မြန်မာ့လျှပ်စစ်နှင့် ပေါချောင် မကောင်း ပစ္စည်းပိုများ

မြန်မာပြည်က သူငယ်ချင်း တဦးထံ ဖုန်းခေါ်လိုက်စဉ် “တနေ့တနေ့ ဘယ်လို လင်းအောင် လုပ်ရမလဲ ဆိုတာတွေးရင်း ငါတို့ ဦးနှောက် တွေလည်း တော်တော် ထက်မြက်လာပြီ” ဆိုသည့် စကားကြောင့် ငိုရမလို၊ ရယ်ရမလို ဖြစ်သွားရသည်။

ကျမ သူငယ်ချင်းက “အခုပဲ လက်လှည့် အားသွင်းစက်နဲ့ ဖုန်းအားသွင်းပြီးတာ” ဟု ပြောတော့ တော်တော်လေး ကြောင်သွားရ ပြန်သည်။ လက်လှည့် ဖုန်း အားသွင်းစက် ဆိုတာကို ကျမ အခုမှ ကြားဖူးသည်။ တခါလှည့်လျှင် ၁ နာရီ ဖုန်းပြောနိုင်သည်တဲ့။ သူက “ဒါတင် ဘယ်ကဦးမလဲ၊ ဓာတ်ခဲနဲ့ သွင်းရတဲ့ အားသွင်းစက်တောင် ရှိသေးတယ်” ဟု ကြွားသလိုလို ပြောလိုက်သေးသည်။ တခုကို ကျပ် ၅၀၀၀၊ ၈၀၀၀ အစားစားဟု ဆို၏။

ကျမမှာတော့ “ဒါ မြန်မာကွ” ဟုပဲ ကြွေးကြော်ရမလား၊ “ဒါမှ တို့ တရုတ်” ဟု အော်လိုက်ရမလား မသိလောက်အောင် ဖြစ်သွားသည်။

သူငယ်ချင်းနှင့် စကားပြောအပြီးတွင် မြန်မာပြည်ကလူတိုင်း အပိုပစ္စည်း တော်တော်များများသုံးနေရပါလား ဆိုတာကို စဉ်းစားမိ၏။

{slimbox images/multimedia/Electric/01.gif,images/multimedia/Electric/01-sm.gif, တလုံး ကျပ် ၂၈၀၀ ပေးရတဲ့ အားသွင်းမီးလုံး၊ ခုတော့ မီးတော်တော်လေး ပျက်လို့ အားမဝင်ဘဲ မလင်းတာ ကြာပြီ (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ);images/multimedia/Electric/02.gif,images/multimedia/Electric/02-sm.gif, ပုံစံမျိုးစုံနဲ့ အားသွင်း မီးလုံးလေးတွေ။ နှစ်ပတ်လောက်ပဲ အထွန်းခံတယ်။ ပြီးရင်ပျက်တာပဲ (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ); images/multimedia/Electric/03.gif,images/multimedia/Electric/03-sm.gif, အင်ဗာတာ အားသွင်းတဲ့ ဂျီအက်စ် ဘက်ထရီ၊ သူလည်း မီးမဝင်တာကြာပြီ (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ); images/multimedia/Electric/04.gif,images/multimedia/Electric/04-sm.gif, အင်ဗာတာ မီးမလင်းတော့ မီးစက်ကိုပဲ အားကိုးနေရတယ်။ ဓာတ်ဆီဖိုးက တလီတာ တပုလင်းကို ကျပ် ၉၀၀ (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ); images/multimedia/Electric/05.gif,images/multimedia/Electric/05-sm.gif, UPS နဲ့ မီးအားမြှင့်စက် (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ)}
ကျမတို့ မြန်မာပြည်သူပြည်သားတွေ အလွန် ချီးကျူးစရာ ကောင်းလှသည်။ နအဖ ဘယ်လိုပဲ လျှပ်စစ်မီး ဖြတ်တောက်ပါစေ စိတ်ပျက် ညည်းညူခြင်း အလျဉ်းမရှိ၊ အားလုံးက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လျှပ်စစ်မီးကို ဘယ်လိုရအောင် ဖန်တီးယူရမည် ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင် သိနေကြပြီ။ အားလုံးဆိုသည်မှာ အမျိုးသမီး ကြီး၊ ငယ်များ၊ ကလေးကြီးများလည်း ပါဝင်သည်။

