၂၁ နှစ်ကြာ ကြံ့ကြံ့ခံနေကြသူများ

မိတ္ထီလာထောင်မှ လွတ်လွတ်ချင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ၂၁ နှစ်ပြည့် အခမ်းအနားကို ရောက်အောင် သွားမည်ဟု အားခဲထားခဲ့သော ဦးခင်မောင်ချစ်သည် ရန်ကုန်မြို့ ရှိ NLD ရုံးသို့ ရောက်လာသည်။

ခြောက်ခြောက် မွဲမွဲ အသားအရေ၊ ပိန်လှီလှသော ခန္ဓာကိုယ် နှင့် ဒူးတဘက်ကို ဆကာ ဆကာ တရွေ့ရွေ့ လျှောက်လာသော သူ့ကို အဖွဲ့ချုပ်ရုံး အနီးတွင် ရပ်နေသူ တချို့ မြင်တွေ့သောအခါ ၀မ်းသာ အားရနှင့် ကြိုဆို နှုတ်ဆက်ကြသည်။

NLD ရုံးရှေ့တွင် ခမောက် ဆောင်းပြီး၊ ခွပ်ဒေါင်းအလံပုံ ပါသည့် အင်္ကျီဖြူ ဆင်တူ ၀တ်ထားကြသော အဖွဲ့ဝင်များ၊ ပင်နီတိုက်ပုံနှင့် အမျိုးသားများကို တွေ့မြင်လိုက်ရသောအခါ ၀မ်းနည်း ၀မ်းသာစိတ်ဖြင့် မျက်ရည်ပင် ၀ိုင်းမိကြောင်း အသက် ၆၀ ခန့် ရှိပြီဖြစ်သည့် ဦးခင်မောင်ချစ်က ပြောသည်။

သူက ဘိုကလေးမြို့နယ် NLD အတွင်းရေးမှူးဖြစ်သည်။ ဘိုကလေးမြို့အတွင်း လောင်စာဆီ ဈေးနှုန်း နှင့် ပတ်သက်ပြီး မြို့နယ်အာဏာပိုင်များသို့ စာရေးသား ပေးပို့သည့် အတွက် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံရပြီး၊ လွတ်ရက်စေ့ရန် လပိုင်း အလိုတွင် အာဏာပိုင်တို့၏ လွတ်ငြိမ်း သက်သာခွင့် အစီအစဉ်ဖြင့် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

“ရန်ကုန် တက်မယ် ဆိုတာနဲ့ မြို့က ထောက်လှမ်းရေးတွေက ခေါ်မေးတယ်၊ ရုံးချုပ် နှစ်ပတ်လည် သွားမှာကို ကြိုက်ပုံမရဘူး၊ ပြီးတော့ တလမ်းလုံး ဂိတ်တိုင်းမှာ အစစ်ခံရတယ်၊ ရန်ကုန် ရောက်တော့လည်း အောင်မင်္ဂလာ အဝေးပြေးဂိတ်ထဲမှာ စောင့်ပြီး ဘယ်အိမ်မှာ တည်းမှာလဲလို့ မေးတယ်” ဟု ဧရာဝတီတိုင်းမှ အရောက်လာခဲ့သူ ဦးခင်မောင်ချစ်က ပြောပြသည်။

ထောင်မှလွတ်လာပြီး NLD ရုံးသို့ ချက်ချင်းဆိုသလို ရောက်လာသူမှာ ဦးခင်မောင်ချစ် တဦးတည်း မဟုတ်ပေ။

လွတ်ရက်စေ့ရန် ၅ ရက်အလိုတွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သော ဦးမိုက်ကယ်ဝင်းကျော်ကလည်း ကလေးမြို့ အကျဉ်းထောင်မှ လွတ်လွတ်ချင်း NLD ၂၁ နှစ်ပြည့် အခမ်းအနားကို တက်မည်ဟု ဆုံးဖြတ်ခဲ့ပြီး အာဏာပိုင်တို့ စောင့်ကြည့်နေသည့်ကြားမှ အရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။ ထောင်မှအထွက်တွင် အာဏာပိုင်တို့က ခံဝန်ချက်လက်မှတ် ထိုးရန် ဖိအားပေးခဲ့သော်လည်း နိုင်ငံရေးသမားတချို့က လက်ခံခြင်းမပြုခဲ့ဟု သူက ပြောသည်။

“နိုင်ငံရေးသမား ထောင် မကြောက်ဘူး ပေါ့ဗျာ” ဟု ဦးမိုက်ကယ်ဝင်းကျော်က ဆိုသည်။

သူ့နည်းတူ ကလေးမြို့ အကျဉ်းထောင်မှ လွတ်လာသူ ဦးဘမင်း နှင့် ထောင်အသီးသီးမှ လွတ်မြောက်လာသူ အများအပြားက ဤအခမ်းအနားသို့ အရောက်လာရန် စိတ်ပိုင်းဖြတ်ထားသူများ ဖြစ်သည်။

