ကျားနှစ်ကူးတဲ့ ဈေးပွဲတော်

တရုတ်နှစ်ကူး ရောက်တော့မှာဖြစ်လို့ ရန်ကုန်မြို့တရုတ်တန်း မဟာဗန္ဓုလ လမ်းမ တလျှောက်မှာ နှစ်ကူးကိုကြိုဆိုတဲ့ အနီရောင်ရင့်ရင့် ဆိုင်းဘုတ် အကြီးအသေးတွေနဲ့ ပြည့်နှက် နေပါတယ်။

ကုန်တိုက်၊ ဈေးဆိုင်နဲ့ ဘီယာဆိုင်တွေမှာလည်း “နှစ်သစ်ကူး အထူး လျှော့ဈေး” “နှစ်ကူး ဈေးဝယ်သူတိုင်း ဗလာမပါ ကံစမ်းမဲ ဖောက်ပေးမည်” “တရုတ်နှစ်ကူး အသုံးအဆောင် ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်သည်” စတဲ့ ၀ယ်သူကို ဆွဲဆောင် နေတဲ့ ဆိုင်းဘုတ်တွေလည်း လက်ညှိုးထိုး မလွဲတွေ့နေရတယ်။

chinese_newyear_2010_1အနီရောင်တွေ လွမ်းခြုံနေတဲ့ လသာမြို့နယ် တရုတ်တန်းကို ဆူညံတဲ့မီးစက် အသံနဲ့ မီးခိုးငွေ့တွေကလည်း ဖုံးလွှမ်းလို့ ထားတယ်။ မဟာဗန္ဓုလ လမ်းမပေါ်မှာတော့ ကား၊ လူတွေနဲ့ရှုပ်ယှက်ခတ်နေလေရဲ့။ ကားလမ်းမကြီးနဲ့ လူသွား ပလက်ဖောင်းကို အဖြူရောင် သုတ်ထားတဲ့ သံဆန်ခါကြီးတွေက ခြားထားလေတော့ လူသွားစင်္ကြမှာ လမ်းသွားလမ်းလာနဲ့ ဈေးသည်တွေပြုံတိုးနေကြတယ်။

ညနေ ၆ နာရီ ကျော်နေပေမယ့် အလင်းရောင်က ကောင်းစွာရှိနေသေးတယ်၊ မဟာဗန္ဓုလလမ်းမကြီးပေါ်မှာ ဈေးဆိုင်ခင်းဖို့ နေ ရာပြင်ထားတဲ့ လမ်းဘေးဈေးသည်တွေက သစ်သားပုံး၊ ပလတ်စတစ်ခုံ၊ ထီး၊ လင်ပန်းနဲ့လမ်းပေါ်ချ ဈေးရောင်းနိုင်ဖို့ သူ့ ထက် ငါအပြိုင်အဆိုင် နေရာဦးနေကြတယ်။

အရောင်လွင့်နေတဲ့ အပြာရောင်ယူနီဖောင်းနဲ့ စည်ပင်ရဲတွေကလည်း ဈေးသည်တွေကို စောင့်ကြည့်လို့ နေတယ်။ လမ်းဘေး ဈေး သည်တွေအားလုံးရဲ့ မျက်နှာမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အမူအရာတွေပေါ်လွင်နေတာကို အထင်းသား တွေ့မြင်နေရပြီး အားလုံးလမ်းမကြီးပေါ်မှာ ဈေးရောင်းခွင့် ရဖို့ မျှော်လင့်တကြီးစောင့်ဆိုင်းနေကြတုန်းပါပဲ။

နှစ်သစ်ကူးချိန်မှာ တရုတ်တန်းက ကိုယ်ပိုင်တိုက်ခန်းနဲ့ ဆိုင်ခန်းဖွင့်ထားတဲ့ တရုတ်ရိုးရာနှစ်သစ်ကူး အသုံး အဆောင်ပစ္စည်း ဆိုင်မှာလည်း ဈေးဝယ်သူတွေနဲ့ ပြည့်နှက် ရှုပ်ယှက်ခတ်နေမယ့်အစား ဈေးဝယ်သူအနည်းငယ်မျှနဲ့ တိတ်ဆိတ်လို့ နေတယ်။

ရန်ကုန်တရုတ်တန်းရဲ့ ဒီနှစ် နှစ်သစ်ကူးကာလက ပြီးခဲ့တဲ့နှစ်တွေနဲ့မတူခြောက်ကပ်ကပ် ဖြစ်နေတယ်။