ထိုသို့ ချီးကျူးမည် ဆိုပြန်တော့ စိနတိုင်းသားများကိုလည်း ချန်လှပ်ထားလို့ မဖြစ်နိုင်ပါ။ မြန်မာပြည်သူတွေ နည်းမျိုးစုံဖြင့် လင်းနိုင်ရေးအတွက် တတပ်တအား ကူညီနေသူအဖြစ် ဆုတံဆိပ်များပင် ချီးမြှင့်သင့်သည်။ မြန်မာပြည်က ထွက်သမျှ လျှပ်စစ် များကို ဝယ်နေသည့်အတွက် ပြန်လည်ပေးဆပ်ခြင်း ဖြစ်ဟန်တူ၏။

၁၉၈၈ ခုနှစ် မတိုင်မီက ရေအားလျှပ်စစ်စက်ရုံ ၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၇ ရုံရှိပြီး စုစုပေါင်း ၅၂၉ ဒဿမ ၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။ ၁၉၈၈ နောက်ပိုင်း တွင် ဆည်တော်ကြီး၊ ဘီလူးချောင်း၊ ဇော်ဂျီ၊ ဇောင်းတူ၊ သဖန်းဆိပ်၊ ပေါင်းလောင်း၊ မုန်း၊ ပသိ၊ ရဲနွယ်၊ ခပေါင်း နှင့် ကျိုင်းတောင်း စသည့် ရေအား လျှပ်စစ်စက်ရုံများ၊ ကျောက်မီးသွေးသုံး၊ ရေနွေးငွေ့သုံး၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကြောင့် ၂၂၅၅ ဒဿမ ၉ မဂ္ဂါဝပ် ထုတ်နိုင်ခဲ့သည်ဟု သိရသည်။ 

ယခုနှစ်ဆန်းက ကြားလိုက်ရသည့် သတင်းတပုဒ်အရ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးဖြစ်သူ ထူးကုမ္ပဏီ အကြီးအကဲ ဦးတေဇကို ရေအား လျှပ်စစ်လုပ်ငန်းကြီး ၂ ခု အစိုးရနှင့်ဖက်စပ် လုပ်ပိုင်ခွင့် ပေးလိုက်သည်ဟုဆိုသည်။ ကြားသိရသမျှ မြန်မာပြည်တွင် ထွက်လိုက်သည့် ရေအားလျှပ်စစ်များ၊ နည်းသည်မဟုတ်။ သို့သော် အားလုံးက အိမ်နီးချင်း နိုင်ငံများကို ရောင်းစားဖို့ အတွက်သာ။ ချဉ်သီးပင်အောက် ချဉ်သီးရှား ဆိုတာ ဒါမျိုးဖြစ်မည်။

ယခုလည်း ကချင်ပြည်နယ်တွင် မြစ်ဆုံ ရေကာတာ စီမံကိန်း စနေပြီ။ ဒေသခံများ ဖယ်ပေးကြရသည်။ ရသည့် လျှပ်စစ် တရုတ်ကို ရောင်းမည်။ တရုတ်က မြန်မာပြည်ကို ပေါချောင်မကောင်း လျှပ်စစ်ထုတ်ပစ္စည်းများ ပြန်သွင်းပေလိမ့်မည်။

လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတွင်အလုပ်လုပ်သော ကျမသူငယ်ချင်း အင်ဂျင်နီယာကတော့ “ဘီလူးချောင်း တခုတည်းနဲ့တင် ရန်ကုန်မြို့ကို လျှပ်စစ် ပေးလို့လောက်တယ်။ တကယ်တော့ ကေဘယ်ကြိုးတွေ မကောင်းတော့လို့” ဟု ပြောဖူးသည်။ မကောင်းသော ကေဘယ်ကြိုးများကို ပြင်လျှင် ပိုက်ဆံကုန်မည်၊ ထို့ကြောင့် ပြင်မနေတော့ဘဲ ထွက်လာသည့် ရေအား လျှပ်စစ်များကို တခြားနိုင်ငံ ရောင်းစားပါက ဝင်ငွေရမည်ဟု နအဖက ဈေးတွက်တွက်ပုံရသည်။

