တောတောင်စိမ်းမှ မြစ်ချောင်းလှမည်...

မိုးရာသီကာလက စိမ်းစိုခဲ့သော သူတို့သောက်ရေကန်သည် နွေမရောက်မီမှာပင် ခမ်းလုနီးနီး ရေနည်းသွားပြီဖြစ်သည်။

အနက် ၃ ပေကျော်သာ ရှိတော့သော ရေပြင်သည် အညိုရောင်သန်းကာ နောက်ကျိနေသည်။  မိုးတွင်းကာလက ပေါက်ခဲ့သော ကြာပင်တို့သည်လည်း ရိုးတံများသာ ကျန်ခဲ့ပြီး ခြောက်သွေ့လျက်ရှိသည်။

ရန်ကုန်တိုင်း၊ လှိုင်မြစ်ကမ်းဘေး၊ ထန်းတပင်မြို့နယ်၊ လှည်းဆိပ်စံပြကျေးရွာရှိ သဘာဝ သောက်ရေကန်မှာ နွေမရောက်ခင်ကပင် ရေနည်းသွားပြီ ဖြစ်သောကြောင့် နွေအခါတွင် ရေခမ်းသွားမည်ကို ရွာသားများက စိုးရိမ်နေကြသည်။

“တရွာလုံးမှာ ဒီရေကန် တကန်ပဲ ရှိတာ။ ဒီကန်ရေပဲ သောက်ကြတာ။ မနှစ်ကတော့ ဒီအချိန်ဆို ရေမနည်းသေးဘူး။ နွေကျမှ ရေနည်းတာ။ ဒီနှစ်တော့ တော်တော်ဆိုးတယ်၊ နိုဝင်ဘာလလောက် ကတည်းက ရေကျသွားတာ” ဟု ထိုကန်ရေကို မှီခိုနေရသော ရွာသားတဦးက ပြောသည်။

ဘောလယ်မြစ်နှင့် လှိုင်မြစ်ဆုံသည့်နေရာ၊ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်း လုပ်ကိုင်ကြသော ထိုကျေးရွာကြီးတွင် လူဦးရေ ၁၀၀၀ ကျော်ခန့် နေထိုင်ကြသည်။ ရွာသားအားလုံး မြစ်ရေကို သုံးကြပြီး သဘာဝသောက်ရေကန်မှ ရေကို သောက်ရေအဖြစ် သုံးခဲ့ကြခြင်းမှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“အခုတော့ ဒီမှာက နေလို့မကောင်းတော့ဘူး။ မိုးတွင်းဆို ရေက ရွာမြုပ်တယ်၊ နွေဆို ရေသောက်ဖို့ ခက်တယ်၊ ဆောင်းတွင်း ဆိုတာလည်း မရှိတော့ဘူး” ဟု သူက ဆက်ပြောသည်။

မိုးများသည့်နှစ်များ၌ မြစ်ရေကြီးချိန်ဆိုလျှင် လှိုင်မြစ် ကမ်းနားရွာများအားလုံး ရေအလုံးအရင်းနှင့် တရကြမ်း စီးဝင်တတ်ရာ ရွာလုံးကျွတ်ရေမြုပ်သည်ဟု အဆိုပါ ရွာသားက ရှင်းပြသည်။

ယခုကဲ့သို့သော ဆောင်းရာသီတွင် နေမွန်းတည့်ချိန် မဟုတ်ပါဘဲနှင့် နေရောင်မှာ ပူပြင်းစူးရှနေပြီး သစ်ပင် သစ်ရိပ်များ မရှိ တော့ဘဲ၊ လယ်ကွင်းရိုးပြတ်များနှင့်သာ ပြည့်နေသောကြောင့် ခြောက်သွေ့ကာ အပူငွေ့ကို ပိုမိုခံစားရသည်ဟု သူကဆိုသည်။

“ရာသီကလည်း ပြင်းတော့ ရေလည်း ခမ်းကုန်တယ် ထင်ပါရဲ့၊ ကျုပ်တို့ရွာမှာလည်း ဒီရေကန်ကိုပဲ အားကိုးနေရတော့ ရေမခမ်းအောင် နတ်တင်ဖို့ စဉ်းစားနေကြတယ်” ဟု သူက ပြောသည်။

ထိုရွာနှင့် ရွာနီးချင်းဖြစ်သော ထန်းတပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ သောက်ရေကန်သည်လည်း ရေနည်းကာ ရေများ နောက်ကျိနေပြီဖြစ်ကြောင်း၊ နွေမရောက်ခင် ရေခမ်းမည်ကို စိုးရိမ်သောကြောင့် ရေကန်စောင့်နတ်မင်းအား ကန်တော့ပွဲ ပေးနေပြီဖြစ်ကြောင်း သူက ဆက်ပြောပြသည်။

