ကချင်တို့၏ ကျေးဇူးတော်နေ့

ကချင်ပြည်နယ် မိုင်ဂျာယန် နှစ်ချင်းခရစ်ယာန် ဘုရားကျောင်း တာဝန်ခံ နိုမင်က ဘာသာပြန်ပေးရန် လည်ချောင်းရှင်း လိုက်သည်။

ထို့နောက်သူက "သူပြောတာက ပထမဦးဆုံး ထွက်လာတဲ့ သီးနှံတွေကို အခုလို ဝေငှပေးရမယ်ဆိုတာ သမ္မာကျမ်းစာ အလိုတော်အရလို့ ပြောတယ်၊ ကျနော်တို့မှာလည်း ရိုးရာဓလေ့အရ ကျေးဇူးတော်နေ့ ရှိတယ်"ဟု ပြောသည်။

သင်းအုပ်ဆရာကလည်း သိမ်မွေ့စွာ ပြုံးလိုက်ပြီး"တနှစ်လုံး ကျနော်တို့ လိုအပ်သမျှ စိုက်ပျိုးခဲ့ကြတယ်၊ နောက်တော့ အသီးအနှံတွေကို ဘုရားကျောင်းကို ယူလာပြီး ဘုရားသခင်အတွက် ပူဇော်ကပ်လှူကြတယ်၊ ကျနော်တို့ လူသားတွေ ဖြစ်တာနဲ့အညီ ရှိသမျှခွန်အားနဲ့ ကျနော်တို့ ယူဆောင်စုဝေးခဲ့ကြတယ်၊ ဒါကို ကျနော်တို့က နလွန် နန်ရှာပွီ Nlung Nnan Sha Poiလို့ ခေါ်ကြတယ်၊ ပြောရရင် ကောက်သစ်စားတဲ့ ပွဲတော်ပဲ"ဟု ပြောဆိုလိုက်သည်။

ပြုံးနေသည့် ကချင်ဂီတသမားများက မိုင်ဂျာယန် နှစ်ချင်းခရစ်ယာန် ဘုရားကျောင်း အ၀င်ပေါက်တွင် စုဝေး၍ ၀တ်ပြုရန် တက်ရောက်လာကြသူများကို ဆီးကြိုနှုတ်ဆက်နေသည်။ ၀ါးပုလွေသံ၊ သံခေါင်းလောင်းသံ၊ ဒရမ်သံများက ပျော်ရွှင်ဖွယ် ပွဲတော်တခုအဖြစ် ဖန်တီးပေးနေသည်။

ကလေးများက ကွင်းကို လှည့်ပတ်ပြေးနေစဉ်တွင် တချို့ကလည်း သူတို့၏ ပြောင်လက်နေသည့် ရှုးဖိနပ်များ၊ ခြေညှပ်ဖိနပ် များစီးထားရင်း ဂေါ်လီရိုက်နေကြသည်။ ပြောင်လက်တောက်ပနေသည့် ဘုရားကျောင်းထဲတွင် လူအများ ဥဒဟိုသွားလာ နေသည်နှင့်အမျှ ကွင်းထဲတွင်လည်း ပျော်ရွှင်ရယ်မောသံများနှင့် ညံနေသည်။ လူတိုင်းက ပန်းပွင့်များစီချယ်ထားသည့် အမိုးခုံး ပန်းဆိုင်းအောက်သို့ မ၀င်ရောက်မီ သစ်သား အလှူခံပုံးရှေ့တွင် ခဏရပ်၍ တရုတ်ယွန်ငွေ၊ သို့မဟုတ် မြန်မာ ကျပ်ငွေ အနည်းငယ် အလှူထည့်ကြသည်။ 

ခန်းမထဲတွင် လူ ၈၀၀ ခန့်ရှိနေပြီး သူတို့က ပန်းများဖြင့် ဆင်ယင်ထားသည့် စင်မြင့်ပေါ်သို့ မျှော်ကြည့်နေကြသည်။ စင်မြင့် ၏ အောက်ခြေတွင် စပါးပင်များ၊ မန်ကျည်းသီး၊ ကြံချောင်းများ၊ သခွားသီးများ၊ သစ်ခွပန်းများ၊ နှင်းဆီပန်းများ၊ ကြက်ဥ များ၊ ချင်း၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးများ၊ ထပ်တရာပန်းများ၊ သလဲသီးများ၊ နဂါးမောက်သီးများ၊ ပြောင်းဖူးများ စုပုံရှိ နေပြီး ဖယောင်းတိုင်တင်ထွန်းရန် ခွဲစိတ်လှီးဖြတ်ထားသည့် ဖရဲသီးနှင့်အတူ သမ္မာကျမ်းစာ တအုပ်ကိုလည်း တွေ့ရသည်။ ရွာသား များက သူတို့၏အလှူသစ်သီးဝလံများကို လှလှပပ ဆင်ယင်ချယ်သထားသည်။ 