မြန်မာပြည်က ထွက်လာတာ ၂ နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း လျှပ်စစ်မီး ပြတ်သည့်ဒုက္ခကိုတော့ အီစိမ့်စွာ ခံစားခဲ့ဖူးပါသည်။ မီးစက်၊ အင်ဗာတာ၊ ဘက်ထရီအိုး၊ ဖယောင်းတိုင်၊ တရုတ်လုပ် အားသွင်းမီးအိမ်ကလေးများ ဆိုသည်တို့ကိုလည်း တော်တော်လေး ယဉ်ပါးနေခဲ့သည်။ သို့သော် ခုတလော ဖုန်းခေါ်လိုက်တိုင်း တခြားစကားမပြောခင် “မီးအရမ်းပျက်တာ၊ အရင်ထက် ပိုပိုဆိုး လာတယ်။ လုံးဝမလာသလောက်ပဲ” ဆိုတာမျိုးချည်းကြားနေရသည်။

ကျမတို့ ငယ်ငယ်ကတော့ မီတာမရှိသည့် အိမ်များတွင် တပေ မီး တချောင်းထွန်းနိုင်သည့် အားသွင်း ဘက်ထရီအိုးကလေးများ ဆောင်ထားရသည်။ ထိုဘက်ထရီအိုး ကလေးများကို ဆိုင်တွင် အားသွားသွင်းကြတာ မြင်ဖူးသည်။ အခုတော့ အိမ်တိုင်းနီးပါးတွင် ထို ဘက်ထရီအိုးကလေးများ ရှိနေကြပြီ။ ထိုဘက်ထရီအိုးကလေးများကို ဆိုင်တွင် အားသွား သွင်းစရာမလိုဘဲ မိမိအိမ်တွင်သာ အားသွင်းနိုင်ဖို့ တီထွင်ထုတ်လုပ်ထားပြီဖြစ်သည်။

ဒီထက် နည်းနည်း ပြေလည်သူတွေ ဆိုရင်တော့ အင်ဗာတာ ဝယ်ထားကြသည်။ အင်ဗာတာ ဆိုပေမယ့် သူ့တမျိုးတည်း မရ၊ ဘက်ထရီအိုးပါ တွဲဝယ်ရသည်။ ၁၂၀ အိုး၊ ၁၅၀ အိုး အသီးသီးရှိသည်။ ဘက်ထရီ အိုး ဆိုသည်က အသုံးပြုတာကြာပြီဆိုလျှင် အက်ဆစ်ဓာတ်လျော့နည်းတတ်သည်။

သည်တော့ အိမ်ရှိလူကုန် အက်ဆစ် တိုင်းခြင်း ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ကြရသည်။ အက်ဆစ်တိုင်းသည့် ဖန်ပြွန်လေးကို အိုးထဲနှစ်ကာ တိုင်းပြီး ရေလိုလျှင်ရေ ထည့်ပေးရသည်။ အက်ဆစ်ပမာဏ များနေတာပဲဖြစ်ဖြစ်၊ အခန်းပျက်နေတာပဲဖြစ်ဖြစ် လျှပ်စစ်ကို သိုလှောင်ထားဖို့ သူက ပျက်ကွက်မည်မဟုတ်လား။ နောက်တော့ အိုးပေါ်က ခဲဖုများတွင် ဆားပေါက်လျှင်လည်း ရေခပ်နွေးနွေးနှင့် လောင်းပြီး ဆားများပျော်ကျစေရသေးသည်။

မြန်မာပြည်ကို အင်ဗာတာများ စတင်တင်သွင်းလာတာကလည်း တရုတ်ပဲ ဖြစ်သည်။ သူတို့က အစပြုသွင်းပေးခဲ့ပြီး နောက်ပိုင်း တွင်တော့ ကျမတို့မြန်မာများက ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြုလုပ်လာကြသည်။ မက်ထရောနစ်၊ ဓူဝံ၊ ဦးဖေသိန်း အစရှိသည့် တံဆိပ် ကြော်ငြာများကို ရုပ်မြင်သံကြား ဖန်သားပြင်တွင် မော်ဒယ်လေးများ လှုပ်လိလှုပ်လဲ့ဖြင့် မြင်ကြရသည်။

