နှစ်ပေါင်း ၂၀ ကျော်သောခါ

အချိန်နဲ့အမျှ ပြောင်းလဲ တတ်တယ် ဆိုတဲ့ သဘော သဘာဝဟာ သင်္ကြန်ကိုလည်း ပတ်သက် စေခဲ့တာပါပဲ။ အထူး သဖြင့် ဘဝတလျှောက် ဖြတ်သန်း လာခဲ့ကြတဲ့ သင်္ကြန်တွေ ကလည်း ၁ နှစ်ထက် ၁ နှစ် ကွဲပြား ခြားနား လာခဲ့ပါပြီ။

သင်္ကြန် ဆိုတာ မြန်မာ့ရိုးရာ အစဉ်အလာ တစ်ရပ် ဖြစ်တယ်၊ နှစ်ဟောင်း ကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ အခါ သမယ ဖြစ်တယ် ဆိုတာ တွေက လူတိုင်း သိပြီးသားပါ။ သင်္ကြန်မှာ တစ်ဦးနဲ့ တစ်ဦး ရေလောင်း ကြတယ် ရေပက် ကြတယ် ဆိုတာ ကလည်း အေးမြပါစေ၊ နှစ်ဟောင်းက အညစ် အကြေးတွေ ကင်းစင်ပါစေ စတဲ့ စိတ်တွေနဲ့ ရည်မှန်းပြီး လောင်းကြ ပက်ကြတာ ပါပဲ။ ဒါ့အပြင် အလှူ အတန်းတွေ၊ ကုသိုလ် ကောင်းမှု တွေလည်း လုပ်ကြတာပါပဲ။

“အခါတွင်းမှာ မကောင်းတာ မလုပ်နဲ့။ သိကြားမင်းက ခွေးရေ ပုရပိုက်နဲ့ မှတ်သွား လိမ့်မယ်” ဆိုတဲ့ လူကြီးတွေရဲ့ ခြိမ်းခြောက် စကား ကလည်း သင်္ကြန် ကာလအတွင်း ကုသိုလ် ကောင်းမှုတွေ လုပ်စေချင်လို့ ပြောဆိုတဲ့ စကားဖြစ်တယ်လို့ တွေးမိပါတယ်။

ဒါပေမယ့် ကျနော်တို့တွေက သင်္ကြန်ကာလများကို  ဘယ်လိုဖြတ်သန်းလာခဲ့ကြပါသလဲ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း သင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲဖို့ ကြိုတင်ပြင်ဆင်ကြတဲ့ လူငယ်များရဲ့ အနေအထားကလည်း မတူတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ တာ ကာလလောက်အထိဆိုရင် လူငယ်တွေတော် တော် များများက သင်္ကြန်တွင်းမှာ အလှပြယာဉ်ထွက်ဖို့ ပြင်ဆင်တာတွေ၊ သံချပ်ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့် တာတွေကို လုပ်ဆောင်တတ်ကြသလို ကျန်လူငယ်တော်တော်များများကလည်း သင်္ကြန်ဆုပေးမဏ္ဍပ် လက်ခံ ကျင်းပ နိုင်ဖို့ အလှူခံထွက်ရ၊ လက်မှတ်တွေရောင်းရနဲ့ ကြိုတင်ပြင်ဆင်တတ်ကြပါတယ်။

တချို့သောလူငယ်တွေက သူတို့လိုအပ်တဲ့ ငွေရဖို့ အသားလွတ် အလှူမခံဘဲ ပို့စကတ်ကလေးတွေ ရောင်းချရင်း တစ်အိမ်တက်ဆင်းသွားကြ လာကြတာတွေကလည်း ကြည်နူးဖို့ ကောင်းတဲ့ အလေ့အထကလေးပါ။

အဲဒီတုန်းက သင်္ကြန်တွေမှာ ထူးခြားတဲ့ ပျော်ရွှင်စရာရှိနေပါတယ်။ အဲဒါကတော့ သံချပ်ပြိုင်ပွဲတွေ ကျင်းပခြင်းဖြစ် ပါတယ်။ အက၊ အလှ၊ သဘာဝ၊ ဟာသ၊ သံချပ်စတဲ့ အကြောင်းအရာမျိုးစုံကို တင်ဆက်ရင်း ပြိုင်ပွဲဝင်ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ပြိုင်ပွဲဝင်အသင်းတွေက တမြို့လုံးက မဏ္ဍပ်တွေဆီလှည့်ပြီး ပြိုင်ပွဲဝင်ကြသလို မဏ္ဍပ်တွေကလည်း အချိန်အခါမရွေး လက်ခံတာမို့ ပျော်ရွှင်စရာကောင်းလှသလို လူငယ်အများအပြားကလည်း အဲဒီ ဖြေဖျော်မှု၊ ကိုယ်တိုင်ပါဝင်ခွင့် ရှိမှုများကြောင့် ပျော်ရွှင်ခဲ့ကြတာပါပဲ။