"အခု စင်ပေါ်မှာရှိတဲ့ဟာအားလုံး ကျမတို့ စားလို့ရတယ်"ဟု ကချင်အမျိုးသမီးတဦးက ခင်းကျင်းထားသည့် အစား အသောက် များကို ကြည့်၍ ပြောလိုက်သည်။

ယခုပွဲတော်က ရွာသားများအတွက် နေ့စဉ်နှင့်အမျှ ပင်ပန်းစွာ လုပ်ကိုင်နေရသည့် လုပ်ငန်းခွင်မှ ထိုက်ထိုက်တန်တန် အပန်းဖြေခွင့် ရစေသည့် အစီအစဉ်ပင် ဖြစ်သည်။ ကချင်ပြည်နယ်တွင် လူတဦးအဖို့ နေ့စဉ်ဝင်ငွေသည်  တနေ့လျှင် ပျမ်းမျှ ၁ ဒေါ်လာ မျှသာ ဖြစ်ပြီး တိုင်းရင်းသားများ နေထိုင်ကြရာ ကျေးလက်ဒေသများအဖို့ ပို၍ပင် ဆင်းရဲချို့တဲ့ကြသေးသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်စပ်ချင်းကပ်လျက် နေထိုင်ကြသော မိုင်ဂျာယန်ရှိ ကချင်လူမျိုးများအဖို့ အချက် ၂ ချက်ကို မှီခို၍ ရပ်တည် ရှင်သန် နေကြရသည်။ ကြံများကို တရုတ်နိုင်ငံဘက်သို့ ရောင်းချခြင်းနှင့် စစ်အစိုးရကို ဆန့်ကျင် နေကြသည့် ကချင် တော်လှန်ရေးအဖွဲ့အစည်းက ထောက်ပံ့ထားသည့် အနည်းအကျဉ်းမျှသော လူမှုရေးဝန်ဆောင်မှုများ ကို မှီခိုနေကြရသည်။ 


ပြည်တွင်းစစ် ၄၆ နှစ်တာကာလကို ဖြတ်သန်းပြီးနောက် လွန်ခဲ့သည့် ၁၅ နှစ်က စစ်အစိုးရက ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထံ အပစ်အခတ် ရပ်စဲရေးကမ်းလှမ်းလာခဲ့သည်။ ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ် အောက်တွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) က သူတို့ ထိန်းချုပ်ထားရာ တောင်တန်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ် ရေး နယ်မြေ တခုထူထောင်ခဲ့ကြသည်။ ဒေသအကျယ်က ပါလက်စတိုင်း၊ ဂါဇာကမ်းမြောင်၏ အကျယ်အ၀န်းမျှ ရှိမည် ဖြစ်ပြီး ဆေးရုံများ၊ ဆရာဖြစ်သင်ကောလိပ်ကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများ တည်ဆောက်ခဲ့ကြသည်။ 

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက နောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ ကျန် ဒေသများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချခဲ့ကြသည်။ သတ္တုတွင်းတူး လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေး၊ ရေ အား လျှပ်စစ် စီမံကိန်း စသဖြင့် စီမံကိန်းကြီး အမြောက်အများလည်း ၀င်ရောက်လာခဲ့သည်။ အလုပ်အကိုင်အများစုကို တရုတ်လူမျိုးများက ရကြသည်။ စစ်အစိုးရက အကျိုးအမြတ်များ သိမ်းယူသွားချိန်တွင် ကချင်ပြည်သူများအတွက် ဆိုးကျိုးများသာ ကျန်ရစ်တော့သည်။ 