မက်ထရောနစ် အင်ဗာတာတလုံးကို ကျပ် ၆၉၆၀၀ ဟု သိရသည်။ ဓူဝံနှင့် တခြားတံဆိပ်များလည်း ထိုဈေးပတ်ဝန်းကျင်ပဲဟု ပြောကြသည်။

“တလုံးက မီးထွန်းဖို့၊ တလုံးက ကက်ဆက်ဖွင့်ဖို့” ဆိုသည့် မင်းသမီး မေသန်းနု၏ အသံဝဲဝဲလေးကို မြန်မာပြည်တွင် နေထိုင်သူတိုင်း မသိသူမရှိ။ ဘက်ထရီအိုးကြော်ငြာ ဖြစ်သည်။ အင်ဗာတာနဲ့တွဲလျက် ဘက်ထရီအိုး မဝယ်လို့မှ မဖြစ်ဘဲ။

ဘက်ထရီကလည်း အစားစား။ ၁၅၀ အိုး တလုံးကို ကျပ် ၁၂၀၀၀၀ ဝန်းကျင်။ ၁၂၀ အိုးကတော့ သူ့ထက် ၂ သောင်းလောက် သက်သာမည်ဟု ဆိုသည်။

စိတ်ဖိစီးမှုများနှင့် အစဉ် ပိပြားနေသည့် မြန်မာလူထု၏ ဘဝအမော၊ အထူးသဖြင့် ကုန်ဈေးနှုန်းတက်သည့် ဒဏ်ကို တိုက်ရိုက် ထိတွေ့ခံစားနေရသော အိမ်ရှင်မများ၏ ဘဝအမောကို ဖြေဖျောက်ပေးသည့်အချိန်မှာ ည ၇ နာရီဖြစ်သည်။ ကိုရီးယား ဇာတ်လမ်းတွဲ လာမည့်အချိန်။ ဒီအချိန်မှာတော့ လျှပ်စစ်မီး ရကိုရရမည်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရမှကိုဖြစ်မည် ဆိုသည့် အချိန်။ အဲဒီအချိန်မှာ လျှပ်စစ်မီးမလာတာတွေ၊ ကုန်ဈေးနှုန်းကြီးတာတွေ၊ နှလုံးထီ မပေါက်တာတွေ၊ သားသမီးတွေ မလိမ်မာတာတွေ၊ ယောက်ျား အရက်သောက်တာတွေ အကုန်မေ့ထားကြသည်။

ထိုအချိန်တွင်တော့ ဇာတ်လမ်းတွဲထဲက ဆင်းရဲသည့် ကိုရီးယား မင်းသမီးလေးကိုပဲ သနားမည်။ အဲဒီအတွက် တနည်းနည်းဖြင့် မီးရှိရမည်။ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဆိုသည့် စစ်တပ် အုပ်ချုပ်ရေး အောက်တွင် အသားကျ နေသူများ ဖြစ်သောကြောင့် ထင်သည် “မီးပျက်တာမလိုချင်ဘူး၊ မီးရတာပဲ လိုချင်တယ်” ဆိုသည့် စကားအတိုင်း ဆောင်ရွက် ကြသည်။

မြန်မာပြည်က ဂျာနယ်တိုက်တတိုက်တွင် အလုပ်လုပ်စဉ် ၂၀၀၆ ခုနှစ်လောက်က မန္တလေး၌ ကိုရီးယားဇာတ်လမ်းတွဲ အကြည့် ပျက်မည် စိုးသောကြောင့် မီးစက်ထဲသို့ ကလေးကို ဆီသွားဖြည့်ခိုင်းရာက မီးလောင်မှု ဖြစ်ပွားသည်ဆိုသည့် သတင်းတပုဒ်ကို တည်းဖြတ်ခဲ့ဖူးသည်။ အဲဒီတုန်းက ခေတ်အလွန်စားနေသော “နန်းတွင်းသမားတော်” ဇာတ်လမ်းတွဲကြောင့်ဖြစ်သည်။

