှမြောဘူး၊ ဘောလုံးကန်လို့ ရှုံးရင် စိတ်ညစ်တယ်” လို့ ဒီပြိုင်ပွဲမှာ အကောင်းဆုံး ဘောလုံးသမားဆု ရရှိတဲ့ ကိုအောင်လင်းထွန်းက ပြောပါတယ်။

အသက် ၂၉ နှစ်ခန့်ရှိပြီ ဖြစ်တဲ့ ကိုအောင်လင်းထွန်းဟာ မြန်မာပြည်မှာ နေထိုင်ခဲ့စဉ်က ကချင် ပြည်နယ် လက်ရွေးစင် ဘောလုံးသမား တဦး ဖြစ်ပါတယ်။
 
သူ့လိုပဲ တနေ့တာ လုပ်အားခကို စွန့်လွှတ်ပြီး လာကစားတဲ့သူတွေ ရှိသလို တချို့ကတော့ လုပ်အားခ စွန့်မယ် ဆိုတာတောင် အလုပ်ရှင် သူဌေးက ခွင့်မပြုလို့ မကစားရတဲ့သူတွေရှိပါတယ်။  တချို့ အလုပ်ရှင် တွေကိုတော့ ကစားခွင့်ပြုရင် အချိန်ပို ပြန်ဆင်းပေးပါမယ်ဆိုတဲ့ သဘောတူညီမှု ယူကြရပါတယ်။

တိုက်စစ်မှူး ကိုအောင်လင်းထွန်းက “ သူဌေးက တယောက်နဲ့ တယောက်တော့ မတူဘူး၊ ကျနော်တို့ အသင်း လူ ၁၄ ယောက်မှာ ၇ ယောက် က လုပ်ခ အဖြတ်ခံပြီး လာကစားတာပါ၊ အသင်းက အားထားရတဲ့ ၃ယောက် ကတော့ သူဌေး ခွင့်မပြုလို့ မလာနိုင်ဘူး” လို့ပြောပါတယ်။

အလုပ်ရှင် ခွင့်ပြုချက်ရတဲ့ အလုပ်သမားများတွေကတော့ မနက်ပိုင်းမှာ အလုပ်တာဝန်တွေကို ထမ်းဆောင် ပြီး ညနေပိုင်းမှာ ဘောလုံးဝင်ကန်ကြရပါတယ်။

ရာဘာခြံ အလုပ်သမားတွေဟာ ည ၁၁ နာရီကနေ စပြီး နောက်နေ့ နံနက် ၁၁ နာရီအထိ အလုပ်လုပ် ကြရ တာပါ။

ရာဘာခြံမှာ ၀င်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ လုပ်အားခက သူတို့လုပ်နေတဲ့ ခြံပေါ်မှာ မူတည်ပြီး တရက်ကို ဘတ် ၅၀၀ ကနေ ၁၅၀၀ ဝန်းကျင်အထိ ရှိပေမယ့် တနှစ်ကို ရက် ၁၀၀ လောက်ပဲ အလုပ် လုပ်ရတယ် လို့ သိရပါတယ်။

၂၀၀၆ ခုနှစ် ပြိုင်ပွဲ စတင်ကျင်းပစဉ်က ပွဲစဉ် ၃ ရက်မြောက်တဲ့နေ့ ဘောလုံးကန်နေစဉ်မှာပဲ ရဲတွေ လိုက်ဖမ်းလို့ ကစားသမားတွေနဲ့ ပရိသတ် ထွက်ပြေးခဲ့ရဖူးပါတယ်။

ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုလှဖုန်းက “ဘောလုံးပွဲတွေကို စလုပ်တော့ ရပ်ကွက် အာဏာပိုင် တွေနဲ့ပဲ နားလည်မှု ယူမိတယ်၊ ၃ရက်မြောက်တဲ့နေ့ ရဲတွေက ၀င်ဖမ်းတော့ အလုပ်သမား လက်မှတ် ရှိတဲ့သူရော မရှိ တဲ့သူရော ထွက်ပြေးကြတယ်၊ တယောက်မှတော့ အဖမ်း မခံရဘူး” လို့ ကြုံတွေ့ခဲ့ရတဲ့ အတိတ်ကို ပြန်ပြောင်း ပြောပြပါတယ်။

နောက်ရက်တွေမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဘောလုံးပွဲကို ပြန်လည် ကျင်းပပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖန်င ခရိုင်က ရာဘာခြံ အလုပ်သမားအများစုဟာ မွန်၊ ထားဝယ် တိုင်းရင်းသားတွေ ဖြစ်ကြပြီး ဗမာနဲ့ ရခိုင် တွေလည်း ရှိကြပါတယ်။ ခြံတခြံမှာ မိသားစု ၁၅ စုကနေ ၂၀ ဝန်းကျင် အထိ အလုပ် လုပ်ကိုင် နေကြ ပါတယ်။ အများစုက ဘောလုံးကစားတာကို ၀ါသနာ ပါတယ်လို့လည်း သိရပါတယ်။

