ရိုးရာ ဓလေ့တွေ လွှမ်းခြုံထားတဲ့ ကမ္ဘောဇ သင်္ကြန်

အလုပ်အကိုင် မကောင်းတဲ့ အပြင် ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ဒီနှစ် သင်္ကြန်မှာတော့ အရင် နှစ်ကလောက် ဘုန်းကြီး ကျောင်းတွေ အများကြီး မသွားနိုင် တော့မှာကို ဖိုးနီ တယောက် စိတ်ပူနေမိပါတယ်။

“အရင်နှစ်ကလောက် ဘုန်းကြီးကျောင်းမတက်နိုင်ရင်တောင်မှ အနည်းဆုံး ဘုန်းကြီးကျောင်း တကျောင်းလောက်တော့ သွားမယ်” လို့ ဖိုးနီက ဆိုပါတယ်။

ဖိုးနီတို့ နေထိုင်တဲ့ အောင်ပန်းမြို့ အပါအ၀င် ပင်းတယ၊ တောင်ကြီး၊ ညောင်ရွှေနဲ့ ရှမ်းပြည်နယ်က မြို့တွေ ရွာတွေကတော့ သင်္ကြန်နဲ့ သီတင်းကျွတ်ကို “အခါတွင်း” (အခါကြီး ရက်ကြီး) လို့ ခေါ်ပြီးတော့ အဲဒီ ရက်တွေဆို အိမ်မှာရှိတဲ့ ကျန်းမာ သန်စွမ်းတဲ့ ကလေးက အစ လူကြီးအဆုံး ဘုန်းကြီးကျောင်း တကျောင်းတော့ အနည်းဆုံး သွားရပါတယ်။

သင်္ကြန် ဆိုတာနဲ့ ဒိုးသံနဲ့ ပိတောက်ပန်း၊ ရေကစား မဏ္ဍပ်နဲ့ စတိတ်စင်၊ ရေပက်ခံ ကားနဲ့ ရေပက်သူ တွေကို ပြေးမြင် ကြမှာ ဖြစ်ပေမယ့်လည်း ဖိုးနီ နေထိုင်ရာ ရှမ်းပြည်နယ် မြို့တွေက သင်္ကြန်ကတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေနဲ့ မတူ ခြားနား တာတွေ ရှိပါတယ်။

ကျနော်တို့ ကမ္ဘောဇ ဌာနေမှာ သင်္ကြန်တွင်း ဘုန်းကြီး ကျောင်းတက်တာရယ်၊ လူကြီးသူမ ကန်တော့တာတွေဟာ ဒေသတခုလုံး ဆောင်ရွက်လေ့ရှိတာမို့လည်း တမူ ထူးခြား နေပါတယ်။

“ဘုန်းကြီးကျောင်းတက် လူကြီးမိဘတွေ အပြန်အလှန်ကန်တော့ကြပေါ့နော်၊ ဘယ်လောက်ဝေးတဲ့ နေရာဖြစ်ဖြစ် သွားကန်တော့၊ ဟိုဘက်က ငယ်တဲ့ လူတွေကလည်း လာပြန်ကန်တော့၊ အပြန်အလှန်ဖြစ်နေတဲ့ ဓလေ့လေးပေါ့ဗျာ၊ ဒီဓလေ့လေးက ချစ်စရာ ကောင်းသလို မျိုးကန်းမယ့် ပြဿနာကိုလည်း တခါတည်း ကာကွယ်ပြီးသားဖြစ်နေတယ်လို့ ကျနော်ကတော့ ယူဆတယ်” လို့ ရန်ကုန်ရောက်နေတဲ့ ကလောမြို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်လည်းဖြစ် လူမှုရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက် နေတဲ့ ကိုရာဇာက ပြောပါတယ်။

သင်္ကြန်နား နီးတာနဲ့ ရှမ်းပြည်နယ်က လူအများစုက ဘုန်းကြီး ကန့်တော့ဖို့၊ နီးစပ်ရာ အသက်အရွယ်ကြီးရင့်တဲ့ ဆွေမျိုး ဘိုးဘွား တွေကို ကန်တော့ဖို့ ကန်တော့စာ၊ အိမ်ကိုလာရောက်ကန်တော့သူများနဲ့ ပတ်ဝန်းကျင်ကို ဝေငှဖို့ အကြော်၊ မုန့်လုပ် တာတွေ အပြင် အိမ်မှာရှိတဲ့ လူကြီး၊ ကလေး အစရှိသူတွေ ၀တ်စားဆင်ယင်ဖို့ အတွက် အ၀တ်အထည်တွေကိုလည်း ကြိုတင် စုဆောင်း လေ့ ရှိတာကြောင့် မအားမလပ်နိုင်ဖြစ်နေပါတယ်။