ယခုအခါ လျှပ်စစ်မီးက ၅ မိနစ်ခြားတခါ၊ ၁၀ မိနစ်ခြားတခါ ပျက်ချင်သလိုပျက်၊ လာချင်သလို လာနေသောကြောင့် အင်ဗာတာ တွေမီးမလင်းတော့။ ဘက်ထရီအိုးက သိုလှောင်ပေးချင်သည့်တိုင် မလာသောမီးကို ဘယ်လိုသိုလှောင်ရမည်မသိ ဖြစ်နေပုံရသည်။ ထိုအခါ မီးစက်ဆိုသော “တဒုန်းဒုန်း” အသံပေးသည့် ဂျင်နရေတာက လိုအပ်ချက်တခု ဖြစ်လာပြန်သည်။

မီးစက်ကလည်း အရွယ်မျိုးမျိုး ဆိုဒ်အစုံစုံ။ တရုတ်လုပ် လက်ဆွဲမီးစက် ကလေးမှသည် တဲတလုံးစာ အရွယ်အစားရှိသည့် မီးစက်ကြီးများထိ။ အိမ်မှာကိုရီးယားကားကြည့်ရုံ၊ အင်ဗာတာ မီးအားသွင်းရုံကတော့ အိမ်သုံးမီးစက် (တရုတ်လုပ်) ကလေးတွေပဲ သုံးကြသည်။ အဲဒီမီးစက်က ပေါ့သည်။ မိန်းကလေးတွေပါ နှိုးလို့ နိုးသည်ဟု ဆိုသည်။ တန်ဖိုးကတော့ ကျပ် ၁၅၀၀၀၀ ဝန်းကျင်။ သူက ရေမော်တာအသေးလောက်တော့ အသာလေး တင်နိုင်သည်ဟု ဆိုသည်။

လက်ဆွဲမီးစက်ကလေးတွေ ကတော့ မခံလှ။ စိန တို့ထုံးစံ ပေါချောင် မကောင်း။ ခဏသုံး၊ ပြီးရင်ပျက်ဖြစ်သည်။ တန်ဖိုးက ကျပ် ၈ သောင်းဝန်းကျင်။ အင်ဗာတာလည်း အားသွင်းလို့မရတော့ အများစုက ရေတင်နိုင်သည့် ကျပ် ၁ သိန်းခွဲတန် ဟွန်ဒါ တံဆိပ် မီးစက် ကလေးများကို အသုံးများသည်ဟု သိရသည်။

မီးစက်ဆိုတော့ အနောက်က စက်သုံးဆီက လိုက်ပါလာသည်။ ဟွန်ဒါက ဓာတ်ဆီဖြင့် မောင်းရသည်။ ဓာတ်ဆီ ရေသန့်ဘူး တလီတာဝင် ဘူး တဘူးကို ကျပ် ၉ ရာ။ အဲဒါက ၂ နာရီလောက်တော့ ခံသည်။

မြန်မာလုပ် မီးစက်များကတော့ အမှန်အကန်ကောင်းသည်။ ဥပမာ လျှပ်စစ်ဦးဖေသိန်း၏ စက်များဖြစ်သည်။ အဲဒါတွေကတော့ လုပ်ငန်းသုံးဖြစ်သည်။ ဈေးကလည်း အတော်ကြီးသည်။ ဒီဇယ်မောင်းဆိုတော့ အလုပ်လည်းရှုပ်သည်။ ဆူလည်း ပိုဆူသည်။ ကြာရှည်ခံချင်သူများ၊ လုပ်ငန်းအနည်းအပါး ရှိသူများကတော့ အဲဒီမီးစက်ကြီးများ ဝယ်သုံးကြသည်။