ဒီဘောလုံးပြိုင်ပွဲလေးက မပြောပလောက်ပေမယ့် အားပေးတဲ့ ပရိသတ်ရဲ့ ထက်သန်မှုကတော့ အံ့သြစရာပါ။
အားပေးဖို့ အတွက် ခွင့်မရတဲ့ အလုပ်သမားပရိသတ်တွေဟာ သူတို့အသင်း ကစားတဲ့ နေ့မှာတော့ လုပ်အားခ အဖြတ်ခံပြီး လိုက်အားပေးကြတယ်လို့ သိရပါတယ်။

“ကျနော်တို့အသင်းကို လိုက်အားပေးတဲ့ ၁၀ ယောက်မှာ ၈ ယောက်က လုပ်အားခ အဖြတ်ခံပြီး လိုက်လာ ကြတာပါ” လို့ ကိုအောင်လင်းထွန်းက ဆိုပါတယ်။

၂၀၀ရ၊ ၂၀၀၈ခုနှစ် နောက်ဆုံး ဗိုလ်လုပွဲ ကစားတဲ့ နေ့မှာတော့ အားပေးတဲ့ ပရိသတ် ၅၀၀ ကနေ ၈၀၀ လောက်အထိ လာရောက် ကြည့်ရှုကြတယ်လို့ သိရပါတယ်။

ဘောလုံး အားကစားကို နှစ်သက်သူ ရေခြား မြေခြားရောက် မြန်မာအများစုဟာ အားလပ်ချိန်တွေမှာ ရင်းနှီးတဲ့ အပေါင်းအသင်းတွေနဲ့ ဘောလုံးချိန်းကန်ရင်း ကြုံတွေနေရတဲ့ အခက်အခဲတွေ၊ ဘ၀အမော ဒဏ်တွေနဲ့ အိမ်လွမ်းစိတ် ဝေဒနာတွကို ဖြေဖျောက် ကြရပါတယ်။

ရာဘာခြံ အလုပ်သမားတဦးက “ အလုပ်တွေ အချိန်ပြည့် လုပ်ရတဲ့ ကျနော်တို့အတွက် ဘောလုံးက စိတ်ဖြေ စရာ ထွက်ပေါက်တခုပါ” လို့ပြောပါတယ်။

ရာဘာခြံတွေထဲမှာ အလုပ်လုပ်ရတာဟာ တော်တော်လေးကို ခက်ခဲပင်ပန်းလှပါတယ်။ ပင်ပင်ပန်းပန်းနဲ့ အချိန်ပြည့် အလုပ်လုပ် ရတယ် ဆိုတာထက် အဲဒီခြံတွေထဲမှာ ဘယ်သူမှ မသိလိုက်ဘဲ ဖြစ်သွားတဲ့ မုဒိမ်းမှု၊ လူသတ်မှု တွေကိုလည်း ထိတ်လန့်ကြရပါတယ်။

ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဘောလုံးအသင်းတွေကို စနစ်တကျ ဖွဲ့စည်းထားပြီး တူညီဝတ်စုံနဲ့ ၀င်ရောက် ယှဉ်ပြိုင်ကြတာပါ။

ကစားသမား ထွဋ်ထွဋ် က “ကျနော်က ဒီနှစ်မှဝင်ကစားတာပါ၊ အရင်က အချင်းချင်း ချိန်းကန်တာ လောက် တော့ရှိတာပေါ့၊ ပရိသတ်တွေ အားပေးတော့ ပျော်ပါတယ်” လို့ ဆိုပါတယ်။

အခု ကျင်းပနေတဲ့ ဘောလုံးပြိုင်ပွဲမှာတော့ အသက် ၁၆ နှစ်ကနေ ၄၀ အထိ ပါဝင်ကြပြီး ဒီနှစ် ပြိုင်ပွဲဝင် ဘောလုံးအသင်း ၉ သင်းကို အုပ်စု ၂ စုခွဲ ယှဉ်ပြိုင်စေခဲ့ပါတယ်။ ထိုင်းဘုရင်မင်းမြတ် မိဖုရားကြီး မွေးနေ့ သြဂုတ် ၁၂ ရက်နေ့က ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားခဲ့ပြီးပါပြီ။

ဘောလုံးအသင်းရဲ့ အမည်တွေကိုတော့ အလုပ်သမားတွေက သူတို့ နေထိုင်တဲ့ ရွာတွေကို အစွဲပြု ခေါ်ဝေါ် ကြပါတယ်။
   