ကချင် ကျေးရွာလူထုကို ယေဘုယျအားဖြင့် "လက်နက်ကိုင်သူပုန်" များဟုသာ ခပ်လွယ်လွယ် မြင်ထားကြသည်။ လူ အများက နိုင်ငံရေးအကျဉ်းသားများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားကြသူများဟု အမျိုးအစားများ ခွဲခြားဖော်ပြကြရာတွင်  သူတို့ကိုတော့ ခပ်လွယ်လွယ်ပင် သူပုန်အမျိုးအစားထဲ ထည့်လိုက်ကြသည်။ အမှန်မှာ ကချင်လူမျိုးများအတွက် အခွင့် အလမ်း က ရှားပါးလှပါသည်။ အထူးသဖြင့် လက်နက်ကိုင်သူပုန်တပ်များ ထိန်းချုပ်ရာဒေသများအတွင်းရှိ လူထုဆိုလျှင် ပို၍ အခွင့်အလမ်း နည်းသေးသည်။ ဖိနှိပ်ညှဉ်းပန်းခံရမှု သမိုင်းနှင့်အတူ ပြင်ပကမ္ဘာနှင့်လည်း ဆက်သွယ်ထိတွေ့မှုနည်းကြ သောကြောင့် ယနေ့ကချင်လူထုအခြေအနေ မည်သို့ရှိနေမည်ကို ခန့်မှန်း ကြည့်နိုင်ပါလိမ့်မည်။  

အမျိုးသမီးငယ်တဦးက"ကျမတို့က လူအများ မေ့လျော့ထားခံရတဲ့သူတွေပါ။ ဒါပေမယ့် ကျမတို့ဘယ်သူဆိုတာ ကိုယ့်ဘာသာ သိကြပါတယ်"ဟု ပြောသည်။

မိုင်ဂျာယန်ရှိ အင်္ဂလိပ်စာသင်တန်း Intensive English Program (IEP) ကျောင်းသားများက တပတ်လုံးလုံး အချိန်ပေး၍ သူတို့ ပွဲတော်အတွက် ပြင်ဆင်ကြသည်။ လက်ရာခပ်ကြမ်းကြမ်း ဆောက်ထားသည့် ကွန်ကရိအဆောက်အဦးတွင် တရုတ် လျှပ်စစ်ကုမ္ပဏီမှ သွယ်တန်းထားသည့် မီးကြိုးများဖြင့် မီးရောင်စုံများ မှိတ်တုတ်လင်းလက်နေကြသည်။ ကျောင်းသား ၅၆ ဦးက ဘုရားသခင်သို့ ချီးမြှောက်ခြင်း “Praise Ye Jehovah.” သီချင်းကို ဆိုကြသည်။

သို့သော်လည်း ဤကျောင်းသားများက ကျေးဇူးတော် သီချင်း ဆိုရုံပေးမျှသာ မဟုတ်။ ထိုအင်္ဂလိပ်စာ သင်တန်း ကျောင်း သားများက ရပ်ရွာအတွက် ဆုလာဘ်လည်း ဖြစ်သည်။ အင်္ဂလိပ်စာတတ်မြောက်သည်ဟု ဆိုလျှင် သူတို့ဘ၀ တက်လမ်း ပွင့်လာနိုင်သလို ရပ်ရွာအတွက်လည်း ပို၍ အကျိုးဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။

"ကျနော်က ကျောင်းဆရာဖြစ်ချင်တယ်။ ဒါမှ ကိုယ့်ရပ်ရွာကို ကူညီပေးနိုင်မှာ၊ ဆင်းရဲ ပြီး ပညာမတတ်တဲ့ ကလေးတွေ ကချင်ဒေသမှာ ရှိကြတယ်။ သူတို့ဘ၀ကို ကျနော်တိုးတက်စေချင်တယ်။ ကျနော်က ကိုယ့်နိုင်ငံအတွက်လည်း တတ်နိုင် သလောက် လုပ်ပေးချင်ပါတယ်"ဟု ကျောင်းသား တဦးက ပြောသည်။
ပွဲတော်ကို စတင်ရန်အတွက် အင်္ဂလိပ်စာသင်တန်းကျောင်းသားများက ပန်းများ၊ သီးနှံများ၊ သစ်သီး၊ ဟင်းသီးဟင်းရွက် များဖြင့် စီချယ်ထားသည့် လက်ဆွဲခြင်းများ သယ်ဆောင်၍ ရောက်လာကြသည်။

