စစ်အစိုးရ၏ နောက်ထပ်ပစ်မှတ်က ၀တပ်ဖွဲ့များ ဖြစ်မည်လော

စစ်အစိုးရတပ်ဖွဲ့များက ကိုးကန့်ဒေသ၏ မြို့တော် လောက်ကိုင်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ ဤဖြစ်ရပ်ပြီးသည့် နောက်ပိုင်း လူတိုင်း မေးခွန်းထုတ်နေကြသည်မှာ စစ်အစိုးရက ၀တပ်ဖွဲ့များကို တိုက်တော့မည်လောဟူ၍ ဖြစ်သည်။

မြန်မာစစ်အစိုးရက တော်လှန်ရေး အင်အားစုများကို လာမည့်နှစ် ရွေးကောက်ပွဲ မတိုင်မီတွင် ၎င်းတို့၏ အာဏာရှင် အုပ်ချုပ်ရေးအောက် ကျိုးနွံလာစေရန် စီစဉ်ထားသောကြောင့် ၀တပ်ဖွဲ့များကို တိုက်မည်ဟု ယူဆကြခြင်း ဖြစ်သည်။ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဟု တရားဝင် သိကြသည့် ၀တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ရေရှည်စစ်ပွဲ ဆင်နွှဲရမည့် အပြင် ကြီးမားသည့် အကျိုးဆက်များလည်း ဖြစ်လာနိုင်ကြောင်း လေ့လာ သုံးသပ်သူများက သတိပေး ပြောဆိုကြသည်။

UWSAက မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပြီး စစ်သည်အင်အား ၂၀,၀၀၀ မှ ၂၅,၀၀၀ ခန့် ရှိနိုင်သည်။ ၁၉၈၉ ခုနှစ်မှစ၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သော်လည်း ၀ တပ်ဖွဲ့များက တရုတ်နိုင်ငံမှ လက်နက်များ အဆက်မပြတ် ၀ယ်ယူ စုဆောင်း၍ အားဖြည့်ခဲ့သည်။  

၂၀၀၈ ခုနှစ်၊ မတ်လထုတ် ဂျိန်းစ် ထောက်လှမ်းရေးသတင်း စာစောင် (Jane's Intelligence Review) တွင် ဖော်ပြချက်အရ “စစ်အစိုးရနှင့် တိုက်ခိုက်နိုင်ချေ ပို၍ များလာသည်နှင့် အမျှ UWSA က လေကြောင်းရန် ကာကွယ်ရေး လက်နက်များ အပါအ၀င် ပို၍ ခေတ်မီသော လက်နက်များ ၀ယ်ယူ ဖြည့်တင်းထားသည်။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်တွင် တရုတ်နိုင်ငံလုပ် HN-5N လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရရှိပြီးနောက် လူအင်အားဖြင့် ရွှေ့ပြောင်းနိုင်သော Streal-2 (SA-7) အမျိုးအစား လေကြောင်းရန် ကာကွယ်ရေးလက်နက်ကိုလည်း ၀ယ်ယူ ထားသည်” ဟု သိရသည်။

ထို့အပြင် ပို၍အင်အားကောင်းသော လက်နက်ကြီးများကိုလည်း ၀ယ်ယူ တပ်ဆင်ခဲ့သည်။ ၁၂. ၇ နှင့် ၁၄. ၅ မမ လေကြောင်းရန် ကာကွယ်ရေး သေနတ်ကြီးများ၊ ၆၀ မမ၊ ၈၂ မမ၊ ၁၂၀ မမ မော်တာများ ဖြစ်ပြီး အားလုံးကို တရုတ်နိုင်ငံမှ  ရရှိခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ အကြံပေးများက ၀တပ်ဖွဲ့များကို ၀ ပြည် မြို့တော် ပန်ဆန်း၏ အနောက်ဖက်ရှိ လူဖန်း (Lu Fang) တောင်ကြောတွင် လက်နက်ကြီး အမြောက်သင်တန်းများ သွားရောက် ပို့ချ ပေးခဲ့သည်ဟုလည်း ဆိုသည်။
 
ဤအချက်များကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရက ၀များ အင်အား ဆုတ်ယုတ်သွားရန် မလိုလားကြောင်း သိသာနေသည်။ တရုတ်နိုင်ငံက ကြားခံဇုန်တခု ဆက်လက် ထားရှိလိုခြင်းမှာလည်း သဘာဝ ကျပါသည်။