တလောက ချင်းမိုင်ကပြန်သွားသော သူငယ်ချင်းတဦးကပြောသည်။ သူ ဝယ်သွားသည့် ဖုန်းဟန်းဆက်ကလေးက မြန်မာပြည်မှာ အားသွင်းလိုက်တော့ ဘက်ထရီ လောင်သွားသည်တဲ့။ မီးအား အတက်အကျ မမှန်၊ တက်ချင်သလို ဆောင့်တက်၍ ကျချင်သလို ဝုန်းခနဲ ပြုတ်ကျတတ်သော ကျမတို့ အမိမြေတွင် မီးအားမြှင့်စက်ကလည်း အရေးပါ အရာရောက်သည့် ပစ္စည်းဖြစ်သည်။ မရှိမဖြစ် ဟုပင်ဆိုရမည်။ တခြားသောလျှပ်စစ်ပစ္စည်းများ မီးအားအတက်အကျကြောင့် ပျက်စီးခြင်းမရောက်စေရေးအတွက် မီးအားမြှင့်စက် လိုအပ်သည်။

အဲဒါကလည်း အစားစားရှိသည်။ အော်တိုလား၊ မန်နျူရယ်လား ဘာလိုချင်လဲ။ ဈေးကလည်း အစားစား။ ကျပ် ၅ သောင်း၊ တသိန်းမှသည် … ၃ သိန်း၊ ၄၊ ၅ သိန်းအထိ။ မီးအားမြှင့်စက်က တတီတီ အသံပေးလျှင် ပြေးပြီး ခလုပ်ချရသည်ကို ကလေးများပင် လုပ်တတ်သည်။ မလုပ်တတ်လို့မရ။ သမိုင်းပေးတာဝန်အလား ထမ်းဆောင်ကြရသည်။ အခုတော့ အင်ဗာတာနှင့် မီးအားမြှင့်စက် တွဲလျက်ပါသည်အထိ ထုတ်လုပ်လာကြပြီဟု သိရသည်။

မီးအားမြှင့်စက်က အမှန်တကယ်တော့ မီးခိုးခြင်း တမျိုးပင်၊ တအိမ်က မီးအားမြှင့်စက်ကို တင်လိုက်လျှင် ကျန်အိမ်များက မီးအား ကျမည်၊ ထိုအခါ ကျန်အိမ်များကပါ အတင်းကာရော လိုက်တင်ကြပေရော့။

ကွန်ပျူတာ ရှိသူကတော့ မီး ရုတ်တရက်ပျက်ချိန် ကွန်ပျူတာ ချက်ချင်း ပိတ်မသွားအောင်ခံထားရသည့် (UPS) သုံးကို သုံးရမည်။ မသုံးလျှင် သင့်ကွန်ပျူတာ ရက်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်း မာလကဈာန်ကြွမည်။

ဘယ်မီးမှ မလာတော့သည့် ခုလို ပွင့်လင်းရာသီမျိုးမှာတော့ အင်ဗာတာ၊ မီးစက်၊ ဘက်ထရီအိုး အစရှိသည်တို့ကို အရွယ်ရောက်သူတိုင်း ယဉ်ပါး ကျွမ်းကျင်စွာ အသုံးချတတ်ကြသည်။

ဖယောင်းတိုင်၊ မီးခြစ် ဆိုတာကတော့ အိမ်တိုင်း၏ ကြွက်လျှောက်တိုင်းတွင် ရှိရမည်။ မြန်မာပြည်တွင် သုံးနေသည့် ဖယောင်း ကုန်ကြမ်းများလည်း တရုတ်ကပင်လာသည်။ ရေနံတိုင်ဟုခေါ်သည့် အထွန်းခံ ဖရောင်းတိုင်များကတော့ ပြတိုက်တွင်သာ သွားကြည့်ပါ။

ညဘက် ခြင်ထောင်ထဲတွင် စာဖတ်ချင် သေးလား၊ ဖရောင်းတိုင်ကြောင့် မီးလောင်မှာ ကြောက်လျှင် တရုတ်လုပ် အားသွင်းလို့ ရသည့် မီးအိမ် လေးများရှိသည်။ လေယာဉ်ပျံပုံ၊ ဝက်ဝံရုပ်ပုံ၊ ပန်းပွင့်ပုံ အမျိုးမျိုး။ ကွေးလို့၊ ဆန့်လို့ရသည့် ထောက်တိုင် ကလေးပေါ်တွင် LED ဟု ခေါ်သည့် မာကျူရီရောင် နိုင်လွန်မီးသေးသေးလေး အခု ၂၀၊ အစိတ်ခန့်ကို စီထားသည်။