"မိသားစုတိုင်းက ဘုရားကျောင်းကို ဆွဲခြင်းတခြင်းတော့ ယူလာကြတာပဲ၊ အိမ်တိုင်းမှာ ဥယျာဉ်ရှိ ကြတယ်။ သူတို့က အများကြီးပဲ ယူလာကြတယ်။ အခုခြင်းတွေက သင်းအုပ်ဆရာတွေ၊ ဘုရားကျောင်းလူကြီးတွေ၊ သူတို့ မိသားစုတွေအတွက် လှူဖို့ ယူလာပေးတာ။ ဒါပေမယ့် လူတွေကို ပြန်ဝေပေးကြမှာပဲ"ဟု နိုမင်က ရှင်းပြသည်။

ကျောင်းသားများက ဘုရားကျောင်းတ၀ိုက် တီးမှုတ်နေကြသူများနောက်က လိုက်လာကာ အလယ်လမ်းမမှ လျှောက်ဝင် လာပြီး သူတို့၏ သစ်သီးဝလံခြင်းများကို စင်မြင့်၏အောက်ခြေတွင် ချထားလိုက်ကြသည်။ ကြမ်းပြင်တွင်ပြည့်လျှံနေသည့်  ခြင်းတောင်းများက လယ်ယာစိုက်ပျိုး ရပ်တည်နေကြသည့် ကျေးလက်သဘာဝ ကြွယ်ဝမှုကို ပြသသည့်နှယ် ရှိနေသည်။ 

မူလတန်းကျောင်းမှ ကလေးများက စင်မြင့်ပေါ် တက်လာကြသည်။ လူတိုင်းက ဟင်းသီးဟင်းရွက် သို့မဟုတ် သစ်သီး တခုခုကို ကိုင်ထားကြသည်။ ထို့နောက် တယောက်ပြီးတယောက် မြေကြီးကို ကျေးဇူးတင် ချီးမြှောက်သည့် စကား အနည်းငယ် ပြောကြသည်။

သင်းအုပ်ဆရာက "၀မ်းမြောက်သောနှလုံးနှင့် ပေးအပ်သောသူကို ဘုရားသခင်က ချစ်မြတ်နိုးလိမ့်မည်" ဟု ရေးထားသည့် စာတန်းအောက်တွင် ရပ်၍ ဆာလံကျမ်းစာကို ဖတ်သည်။ သူက ကျေးဇူးတင်စကား ချီးမွမ်းပြောဆိုပြီး၊ သူ၏ ၀တ်ပြုစုဝေး နေသည့်လူထုကို အလှူပေးကြရန် နှိုးဆော်သည်။ တာဝန်အရ ပေးဆောင်ကြရခြင်းဟု မခံယူသင့်သလို၊ လူတဦး၏အဆင့် အတန်းနေရာအတွက် အလှူပေးကြခြင်းလည်း မလုပ်ရန် ပြောသည်။ မိမိစွန့်လွှတ်ရခြင်းဖြင့် ပျော်ရွှင်မှုကို ရယူနိုင်ရန် ဟောကြားသည်။

သူ၏ ဟောကြားသောတရား နိဂုံးချုပ်သည့်အခါ ၀တ်ပြုစုဝေးနေသည့်လူထုက မတ်တပ်ထရပ်လိုက်ကြပြီး အလှူခံပုံးရှိရာ သို့ တန်းစီ လျှောက်သွားကြသည်။ လူတိုင်း၏ လက်မှ ငွေကြေးတစုံတရာ ထည့်ထားသည့် စာအိပ်ကလေးကို အလှူခံပုံး ထဲ ထည့်ကြသည်။ သူတို့မိသားစုများ တနှစ်တာလုံး စုဆောင်းလာသမျှကို လှူဒါန်းကြသည်။ နောက်ပိုင်းတွင် လူတဒါဇင် ခန့်က အလှူရရှိလာသည့် ကျပ်ငွေများနှင့် အခြားငွေကြေးများကို ရေတွက်ကြသည်။

နိုမင်က"လူတွေက ဘာမှ ပေးစရာ မလိုပါဘူး။ ဒါပေမယ့်လည်း လူတိုင်းက သူတို့တတ်နိုင်သလောက် ပေးလှူချင်နေကြ တယ်"ဟု ပြောသည်။