နှစ်စဉ် တရုတ်ရိုးရာ နှစ်သစ်ကူးပြောင်းမယ့်ရက် မတိုင်မီ လမ်းမတော်မြို့နယ်ကနေ လသာမြို့နယ်အထိ မဟာဗန္ဓုလလမ်းမ တလျှောက် ဆိုင်ခန်းတွေ သတ်မှတ်ပေးပြီး နေ့ရောညပါ ၂၄ နာရီ စလုံးရောင်းချနိုင်တဲ့ ၃ ရက်ဈေးပွဲတော် ကျင်းပလေ့ရှိပါတယ်။

အဲဒီဈေးပွဲတော်ဟာ ဈေးဝယ်သူ၊ဈေးရောင်းသူ၊ လည်ပတ်ကြသူတွေနဲ့ တိုးမပေါက်နိုင်အောင်စည်းကားလေ့ရှိပါတယ်။

ဒါပေမယ့် ဒီနှစ်မှာ တရုတ်နှစ်သစ်ကူးကာလဟာ ပြည်ထောင်စုနေ့နဲ့ တိုက်ဆိုင်နေတဲ့ အပြင် ဗုံးဖောက်ခွဲမှုတွေနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားမှာကို စိုးရိမ်လို့ လုံခြုံရေးအကြောင်းပြချက်နဲ အာဏာပိုင်တွေက နှစ်သစ်ကူး ဈေးပွဲတော်ကို ပြုလုပ်ခွင့် ပိတ်ပင်လိုက်တယ် လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာန အရာရှိတဦးက ပြောပါတယ်။

“ဒီနှစ် သုံးရက်ဈေးတန်း ခွင့်မပြုဘူး၊ လုံခြုံရေးကြောင့် အထက်က ဈေးပွဲတော်လုပ်ခွင့်မပေးဘူး”လို့ လသာမြို့နယ် စည်ပင် သာယာရေးကော်မတီ ၀န်ထမ်းတဦးက ဆိုပါတယ်။

chinese_newyear_2010ပုံမှန်အားဖြင့် တရုတ်နှစ်သစ်ကူး ဈေးတန်းကို တရုတ်နှစ်သစ်ကူးမယ့်ရက် မတိုင်မီ နှစ်ရက်အလိုက ပြုလုပ်လေ့ရှိပြီးတော့ တရုတ်နှစ်သစ်ကူးတဲ့ရက် နေ့လယ်ပိုင်း အထိ ရောင်းဝယ် ဖောက်ကားမှုတွေ လုပ်လေ့ရှိတာက အစဉ်အလာလိုဖြစ်နေပါတယ်။

ဈေးရောင်းပွဲတော်မှာ စီးပွားရေးသမားနဲ့ ဈေးသည် ရောင်းဝယ်ဖောက်ကား စီးပွားရှာကြတာပါ။ အထူးသဖြင့် မြန်မာပြည်ဖွားတရုတ် လူမျိုးတွေက တရုတ်ရိုးရာ နှစ်သစ်ကူး အထိမ်းအမှတ် ပစ္စည်းတွေ၊ အသီးအနှံ၊ အသား၊ ငါး အပါအ၀င် တရုတ်နှစ်ကူး အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားကြတာကြောင့် ဈေးကွက်ကြီးဖြစ်တယ်လို့ သိရတယ်။

“နှစ်ကူးဖို့လိုအပ်တဲ့ အမွှေးတိုင်၊ အသား၊ ငါးနဲ့ တခြားတရုတ်ရိုးရာပစ္စည်းတွေကို နှစ်တိုင်း ဒီဈေးပွဲ တော်မှာ ဖောဖောသီသီ ၀ယ်ကြ ခြမ်းကြ လုပ်ကြတယ်၊ ဒီနှစ် ဈေးတန်းခွင့်မပြုတာ ဒေါသထွက်ဖို့    ကောင်းတယ်”လို့ ရန်ကုန်၂၉ လမ်းမှာနေတဲ့ အသက် ၅၀ ကျော် အရွယ် တရုတ်အမျိုးသားတဦးက ပြောပါတယ်။

ဈေးတန်း ခွင့်မပြုတဲ့အပြင် မဟာဗန္ဓုလမ်းတလျှောက် သံပန်းတွေ ကာရံထားပြီး ကားလမ်းမကြီးပေါ် ဈေးရောင်းခွင့်ကို ညနေ ၆ နာရီကျော်မှ ခွင့်ပြုတဲ့အတွက် ဈေးသည်တွေ မကျေမနပ်ဖြစ်နေကြတယ်လို့လည်း သိရတယ်။