ပြိုင်ပွဲဝင် အသင်း တသင်းမှာ လူ ၁၄ ဦးနဲ့ ပါဝင်ဖွဲ့စည်းထားပြီး ကစားသမား ၉ ဦးစီပါဝင် ယှဉ်ပြိုင် ကစားနိုင် တဲ့ ကွင်းလတ် ဘောလုံးပြိုင်ပွဲ ဖြစ်ပါတယ်။

ပထမဆုရတဲ့ အသင်းကို ဘတ်ငွေ ၇၀၀၀၊ ဒုတိယဆုကို ဘတ်ငွေ ၅၀၀၀ အသီးသီးချီးမြှင့်ခဲ့ပြီး 
နေရာ အလိုက် အကောင်းဆုံးဘောလုံးသမားဆု၊ ပွဲစဉ်တလျှောက် အကောင်းဆုံး ဘောလုံးသမားဆု တွေကို လည်း ချီးမြှင့်ခဲ့ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ ဒိုင်းရသွားတာကတော့ ဘန်နီယန်း အသင်းဖြစ်ပြီး ပါကာလမ်က ဒုတိယဆု ရရှိခဲ့ပါတယ်။ ဂိုးသွင်း အများဆုံးဆုကိုတော့ အ၀တ်လျှော် မီးပူတိုက်လုပ်ငန်းလုပ်ကိုင်တဲ့ ကိုသားကြီးက ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဆုရရင်လည်း ကျနော်တို့ သုံးတဲ့ ငွေကို အကြေပြန်ရမှာ မဟုတ်ဘူး၊ ဒီလိုပြိုင်ပွဲလုပ်ပေးတာ ပျော်တယ်၊ ၀ါသနာအရ ၀င်ပြိုင်တာပါ၊ အခုဆို အိမ်မပြန်တာ ၃ ရက်လောက်ရှိပြီ၊ အဓိက က ဒိုင်းလိုချင်တယ်” လို့ ကိုအောင်လင်းထွန်းက ပြောခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ပါဝင်ကစားကြတဲ့ အသင်းသားတွေကို ခိုက်ရန်ဖြစ်ပွားတာမျိုး ခွင့်မပြုသလို အလုပ်သမား လက်မှတ်ရှိမှ ပါဝင်ယှဉ်ပြိုင် ကစားခွင့်ပြုထားပါတယ်။
   
ကိုလှဖုန်းက “အားလုံးကို ဘောလုံးပေးကန်ချင်ပါတယ်၊ ဒါပေမယ့် လုံခြုံရေးအရ ဒီလို သတ်မှတ် လိုက်တာပါ။ လူကျွံဘော မပါတာက လွဲရင် ကျန်တဲ့ ဘောလုံးဥပဒေတွေကအတူတူပဲ၊ ဒိုင်လူကြီးတွေ စည်းကမ်း ဥပဒေတွေနဲ့ စနစ်တကျ ဘောလုံးကစားရတာ သူတို့ဘ၀မှာ မရှိဘူး၊ သူတို့က အရမ်းကို အားတက်နေတယ်” လို့ ပြောပါတယ်။

ဘောလုံးကစား ၀ါသနာပါတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းတွေက သူတို့ ကစားတဲ့ ဘောလုံးပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပေမယ့်လည်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ မ၀ံ့မရဲဖြစ်ကြပါတယ်။

ဖန်င ဒေသက ထိုင်းနိုင်ငံသားတွေဟာ မြန်မာတွေအတွက် ရည်ရွယ်ကျင်းပပေးတဲ့ ဘောလုံး ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး အံသြနေကြပါတယ်။ ခုလို မြန်မာအလုပ်သမားတွေကို အသိအမှတ်ပြု ကျင်းပပေးတဲ့ ပြိုင်ပွဲ မရှိဘူး ထင်တယ် လို့ အလုပ်သမားများကို ပြောကြပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ဘောလုံးပွဲမှာ ပါဝင်ကစားဖို့၊ သွားအားပေးဖို့ အခက်အခဲ အမျိုး မျိုး ရှိနေပေမယ့် တဒင်္ဂ ဘဝအမောတွေကို ဖြေဖျောက်ပေးနိုင်တဲ့ ဘောလုံးပွဲလေးကတော့ အောင်မြင် ချောမော စွာနဲ့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဗိုလ်လုပွဲလာကြည့်တဲ့ မင်းမင်းက အလုပ်ရှင်ဆူတဲ့ကြားက သူ့အလုပ်ကိုထားပြီး ဗိုလ်လုပွဲကို မဖြစ်မနေလာ အားပေးတယ်လို့ ပြောသွားပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်