ရှားပါး တိရစ္ဆာန်လိုချင်လား

လမ်းမတော်သံဈေး မြေအောက်ခန်းမှ ဆိုင်ခန်းများဆီကို ခြေချမိသည်နှင့်ပင် ညှီစို့စို့၊ အောက်သိုးသိုး အနံ့ များရလာသည်။ထို့ပြင် ကြမ်းပြင်တို့သည်လည်း ရေတစိုစိုနှင့်သတိထားကာ လမ်းလျှောက်နေရသည်။

ရှေ့မှသွားနေသော ပုပု၀၀၊ အသားမည်းမည်းအမျိုးသမီးကတော့ရေစိုနေသော ကြမ်းပြင်မှာပင် တဖျတ်ဖျတ် နှင့်သွက်သွက်လက်လက်သွားနေသည်။

ထိုအမျိုးသမီးသည် ၁၂ လမ်းထိပ်မှာပင်“ယူမှာသေချာတယ်နော်၊ ဒီကိုယူလာပေးရမလား၊ လိုက်ကြည့်ဦး မလား”ဟု မေးပြီး ခပ်မှောင်မှောင်မြေအောက်ဆိုင်ခန်းများဆီကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအသက် ၃၀  အရွယ်အမျိုးသမီးက ရန်ကုန် လမ်းမတော်မြို့နယ်၊ သံဈေးမှာပွဲစားလုပ်သည်။ အသား၊ ငါး မှန်သမျှ ၀ယ်လိုသူနှင့်ရောင်းလိုသူတို့ကိုဆုံပေးသည်။ အရောင်းအ၀ယ်ဖြစ်အောင် စပ်ပေးလျှင် ရောင်းသူ ထံမှ ပွဲခမြိုးမြိုးမြက်မြက်ရသူဖြစ်သည်။

“အရင်တုန်းကတော့ ဒီသံဈေးထိပ်မှာပဲ ဒီအတိုင်းချရောင်းကြတာ၊ ဘာပြသနာမှမရှိခဲ့ဘူး၊ အခု အဲလိုရောင်း လို့ မရတော့တာ  ၁ နှစ် ၂ နှစ်လောက်ပဲရှိသေးတယ်၊ အဲဒါကြောင့် ဈေးရောင်းတဲ့ပုံစံ ပြောင်းလိုက်ရတာ” ဟု သူမက ပြောပြသည်။

ရှားပါးငါးတမျိုးဖြစ်သော “ငါးဟောက်” လိုချင်သည်၊ ၀ယ်မည်ဟု ပြောသည့်အတွက် သူက ဈေးထိပ်မှာပင် ဈေးပြောပြီး မြေအောက်ဆိုင်ခန်းများဆီကို ခေါ်လာခဲ့ခြင်းဖြစ်သည်။

ရေထွက်သယံဇာတများထိန်းသိမ်းရေး ဥပဒေအရ ငါးမန်း၊ လိပ်၊ ဝေလငါး၊ လင်းပိုင် အပါအ၀င်အခြားသော ရှားပါးငါးများဖြစ်သည့် ငါးလင်ဗန်း၊ ငါးဟောက်၊ ငါးလိပ်ကျောက်၊ ကျောက်ငါး စသည့် မျိုးသုဉ်းလုနီးပါး ငါး အမျိုးအစားများအား ဖမ်းဆီးခြင်း၊ ရောင်းချခြင်းပြုလုပ်ပါက ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ငွေဒဏ် ကျပ် ၃ သိန်း အထိ ချမှတ်အရေးယူနိုင်သည်ဟု ငါးလုပ်ငန်းဦးစီဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ကြောင့် သူမတို့ကဲ့သို့သော ပွဲစားများမှာ အမှန်တကယ်ဝယ်ယူမည့်သူများကိုသာ ဆိုင်ခန်းအထိခေါ်သွား ကြ ကြောင်း၊ အချို့ကို ၁၂ လမ်းထိပ်မှ ဆိုင်တဆိုင်မှာပင် စောင့်ခိုင်းပြီး ပစ္စည်းယူလာပြီး ပြပေးကြောင်း သူမက ပြောပြသည်။

မြေအောက်ခန်းမှ ဆိုင်အများစုမှာ အသားငါးရောင်းသော ဆိုင်ခန်းများဖြစ်ပြီး ပလတ်စတစ် လေးထောင့် ပုံးများ၊ ဖော့ဘူးများ၊ ပလတ်စတစ်စည်များ၊ သံ ဆန်ခါများ၊ သစ်သား သေတ္တာများနှင့် ပြည့်နေသော ဆိုင်ခန်း များဖြစ်သည်။ ၀ယ်သူတချို့ကိုလည်း တွေ့ရသည်။ ဆိုင်ခန်းများဆီမှ အမျိုးသမီးတချို့၏ စကားသံနှင့် ရယ်သံများကိုလည်း ကြားနေရသည်။