ကန်တော့စာ ကိုတော့ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ကြက်သွန်၊ သကြား၊ လက်ဖက်ခြောက်၊ မုန့်ထုတ်၊ ကြာဆံ၊ ခေါက်ဆွဲ၊ ခြံထွက်သီးနှံ တွေနဲ့ လုပ်လေ့လုပ်ထ ရှိပေမယ့် တတ်နိုင်သူများ ကတော့ ဈေးနှုန်း ကြီးမြင့်တဲ့ ဖျော်ရည်တွေ၊ မုန့်ထုတ်တွေကိုလည်း ကန့်တော့ ပွဲမှာ ထည့်ပြီး ကန်တော့လေ့ရှိတဲ့အတွက် ဘုန်းကြီးကျောင်း တော်တော်များများက သံဃာတော်တွေအတွက် သုံးလေးလ ဆန်နဲ့ အခြေခံစားကုန်က လုံလောက်လောက် ဖြစ်စေပါတယ်။ ကန့်တော့ပွဲ တပွဲရဲ့တန်ဖိုးဟာ အနည်းဆုံး ကျပ် ၁၀၀၀ ၀န်းကျင် အထက် မှာရှိပါတယ်။

“အိမ်က အမေက အခါကြီး ရက်ကြီးဆို ဘုန်းကြီးကျောင်းမတက်ရင် မရဘူး၊ အနည်းဆုံးတော့ တကျောင်းတော့ သူငယ်ချင်း တွေပဲဖြစ်ဖြစ် သွားပြရတယ်၊ အမေက အခါနားနီးရင် ကန်တော့ပွဲမလှမှာကိုလည်း ပူတတ်သေးတယ်”လို့ ညောင်ရွှေက ဖိုးဇော် ကလည်း ပြောပါတယ်။

မိသားစုဝင်နဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်က လူတွေစုပြီး ဘုန်းကြီးကျောင်းတက်ရတာလည်း ပျော်စရာကောင်းသလို နွေးထွေး ရင်းနှီး မှုကို ပိုမိုရစေပါတယ်။ တချို့ လူငယ်တွေက ပိုက်ဆံစုပြီး ဘုန်းကြီးကျောင်းတက်သူတွေကို ဖျော်ရည်၊ အကြော် စတဲ့ စားသောက် စရာတွေနဲ့ ကျွေးမွေးကြသလို တရားစခန်းဝင်ရောက်သူ လူငယ်များလည်း ရှိပါတယ်။ ဘုန်းကြီးကျောင်းမှာ အဖျော်ရည် တိုက် စားစရာ သောက်စရာတွေ ကျွေးမွေးတာကိုတော့ စာဂ ကျွေးတယ်လို့ခေါ်ပါတယ်။

“ကျနော်တော့ သင်္ကြန်တွင်း ကျနော်တို့မြို့ပြန်ပြီးတော့ ဒုလ္လဘ ရဟန်းခံဖို့ အခု သိသင့်တာတွေ လိုက်ဖတ်နေတယ်”လို့ မန္တလေး မှာ အလုပ်လုပ်နေတဲ့ အောင်ပန်းက ဖိုးလှက ဆိုပါတယ်။

ပင်းတယက ကိုအာကြီး ကတော့“သင်္ကြန်တွင်း မျက်စိအေး၊ နားအေးအောင် တောထဲက ဘုန်းကြီးကျောင်းသွားပြီး ဝေယျာဝစ္စ ကူညီဖို့ စဉ်းစားနေတယ်”လို့ ပြောပါတယ်။

သင်္ကြန်အကြိုနေ့မှာတော့ အတာအိုးထိုး သင်္ကြန်ကြိုလေ့ရှိပြီး သင်္ကြန်အကျနေ့ ကနေ နှစ်ဆန်းတရက်နေ့အထိ မနက် ၄နာရီ လောက်ဆိုရင် ဘုန်းကြီးကျောင်းက ဘုရားတွေမှာ အာရုံဆွမ်း လာကပ်တဲ့သူတွေနဲ့ စည်ကားနေပါတယ်။ လာရောက် ဆွမ်းကပ် တဲ့ သူတွေကို ဘုန်းကြီးကျောင်းက ဆန်ပြုတ်နဲ့ စာဂ ကျွေးမွေးပါတယ်။

