အန္တရာယ်ကို ထမ်းပို့ခဲ့ရသော မောင်အောင်နိုင်

“ခေတ္တခဏ” လိုက်ခဲ့ရန် ပြောဆိုသည့် စစ်သားများနောက်သို့ လိုက်ပါသွားသူ အသက် ၁၆ နှစ်အရွယ် ကလေး တယောက်သည် အထမ်းသမားအဖြစ် တောထဲတွင် ၁၆ ရက်ကြာ ခိုင်းစေခြင်း ခံခဲ့ရသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းတွင် ထိုအဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသူ မောင်အောင်နိုင်က တောတွင်း တိုက်ပွဲတခုတွင်လည်း ကျည်ဆံထိမှန်ခဲ့ပြီး စစ်သား စုဆောင်းရေးတပ်သို့ ပို့ဆောင်ခြင်း မခံရမီ အသက်စွန့် ထွက်ပြေးခဲ့ရပုံကို ဧရာဝတီသို့ ပြောပြသည်။

စစ်အစိုးရ တပ်သားများ ခေါ်ဆောင်ရာ မွန်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ဆေးရုံသို့ ရောက်မှ သူ့အား ပေါ်တာ ဆွဲခြင်း (လက်နက် နှင့် ရိက္ခာပစ္စည်းများ သယ်ပိုး ခိုင်းစေရန် ဖမ်းဆီးခြင်း) ဖြစ်ကြောင်း သိရသည်ဟု ဆိုသည်။

“သူတို့ကို ပစ္စည်း ကူထမ်းပေး၊ ဟိုရောက်ရင် အိမ်ပြန်ခွင့် ပေးမယ်လို့ ပြောတယ်” ဟု မောင်အောင်နိုင်က ပြန်ပြောပြသည်။

သူ အပါဝင် ပေါ်တာဆွဲခံရသည့် ကလေး ၅ ဦးက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အမှတ် ၃၂ ခြေမြန်တပ်ရင်းမှ စစ်သားများအတွက် ပစ္စည်းများ သယ်ပေးခဲ့ရကြောင်း၊ ၎င်းတို့ ၅ ဦးမှာ အသက် ၁၆-၁၇ နှစ် အရွယ်သာ ရှိကြကြောင်း မောင်အောင်နိုင်က ရှင်းပြသည်။

“ပစ္စည်းကတော့ တော်တော် လေးတယ်၊ လက်နက်ကြီး ဗုံးသီးတွေကို ထမ်းခိုင်းတယ်၊ အလေးချိန်ကတော့ ၁၀ ပိဿာ ကျော်လောက် ရှိတယ်”ဟု မောင်အောင်နိုင်က ပြောပြသည်။

လမ်းခရီးတွင် ထိုးကြိတ် ရိုက်နှက်ခြင်းကဲ့သို့သော ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှုများနှင့် ကြုံရသည်ဟု သိရသည်။ ၁၆ ရက်အတွင်း အစားအစာအဖြစ် ရေကိုသာ အဓိကထား သောက်ခဲ့ပြီး တခါတရံမှသာ ထမင်း အနည်းငယ် စားရသည်ဟု ၎င်းက ဆိုသည်။

“အချိန်တွေ ကြာလာတာနဲ့အမျှ ကျနော် အရမ်း ပင်ပန်းလာတယ်၊ လမ်းတောင် မလျှောက်နိုင်ဘူး၊ စစ်သားတွေက ကျနော့်ကို ရိုက်တယ်”ဟု မောင်အောင်နိုင်က ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အင်းတကော်ကျေးရွာအနီးသို့ ရောက်သည့်အခါ ၎င်းတို့ လိုက်ပါခဲ့သော စစ်ကြောင်းကို ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ တပ်များက ချုံခို တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း မောင်အောင်နိုင်၏ ညာဘက်လက်ကို ကျည်ဆံ ထိမှန်ခဲ့သည်။