ရှေ့မှ ပွဲစားအမျိုးသမီးရပ်လိုက်သည့် ဆိုင်မှာ ၄ ပေ ပတ်လည်ခန့်ရှိသော ဆိုင်ခန်းနေရာမှာပင် ခပ်၀၀ အမျိုး သားတယောက်ထိုင်နေသော ဆိုင်ဖြစ်ပြီး ဆိုင်ခုံပေါ်မှာ  ဖော့ဘူး ၂ ဘူးကို ထပ်ပြီးတင်ထားသည်။ ဆိုင်ခုံ အောက် ဘေးပတ်ပတ်လည်တွင်လည်း ဘူးများချထားသည်ကိုတွေ့ရသည်။

“ငါးဟောက် ကြည့်ချင်လို့တဲ့ ဈေးပြောပြီးသား”ဟု ပွဲစားအမျိုးသမီးက ပြောလိုက်သည်နှင့်ပင် ဆိုင်ရှင်အမျိုး သား က ဆိုင်ခုံအောက်မှ ဖော့ဘူးကြီးတဘူးကို ဆိုင်ခုံပေါ် ဆွဲတင်လိုက်သည်။

ပြီးနောက် ထိုဘူးထဲသို့ ထိပ်တွင် ခက်ရင်းခွကဲ့သို့သော သံဆူးတပ်ထားသည့် တုတ်တချောင်းနှင့် ထိုးကော် ထုတ်လိုက်သောအခါ ငါးရှဥ့်လိုလို မြွေလိုလို ခပ်မည်းမည်း ရှည်ရှည်တုတ်တုတ် ငါးဟောက် ငါးတကောင် ပါလာသည်။

ထိုအကောင်ဆီမှ ညှီနံ့က သွေးညှီနံ့လိုပင်၊ တုတ်ဖျားမှာ တွန့်လိမ်နေသော မည်းမည်းရှည်ရှည်အကောင်ကို တချက်ကြည့်ရင်း ခေါင်းရမ်းပြတော့ ဆိုင်ရှင်က ထိုအကောင်ကို သူ့ဘူးထဲပြန်ထည့်လိုက်သည်။ ထို့နောက် နောက်တကောင်ထုတ်ပြရန် ပြင်လေသည်။

ယနေ့ ငါးဟောက်တပိဿာ ပေါက်ဈေးမှာ ကျပ် ၁၆၀၀၀ ရှိကြောင်းသိရသည်။ တရုတ်လူမျိုးများအဓိက စားသုံးကြပြီး ဆေးဖက်ဝင်သည်ဟုနာမည်ကြီးသည်။ တရုတ်ပြည်သို့လည်း တခါတရံတင်ပို့ရောင်းချ နေကြောင်း သိရသည်။

ထိုမြေအောက်ဆိုင်ခန်းတချို့တွင် ပင်လယ်ငါးတချို့နှင့်ပင်လယ်စာ တချို့ကိုတင်ရောင်းကြပြီး ငါးဟောက်၊ ငါးလင်ဗန်း(ငါးဖရုံ)လို ရှားပါးငါးတချို့ကို ၀ယ်ယူ၍ ရကြောင်း တွေ့ရသည်။

“ငါးလင်ဗန်းက တပိဿာကို  ၁ သောင်းဈေးရှိတယ်၊ ဒီငါးကို စားရင် လေမဖြတ်ဘူး” ဟု ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်က ပလတ်စတစ်ပုံးတချို့ကိုဖွင့်ပြပြန်သည်။

ပလတ်စတစ်ပုံးထဲတွင် ၀မ်းဗိုက်ဖြူဖြူ မြွေကဲ့သို့ခပ်ရှည်ရှည် ငါးလင်ဗန်းများကို အကောင် လိုက်ပုံထားသည် ကို တွေ့ရသည်။ အခြားဈေးများတွင် တကောင်နှစ်ကောင် မြင်ရရန်ပင် ခက်ခဲရှားပါးနေပြီဖြစ်သော ငါးလင်ဗန်း များကို လေးငါးခြောက်ကောင်ခန့် မြင်တွေ့ရသည်။

