အိန္ဒိယ-မြန်မာ နယ်စပ် ခရီးလမ်း

“ကားပေါ်က ဆင်းပါ”

“ဟိုဘက်ကို သွားပါ”

“ဒီထဲက ဘာတွေလဲ” စသဖြင့် အာသံ ရိုင်ဖယ်တပ်မှ တပ်သား တယောက်က ခရီးသည်တွေကို ဟိန္ဒီဘာသာနဲ့ ပြောနေပါတယ်။ သူ့သေနတ် ပြောင်းဝကို ကျမတို့ဘက် လှည့်လိုက်၊ အိတ်တွေကို သေနတ်နဲ့ ထိုးလိုက်၊ သူ သွားစေလိုတဲ့ နေရာဆီ ညွှန်ပြလိုက်နဲ့ လုပ်နေတာဟာ အသည်း ယားစရာပါပဲ။

တောင်စောင်းလေး တခုမှာ စခန်း ချထားတဲ့ စစ်ဆေးရေး ဂိတ်ကို လမ်းလျှောက် ဖြတ်ခိုင်းပြီး အ၀တ်အစား အိတ်တွေပါ မကျန် ကားတစီးလုံးကို မွှေနှောက် ရှာဖွေတာတွေ အပြီးမှာတော့ ကျမတို့ ကားလေးကို ဆက်သွားခွင့် ပြုလိုက်ပါတယ်။

အိတ်ထဲကို ပစ္စည်းတွေ သေချာ ပြန်ထည့်နေတဲ့ ကျမကို ခရီးသွားဖော် တွေက “ဒါက ပထမဆုံး ဂိတ်ပဲ။ နောက်ထပ် ဂိတ်တွေ အများကြီး ကျော်ရဦးမှာ။ အိတ်တွေ ဒီအတိုင်းသာ ထားလိုက်” လို့ ပြောပါတယ်။

ကျမ ရောက်နေတဲ့ အိန္ဒိယ မြန်မာ နယ်စပ်မှာ ရှိတဲ့ မဏီပူရ် ပြည်နယ်ဟာ ခွဲထွက်ရေး ကသည်း သူပုန်တွေ ကျက်စားတဲ့ ပြည်နယ် ဖြစ်လေတော့ လမ်းတလျှောက်လုံးမှာ စစ်ဆေးရေးဂိတ် အထပ်ထပ်ကို ကြုံတွေ့ ကြရပါတယ်။

ခရီးသည်တွေထဲမှာ ခွဲထွက်ရေး သူပုန်တွေ ပါလာသလား၊ လက်နက်တွေ ပါသလား၊ မူးယစ်ဆေးဝါးတွေ သယ်လာသလား၊ အိန္ဒိယ နိုင်ငံထဲ တရား မ၀င် လာရောက်သူတွေလား ဒီဂိတ်တွေမှာ စစ်ဆေးကြတာပါ။

တနေရာ အရောက်မှာတော့ အရပ်ဝတ်နဲ့ လူငယ်လေးတွေ ကြိမ်တုတ် ကိုယ်စီကိုင်လို့ ကားတွေကို တားနေတာ တွေ့ရပြန်ပါတယ်။  ဘာပစ္စည်းတွေ ပါလာလဲ၊ ဘယ်ကိုသွားမယ့် ကားလဲ၊ လူဘယ်နှစ်ယောက်ပါသလဲ ဆိုတာတွေကို စစ်ဆေးပြန်ပါတယ်။

ဒီလူငယ်လေးတွေကတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ သူတို့တွေကတော့ ပြည်နယ် မြို့တော် အင်ဖားနဲ့ နယ်စပ်မြို့ မိုးရေး တို့ ဆက်သွယ်ထားတဲ့ ကားလမ်းကို ပိတ်ဆို့ ဆန္ဒပြနေကြတဲ့ နာဂ ကျောင်းသားများ အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။

သူတို့ ဆန္ဒပြတဲ့ ပုံစံကတော့ အနယ်နယ် အရပ်ရပ်က ပစ္စည်းတွေ သယ်ပို့တာတွေကို ထိန်းချုပ် ကန့်သတ်တဲ့အနေနဲ့ ကုန်ကားတွေကို ဖြတ်သန်း သွားလာခွင့် မပေးတာပါပဲ။ လူစီးကားတွေမှာ ပစ္စည်းတွေ သယ်လာတာကို တွေ့ရင် သူတို့က ဒဏ်ငွေ ဆောင်ခိုင်းသလို ပစ္စည်းတွေ သိမ်းယူတာတွေကိုလည်း လုပ်လေ့ ရှိတယ် လို့ ခရီးသွားဖော်တွေက ဆိုပါတယ်။