ထိုမီးသီးလေးများကလည်း မဆိုးလှ၊ တလုံးတည်းဆို မှိန်သော်လည်း အလုံး ၂၀ လောက်စုထွန်းလိုက်တော့ စာဖတ်လို့ ရသွားသည်။ တခုကို ကျပ် ၁၅၀၀ ဝန်းကျင်။ ဖယောင်းတိုင်လို မီးလောင်မှာ မပူရ၊ အိပ်ရင်းစာဖတ်နိုင်သောကြောင့် ဇိမ်ကျသည်။ မီးလာစဉ် အားသွင်းထားနိုင်သောကြောင့် တွက်ခြေကိုက်သည်။ သို့သော် ပေါချောင် မကောင်းတို့ ထုံးစံအတိုင်း ၂ ပတ်လောက်ပဲ ခံပြီး မီးရောင်များ မှိန်ဖျော့ရာက လုံးဝ မလာတော့သည့် အနေအထားသို့ ရောက်သွားလိမ့်မည်။

ထို LED လေးများကို မီးလုံးထွန်းသလို ချိတ်ဆွဲထွန်းရသည့်ပုံစံလည်း တီထွင်ထားသည်။ ထိုမီးလုံးက မီးလာလျှင် အလိုလို ပိတ်သွားပြီး မီးပျက်လျှင် အလိုလို လင်းလာတတ်သည်။ တခုကို ကျပ် ၂၈၀၀ ဖြစ်သည်။

“ခုတော့ မီးလာချိန် အရမ်းနည်းပြီး အားမဝင်တော့ မီးလာလာ၊ မီးပျက်ပျက် မလင်းတာကြာပါပြီ” ဟု ထိုမီး ၂ ခု ဝယ်ယူ ချိတ်ဆွဲထားသူ တဦးက ဆိုသည်။

မီးမလာသည့် အချိန်တွင်လည်း ဒီဗီဒီ ကြည့်နိုင်သည်။ စိနတိုင်းက စေတနာထားကာ ဘက်ထရီငုတ်နှစ်ငုတ်ပါသော ဒီဗီဒီစက်များ ဈေးပေါပေါနှင့် တင်သွင်းပေးနေသည်။ မြန်မာနိုင်ငံအတွက် သီးသန့်ဖြစ်သည်။ ဟောလိဝုဒ်ကား၊ ကိုရီယားကား ၁၈ ကားပေါင်း ကျပ် ၂၀၀၀ တန် ဒီဗီဒီ ချပ်များလည်း သူတို့ပဲ တင်ပို့ပေးသည်။ ကြည့်ပါလေ့။

လျှပ်စစ်မီးမမှန်သည့် ကိစ္စက ကျမတို့ မြန်မာပြည်သူများအတွက် သတင်း မဟုတ်တော့ပါ။ မီးဘယ်လောက်ပျက်ပျက် မမှုကြတော့ပါ။ ဘယ်လို မီးရအောင်လုပ်မည် ဆိုသည့် အကြံသစ်၊ ဉာဏ်သစ်၊ ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ရောင်စုံတို့ နေ့စဉ် ကွန့်မြူးနေကြသည်။ 

တခုတော့ရှိသည်။ အိမ်တိုင်းတွင် ပစ္စည်းပိုများ ဝယ်ထားရလိမ့်မည်။ ကျမ အထက်တွင် ဖော်ပြခဲ့သည့် ပစ္စည်းများဖြစ်သည်။ အကယ်၍များ မြန်မာပြည်ကြီး စနစ် (အမှန်အကန်) ပြန်ကောင်း၍ လူတိုင်းအတွက် အခြေခံလိုအပ်ချက်တခုဖြစ်သော လျှပ်စစ်မီးသာ မှန်မှန် ပေးပြီ ဆိုပါက ထိုပစ္စည်းများပြန်ဝယ်မည့် သီးသန့် ဘော်တယ်တန်းတခု ပေါ်ပေါက်လာလေမည်ဟု မျှော်လင့်ရပါသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်