ယခုလအတွင်း အာဏာပိုင်တို့က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော နိုင်ငံရေး အကျဉ်းသားများထဲတွင် လွတ်ရက်စေ့ရန် လပိုင်း၊ ရက်ပိုင်းသာ လိုတော့သူ အများအပြား ပါဝင်ကြောင်း ရန်ကုန်တိုင်းမှ NLD အဖွဲ့ဝင်တဦးက မကျေမနပ် ရှင်းပြသည်။

“လွတ်ရက်စေ့ဖို့ ၅ ရက်လောက် လိုတော့တဲ့သူ၊ ၆ ရက်လောက် လိုတော့တဲ့ သူတွေကို လွှတ်ပေးတယ်၊ လွတ်ရက်စေ့ဖို့ ရက်ကျော်နေတဲ့ ဗိုလ်ကြီး ၀င်းထိန်တို့၊ ဗိုလ်မှူးကြီးကျော်ဆန်းတို့ ထောင်ထဲမှာ ကျန်းမာရေး မကောင်းလို့ အသည်းအသန် ဖြစ်နေတဲ့ ဦးရွှေမောင်တို့ ဦးကြည်သန်းတို့ အဲလို လူတွေကိုတော့ လွှတ်မပေးဘူး” ဟု သူက ပြောသည်။

နိုင်ငံရေးသမားများ ထောင်ကျသွားသောအခါ မိသားစုက အခက်အခဲများစွာ တွေ့ရလေသည်။

ရှမ်းပြည်နယ်မှ ဦးသန်းဌေးက သူ နှင့် သူ့သား ၃ ယောက်စလုံးကို အာဏာပိုင်တို့က ထောင်ချခဲ့သဖြင့် မိသားစု စီးပွားရေးမှာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း၊ သူ၏သားများမှာလည်း စိတ်ဒဏ်ရာ ရကြကြောင်း ပြောပြသည်။

လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးသန်းညွန့်ကလည်း “အိမ်က ရှိတာတွေ ရောင်းစားရင်း သူတို့ စားဝတ်နေရေးကို ဖြေရှင်းရတာပေါ့၊ ကျနော် ရှာထားတဲ့ ပစ္စည်းတွေ ကုန်တော့မှ ကျနော်လည်း ပြန်လွတ်လာတယ်” ဟု ပြောသည်။

သူတို့သည် ထောင်ထဲမှ ရခဲ့သော ဒဏ်ရာဒဏ်ချက်များ၊ ၂၁ နှစ်လုံးလုံး စစ်အစိုးရ၏ နည်းလမ်းမျိုးစုံဖြင့် နှိမ်နင်းခြင်းများကို အံတုရင်ဆိုင်ရင်း ဆင်းရဲ နွမ်းပါးစွာဖြင့်ပင် NLD ၏ ၂၁ နှစ်ပြည့် အခမ်းအနားသို့ အရောက်လာခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ နိုင်ငံရေး လုပ်သက် ၂၁ နှစ်အတွင်း ထောင်ကျလိုက်၊ ပြန်လွတ်လာလိုက်ဖြင့် လုံးခြာလိုက်နေသည်။ ပြန်လွတ်လာသည်နှင့် NLD သို့ ရောက်လာကြပြန်သည်။ သူတို့၏ စုရပ်မှာ ယခုအချိန်တွင် ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံး တခုတည်းသာ ရှိနေသည်။ ပြည်နယ်၊ တိုင်း၊ မြို့နယ်ရုံးများ အပိတ်ခံထားရသည်မှာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက ဖြစ်သည်။ ကျန်ရှိသည့်ရုံးများမှာလည်း ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ချိတ်ပိတ်ခံရသည်။

၎င်းတို့၏ တခုတည်းသော စုရပ်ဖြစ်သည့် ရွှေဂုံတိုင်အရပ်ရှိ ဌာနချုပ်ရုံးတွင် ပြုလုပ်သည့် NLD ၂၁ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်သူပေါင်း ၇၀၀ ကျော်ခန့် ရှိကြောင်း ရန်ကုန်တိုင်း၊ ပြန်ကြားရေးဌာနမှ ဒေါက်တာ ၀င်းနိုင်က ပြောသည်။

အဖွဲ့ချုပ် နှစ်ပတ်လည် တေးသံက ရွှေဂုံတိုင်လမ်းမပေါ် အထိ ပျံ့လွှင့်လာသောကြောင့် ရုံးရှေ့နှင့်အနီးတ၀ိုက်မှ  ရဲများ၊ လုံထိန်းများ ပြူးပြူးပြာပြာဖြစ်သွားသည်။

အာဏာပိုင်တို့က ရုံးနှင့် အနီးတ၀ိုက်တွင် လုံထိန်းတပ်ဖွဲ့ဝင် အများအပြား ချထားသည်။ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ရုံးရှေ့ တည့်တည့်တွင် ရဲကား ၁၀ စီးခန့် ရောက်လာသည်ဟု ဆိုသည်။ သို့သော်လည်း လုံခြုံရေးချထားမှုမှာ ယခင်ကထက် နည်းပါးပါသည်ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