ထို့နောက် ပလတ်စတစ်ပုံးကြီးတခုထဲတွင် အခွေလိုက်အခွေလိုက်ရှိနေကြသော မြွေတချို့ကိုလည်း မြင်တွေ့ ရသည်။ ထိုပုံးကို ဖွင့်လိုက်ကတည်းက စိမ်းရွှေရွှေအနံ့ကြီးက စူးလှကာ ပုံးထဲမှ မြွေတို့သည်လည်း တချို့က တွန့်လိမ်နေသည်၊ တချို့က ခွေလျက်ရှိသည်။ လိပ်သားနှင့် မျောက်သားကိုတော့ လိုချင်လျှင် ကြိုမှာထားရ ကြောင်း သူမက ပြောသည်။

တရုတ်နှစ်ကူးချိန်များဆိုလျှင် သံဈေးရှိ အသားတန်း၊ ငါးတန်းမှာ တရုတ်လူမျိုးများ၏ အော်ဒါများနှင့်သာ ပြည့်နေကြောင်း၊ တချို့ဆိုလျှင်နှစ်ကူးမရောက်ခင် ၂ လ ခန့်ကတည်းကပင် ကြိုတင်မှာထားကြကြောင်း
ပွဲစားအမျိုးသမီးက ပြောပြသည်။

ထိုဈေးသည် နေလယ် ၂ နာရီ နောက်ပိုင်းမှ စည်ကားတတ်ပြီး ဘီလားကဲ့သို့ ပိုးကောင်များမှ ဆတ်၊ ချေ သားမှစ၍ တောကြောင်သား၊ တောဝက်သား၊ ယုန်သား၊ မြွေသား၊ လိပ်သား၊ နွားနောက်သား အထိပင် ရတတ်သော ဈေးဖြစ်ပြီး အဓိက ဖောက်သည်ကြီးများမှာ စားသောက်ဆိုင်ကြီးများနှင့် တရုတ်လူမျိုးများ ဖြစ်သည်။

မြေအောက်ဆိုင်ခန်းများနှင့် သံဈေး၏ အထပ်တချို့တွင် ထိုကဲ့သို့ရှားရှားပါးပါး  အသားငါးများကို ရောင်းချ ကြသော်လည်းအပြင်ဘက်တန်းလမ်းပေါ်မှာတော့ ရောင်စုံထီးများ မိုး၍ဆိုင်ခင်းပြီး ကဏန်းပျော့၊ ကဏန်းမာ တို့ပင်မက ခုံးကောင်များ၊ ခုံးသားများ၊ ဘီလားကောင်များနှင့် အမျိုးအမည်မသိသော ပိုးကောင် တချို့အား ရောင်းချနေကြသည်ကို တွေ့ရသည်။

တချို့ဈေးရောင်းသူများမှာ ဈေးရောင်းရင်း အသားငါး ပွဲစားအလုပ် လုပ်ကြသည်။

သံဈေးသည်  အသားငါးများသာ မက တခြား စားသောက်ကုန်များဖြစ်သော ဟင်းသီးဟင်းရွက်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ၀က်ပေါင်ခြောက်၊ ဆတ်သားခြောက်စသည့် အခြောက်အခြမ်းရောင်းသည့် ဆိုင်ကြီး များမှသည် တရုတ်ဆေးပေါင်းများ၊ တရုတ် ဟင်းလျာချက်သည့်အခါ ထည့်သုံးသော ဟင်းခတ်အမွှေး အကြိုင်များ တရုတ်မုန့်များနှင့် ရိုးရာပစ္စည်းတချို့ကိုပါ ၀ယ်ယူရရှိနိုင်သော ဈေးကြီးဖြစ်သည်။

ထို့ပြင် စိတ်ဝင်စားစရာကောင်းသော ဆိုင်ကြီးတဆိုင်ကိုလည်း ၁၂ လမ်းထောင့်တွင် တွေ့မြင်ရလေသည်။
ထိုဆိုင်သည် ငှက်မျိုးစုံကို လှောင်အိမ်များတွင်ထည့်ထားပြီး လှောင်အိမ်များကို အထပ်ထပ်စီကာ တမျိုး၊ ချိတ်၍တသွယ် ပုံစံအမျိုးမျိုးချိတ်ဆွဲကာ ငှက်များ၊ လှောင်အိမ်များနှင့် ငှက်စာများပါ ရောင်းသော ဆိုင်ကြီး တဆိုင်ဖြစ်သည်။

ဆိုင်ရှေ့ချထားသော လှောင်အိမ်ပေါင်း ၄၀ ခန့်မှ ငှက်ကလေးများကလည်း အရောင်စုံ အမျိုးအမည်စုံ တွေ့ရသည်။ ထိုဆိုင်တွင် တင်ရောင်းသော ငှက်မျိုးပေါင်း ၃၀ ၀န်းကျင်ခန့်ထိ ရှိသည်။

