ရွှေထက်ရှားတဲ့ ရေ

Monday, 17 May 2010 18:19 ဆောင်းပါး
Print
“ဟိုဘက်ပိုင်းက ရေလာ ခပ်ကြဟေ့၊ ရေကား ရောက်နေတယ်” ဟူသည့် အမျိုးသား တဦး၏ အသံကုန် အော်ဟစ်သံနှင့် အတူ ရှမ်းရွာကြီး ကျေးရွာ အတွင်းရှိ ကလေး၊ လူကြီးမကျန် အိုး၊ ခွက်၊ ပုံးများကို ကိုင်ကာ သောက်ရေ လာရောက် လှူဒါန်းသော ၂၀ လီတာဝင် သောက်ရေသန့်ပုံး များစွာတင်ထားသည့် ဟိုင်းလပ်စ်ကားရှိရာသို့ သူ့ထက်ငါဦးအောင် ပြေးလာကြသည်။

အဆိုပါ ကျေးရွာတွင် သောက်သုံး ရေကန်များ ခန်းခြောက် နေသည်မှာ တလနီးပါး ရှိနေပြီ ဖြစ်သည်။ နေအပူရှိန် ပြင်းလာ သည်နှင့် အမျှ သောက်သုံး ရေသည် ပဲခူးတိုင်း အတွင်းရှိ ကျေးရွာများ အတွက် ရွှေထက်ပင် တန်ဖိုးကြီး နေသည်။

“ရေလာလှူတဲ့ ကားတွေလာမှ ရေ၀၀ သောက်ရတာ၊ ရေ၀၀ မသောက်ရတာ တော်တော် ကြာပြီ” ဟု ပဲခူးတိုင်း ရှမ်းရွာကြီး ကျေးရွာတွင် နေထိုင်သော အသက် ၉ နှစ်အရွယ် ကလေး တဦးက ရေလာလှူ နေသော ကားပေါ်မှ ရေများကို ဇလုံဖြင့် ခံယူရင်း ဆိုသည်။

ပဲခူးတိုင်းအတွင်းရှိ ကျေးရွာ ၃၀ ကျော်ရှိ သောက်သုံးရေကန်များ ခန်းခြောက်လာသည့်အပြင် ရေတွင်းများ၊ တုံကင်များတွင် ရေချိုမထွက်တော့ဘဲ ရေငန်များထွက်လာသောကြောင့် သောက်ရေနှင့် သုံးရေအခက်အခဲဖြစ်ပွားနေရသည်။

ပဲခူးမြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင်များစွာက သောက်သုံးရေအခက်အခဲဖြစ်သောကျေးရွာများသို့ နေ့စဉ်သောက်သုံးရေ  ကားအစီး ၂၀ ကျော် လာရောက် လှူဒါန်းသော်လည်း ကျေးရွာများအတွင်းရှိ အိမ်ခြေနှင့် လူဦးရေ များပြားမှုကြောင့် လောက်ငခြင်း မရှိ ဖြစ်နေကြောင်း ပဲခူးမြို့ပေါ်နေ ရေနေ့စဉ်လှူဒါန်းသူ တဦးက ပြောသည်။

“ရေတွေ မသန့်တော့ ၀မ်းပျက်ဝမ်းလျှောတွေဖြစ်တယ်၊ လူတွေ ရေ၀၀မသောက်ရတော့ လူတွေ ဒုက္ခရောက်နေကြတာပေါ့။ ရေက တနေရာတည်းမှာ အခက်အခဲဖြစ်ပြီး ဒီဝေဒနာတွေကလည်း ဒီနေရာ တနေရာတည်းမှာ ဖြစ်နေတာမဟုတ်ဘူး။ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတာ” ဟု ရန်ကုန်မြို့ရှိ ရေအခက်အခဲဖြစ်ပွားနေသော မြို့များသို့ ရေသွားရောက်လှူဒါန်းနေသော အဖွဲ့ တခုမှ အသက် ၂၄ နှစ်အရွယ် ကိုအောင်မော်ကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်စသော ပြည်နယ်နှင့် တိုင်းများတွင် သောက်သုံးရေ အခက်အခဲကို ဆိုးရွားစွာ ခံစားနေရသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း အချက်အချာကျသော မြို့နယ် ၆ မြို့နယ်တွင် သောက်ရေ အခက်အခဲ မဖြစ်ပွားသော်လည်း လျှပ်စစ်မီး ပုံမှန် မလာမှုကြောင့် သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