ခရီးသည် တယောက်က “သူတို့က တောင်ပေါ်ဒေသနေ လူနည်းစုတွေပါ။ အခွင့်အရေး မရဘူး၊ သူတို့ကို တခုခု ဖိနှိပ်တာ ရှိတယ်၊ သူတို့ တောင်းဆိုချင်တာ တခုခု ရှိတယ် ဆိုရင် ဒီလိုပဲ စီးပွားရေး လမ်းကြောင်း ပိတ်ဆို့တာတွေ လုပ်တယ်” လို့ ရှင်းပြပါတယ်။

အစိုးရက လိုက်လျောပေးတယ် ဆိုရင် သူတို့ ပြန်ဖွင့်ပေးပါတယ် တဲ့။

ဒီတခါတော့ ဧပြီ ၁၂ ရက်ကတည်းက စတင် ပိတ်ခဲ့တာဖြစ်ပြီး ဘယ်လောက်အထိ ကြာကြာ ပိတ်ဦးမလဲ မသိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ဆေးရေး ဂိတ်တွေ၊ ချိုင့်တွေ ခွက်တွေ နဲ့ မြွေလိမ် မြွေကောက် တောင်တက် တောင်ဆင်းလမ်းတွေကို ကျော်လွန်လာပြီးချိန်မှာတော့ စစ်ကိုင်းတိုင်း တမူးမြို့နဲ့ နယ်ချင်းထိစပ်နေတဲ့ မိုးရေးမြို့ကို ရောက်ပါတော့တယ်။

တမူးမြို့ကို ဖြတ်ကျော်ခဲ့ပြီး နယ်စပ်ကုန်သည်တွေ အဓိက အားထားကြတဲ့ နန်းဖာလုံဈေးမှာ ဈေးဆိုင်ခန်း တော်တော် များများ ပိတ်ထားကြပြီး၊ ဈေးဝယ် ဈေးသည် နည်းပါးလှတာကို တွေ့လိုက်ရပါတယ်။

သင်္ကြန်အပြီး ဈေးပြန်ဖွင့်ချိန်မှာ ကုန်စည် တားမြစ်တာတွေကိုလည်း ကြုံနေရတော့ နယ်စပ် ကုန်သည်တွေကို အားထားနေရတဲ့ ဈေးသည်တွေ အဖို့ အခက် ကြုံရတယ်လို့ ဆိုပါတယ်။

“ပစ္စည်း မတင်ရဘူး၊ လမ်းပိတ်ထားတယ် ဆိုတော့ ဘာမှ လုပ်လို့ မရဘူးပေါ့။ ခါတိုင်း ဆိုရင် တနေ့တနေ့ကို အထည်တွေ တထပ်ကြီး ရောင်းနေ၊ ပို့နေရတာလေ” လို့ နန်းဖာလုံဈေးထဲက အထည်ဆိုင် ပိုင်ရှင်တယောက်က ပြောပြပါတယ်။

အိန္ဒိယ ကုန်သည်တွေ အများဆုံး ၀ယ်ယူကြတာကတော့ မြန်မာနိုင်ငံထွက် ချည်ထည် ပုဆိုး၊ ထဘီတွေ၊ တရုတ်နဲ့ ထိုင်းနိုင်ငံ တို့ကနေ တဆင့်ဝင်လာတဲ့ အထည်တွေ၊ အစား အသောက်တွေ၊ လူသုံးကုန် ပစ္စည်းတွေပါပဲ။ မြန်မာ ကုန်သည်တွေကတော့ အိန္ဒိယထွက် ချည်ထုပ်၊ ဆိုးဆေး၊ ဟင်းခတ် အမွှေး အကြိုင် စတာတွေကို တပိုင်တနိုင် တင်သွင်းကြပါတယ်။

တနေ့ကို ရောင်းရငွေ အနည်းဆုံး ကျပ် ၃ သိန်းလောက် ရှိတဲ့ အထည်ဆိုင်တွေဟာ ကုန်စည် တားမြစ်မှုတွေ လမ်းပိတ်တာတွေကြောင့် ဈေးဝယ်သူ မရှိတဲ့ အတွက် ဆိုင်ပိတ်ထားရတဲ့ ရက်တွေ များတယ်လို့ ဆိုင်ပိုင်ရှင်တွေက ဆိုကြပါတယ်။

“ကျမတို့မှာ ဂိတ်ဖွင့်ချိန်ကျရင် ပစ္စည်းသယ်လို့ ရပြီလား အရင် မေးရတယ်။ မရသေးဘူး ဆိုတော့ ဆိုင်ကို မနက်ပိုင်းပဲ ခဏလေး ဖွင့်ရတာပေါ့။ ဘာမှ မရောင်းရတော့ နေ့ခင်းဆိုရင် ဈေးတခုလုံး ဆိုင်တွေ ပိတ်သိမ်းကုန်တော့တာ” လို့ နန်းဖာလုံ ဈေးသူ တယောက်က ပြောပြပါတယ်။