သံချပ်ပြိုင်ပွဲဝင်တွေဟာ စွယ်စုံဆု ဆိုတဲ့ သက်ဆိုင်ရာမဏ္ဍပ်တွေရဲ့ အကြီးဆုံး ဆုလဒ်တွေကို ရရှိဖို့ ကြိုးပမ်းကြ တာ ဆိုတော့ အစ အလယ် အဆုံး ၃ ပါးစလုံး တင်ဆက်မှု ညီညွတ်နေရမှာ ဖြစ်သလို ဒိုင်လူကြီးတွေ သာမက ပရိသတ်ရဲ့ အားပေးမှုကိုပါ တောင်းခံကြရပါတယ်။ ဒါကြောင့် ဒိတ်ဒိတ်ကြဲ အသင်းကြီးတွေရဲ့ တင်ဆက်မှုကို ကြည့်လိုက်ရရင် ရုပ်ရှင်ကားကောင်းကို ကြည့်လိုက်ရသလို၊ ရေသစ်မြေသစ်က ရှုခင်းအလှအပတွေ မြင်ရသလို အရသာရှိလှပါတယ်။

ပြိုင်ပွဲဝင် အသင်းအဖွဲ့တွေရဲ့ အဆင်အပြင်ကလည်း နှစ်သက်စရာပါ။ မော်တော်ကားကြီးတွေကို အသင်းအဖွဲ့ရဲ့ နာမည်တွေနဲ့လိုက်အောင် ပုံစံမျိုးစုံ ပြင်ဆင်ထားပြီး အဖွဲ့သားအားလုံးက အပေါ်မှာ ထိုင်လိုက်ကြပါတယ်။ ဥပမာအားဖြင့် ‘ရွှေညာသားတို့ လာချေပြီ’ ဆိုတဲ့အသင်းမျိုးဆိုရင် အညာလှေကြီး ပုံစံလုပ်ထားပြီး သဘာဝကျကျ ပြိုင်ပွဲဝင်ဖို့ မဏ္ဍပ်ထဲဝင်လာတတ်သလို၊ နွားလှည်းကြီး မောင်းဝင်လာသလို တင်ဆက်မှုတွေနဲ့ သဘာဝဆု ရအောင် ယှဉ်ပြိုင်တတ်ပါတယ်။ အင်တိုက်အားတိုက် သီဆိုကြတဲ့ သံချပ်တွေ၊ သံချပ် တစ်ခုနဲ့တစ်ခုကြားက ဟာသမြောက်တဲ့ တခန်းရပ် ထိုးဇာတ်ကလေးတွေကလည်း အကြောင်းအရာ မျိုးစုံကို ဟာသနှောပြီး ဝေဖန်ထောက်ပြတဲ့အတွက် လူထုရဲ့ ဘ၀အမောကို တစုံတရာ လျော့ပါး ပျော်ရွှင်ရပြန်ပါတယ်။

သံချပ်အဖွဲ့တွေဟာ သင်္ကြန်မတိုင်ခင်ကနေ သင်္ကြန်ပြီးတဲ့အထိ အုပ်စုလိုက် ပျော်ပျော်ပါးပါး နေရတာဟာလည်း သိုက်သိုက်ဝန်းဝန်းနဲ့ ကြည်နူးစရာဖြစ်သလို လူငယ်တွေရဲ့ စည်းလွတ်ဝါးလွတ် ပျော်ပါးမှုကိုလည်း ထိန်းချုပ်ထား သလို ဖြစ်မယ်ထင်ပါတယ်။ ထောက်လှမ်းရေး မထူပြော၊ ကုန်ဈေးနှုန်း မကြီးမြင့်၊ မီးမပြတ် ရေမရှား ဆိုတာတွေ ကလည်း သင်္ကြန်ကို ပိုမိုလှပစေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာတော့ သံချပ်ပြိုင်ပွဲတွေ မရှိတော့တာကြောင့် အဲဒီက ရရှိတဲ့ အကျိုးကျေးဇူး တွေ အားလုံး ကင်းမဲ့ခဲ့ရပါတယ်။ သေချာတဲ့အချက်ကတော့ လူငယ်တွေအနေနဲ့ ရေပက်ခံထွက်တဲ့ အလေ့အထ ကိုပဲ လုပ်ခွင့်ရှိပါတော့တယ်။ ဒါက ပြောင်းလဲသွားတဲ့ အနေအထားတစ်ခုပါ။