လှိုင်မြစ်အတွင်း၌လည်း ရေနည်းလာကာ ရေကြည်လင်မှု မရှိတော့သဖြင့် ငါးရရှိမှုမှာ တနှစ်ထက်တနှစ် လျော့နည်းလာပြီး ယခုနှစ်မှာ အဆိုးဝါးဆုံးဖြစ်ကြောင်း၊ မြစ်ရိုးတလျှောက် ငါးများ အုပ်စုလိုက် သွားလာသည်ကိုလည်း မတွေ့ရတော့ကြောင်း တံငါလုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

“ဒီနှစ် ငါးက ရကိုမရတာ၊ ပြီးခဲ့တဲ့နှစ်က တနေ့ကို ၄ ပိဿာလောက်အထိ ရသေးတယ်။ ဒီနှစ်တော့ ၅၀ သားလောက်ပဲ ရတယ်။ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု သူက ဆိုသည်။

၂၀၀၆ ခုနှစ်က လှိုင်မြစ်ထဲတွင် ငါးရှာခဲ့စဉ် တရက် ၈ ပိဿာခန့် နေ့စဉ် နီးပါး ရခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်အထိ တရက်ကို ငါးပိဿာချိန် ၅ ပိဿာ၊ ၄ ပိဿာ ခန့် ရသေးကြောင်း၊ သို့သော် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ငါးအရ နည်းသွားကြောင်း၊ ယခုဆိုလျှင် တရက်ကို ၁ ပိဿာ ၀န်းကျင်ပင် မရတော့ကြောင်း တံငါလုပ်ငန်း လုပ်ကိုင်သူ ကိုအေးထွန်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်မြစ်၊ ပန်းလှိုင်မြစ်အပါအ၀င် မြစ်များတွင်သာ ရေနည်းလာခဲ့ခြင်း၊ ငါးမရှိတော့ခြင်း စသည့် ပြဿနာ တို့ဖြင့် ရင်ဆိုင်နေကြရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ အထင်ကရ မြစ်ကြီးများ ဖြစ်ကြသော ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် စသည့် မြစ်များတွင်လည်း ရေနည်းခြင်း၊ ငါးရရှိမှုနည်းလာခြင်း တို့ကြောင့် အဆိုပါမြစ်ကြီးများကို မှီတည်လုပ်ကိုင်စားသောက် နေရသော ဒေသခံများမှာ အခက်အခဲများဖြင့် ကြုံတွေ့နေကြရကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလကတည်းကပင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၌ ရေ စတင် ကျဆင်းလာခဲ့ရာ၊ ယခုအခါ ဧရာဝတီမြစ်ရေ ကျဆင်းမှုမှာ ဗန်းမော် - မန္တလေးနှင့် ပြည် ရေလမ်းတလျှောက်တွင် အနိမ့်ဆုံးရေမှတ် ၂ ပေ ခန့်သာရှိတော့ကြောင်း သင်္ဘောများ၊ မော်တော်များသာမက ရေယာဉ်ငယ်များပါ သွားလာရန် ခက်ခဲလျက်ရှိသော အနေအထားအထိ ကျဆင်းနေ သောကြောင့် ခရီးသည်များမှာ လှေငယ်များဖြင့်သာ သွားလာနေရကြောင်း ကြားသိရသည်။

“ဧရာဝတီမြစ်ရေ နည်းလာတာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက် ကတည်းကပါ။ ဒီနှစ်မှာတော့ မနှစ်ကထက် ပိုနည်းလိမ့်မယ် ထင်တယ်” ဟု ဧရာဝတီမြစ်ကြောင်းအတွင်း ရေယာဉ်ဖြင့် ပုံမှန်သွားလာနေကျ ကုန်သည်တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ မြစ်များတွင် နှစ်စဉ် မြစ်ရေနည်းချိန်ကာလအဖြစ် နိုဝင်ဘာ ၁၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ သတ်မှတ် ထားပြီး ရေလမ်းအတိမ်ဆုံး အပိုင်းများမှာ အနည်းဆုံး ၃ ပေမှ ၆ ပေအထိ ရှိတတ်၍ ထိုကာလ အတွင်း မြစ်တွင်းသွား ရေယာဉ် များ မောင်းနှင်ရန်အတွက် ရေလမ်းကြောင်းများအား နှစ်စဉ် သတ်မှတ်ပေး ထားကြောင်း ရေလမ်းကြောင်း သတ်မှတ်ရေး ဌာန၏ အဆိုအရ သိရသည်။