အဲဒီနောက် အိမ်ပြန် မနက်စာ စားသောက်ပြီး ဘုန်းကြီးကျောင်းကို သွားဖို့ စတင်ပြင်ဆင်ကြပါတယ်။ လမ်းမပေါ်မှာလည်း ၀တ်ကောင်း စားလှနဲ့ တက်တက်ကြွကြွ ဘုန်းကြီးကျောင်းသွားရောက်နေတဲ့  ကလေးတွေနဲ့အတူ ရိုးရာ ၀တ်စုံကို ဆင်မြန်း ထားတဲ့ လူငယ်၊ လူကြီးတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

တချို့ ဘုန်းကြီးကျောင်းတက်တဲ့ လူငယ်အုပ်စုတွေကလည်း ဒီအချိန်မှာ ၀တ်ကောင်းစားလှတွေ ၀တ်ဆင်ထားတဲ့ လှပျိုဖြူတွေကို ငေးမောရင်း ဘုရားလည်းဖူး လိပ်ဥလည်း တပြိုင်တည်း တူးနေကြပါတယ်။

“ကျောင်းကန်တော့သွားရင် ကန်တော့ စရာ ပစ္စည်းတွေကို ပလိုင်းထဲထည့်လွယ်၊ ပြီးတော့ ရိုးရာ ၀တ်စုံတွေကို ၀တ်တယ်၊ အဲဒီ တော့ ကာလသားတွေကြားထဲမှာ ပိုရင်းနှီးမှုရသွားတယ်၊ ရေပက်တာကလည်း အတက်နေ့ကို အဓိကထားပက်ကြတာကို၊ ကျန်တဲ့ ရက်တွေက ကန်တော့သွား၊ သီလယူ၊ သင်္ကြန်ကို ဘာသာတရားအရ အကျိုးရှိအောင်လုပ်တယ်လို့မြင်တယ်၊ သောက်စား မူးယစ် တဲ့သူတွေကလည်း ရှိတာကတော့ ရှိပါတယ်၊ အတိုင်းအတာ တခုအထိနည်းသွားတာပေါ့ဗျာ”လို့ ကိုရာဇာက ပြောပါတယ်။

မြို့မှာရှိတဲ့ အဓိက မြို့ဦးကျောင်းကို အများအားဖြင့် ဦးစွာပထမသွားရောက်ကြပြီး ကျန်တဲ့ဘုန်းကြီးကျောင်းတွေကိုအလျင်းသင့် သလို သွားရောက်ကြပါတယ်။ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့မှာ ဘယ်ဘုန်းကြီးကျောင်းသွားမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိ ပေမယ့်လည်း ဘုန်းကြီးကျောင်းတက်သူများက အစဉ်အလာနဲ့ ကျောင်းတွေကို သွားရောက်တာ စနစ်ကျနေပါတယ်။

သင်္ကြန်အကျနေ့ကနေ နှစ်ဆန်းတရက်နေ့အထိ လမ်းမတွေပေါ်မှာ ဘုန်းကြီးကျောင်းတက်ရောက်သူတွေ စည်ကားနေသလိုပဲ အဲဒီ ဘုန်းကြီးကျောင်းကို သွားရောက်တဲ့သူတွေကို အဖျော်ရည်၊ အကြော်အလှော်တွေနဲ့ ဧည့်ခံကျွေးမွေးနေတဲ့ စတုဒီသာ မဏ္ဍပ်တွေ ကိုလည်း လမ်းမ တလျှောက်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းကို အဓိကထား သွားကြတာဖြစ်တဲ့အတွက် မနက်ပိုင်းတွေမှာ ရေကစားသူ အလွန်နည်းပါးနေပါတယ်၊ ရေကစား နေတဲ့ ကလေးသူငယ်တွေကိုလည်း ဘုန်းကြီးကျောင်းသွားမယ်လို့ပြောလိုက်ရင် ရေမလောင်းကြတော့ဘူး။

ဘုန်းကြီးကျောင်းက ပြန်လာပြီးရင်တော့ နေလယ်စာကို စားသောက်ပြီး တနာရီ နှစ်နာရီလောက် ရေကစားပြီး တခြားသော မသွားရသေးတဲ့ မြို့ပေါ်က ဘုန်းကြီးကျောင်းကို သွားရောက်ကြသလို ညနေပိုင်းမှာလည်း အသက်အရွယ်ကြီးရင့်တဲ့ ဆွေမျိုး ဘိုးဘွားတွေကို သွားရောက်ကန်တော့ကြရပါတယ်။

ကန်တော့ခံအိမ်က တည်ခင်းကျွေးမွေးလေ့ ရှိတဲ့ ချိုချဉ်၊ အဖျော်ရည်၊ လက်ဖက်နဲ့ အကြော်စုံ၊ ဆနွင်းမကင်း၊ ကင်ပေါင်း ကြော် တို့ကို စားသောက်ပြီး အဘိုးအဘွားတို့က ဆုံးမစကားပြောကြား ကန်တော့ကျိုး(ဆုပေး)ပေးပါတယ်။ အဲဒီနောက်မှာတော့ အဘိုးအဘွားတို့က ကန့်တော့သူတွေကို ကျန်းမာ စေဖို့ ရည်ရွယ်ပြီး မုန့်ဖိုးတွေ ပေးလေ့ရှိပါတယ်။