“ဒီတရုတ်နှစ်ကူးတဲ့အချိန်ပဲ စီးပွားရှာလို့ကောင်းတာ၊ ကျန်တဲ့အချိန်က အရောင်းအ၀ယ် ခပ်အေးအေးရယ်၊ ဈေးတန်းလည်းခွင့်မပြု၊ လမ်းပေါ်မှာ ဆိုင်ခင်းခွင့်ကလည်း ညနေ ၆ နာရီ ကျော်မှ ခင်းလို့ရတယ်”လို့ ဈေးသည်တဦးက    ဆိုပါတယ်။

တရုတ်တန်း ၀န်းကျင်မှာ စည်ပင်ရဲတွေကို လုံခြုံရေးချထားပြီး လမ်းပေါ်ဆိုင်ထွက်ခွင့်ကို ညပိုင်းမှ ခွင့်ပြုခဲ့တဲ့အတွက် ဈေးရောင်းချိန် နည်းပါးပြီး လမ်းဘေးဈေးသည် နဲ့ တရုတ်နှစ်ကူးပစ္စည်းအရောင်းဆိုင်တွေ အလုပ်မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၂ နာရီမှာ တရုတ်တို့ရဲ့ ရိုးရာ သတ်မှတ်ချက်များအရ  နွားနှစ်ကနေ ကျားနှစ် ကို ကူးပြောင်းမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က တရုတ်စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ အခုလို တရုတ်နှစ်သစ်ကူး ဈေးရောင်းပွဲတော်ကို ခွင့်မပြုတာဟာ ဘာသာရေးအရ နှိပ်ကွပ်မှုတရပ် အဖြစ်မြင်ကြောင်း ဆိုပါတယ်။

“ဒီဈေးပွဲတော်က ကုမ္ပဏီတွေက ကျင်းပနေတဲ့ ဈေးရောင်းပွဲတော်လို မဟုတ်ဘူး၊ တရုတ် လူမျိုးတိုင်းအတွက် အင်မတန် အရေးကြီးတဲ့ နှစ်သစ်ကူး ပစ္စည်း အစုံအလင် ရောင်းချတဲ့နေရာကို ပိတ်ပင်တာ မတရားဘူး”လို့လည်း သူက ပြောပါတယ်။

နွားနှစ်ကနေ ကျားနှစ်ကူးပြောင်းမယ့် တရုတ်နှစ်ကူးအချိန်အခါကျရောက်ဖို့ အလွန် နီးကပ်လာပြီ ဖြစ်ပေမယ့် အသီးအနှံမျိုးစုံ ရောင်းချတဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်တင်ဝေ တယောက် ဈေးရောင်းမကောင်းလို့ သက်ပြင်း ရှည်ကြီး ချနေပါတယ်။

“အခုထိ သစ်သီး အရင်း မကျေသေးဘူး၊ ဈေးဝယ်နည်းတယ်၊ ၀ယ်တဲ့သူကလည်း အရင်လို များများ မ၀ယ်တော့ဘူး၊ စိစိစစ်စစ် ချွေချွေတာတာ ၀ယ်တယ်”လို့ သူမကပြောတယ်။

ဆိုင်နားကနေ ဖြတ်သန်းသွားတဲ့ လမ်းသွား လမ်းလာတိုင်းကို လိုက်ငေးကြည့်နေပြီး ဈေးဝယ်သူ လာနိုး မျှော်လင့်ချက် တွေနဲ့ စောင့်ဆိုင်းနေတယ်။

ဒူးရင်း၊ ပျားလိမ္မော်၊ ဖရဲသီးစတဲ့ အသီးအနှံ မျိုးစုံ ရောင်းချ နေတာဖြစ်လို့ ဆိုင်ရဲ့ အရင်းအနှီးက ငွေ ၈ သိန်းလောက်ရှိပေမယ့် ဈေး ရောင်းလို့ရတာက ငွေ ၄ သိန်းကျော်ပဲရှိပါသေးတယ်လို့ သူမကဆိုပါတယ်။

နှစ်ကူးမတိုင်မီ ၂ ရက်အတွင်းမှာ အရင်း တောင်ပြန်ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ထိတ်လန့်နေရတယ်လို့ ဒေါ်တင်ဝေ က ပြောပါတယ်။

“မနှစ်က ဈေးရောင်းပွဲမှာ အရင်းရော၊ အမြတ်ရော စုစုပေါင်း ကျပ် ၁၇သိန်းဖိုး လောက် ရောင်းရတယ်၊ ဒီနှစ်ဈေးရောင်းပွဲ မလုပ်လို့ အရင်းရဖို့တောင် မလွယ်ဘူး”လို့လည်း ဒေါ်တင်ဝေက ဆိုတယ်။