ယခုနှစ် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် စသည့်မြစ်များ၏ မြစ်ရေကျဆင်းမှုသည် ယခင်နှစ်များကထက်ပင် ပိုဆိုး လာနိုင်ကြောင်း၊ မြစ်ရေနှင့် သဘာဝရေ ထွက်ပေါက်ရှိသော ရေကန်များမှ ရေတို့သည် ဆက်လက် ကျဆင်းနေဦးမည်ဖြစ်ကြောင်း၊ မြစ်ရေကို အမှီပြုရှင်သန်နေကြရသူများအဖို့ မြစ်ရေနည်းသည်ထက် နည်းလာသည်ကို ကြုံတွေ့လာနိုင်ကြောင်း မြစ်ကြောင်းများ လေ့လာနေ သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးက ပြောသည်။

“ဒီနှစ်က မိုးနည်းတဲ့အပြင် ရေခဲလည်း နည်းသွားတယ်။ အဲဒါကြောင့် မြစ်ရေ မြင့်တက်မှု နည်းမယ်၊ မြစ်ချောင်းတွေမှာ ရေနည်းလာမှာပဲ” ဟု သူက ဆိုသည်။

ရေခဲတောင်များ၏ ပျက်စီးမှု အခြေအနေနှင့် မြစ်များ၏ အခြေအနေမှာ ဆက်စပ်လျက်ရှိကြောင်း၊  မြန်မာပြည်မြောက်ပိုင်းဒေသရှိ ခါကာဘိုဒေသနှင့် ဖုန်ကန်ရာဇီတောင်ခြေ ဒေသများ၌ သစ်ပင်သစ်တော ထုတ်ယူသုံးစွဲမှု များလာခြင်း၊ တခြား သဘာဝ အရင်း အမြစ် ထုတ်ယူ အသုံးပြုမှုများကြောင့် ဂေဟစနစ် ပျက်စီးလာရာ ရေခဲများ လျော့ပါးလာခြင်း၊ ရေခဲအရည်ပျော် စောခြင်းများ ဖြစ်ပေါ်လာရကြောင်း အဆိုပါ ပညာရှင်က ရှင်းပြသည်။

နှစ်စဉ် ရေခဲတောင်များမှ ရေခဲများသည် မတ်လကုန်ပိုင်းတွင် စတင်အရည်ပျော်ပြီး ချောင်းငယ်၊ မြစ်ငယ်များ၊ မြစ်လက်တက်များမှ တဆင့် ဧရာဝတီမြစ်ထဲသို့ စီးဆင်းသွားခြင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရေခဲနည်းပါးသည်ကို တွေ့ရသည့်အပြင် လာမည့် ဇန်န၀ါရီ လ ကတည်းကပင် အရည်ပျော်နိုင်သော အနေအထား တွေ့မြင်နေရသောကြောင့် ရေနည်းနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ရေခဲနည်းတာ၊ မိုးနည်းတာတွေက ရေအရင်းအမြစ်ကို ထိပါးတယ်၊ ဒီကြားထဲ ရာသီဥတုတွေကလည်း ဖောက်ပြန်နေတော့ ပိုဆိုးလာနိုင်တယ်” ဟု အဆိုပါ ပညာရှင်က ပြောသည်။

၂၀၀၉ ခုနှစ်သည် အပူချိန်မြင့်မားသောနှစ်ဖြစ်ပြီး မိုးခေါင်ခြင်း၊ မိုးနောက်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာအစိုးရ အနေနှင့် သစ်တောကဏ္ဍမှ ပြည်ပ၀င်ငွေ ရရှိရေး တခုတည်းကိုသာ ဦးတည်ချက်ထားပြီး သစ်ထုတ်လုပ်နေခြင်း၏ အကျိုး သက်ရောက်မှု များကြောင့်လည်း ဂေဟစနစ်ကို ပျက်စီးစေခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်အစိုးရ အနေနှင့် မြစ်ချောင်းများအား ကာကွယ်စောင့်ရှောက်ခြင်း မရှိသည့်အပြင်၊ သစ်တောများအား ဆက်လက် ထုတ်ယူ သုံးစွဲနေပါက မြစ်ချောင်းများ၏ ရေ အရင်း အမြစ် များအတွက် ရင်လေးစရာပင် ဖြစ်ကြောင်း သူက ပြောသည်။

မြန်မာနိုင်ငံ၏ သဘာဝသစ်တောကြီးများ၏ ဧရိယာအကျယ်အ၀န်းမှာ နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်းရှိသော်လည်း အလွန်အကျွံ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်း၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ တိုးချဲ့ခြင်းနှင့် တခြား စီးပွားရေး လုပ်ငန်းများ တိုးချဲ့ခြင်းတို့ကြောင့် သစ်တောပြုန်းတီးမှုနှုန်းမှာ အားကောင်းနေပြီး ဂေဟစနစ် ပျက်စီးလာရခြင်းဖြစ်ကြောင်း အဆိုပါ သဘာဝ ပတ်ဝန်းကျင် ပညာရှင်က သုံးသပ်သည်။

မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ခံစားနေရပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်းရာသီတွင် ပူခြင်းမှာ အပူလှိုင်း (အယ်လ်နီညို) သက်ရောက်မှုနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့ကြောင့် ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

“ရာသီဥတု ဖောက်ပြန်လာတဲ့အတွက် မိုးတွင်းကာလ ရှည်လာတယ်၊ အချိန်အခါမဟုတ် မိုးရွာသလို၊ အထက်ပိုင်းဒေသတွေမှာ မိုးခေါင်ပြီး မိုးနည်းတယ်၊ ပြီးတော့ နွေရာသီဘယ်နှလ၊ မိုးတွင်းကာလ ဘယ်နှလ၊ ဆောင်းတွင်းမှာ ဘယ်နှလ ဆိုတာတွေ ပြောရခက်လာတယ်။ ဖောက်ပြန်မှုတွေ များလာလို့ ခန့်မှန်းဖို့ တော်တော်ခက်လာတယ်” ဟု သူက ပြောသည်။

မိုးလေ၀သနှင့် ဇလဗေဒဌာနမှ အမည်မဖော်လိုသူ အရာရှိ တဦးကလည်း ယခုနှစ်သည် ရာသီဥတု ဖောက်ပြန်ခြင်းများ ဖြစ်ပေါ်မည့် နှစ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အယ်လ်နီညိုသက်ရောက်ခဲ့သည့် မြို့များနှင့် ပြင်းအားကို ယခုလကုန်တွင် ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“မိုးနည်းခဲ့တာကလည်း အဲဒီအယ်လ်နီညိုကြောင့်လို့ ပြောလို့ရပါတယ်။ ဥတုရာသီတောကိုမှီဆိုတဲ့ အဆိုလည်း ရှိတော့ ရာသီဥတု ကောင်းစေချင်ရင် သစ်ပင် သစ်တော မပြုန်းတီးအောင် စောင့်ရှောက်ဖို့က အရေးကြီးတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

ဒေါက်တာထွန်းလွင်ကလည်း ရာသီဥတုပြောင်းလဲမှုများမှာ လူတိုင်းနှင့်သက်ဆိုင်သော အရေးကိစ္စတရပ် ဖြစ်လာပြီဟု ဆိုသည်။

“ရာသီတုဥပြောင်းလဲနေပြီး လူတွေအပေါ်မှာ သက်ရောက်နေတယ် ဆိုတာကို လူတိုင်း သိနားလည်ကြဖို့ အရေးကြီးတယ်။ ရာသီဥတုနဲ့ ပတ်သက်တဲ့ အချက်အလက်မှန်ကို ရအောင် ပြုစုဖို့ လိုအပ်တယ်။ မီဒီယာဘက်ကလည်း ရာသီဥတုနဲ့ ပတ်သက်ပြီး သတင်းပေးဖို့၊ ပညာပေးဖို့ လိုတယ်၊ အစိုးရဘက်ကလည်း လူထုကို ပညာပေးဖို့၊ မီဒီယာကို လွတ်လွတ်လပ်လပ် ရေးသား ခွင့် ပေးဖို့ အရေးကြီးပါတယ်” ဟု ပြောဆိုသည်။

နယ်ဒေသများနှင့် ကျေးရွာများတွင် မိုးခေါင်ပြီး သောက်ရေကန်များ ရေခမ်းမည်ကို စိုးရိမ်ကာ နတ်တင်ခြင်း၊ လွန်ဆွဲခြင်းတို့ထက် ပိုမို အရေးပါသည်က ဒေသအနီးတ၀ိုက်ရှိ သစ်ပင် သစ်တောများကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း လူတိုင်း နားလည်သင့်ပြီဟု သူက ဆက်ပြောသည်။

ထင်းခုတ်ခြင်း၊ မီးသွေးလုပ်ရန် သစ်ပင်နှင့် ဒီရေတောများအား ခုတ်ခြင်း၊ အုတ်ဖုတ် လုပ်ငန်း လုပ်ကိုင်ခြင်း၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကြောင့် မြန်မာပြည်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး နေရကြောင်း ဒေါက်တာ ထွန်းလွင်က သုံးသပ်ပြောဆိုသည်။

၂၀၀၉ ခုနှစ်သည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရပြီး ဇူလိုင်လသည် သမိုင်း၌ သမုဒ္ဒရာ အပူချိန် အမြင့်ဆုံး ဖြစ်ခဲ့ ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်