ယခုအခါ ၁၃၀ မမ စစ်မြေပြင်သုံး အမြောက်ကြီးများနှင့် ၁၂၂ မမ ဟော်ဝစ်ဇာ အမြောက်များ တပ်ဆင်ထားသကဲ့သို့ ၀တပ်ဖွဲ့ဝင်များက ပန်ဆန်းမြို့ အနီးတွင် ရှုပ်ထွေးနက်နဲ အဆင့်မြင့်သည့် အမိန့်ပေးစနစ် ပါဝင်သည့် မြေအောက်ဘန်ကာ တူးဖော်နေကြောင်း သတင်းများအရ သိရှိရသည်။ သေချာသည်မှာ စစ်အစိုးရ လေတပ်က တိုက်ခိုက်လာမည့် အရေးကိုလည်း ကာကွယ် ခုခံနိုင်ရန် ရည်ရွယ်ထားပုံရသည်။

သို့သော်လည်း ၀တပ်ဖွဲ့များက စစ်အစိုးရ၏ မြေပြင် ထိုးစစ်ကို ခုခံနိုင်ပါမည်လောဟု မေးခွန်းထုတ်စရာ ရှိနေသည်။
 
အကယ်၍ စစ်အစိုးရက ထိုးစစ်ကြီးများ ဆင်လာလျှင် ၀တပ်ဖွဲ့များက ၎င်းတို့၏ နယ်မြေကို ကာလ ကြာရှည်စွာ ထိန်းသိမ်း ခုခံနိုင်မည်မဟုတ်ဟု မြန်မာနိုင်ငံအရေး လေ့လာသူတချို့က သုံးသပ်နေကြသည်။

မြန်မာ့တပ်မတော်တွင် ထောက်လှမ်းရေး အရာရှိတဦး ဖြစ်ခဲ့ပြီး ယခု အမေရိကန် ပြည်ထောင်စုတွင် ခိုလှုံခွင့် ယူထားသူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က စစ်အစိုးရသည် UWSA ကို ထိုးစစ်ဆင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု သူယုံကြည်ကြောင်း ပြောပြသည်။ သို့သော်လည်း UWSA နှင့် တရုတ်-မြန်မာ နယ်စပ်ရှိ တခြား တိုင်းရင်းသား တပ်ဖွဲ့များကို ကာလ ကြာရှည် ထောက်ပံ့နေသည့် တရုတ်နိုင်ငံ၏ သဘောထားကို စစ်အစိုးရက စောကြောနေသည်ဟု သူက ယူဆသည်။

ရှမ်းပြည်နယ်အတွင်း အပစ်ရပ် တိုင်းရင်းသား အဖွဲ့များထံ သွားရောက် ညှိနှိုင်းခဲ့ဖူးသူ ထောက်လှမ်းရေး ဗိုလ်မှူးဟောင်းက သုံးသပ်ရာတွင် အကယ်၍ တရုတ်ကသာ ၀များကို ကျောထောက်နောက်ခံ မပေးပါက ဤဒေသ အတွင်းရှိ တိုင်းရင်းသား တပ်ဖွဲ့များ အားလုံး အပြတ်ရှင်းခံရမည် ဖြစ်သည်ဟု ဆိုသည်။  

မကြာသေးမီကမှ ဖြစ်ပွားခဲ့သည့် စစ်အစိုးရတပ်များနှင့် ကိုးကန့်တပ်မတော်အကြား စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၁၀ ၀၀၀ မှ ၃၀ ၀၀၀ အကြား တရုတ်နိုင်ငံသို့ ပြေးဝင် ခိုလှုံကြရပြီး၊ တရုတ်အစိုးရက မြန်မာစစ်အစိုးရကို နယ်စပ်ဒေသ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု ပြန်လည် ရရှိရေး အတွက် ဆောင်ရွက်ရန် လူသိရှင်ကြား ပြောဆိုရသည် အထိ ဖြစ်ခဲ့သည်။ သို့သော်လည်း စစ်အစိုးရတပ်များက 'ဟန်'တရုတ် အနွယ်ဝင် ကိုးကန့်တို့၏ ဒေသကို တိုက်ခိုက်သည့်အခါ တရုတ်နိုင်ငံက မတားဆီးနိုင်ခဲ့ပါ။

ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု (NDD) မှ သုတေသနမှူး ဦးဌေးအောင်က ပြောရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အတွင်း ရင်းနှီး မြှုပ်နှံမှုများ အကြီးအကျယ် လုပ်ထားကြသူ ၀ ခေါင်းဆောင်များ အနေနှင့် စစ် တိုက်ရန် အဆင်သင့် မဖြစ်သေးကြောင်း သုံးသပ်သည်။

ဝခေါင်းဆောင်များက စစ်အစိုးရနှင့် တဖန် ပြန်၍ တိုက်ခိုက်မည် မဟုတ်ဟု ဆိုခဲ့ဖူးသလို၊ မြန်မာစစ်အစိုးရနှင့် ၀ခေါင်းဆောင်များအကြား တရုတ် အစိုးရက စေ့စပ်ပေးနိုင်ကြောင်း ဦးဌေးအောင်က သုံးသပ်သည်။