ခြံဝင်းတဘက်တွင် အကျွေးအမွေးက စတင်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များက လှူဒါန်းကျွေးမွေးရမည့်သူများကို တာဝန်သတ်မှတ်ပေးခဲ့ကြသော်လည်း ယခုနှစ်တွင်တော့ ၀တ်ပြုဆုတောင်းလာသူများက လွတ်လပ်စွာ လှူဒါန်းကြရန် နှိုးဆော် ထားသည်။ နွားတကောင်၊ ၀က် ၅ ကောင်၊ ကြက် ၁၅၀ ကျော်ကို သတ်၍ အကျွေးအမွေး စီစဉ်ထားသည်မှာ အစမျှသာ ရှိသေးသည်။

မီးဖိုချောင်ထဲတွင် လုပ်အားပေးများဖြင့် စည်ကားနေသည်။ လူတချို့က ၀က်သားများ ခုတ်ထစ်စင်းနေကြပြီး တချို့က သစ်သီးနွှာနေကြသည်။ လူတချို့က ကြက်၊ အမဲ၊ ပဲဟင်းနှင့် ရွှေဖရုံသီးဟင်းများ ရောနှော ချက်ပြုတ်နေကြသည်။ ထင်းမီး များ တောက်လောင်သည့်အသံများ၊ ခုတ်ထစ်ထုထောင်းနေသံများက ကချင်လူမျိုးတို့၏ အားလပ်ရက် ရိုးရာ မီးဖိုချောင် တခုအတိုင်း လှုပ်ရှားစည်ကားနေသည်။

အကျွေးအမွေးအစီအစဉ်မစခင် ကချင်ရိုးရာ “ထောင်ကာ” အကဖြင့် ၀ိုင်းပတ်ကကြသည်။ စည်းဝိုင်း သဏ္ဍန် လှည့်လည်၍ ဗုံသံ၊ လင်းကွင်းသံနှင့် အညီ ပျော်ရွှင်စွာ ခုန်ပေါက်ကကြခြင်း ဖြစ်သည်။ ရွာသားများက လှည့်လည်ကကြရင်း သူတို့စတိုင် တီထွင်ဖန်တီးထားသည့် ကကွက်များဖြင့်လည်း ဖျော်ဖြေကြသေးသည်။

အစားအသောက်များ အဆင်သင့်ဖြစ်သည့်အခါ စားပွဲများပေါ်သို့ ယူဆောင်လာသည်။ စားပွဲတိုင်းတွင် အမျိုးသမီးငယ် တဦးက ခူးခပ်ပေးရန် အသင့်စောင့်ဆိုင်းနေသည်။

ကချင်တို့၏ ရိုးရာအရ ပစ္စည်းပေးရာနှင့် လက်ခံရာတွင် ယဉ်ကျေးသမှု အနေနှင့် လက်တဘက်ကို ဆန့်ထုတ်၍ အခြား လက်တဘက်ကို အောက်မှ ပင့်မပြီး ရယူကြသည်။ ပေးကြသည်။ ဤဓလေ့သည် ရှေးအတီတေ လူအများက ၂ ပေကျော် ရှည် ဓားကို လွယ်၍ လယ်ယာစိုက်ပျိုးကြရာ၊ တိုက်ခိုက်ကြရာ ဘိုးဘွားတို့ ကာလများကတည်းက ဆင်းသက်လာခြင်း ဖြစ်သည်။ အကယ်၍ သင့်ကို လက်တဘက်တည်းဖြင့်သာ နှုတ်ဆက်မည်ဆိုပါက အခြားတဘက်က ဓားကို လှမ်းကိုင်နိုင် သေးသည် မဟုတ်ပါလား။ ဤသို့ လက်နှစ်ဘက်လုံးဖြင့် အပေးအယူပြုခြင်းက လူနှစ်ဦးအကြား တဘက်နှင့်တဘက် အပြန်အလှန် ယုံကြည်မှုကို ပြသနေသည့် ဓလေ့ဖြစ်လာသည်။ 

ကျေးဇူးတော်နေ့ ပွဲတော် ဆက်လက်ကျင်းပ ဆင်နွှဲနေစဉ်မှာပင် လူတဦးက သူ၏ မိတ်ဆွေဘက်ကို လှည့်၍ ပြော လိုက်သည်။

"ဒီလောက်တောင် ဖောသီနေတာ၊ ငါတို့ ဘယ်လိုလုပ် ဆင်းရဲပါ့မလဲ”ဟူ၏။

ကချင်ပြည်နယ် မိုင်ဂျာယန်မှ PATRICK KELLY ရေးသားပေးပို့သည့် Thanksgiving-Kachin-style ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်