ရန်ကုန်မြို့လယ်ရှိ အထပ်မြင့် တိုက်ခန်းများတွင် နေထိုင်သူများသည် ညစဉ် သန်းခေါင်ကျော်ခန့်တွင် တိုက်အောက်ရှိ ရေမော်တာများကို ရေချူရင်း “ မော်တာဖွင့်လိုက်တော့ ရေတက်လား” ဟူ၍ အော်ကြရသည်။ ထိုအော်သံများမှာ တညထက် တည ပိုမို ဆူညံ ကျယ်လောင်လာသည်။

ထိုသို့ ရေတင်ရင်း ရေမတက်ပါက “ အထပ်နိမ့်ဆိုပြီး တယောက်တည်း ရေယူမနေနဲ့၊ မော်တာလေး ဘာလေး ပိတ်ပေးဦး” ဆိုသော အပေါ်ထပ်၊ အောက်ထပ် ရန်ဖြစ်သံများကလည်း တနေ့ထက်တနေ့ ပိုမိုကြားလာရသည်။

“မီးလာတဲ့အချိန် ရေစောင့်တင်ရတော့ မအိပ်ရတဲ့ ညတွေများပြီး လူတွေကျန်းမာရေး ထိခိုက်လာတယ်။ မြို့သစ်တွေမှာဆို နေ့တိုင်း ရေ၀ယ်သုံးနေရတယ်” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ဆိုသည်။

ရန်ကုန်မြို့တဘက်ကမ်းရှိ ဒလ၊ ဆိပ်ကြီးခနောင်တို၊ လှိုင်သာယာနှင့် တောင်ဒဂုံ၊ မြောက်ဒဂုံစသော မြို့သစ် ဒေသများတွင်လည်း သောက်သုံးရေ အခက်အခဲများ နေ့စဉ် ကြုံတွေ့နေရသည်။

“ပိုက်ဆံရှိရင်တောင် ရေ၀ယ်သုံးလို့မရဘူး။ ဒီမှာ ရေသောက်စရာမရှိလို့ သုံးရေတွေကို ကျောက်ချဉ်စိမ် သောက်နေကြတယ်” ဟု ဆိပ်ကြီး ခနောင်တိုမြို့တွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်မေက ရေလာလှူနေသည့် ရေကားရှိရာသို့ အလျင်စလိုသွားရင်း ဆိုသည်။

ယခင်နှစ်များက နွေရာသီတွင် သောက်သုံးရေကန်များ ပိုမိုခန်းခြောက်လေ့ရှိပြီး ရေရှားပါးသော်လည်း ယခုနှစ်လောက် ရေခက်ခဲမှု မဖြစ်ပွားကြောင်း၊ ယခုနှစ်တွင် အပူရှိန်မြင့်မားလျက်ရှိပြီး မိုးအ၀င်နောက်ကျသောကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်ပွားရကြောင်း ၎င်းကပြောသည်။

“ရွာက ကန်တွေမှာ ရေကုန်ခါနီးဆို အရင်နှစ်တွေက မိုးရွာလိုက်တော့ အဆင်ပြေတယ်။ အခု မိုးကလည်း မရွာတဲ့ အပြင် အပူရှိန်မြင့်တော့ ကန်တွေက မြန်မြန်ခန်းခြောက်ကုန်တယ်။ ရေ တခွက်ကို မိသားစုတွေ တယောက် နည်းနည်း သောက်နေ ရတယ်” ဟု ဒလမြို့နယ်တွင် နေထိုင်သူ တဦးက ဆိုသည်။

ရေအခက်အခဲ ဖြစ်ပွားနေသော နေရာများသို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများက တပိုင်တနိုင် ရေ လှူဒါန်းမှုများ ပြုလုပ် နေသော်လည်း သောက်သုံးရေ လုံလောက်ခြင်း မရှိသေးကြောင်း ကြားသိရသည်။

သောက်သုံးရေ အခက်အခဲ ဖြစ်ပွားသော ကျေးရွာများတွင် ငွေကြေးချို့တဲ့သော အခြေခံ လူတန်းစားများ နေထိုင်ကြသဖြင့် သောက်ရေ၊ သုံးရေကို ဝယ်ယူ မသုံးစွဲနိုင်ကြပေ။