“ဒီနှစ်တော့ အဘိုးအဘွားတွေကို သွားကန့်တော့ရင် ရတဲ့မုန့်ဖိုးထဲကနေ ရေပြွတ်ဝယ်မယ်”လို့ အသက် ၈ နှစ်အရွယ် အောင်ငဲ က ကြုံးဝါးနေပါတယ်။

သင်္ကြန် အတက်နေ့ရောက်ပါက အိမ်မှာ ထိုးထားတဲ့ အတာအိုးက ပန်းတွေကို စွန့်ကာ အတာအိုးအတွင်း ရေ နဲ့ အကြွေစေ့ ထည့်ပြီး ကံဇာတာ ကောင်းအောင်လို့ နီးစပ်ရာ ဘုရားမှာ သွားရောက်လှူဒါန်းကြပါတယ်။

နှစ်ဆန်းတရက်နေ့မှာတော့ များသောအားဖြင့် မြို့နဲ့ ဝေးတဲ့ တောရွာက ကျောင်းတွေကို သွားရောက်ကြသလို ရွာကလူတွေလည်း မြို့ပေါ်ကျောင်းတွေကို အပြန်အလှန်လာရောက်လေ့ရှိလို့ သင်္ကြန်ပြီးပေမယ့်လည်း တလ လောက်အထိ ဘုန်းကြီးကျောင်းတွေမှာ စည်ကားနေပါတယ်။

နှစ်ဆန်းတရက်နေ့ ညနေပိုင်းမှာ မြို့တွင်းရှိ သက်ဆိုင်ရာ ရပ်ကွက် လူကြီးသူမတွေက သံဃာတော်တွေကို ပင့်ဖိတ်ပြီး လမ်းဆုံ လမ်းခွ တွေမှာ ပရိတ်တရား နာယူကြပါတယ်။

ရှမ်းပြည် သင်္ကြန်က ရန်ကုန်သင်္ကြန်နဲ့ နှိုင်းစာရင် ယဉ်ကျေးမှု မပျောက်သေးဘူး၊ ဘာသာရေးဘက်ပိုပြီး ဇောင်းပေးလုပ်ကြတယ် လို့လည်း ရှမ်းပြည်နယ် မြောက်ပိုင်းကနေ ရန်ကုန်မှာ သတင်းထောက်လုပ်နေတဲ့ သတင်းထောက်တဦးက သူ့ အတွေ့အကြုံကို ပြောပါတယ်။

“သင်္ကြန်ကျပြီ ဆိုရင် ရှမ်းပြည်က လူတွေက ဘုန်းကြီး ကျောင်းတက်တယ်၊ အလှူတွေ လုပ်တယ်၊ ဘုန်းကြီးကျောင်း သွားတာ ရှမ်းပြည်မှာက ကလေးက အစ အားလုံးသွားရတယ်၊ နောက် ရေပက်တာလည်း အများကြီး ပိုယဉ်ကျေးတယ်”လို့လည်း သူက ပြောပြပါတယ်။

ရန်ကုန်မှာ သင်္ကြန်ကျပြီ ဆိုရင် သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းတွေလောက်ကသာ ဘုန်းကြီးကျောင်း သွားတာဖြစ်ပြီး အများစု က ရေပက်ခံထွက်ဖို့နဲ့ မဏ္ဍပ် ထိုင်ဖို့သာ စဉ်းစားကြတယ်လို့ သူက ဆိုပါတယ်။

ရှမ်းပြည် ရာသီဥတုက အေးလွန်းတဲ့အတွက် ရေကြာကြာ မကစားနိုင်ကြသလို အမျိုးသမီးတွေကို ရေလောင်းရာမှာလည်း ခွင့်တောင်းပြီး ရေလောင်းကြတဲ့ တန်ဖိုးထား လေးစားမှုကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

“ဒီလို အခါကြီးရက်ကြီးမှာ အနည်းဆုံး ကျနော့်အမေကိုတော့ ကန်တော့ချင်တာပေါ့၊ စိတ်ထဲမှာတော့ တင်းတင်းကျပ်ကျပ်နဲ့ စိတ်မ ကောင်းဘူးပေါ့ဗျာ”လို့ ကိုရာဇာက အိမ်ကိုလွမ်းသံနဲ့ ပြောလိုက်ပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်