အခမ်းအနားမှာ နေ့လယ် ၁၂ နာရီမှ စမည်ဖြစ်သော်လည်း နံနက် ၁၀ နာရီ ခန့်ကပင် ရုံးအောက်ထပ် ခန်းမက လူပြည့်သွားသည်။ သံတမန်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းထောက်များကိုလည်း တွေ့ရသည်။

“ကောင်းယံမှာ ဒေါင်းလံတွေ … ဒေါင်းအလံတွေမှာတော့ အကြောင်းအရံခါ … ကောင်းယံမှာ ဒေါင်းအလံဟာ တလူလူ လွှင့်လိုက်ပြန်တော့  လူထုက တခဲနက် ကြိုဆို … တွဲလက်ရယ် ပိုမို ခိုင်မြဲကာမှ မလွဲမသွေ ပန်းတိုင် ရောက်မှာမို့ …” ဟု အဖွဲ့ဝင် တဦးက စေးစေးပိုင်ပိုင် တေးရင့်ကျူးလိုက်သောအခါ ဓာတ်ပုံရိုက်သံများမှအပ ခန်းမတခုလုံး ငြိမ်သက်သွားသည်။ ထို့နောက် လက်ခုပ်သံ တဖြောင်းဖြောင်း ထွက်ပေါ်လာသည်။

အာဏာပိုင်တို့ မည်မျှပင် နှိပ်ကွပ်နေစေကာမူ အဖွဲ့ဝင်များ စုစည်းမှုရှိစေရန် ပြုလုပ်နေပုံကိုလည်း တွေ့ရသည်။  အခမ်းအနားတွင် ကာတွန်း၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲဆုများကိုကြေညာပြီး ဆုပေးကြသည်။

အခမ်းအနားတွင် တွေ့ရသည့် အဖွဲ့ဝင် အများအပြားက ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့် ရင်ထိုးများ တပ်ဆင်ထားကြသည်။ တချို့ကလည်း စုစုပေါင်း ၁၄ နှစ်ကြာ ထိန်းသိမ်းခံနေရသည့် ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင် လွတ်မြောက်လာတော့မည်ဟု မျှော်လင့်နေကြလေသည်။

ပရိသတ်၏ ရှေ့ဆုံးပိုင်းတွင် မကြာခင်က ထောင်မှ ထွက်လာသူ အမျိုးသမီး ၆ ဦး ရှိနေသည်။ တချို့က မျက်ရည်ဝိုင်းနေသည်။ တချို့က အံကို တင်းတင်းကြိတ်ပြီး သီချင်းလိုက်ဆိုနေသည်။ တချို့က အကျဉ်း ကျနေဆဲဖြစ်သော သူတို့၏ လုပ်ဖော်ကိုင်ဖက်များကို သတိရနေသည်။

“ကိုယ်နဲ့ အတူကျခဲ့တဲ့ သူတွေ အခု ထောင်တွေထဲမှာ ရှိနေသေးတာကို တွေးမိရင် ၀မ်းမသာနိုင်ဘူး၊ သူတို့အားလုံး လွတ်မြောက်မှသာ ကျမတို့ ၀မ်းသာနိုင်မယ်၊ ပျော်နိုင်မယ်” ဟု မကွေး အကျဉ်းထောင်မှ လွတ်မြောက်လာသူ မဌေးက ပြောသည်။     

ပြီးခဲ့သည့် ၂၁ အတွင်း သူတို့က လစာနှင့် အခွင့်အရေး ဘာမျှမရှိသော်လည်း NLD တွင် ဆက်လက် လုပ်ကိုင်နေကြသည်။ တခါတရံ သူတို့ရရှိတတ်သည်က အာဏာပိုင်များထံမှ လာသည့် ခြိမ်းခြောက်မှုများ၊ ထောင်ဒဏ်များ ဖြစ်နေသည်။ ဤအခြေအနေများ ကြားမှပင် တခုတည်းသော NLD ရုံးရှိရာသို့ အရောက်လာနေကြခြင်း ဖြစ်သည်။ တာဝန်တွေ ဆက်ပြီး ယူရဦးမည်ဟု သူတို့က ပြောကြသည်။

“ထောင်ကထွက်တာ ၃ ရက်ပဲ ရှိသေးတယ်၊ အိမ်မှာ နားပါလို့ ကျနော့် အမျိုးသမီးက ပြောတာတောင် ကျနော်က မနားနိုင်သေးဘူး၊ ပါတီနှစ်ပတ်လည် သွားရမယ်၊ ပါတီ တာဝန်တွေ ဆက်ထမ်းဆောင်ရဦးမယ်လို့ ပြောပြီး ထွက်လာခဲ့တာပဲ” ဟု မိတ္ထီလာထောင်မှ ၁၉ ရက်နေ့တွင် လွတ်လာသူ ဦးခင်မောင်ချစ်က ပြောပြသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်