“တစ်နေ့ကို သုံးရေ ကျပ် ၁၅၀၀ ဖိုးလောက် ၀ယ်သုံးမှ မိသားစုလောက်ငတယ်လေ။ စားစရိတ်ထက် ရေအသုံးစရိတ် ပိုကြီးနေတော့၊ ရေလည်း ၀ယ်မသုံးနိုင်တော့ဘူး” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သော ပန်းရံ လုပ်သားတဦးက ဆိုသည်။

ယခုနှစ် မုတ်သုန် အ၀င်နောက်မှုကြောင့် အပူပိုင်း ဇုန်များတွင်လည်း သောက်ရေနှင့် သုံးရေ အခက်အခဲ  ယခင်နှစ်များ ကထက် ပိုမိုဆိုးရွားစွာ ခံစားနေရကြောင်း အပူပိုင်းဇုန်သို့ အလုပ်နှင့် ယာယီသွားရောက်ခဲ့သော NGOတခုမှ ၀န်ထမ်းတဦးက ပြောသည်။

“အခု အညာမှာ ရေဆိုလို့ မူးရင်တောင် ရှူစရာမရှိဘူး။ ကျနော် အညာသွားတာ နှစ်ပတ်လုံးရေမချိုးခဲ့ရဘူး။ သူတို့ကလည်း ထမင်း ကြိုက်သလောက်စားပါ ရေတော့ မပေးဘူးတဲ့” ဟု သူက ပြောပြသည်။

မန္တလေးတိုင်းအတွင်း နေထိုင်သူတဦးကလည်း ၎င်းနေထိုင်ရာ ကျေးရွာတွင် ရေအခက်အခဲ ကြုံလာရသဖြင့် ရေလှောင်ဆည်များ ထံမှ ရေဖောက်ချပေးရန် သွားရောက်ပြောဆိုရကြောင်း၊ အဆိုပါ ရေလှောင်ဆည်များတွင်လည်း ဖောက်ချပေးစရာ ရေ မရှိ တော့ကြောင်း ရှင်းပြသည်။

သောက်သုံးရေ အခက်အခဲများကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နောက်ဆက်တွဲ ဆိုးကျိုးကိုလည်း စတင်ခံစားလာရသည်။

“သောက်နေတဲ့ရေတွေက မသန့်တော့ ကလေးတွေ ၀မ်းပျက် ၀မ်းလျောတွေဖြစ်နေကြတယ်။ တချို့ကလေးတွေဆို သေကုန်တယ်” ဟု ပဲခူးတိုင်း ကလိ ကျေးရွာတွင်နေထိုင်သူ တဦးက ပြောသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ခံစားခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ လပွတ္တာ၊ ဘိုကလေး၊ ဒေးဒရဲ၊ ငပုတော၊ ဖျာပုံ စသော ဒေသများတွင်လည်း ရေချိုပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။

အဆိုပါ ဒေသများရှိ ရွာတရွာတွင် သောက်သုံးရေကန် ပျမ်းမျှ ၇ ကန်လျှင် ၅ ကန်နှုန်းခန့်မှာ ရေငန်ဝင်၍ ပျက်စီးခဲ့ပြီး လက်ရှိ အချိန်တွင် သောက်သုံးရေကန် အားလုံးနီးပါး ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြန်လည်ထူထောင်ရေး ကာလတွင် အဖွဲ့အစည်းများစွာက သောက်သုံးရေ အခက်အခဲ ဖြေရှင်းပေးမှုများ ရှိသော်လည်း ယခုကာလတွင် သောက်သုံးရေ မလောက်ငမှုများရှိကြောင်း သိရသည်။