အခါတွင်းမှာ အရက်သေစာ သောက်စားတာ မကောင်းဘူး ဆိုတဲ့ အယူအဆနဲ့ အမြဲတမ်း အရက် သောက်သူ တွေတောင် သင်္ကြန် တွင်းမှာ အရက် မသောက်ဘဲ ဥပုသ် စောင့်တာ တွေကို ကျနော်တို့ ငယ်စဉ် ဘဝ တလျှောက် တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ခုအခါမှာတော့ သင်္ကြန်တွင်း အရက် သောက်သူတွေ များပြား လာခဲ့ပါတယ်။ အထူးသဖြင့် လူငယ်တွေ ဖြစ်ပါတယ်။ ဘာကြောင့် လဲတော့ မသိပါဘူး။ အမြဲတမ်း မသောက်တဲ့ လူငယ် တွေတောင် သင်္ကြန် တွင်းမှာ အရက် သောက်ကြ ပါတယ်။ ဒါက တကယ့်ကို လက်ရှိ အနေအထား တစ်ခု ဖြစ်နေပါတယ်။

သင်္ကြန်ရောက်ပြီဆိုတာနဲ့ ကုန်ဈေးနှုန်းတော်တော်များများ တက်တတ်တာကြောင့် စားသောက်ကုန်ပစ္စည်းတွေ ကြိုတင်ဝယ်ယူတတ်တဲ့ အလေ့အထရှိသလို သင်္ကြန်တွင်း ကားနဲ့ ရေပက်ခံထွက်လိုသူတွေကလည်း ဓာတ်ဆီ ကြိုတင်စုဆောင်းတတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီနောက်ပိုင်းနှစ်တွေမှာတော့ အရက်ကို ကြိုတင်စုဆောင်း သူတွေ တပုံကြီးရှိလာပါတယ်။ အရက်ဆိုင်တွေကလည်း သင်္ကြန်တွင်းမှာ အရက်ပိုရောင်းရတယ်၊ ပိုဈေးကောင်း ရတယ်ဆိုတော့ အစောကြီးကတည်းက စုဆောင်းနေကြတာပါပဲ။ ဒီတော့ ဒီအတိုင်းဆက်ရှိနေဦးမယ်ဆိုရင် သင်္ကြန်ဆိုတာ အရက်သောက်ရမယ့်အချိန်လို့ လူငယ်တွေရဲ့စိတ်ထဲမှာ ယူဆလာလေမလားလို့ တွေးထင်စရာပါ။

တဖြည်းဖြည်း ပြောင်းလဲလာတဲ့ သင်္ကြန်ဟာ စိတ်အညစ်အကြေးများကို မပြေပျောက်နိုင်တဲ့အပြင် ကြေကွဲ ၀မ်းနည်း မှုတွေ၊ စိုးရိမ်သောကများနဲ့ ဖြတ်သန်းရမယ့် အနေအထားတွေ ပိုလာပြီး လူတိုင်းအတွက် မဟုတ်လေ သလားလို့ တွေးသူက တွေးနေကြပါပြီ။ အတင်းစေခိုင်းတဲ့ အဓမ္မသင်္ကြန်၊ အတိတ်နဲ့မတူတဲ့ အပိတ်သင်္ကြန်၊ တချိန်လုံး စောင့်ကြပ်နေတာကို ခံရတဲ့ အရိပ်သင်္ကြန်၊ လာတခါ ပျက်တလှည့် ဖြစ်နေတဲ့ မီးရောင်မရှိတရှိ အောက်က မဟူရာသင်္ကြန်တွေဟာ ယနေ့ မင်းမူနေတဲ့ မဟာသင်္ကြန် ရက်မြတ်တွေ ဖြစ်နေမယ် ထင်ပါရဲ့။

“ငု နဲ့ ပိတောက် နွေမှာလှိုင်သည်။ စု နဲ့ ခမောက် မေမှာနိုင်မည်”ဆိုတဲ့ ရွေးကောက်ပွဲမတိုင်ခင် သင်္ကြန်မျိုးကို နှစ်ပေါင်း ၂၀ ပြည့်တဲ့ ဒီနှစ်မှာ ပြန်ကြုံရပြန်ပါပြီ။ အချိန်ကာလ ကွာခြားသလို အခြေအနေ ပြောင်းလဲမှုတွေက လည်း တပုံတပင်။ ဘယ်လိုပဲဖြစ်ဖြစ် သိကြားမင်းကတော့ သင်္ကြန်စာမှာ မင်းမူနေတုန်း။

“ကောင်းသူကယ်ပြီး မကောင်းသူပယ်တယ်”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ခေတ်ကို မပြင်လို့ တာဝတိံက ဘိုးတော် သိကြားကို “သိကြားလိမ်”လို့ ကင်ပွန်းတပ်ခဲ့တဲ့ အတိတ်ခေတ်စာဆိုတော်တွေ ဒီကနေ့ ရှိနေဦးမယ် ဆိုရင်တော့ သိကြားမင်းလည်း နာမည်တွေအများကြီး ထပ်ပြီးရလေမလား တွေးကြည့်စရာပါ။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်