စစ်သားတဦးက သူ၏ ဒဏ်ရာအတွက် သောက်ဆေးအနည်းငယ်ပေးခဲ့သည်။ ဒဏ်ရာက သွေးတိတ်ခြင်း မရှိကြောင်း၊ စစ်သားများက သူ့ကို ပစ္စည်းများ ဆက်လက် သယ်ပိုးခိုင်းခဲ့ကြောင်း မောင်အောင်နိုင်က ပြောပြသည်။
 
“မြစ်ကို ဖြတ်ကူးတိုင်း သူတို့က ပြောတယ် သယ်ခိုင်းတဲ့ လက်နက် ပျောက်သွားရင် ထောင်အနှစ် ၂၀ ချမယ် တဲ့။
ကျနော်လက်က ဒဏ်ရာကြောင့် အဲဒီပစ္စည်းတွေကို သယ်ရတာ အခက်အခဲ ရှိတယ်” ဟု သူ၏ အတွေ့ အကြုံများကို ပြန်ရှင်းပြသည်။

၁၆ ရက် ပြည့်သည့်နေ့တွင် ကင်းစောင့် တာဝန်ကျသည့် စစ်သားတဦး၏ အကူအညီဖြင့် မောင်အောင်နိုင် ထွက်ပြေး လွတ်မြောက်လာခဲ့သည်။

“ကင်းသမားက ကျနော်ကိုပြောတယ် ပြေးတော့၊ ပြေးလို့ရှိရင် တခါတည်းတော့ မပြေးနဲ့ ရှေ့နားမှာ ပုန်းနေပြီး ပြေးခိုင်းတယ်။ စစ်သားတွေ လာရှာသေးတယ်၊ လာရှာတော့ ချောင်းထဲကို ခုန်ဆင်းပြီးတော့ ချောင်းတဖက်ကမ်းကို ကူးသွားလိုက်တယ်”ဟု မောင်အောင်နိုင်က ပြောပြသည်။

၎င်းတို့ အထမ်းသမား ကလေး ၅ ဦးကို နေရပ်ရင်းသို့ ပြန်ခွင့် မပြုဘဲ ရန်ကုန်မြို့ရှိ စစ်သား စုဆောင်းရေး တပ်သို့ ပို့ဆောင်ရန် အစီအစဉ် ရှိသောကြောင့် ထွက်ပြေးရန် အဆိုပါ ကင်းသမားက အကြံပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာ့ တပ်မတော်က စစ်သား စုဆောင်းရေး အကြီးအကျယ် ဆောင်ရွက်လျက်ရှိရာ အသက် ၁၈ နှစ်အောက် လူငယ်များကိုပင် စုဆောင်း သိမ်းသွင်းနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ကလေးငယ်များကို အဝေးပြေးကားဂိတ်၊ ဘူတာရုံ ၊ ဈေး စသည့်နေရာများတွင် ဖမ်းဆီး စုဆောင်းနေကြောင်း၊ ၉ နှစ်အရွယ် ကလေးငယ်များကိုပင် စစ်သားအဖြစ် စုဆောင်းနေကြောင်း အစီရင်ခံစာများအရ သိရသည်။

မွန်ပြည်နယ်၊ ဘုရားသုံးဆူဒေသ စိုက်ပျိုးရေး ခြံတခြံတွင် အလုပ် လုပ်ကိုင်နေရာမှ ပေါ်တာအဖြစ် ဖမ်းဆီး စေခိုင်း ခံရသူ မောင်အောင်နိုင်သည် ယခုအခါ မိသားစုထံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ ကျန်သည့် ကလေး ၄ ဦး၏ ကံကြမ္မာကို မသိရသေးပေ။

(မှတ်ချက် - သတင်းတွင် ပါရှိသော ကလေး၏ အမည် မောင်အောင်နိုင် ဆိုသည်မှာ အမည်ရင်း မဟုတ်ပါ။)
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်