နယ်စပ် ဈေးထဲက စားသောက်ဆိုင်ငယ်လေး တခုရဲ့ ပိုင်ရှင်က “လမ်းတွေ ပိတ်တော့ ဆိုင်တွေပါ ပိတ်ကြပြီ ဆိုရင် အရှုံးဆုံးက ကျမတို့ ဆိုင်လေးတွေပဲ ရှင့်။ လူလာမှာလား မလာဘူးလား မသေချာတော့ အစားအသောက်တွေက ပစ်ရတာ များတယ်။ အဲ့ဒီလို အချိန်ဆို တနေ့ကို လေးငါးသောင်း ရှုံးတော့ ဆိုင်ခန်းခနဲ့ မကာမိဘူး” လို့ ညည်းတွားပါတယ်။

ဈေးဝယ်လာသူတွေ၊ ဈေးဆိုင်ခန်းတွေကို အမှီပြုပြီး ဖွင့်ထားရတဲ့ ဒီစားသောက်ဆိုင်လေးတွေရဲ့ တနေ့ ရောင်းရငွေဟာ သာမန် အချိန်တွေမှာ ကျပ် ကိုးသောင်းကနေ တသိန်းခွဲ ၀န်းကျင် အထိ ရှိတတ်ပေမယ့် လမ်းတွေ ပိတ်တဲ့ အခါမှာတော့ ကျပ် လေးသောင်း ၀န်းကျင်ပဲ ရတယ်လို့ ဆိုပါတယ်။

လမ်းပိတ်ဆို့ ဆန္ဒပြသူတွေဟာ မေလအတွင်းမှာ ဖြစ်ပေါ်လာမယ့် မဏီပူရ်ပြည်နယ် တောင်တန်းဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ စီးပွားရေး လမ်းကြောင်းတွေကို ပိတ်ဆို့တာလို့ အိန္ဒိယ-မြန်မာ နယ်စပ် အရေး လေ့လာသူတွေက ဆိုပါတယ်။

ဒီပြည်နယ်က ၂၀၀၈ ခုနှစ်မှာ ပြင်ဆင် ပြဋ္ဌာန်းတဲ့ အခြေခံ ဥပဒေဟာ ဒေသခံ လူနည်းစု နာဂ တိုင်းရင်းသားတွေ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ချိုးဖောက်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်ခန့်ကလည်း ဒီလိုပဲ နာဂ ကျောင်းသား အဖွဲ့က လမ်းပိတ် ဆန္ဒပြခဲ့တာ ရက် ၅၀ ကျော် ကြာခဲ့လို့ မဏီပူရ် ပြည်နယ်တွင်းမှာ ကုန်ဈေးနှုန်း ၃၀ ရာနှုန်းလောက် မြင့်တက်သွားခဲ့တယ်လို့  လေ့လာသူ တယောက်က ပြောပြပါတယ်။

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရကလည်း နယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

ခွဲထွက်ရေး သူပုန်တွေရဲ့ လှုပ်ရှားမှု၊ လူနည်းစု ဖြစ်တဲ့ တောင်ပေါ်ဒေသနေ တိုင်းရင်းသားအရေး၊ မဏီပူရ်ပြည်နယ် မြို့တော် အင်ဖားကနေ မန္တလေး အထိ ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ရေး၊ နယ်စပ် ခရီးသွားဗီဇာ ထုတ်ပေးရေး စတာတွေ အတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တမူးမြို့က နယ်စပ်ကုန်သည်တဦးက “ကုန်သွယ်လမ်းကြောင်းတွေ ပွင့်လာမယ်၊ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်တွေရှိမယ်၊ လုံခြုံရေးကောင်းမယ်သာဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးလည်း တိုးတက်မှာပေါ့။ အထူးသဖြင့်ကတော့ ဒါကို မှီခိုနေရတဲ့ မြန်မာပြည်သားတွေ ပိုအကျိုးရှိမှာပေါ့” လို့ ပြောပါတယ်။

မြန်မာ ပိုင်နက်နယ်ထဲမှာ ခိုအောင်းနေတယ် ဆိုတဲ့ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို ကူညီ တိုက်ထုတ်ပေးဖို့ကိုလည်း အိန္ဒိယ အစိုးရက မြန်မာ အစိုးရကို တောင်းဆိုထားပါတယ်။