ဝ ခေါင်းဆောင်များ အနေနှင့်မူ ရန်ကုန်၊ မန္တလေးမြို့များရှိ ဟိုတယ် နှင့် ဖျော်ဖြေရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ရှိနေကြသည်။ ပန်းဆန်းတွင်လည်း စက္ကူစက်ရုံ၊ စီးကရက်စက်ရုံ၊ ရေသန့်စက်ရုံ တို့ကို ဆောက်ထားကြသေးသည်။

ဤအတောအတွင်း စစ်အစိုးရက မြန်မာနိုင်ငံ အရှေ့မြောက်ဒေသတွင် စစ်အင်အားများ တိုး၍ချထားသည်။ စစ်အစိုးရတွင် လေ တပ်မတော် ရှိနေပြီး  စစ်အစိုးရ တိုက်ခိုက်ရေး တပ်များ၏ အင်အားကလည်း ၀တပ်ဖွဲ့များထက် သာလွန်ကြောင်း လေ့လာသုံးသပ်သူ အများစုက ပြောကြသည်။

မည်သို့ပင်ဖြစ်စေ UWSA ထိုးစစ်ဆင်ခံရလျှင် တရုတ်နိုင်ငံက အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်ပေလိမ့်မည်။ ပို၍ များပြားသော စစ်ပြေးဒုက္ခသည်တို့ ပြေးဝင်လာသည်ကိုလည်း တရုတ်နိုင်ငံက ကြုံရမည် ဖြစ်သည်။  

ဝတပ်ဖွဲ့ကို တိုက်ခိုက်လျှင် တခြား တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ အထူးသဖြင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ကို နောက်ထပ် ပစ်မှတ် ဖြစ်လာတော့မည်ဟု ယူဆကာ ခုခံစစ်ပွဲ ဆင်နွှဲရန် နှိုးဆော်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ စာအုပ် အများအပြား ရေးသားခဲ့သူ ဆွီဒင်လူမျိုး သတင်းထောက် ဘာတေးလ် လင့်တနာ (Bertil Lintner) ကမူ ၀တပ်ဖွဲ့များ ဖိအားပေးခံနေရသည်မှာ သေချာသည်ဟု ဆိုသည်။  

"အခု စစ်ပွဲမှာ အဓိက ပစ်မှတ်ကတော့ ၀တပ်ဖွဲ့တွေ ဖြစ်လိမ့်မယ်" သူက ပြောသည်။ "အရင် ဗမာပြည် ကွန်မြူနစ် ပါတီက ပြောင်းလာကြတဲ့ အပစ်ရပ် တပ်ဖွဲ့တွေထဲမှာ ကိုးကန့်တပ်က အင်အား အနည်းဆုံးပဲ။ နေပြည်တော်မှာ ရှိနေတဲ့ စစ်အစိုးရ အဖို့ တနိုင်ငံလုံးမှာ သူ့အာဏာ ထူထောင်ချင်တယ် ဆိုရင် အကြီးဆုံး အဟန့်အတား နဲ့ အဓိက အကျဆုံးကတော့ UWSA ဖြစ်ပါတယ်" ဟု ဘာတေးလ် လင့်တနာက ပြောသည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S) နှင့် UWSA တပ်ဖွဲ့များသည်လည်း ယခုအခါ စစ်ရေးမဟာမိတ် ဖွဲ့ထားကြပြီဟု ဘာတေးလ် လင့်တနာက ဆိုသည်။ ယခင်ကာလများက SSA-S တပ်များကို တိုက်ခိုက်ရန်အတွက် စစ်အစိုးရက ၀တပ်ဖွဲ့များကို အသုံးချခဲ့ဖူးသည်။

SSA-S က မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသား တပ်ဖွဲ့ အနည်းစုတွင် ပါဝင်သည့် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။ ယခင်က ပဋိပက္ခများ၊ ရန်လိုမှုများရှိခဲ့ကြသော်လည်း မကြာသေးခင် နှစ်များက စ၍ ရှမ်းနှင့် ၀တို့ နားလည်မှုဖြင့် မဟာမိတ်ဖွဲ့ထားကြသည်။

"တကယ်လို့ UWSA ကို တိုက်မယ် ဆိုရင်တော့ စစ်အစိုးရက ပြဿနာအိုးကို တုတ်နဲ့ ထိုးတာပဲ။ တရုတ်နိုင်ငံ အတွက် ဒုက္ခသည် ပြဿနာသစ်တွေ ရင်ဆိုင်ရမယ့် အပြင်၊ မြန်မာနိုင်ငံ ဒေသ အများအပြားမှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်" ဟု ဘာတေးလ် လင့်တနာက သုံးသပ်လိုက်သည်။

အောင်ဇော် ရေးသားသည့် Wa: The Regime’s Next Target? ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်