“ရေကန်တွေ ပြန်တူးတယ်၊ မအောင်မြင်တော့တာ။ ရွာတရွာမှာ ၅ ကန်ရှိရင် ၂ ကန်လောက်ပဲ ပြန်ကောင်းတော့တယ်။ နွေရာသီဆိုရင် ဒီ ၂ ကန်နဲ့ လုံးဝမလောက်ဘူး။ ကန်တွေ ရေခန်းခြောက်ကုန်တယ်။ တနေ့ကို ပိုက်ဆံ ၁၀၀၀ ရှာဖို့ ခက်ရတဲ့ အထဲ ရေ ၅၀၀ ကျော်ဖိုးလောက် နေ့တိုင်းဝယ်သုံးနေရတယ်” ဟု လပွတ္တာခရိုင် ကညင်ကုန်းကျေးရွာမှ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦးက ညည်းညူပြောဆိုသည်။

ကျေးရွာများတွင် ရေချိုရရှိမှု ခက်ခဲသကဲ့သို့ လပွတ္တာမြို့ပေါ်နေသူများလည်း နေ့စဉ် သောက်သုံးရေ ကျပ် ၂၅၀၀ ဖိုးခန့် ၀ယ်ယူ သုံးစွဲနေရကြောင်း မြို့ခံတဦးကပြောသည်။

ဟိုင်းကြီး၊ ပျဉ်ခရိုင် စသော ဒေသများရှိ ကျေးရွာများတွင် နေထိုင်သူများသည် သောက်သုံးရေ အခက်အခဲကြောင့် ရေချို ရှိသောနေရာများသို့ ပြောင်းရွှေ့ နေထိုင်ရသည်အထိ ရေအခက်အခဲကို ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရကြောင်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ ရပ်ရွာသုံး ရေကန်များနှင့် အိမ်ထောင်စုများ၏ မိုးရေလှောင် စနစ်များ ကဲ့သို့သော အဓိက ရေရရှိရာ အရင်းအမြစ်များလည်း နာဂစ်ဆိုင်ကလုန်း တိုက်ခတ်စဉ်က အများအပြား ပျက်စီးဆုံးရှုံး ခဲ့ရသည်။ ရန်ကုန်တိုင်းတွင် ရေကန် ၃၁ ရာခိုင်နှုန်းနှင့် ဧရာဝတီတိုင်းတွင် ရေကန် ၄၃ ရာခိုင်နှုန်းမှာ မုန်တိုင်းတိုက်ချိန်တွင် ရေလွှမ်းခံခဲ့ရပြီး ဆားငန်ရေ ဝင်သွားသဖြင့် သုံးမရသော အခြေအနေသို့ ရောက်ခဲ့သည်ဟု သိရသည်။

ရေသယ်ယူစရိတ်သည် ငွေကြေး ချို့တဲ့သူများအတွက် ကြီးမားသည့် ပြဿနာတရပ် ဖြစ်နေသည်။

ရပ်ရွာ ရေကန်များသည် မိုးရေကို ခံယူ သိုလှောင်ကြသော်လည်း ယေဘုယျအားဖြင့် အညစ်အကြေး စွန့်ပစ်မှု၊ တိရစ္ဆာန် မစင် စွန့်မှုများကြောင့် အညစ်အကြေးများ ကူးစက်ဝင်ရောက်၍ အကာအကွယ် မဲ့လျက်ရှိသည်။

ပြည့်ဝစွာ ရေသန့်စင်ခြင်းနည်းလမ်း အသုံးပြုမှုနည်းနေခြင်း၊ ခြောက်သွေ့ရာသီအတွင်း မသန့်စင်သော အရင်းအမြစ်နေရာများမှ ရေများကို အသုံးပြုနေရခြင်း တို့ကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း NGO တခုမှ ဆရာဝန် တဦးကဆိုသည်။

လူတဦးသည် တနေ့လျှင် ရေ ၂. ၅ လီတာမှ ၃ လီတာအထိ ရရှိရန်လိုအပ်သော်လည်း ထိုသို့ ရရှိရန် များစွာ ခက်ခဲနေသည်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ရေရှားပါးမှု ပြဿနာသည် တနှစ်ထက် တနှစ် ပိုမို ဆိုးရွားလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်ကြသည်။

ရေ အခက်အခဲဖြစ်ပွားနေသော ဒေသအများစုတွင် သောက်သုံးရေ လုံလုံလောက်လောက် ရရှိနိုင်စေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် မိုးရွာသွန်းစေရန် နေ့စဉ် လွန်ဆွဲပွဲများ ကျင်းပရင်း မိုးရွာသွန်းမှုကို စောင့်မျှော်နေကြကြောင်း တွေ့ရသည်။