လေ့လာသူ တဦးက “ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးတာတွေ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက လုပ်နေကြပေမယ့် နှစ်ဘက် အစိုးရချင်း ပွင့်လင်းမှု မရှိတာရယ်၊ အိန္ဒိယဘက်ကလည်း သူ့ပြည်နယ် အရေးက ဦးစားပေး ဖြစ်နေတာ ဆိုတော့ အခုချိန် ထိတော့ ဘာမှ မရှိသေးဘူးပေါ့။ ဘယ်တော့ ဖြစ်လာမလဲ ဆိုတာလည်း မသိနိုင်သေးဘူး” လို့ ဆိုပါတယ်။

မြန်မာအစိုးရဟာ အိန္ဒိယ ခွဲထွက်ရေး လှုပ်ရှားသူတွေ ဖြစ်တဲ့ အာသံ သူပုန်တွေ၊ ကသည်း သူပုန်တွေကို စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ ကချင်ပြည်နယ်တွင်းက လီဒို လမ်းမကြီးဘက်တွေမှာ နေထိုင်ခွင့် ပေးထားတယ်လို့ အိန္ဒိယ သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။

ရံဖန်ရံခါ ဆိုသလို မြန်မာနိုင်ငံဘက်ခြမ်းမှာ နေထိုင်တဲ့ ကသည်းတွေရဲ့ အိမ်တွေကို အမည်မသိ အဖွဲ့တွေက ၀င်ရောက် ပစ်ခတ်တာတွေ၊ အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ကြုံတွေ့ရလို့ လုံခြုံရေး အတွက် စိုးရိမ်ကြတယ်လို့ တမူးမြို့ခံတွေက ဆိုကြပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက်ကို ခြံစည်းရိုး ခတ်ဖို့ အိန္ဒိယ အစိုးရရဲ့ ကြိုးပမ်းချက်ကလည်း နယ်စပ် ဒေသ တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ အကြောင်းချက်တခု ဖြစ်နေပြန်ပါတယ်။

ဒီနယ်စပ် ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံ တိုင်းရင်းသား တွေကတော့ ခြံစည်းရိုး ခတ်တဲ့ အစီအစဉ်ကို ၂၀၀၄ ခုနှစ် ကတည်းက ပြင်းပြင်း ထန်ထန် ကန့်ကွက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။

တောင်ပေါ်နေ တိုင်းရင်းသားတွေ ဖြစ်တဲ့ နာဂ၊ လူရှိုင်း၊ ကူကီး၊ ချင်း မျိုးနွယ်စု တွေရဲ့ ရွာတွေဟာ အိန္ဒိယ-မြန်မာ နယ်စပ် ဒေသ တလျှောက်မှာ ရှိနေတာမို့ ခြံစည်းရိုးသာ ခတ်လိုက်မယ် ဆိုရင် ဒီလူမျိုးစု တွေဟာ ရွာတွေ ပျောက်သွား နိုင်တယ်၊ တရွာနဲ့တရွာ ကူးသန်း သွားလာရာမှာ အန္တရာယ်တွေ ဖြစ်လာနိုင်တယ် ဆိုပြီး ကန့်ကွက် ကြတာ လို့ ဆိုပါတယ်။

အိန္ဒိယ အစိုးရကတော့  ခြံစည်းရိုး ခတ်ဖို့ လုံလောက်တဲ့ အကြောင်းရင်းတွေ ရှိတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။ နယ်စပ်ကနေ မူးယစ်ဆေးဝါး ကုန်ကူးတာ၊  ခွဲထွက်ရေး သူပုန်တွေ ဖြတ်သန်း သွားလာနေတာတွေကို တားဆီးဖို့ ဖြစ်ပါတယ် တဲ့။

နယ်စပ်က ကုန်သည်တွေ၊ ဈေးသည်တွေကတော့ မဏီပူရ်ပြည်နယ်တွင်း မငြိမ်မသက်မှုတွေ၊ နယ်စပ် လုံခြုံရေး ပြဿနာတွေ၊ ကူးသန်း ရောင်းဝယ်ခွင့်နဲ့ လမ်းပိတ်ဆို့ ဆန္ဒပြတာတွေ မဖြစ်စေလိုဘူးလို့ တညီ တညွတ်တည်း ဆိုနေကြပါတယ်။

နန်းဖာလုံဈေးသူ တယောက်က “ဒီလို ကိစ္စတွေ ဖြစ်တိုင်း ကျမတို့ကတော့ ဆိုင်ပိတ်လိုက်၊ အခြေအနေ ကောင်းသွားရင် ပြန်ဖွင့်လိုက်နဲ့လေ။ အခုလည်း ခြံစည်းရိုး ခတ်မှာတွေ ဘာတွေနဲ့ ဆိုတော့ အခြေအနေက ပိုပဲ ဆိုးလာမလား၊ ပိုပဲ ကောင်းလာမလား ဘာကိုမှတော့ မမျှော်လင့်ရဲပါဘူး” လို့ ညည်းတွားနေပါတော့တယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်