ဒီလို အရောင်းအ၀ယ် မကောင်းတာက ဒေါ်တင်ဝေ တယောက်တည်း ကြုံတွေ့နေရတာမဟုတ်ဘဲ တရုတ်တန်းက လမ်းဘေး ဈေးသည်တွေနဲ့ ဈေးဆိုင် တော်တော်များများ အရောင်းအ၀ယ် သိပ်မကောင်းလှဘူးလို့လည်း သိရပါတယ်။

“ဒီနှစ် နှစ်ကူးက အရောင်းအ၀ယ် မကောင်းလှဘူး၊ လူတွေကငွေ သိပ်မသုံးနိုင်ကြဘူး”လို့ တရုတ်တန်းမှာ အထည်ဆိုင်ဖွင့်ထားတဲ့ တရုတ်လူမျိုး ဆိုင်ပိုင်ရှင်တဦးက ပြောတယ်။

ရိုးရာ အသုံးအဆောင်ပစ္စည်းတွေ အရောင်း အ၀ယ်ပုံမှန်ရှိပေမယ့် ဈေးကြီးပြီး အရည်အသွေးကောင်းတဲ့ပစ္စည်းတွေ ၀ယ်အား ကျတယ်လို့ တရုတ်ရိုးရာ အသုံးအဆောင် ပစ္စည်းတွေရောင်းချတဲ့ ဆိုင်ပိုင်ရှင်တဦးက ဆိုတယ်။

ကျားနှစ်ကို ကူးပြောင်းမယ့်အချိန် ထူးထူးခြားခြား ရောင်းကောင်းတာက ကျားရုပ်ပုံတွေဖြစ်ပြီး ပစ္စည်းပြတ်တဲ့အထိ ရောင်းရ တယ်လို့ ပြောတယ်။

“မနှစ်က နွားနှစ်မှာ နွားရုပ်တွေသိပ်မရောင်းရဘူး၊ အများကြီးပိုတယ်၊ အခုကျားနှစ်ကူးမယ့် အချိန်ကျတော့ ကျားရုပ်တွေ တော်တော်ရောင်းရတယ်”လို့ သူကဆိုတယ်။

နွားဆိုတာက တခြားသူများ ခိုင်းစေတာကို လိုက်လုပ်ရတာမို့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ နှစ်သက်မှုမရှိတာကြောင့် မနှစ်က နွားပုံတွေ သိပ်မရောင်းရတာလို့ သူက ကောက်ချက်ချတယ်။

တရုတ်တန်း ရွှေဆိုင်တချို့က နှစ်ကူးကာလ ရွှေအရောင်းအ၀ယ် နည်းနည်း ကောင်းတယ်လို့ ဆိုကြပေမယ့် ရွှေဆိုင် အများစု ကတော့ ရွှေဝယ်သူ ပါးတယ်လို့ ပြောပါတယ်။

ဒီနှစ် လူတွေစီးပွားရေးမကောင်း တာရယ်၊ ဈေးရောင်းပွဲ လုပ်ခွင့်မရတာတွေကြောင့် နှစ်ကူးကာလ တရုတ်တန်းမှာ အလုပ် သိပ်မကောင်းတာ ဖြစ်တယ်လို့  ဈေးသည်တွေက ပြောဆိုနေကြပါတယ်။

ရန်ကုန်မြို့က တရုတ်အနွယ်ဝင် မိသားစုတချို့က နှစ်ကူးကို အကုန်အကျသိပ်မခံနိုင်လို့ အကျဉ်းချုံး ရှိခိုးကန်တော့ ကျင်းပကြမယ် လို့လည်း သိရတယ်။

“ဆွေမျိုးတွေစုပြီး စားကြသောက်ကြလောက်ပဲလုပ်မှာပါ၊ စားပွဲသောက်ပွဲကြီးတွေ ပါတဲ့ အလှူကြီးတော့မလုပ်ဖြစ်ဘူး၊ မလုပ်ဖြစ် တာ ၇နှစ်လောက်ရှိပြီ”လို့ အပေါင်ဆိုင်ပိုင်ရှင် တရုတ်အမျိုးသားကြီးတဦးကပြောတယ်။

စီးပွားရေး မကောင်းတာကြောင့် ဒီနှစ် တရုတ်နှစ်ကူးကာလက ခါတိုင်းနှစ်တွေနဲ့မတူ သိပ်မစည်ကားလှမှာ သေချာတယ်လို့ တရုတ် စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်