ဆိုင်ရှေ့တွင် အမျိုးသား ၃ ဦးနှင့် အသက် ၁၅ နှစ်အရွယ်သာရှိဟန်တူသေးသော မိန်းကလေး တဦးတို့ ငှက်ကြည့်နေကြသည်ကို တွေ့ရသည်။

တီရှပ်အင်္ကျီအဖြူ၊ သရီးကွားတားဂျင်းစကပ် အပြာရင့်ရောင်ဝတ်ထားသော ကောင်မလေးသည် ဆိုင်ရှေ့ ရှိ လှောင်အိမ်များထဲတွင် ထည့်ထားသော ငှက်ကလေးများကို ငေးလျက် အချိန်အကြာကြီးရပ်ကြည့်နေသည်။

ထိုဆိုင်မှ ငှက်ရောင်းဈေးများမှာ ဈေးအပေါဆုံးနှင့် ကောင်ရေအများဆုံးဖြစ်သော ကြက်တူရွေး ငှက်ပင်လျှင် တကောင် ကျပ် ၆ ထောင်ဈေးရှိပြီး ငှက်မင်းသား ဗိုက်ဖြူဟု ခေါ်သော ရှားပါးငှက် စာရင်းဝင် ငှက်ကလေး များမှာ တကောင်လျှင် ကျပ် ၁ သောင်း ၅ထောင်၊ မျက်လုံးဖြူငှက်ပြာခြောက်ဟု ခေါ်သော ဦးခေါင်းပြာပြာ၊ ရင်အုပ်ဖြူဖြူ၊ အတောင်ပံမီးခိုးရောင်နှင့် လှောင်အိမ်တခုထဲတွင် တကောင်တည်းရှိနေသော ငှက်ကလေးမှာ တကောင်လျှင် ကျပ် ၅ သောင်းဈေးထိ ပေါက်ဈေးရှိကြောင်း၊ ထိုဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသော အမျိုးသမီးထံမှ သိရသည်။

ထိုငှက်ရောင်းသော ဆိုင်ကလေးနှင့်ကပ်လျက်မှာပင် လှောင်အိမ်ကြီးထဲကို ယုန်ဖြူ၊ ယုန်မည်းလေးများ ထည့်ပြီး ချရောင်းနေသော အမျိုးသားတဦးကိုတွေ့ရသည်။

သံဆန်ခါ လှောင်အိမ်ဖြူဖြူထဲမှ ယုန်ကလေးများမှာ အသက်ငယ်သေးဟန်တူသည်။ ရန်ကုန်မြို့၏ နေ အပူရှိန်ကို ခံနိုင်စေရန်အတွက် လှောင်အိမ်ပေါ်တွင် ပိတ်စ အကျားတထည်ကို ဖုံးပေးထားသည်။ သို့သော် လည်း ယုန်ကလေးများကို ကြည့်ရသည်မှာ နွမ်းနေဟန်ရှိသည်။ ကြောက်နေဟန်တူသည်။

အမည်းရောင်၂ လသားအရွယ် ယုန်ကလေး၂ ကောင်ပါပြီး ကျန်အကောင်များမှာ အဖြူရောင်များ ဖြစ်သည်။ တကောင်ကို ကျပ် ၇ ထောင်ဈေးမှ ကျပ် ၁ သောင်းဈေးထိ ရှိကြောင်း ထိုအမျိုးသားက ပြောသည်။

မျောက်နှင့်တောကြောင်ကို တခါတရံလာရောက် ရောင်းသူများလည်း တွေ့ရတတ်ကြောင်း လသာမြို့နယ် တွင် နေထိုင်သူ တဦးက ပြောပြသည်။

“အမှန်တော့ ဒီကောင်တွေက တိရိစ္ဆာန်ဥယျာဉ်ထဲမှာပဲ ရှိရမယ့် အကောင်တွေပါ၊ အခုလို ဈေးထဲရောက် ရောက်လာတာ တွေ့ရတော့ အံ့သြမိတယ်”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ သစ်တောဥပဒေတွင်လည်း မျောက်များ၊ တောကြောင်၊ တောဝက် ၊ ၀က်ဝံ ၊ ချေ စသည့် အကောင်များအပါအ၀င် ရှားပါးငှက် အမျိုးအစား တချို့ကို တရားမ၀င်ဖမ်းဆီးရောင်းချခွင့်ပိတ်ပင် ထားပြီး တရားမ၀င် ဖမ်းဆီး ရောင်းချခြင်းပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်နှင့် အထက် အရေးယူမည် ဟု ထုတ်ပြန် ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်