အင်းသီး မှတ်တမ်း ရုပ်ရှင်နှင့် ဧရာဝတီကို ကယ်တင်ပါ

ယိုယွင်းနေသော ဧရာဝတီမြစ်၊ ခန်းခြောက်စ ပြုပြီး ဂေဟစနစ် ပျက်စီးနေသည့် အင်းလေးကန်၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ တို့ဖြင့် ပျော်ဝင်နေသော ခရမ်းချဉ်သီးများ စသည်တို့ကို မြင်တွေ့ လိုက်ရသည့် အတွက် တူညီသည့် ရသတခုကို ထိထိခိုက်ခိုက် ခံစားသိရှိလိုက်ရကြောင်း ကဗျာဆရာ၊ စာရေးဆရာ မောင်စိမ်းသူက ပြောသည်။

“ဧရာဝတီမြစ်ကို ကယ်တင်ပါဆိုတဲ့ ခေါင်းစဉ်နဲ့ ပြနေတဲ့ ဓာတ်ပုံပြပွဲကို ကြည့်အပြီး မင်းထင်ကိုကိုကြီးရဲ့ 'အင်းသီး'ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကို ဆက်ကြည့်လိုက်ရတော့ မျက်ရည်တောင် ၀ဲချင်လာတယ်” ဟု မောင်စိမ်းသူက ပြောသည်။

“ဧရာဝတီမြစ်ကို ကယ်တင်ပါ” အမည်ဖြင့် ဓာတ်ပုံဆရာများ၊ ဓာတ်ပုံ သတင်းထောက်များက ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားကြသော ဓာတ်ပုံ ပြခန်းကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်၊ အမှတ် ၆၅ တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ဇွန်လ ၅ ရက်နေ့က စတင်ဖွင့်လှစ် ပြသခဲ့သည်။

{slimbox images/multimedia/In-Thee/01.jpg,images/multimedia/In-Thee/01-sm.jpg, ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ၎င်း၏ မှတ်တမ်းရုပ်ရှင် ပြပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/In-Thee/02.jpg,images/multimedia/In-Thee/02-sm.jpg, “ဧရာဝတီကို ကယ်တင်ပါ” ဓာတ်ပုံပြပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/In-Thee/03.jpg,images/multimedia/In-Thee/03-sm.jpg, ပြပွဲခန်းမရှေ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အင်္ကျီ၊ စာအုပ်နှင့် အိတ်များ ရောင်းချနေကြသည်ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/In-Thee/04.jpg,images/multimedia/In-Thee/04-sm.jpg, “ဧရာဝတီကို ကယ်တင်ပါ” ဓာတ်ပုံပြပွဲကို ဤသို့ စိတ်ဝင်တစား ကြည့်ရှုအားပေး နေကြသည် (ဓာတ်ပုံ - ဧရာဝတီ)}
Creative Media House မှ ထုတ်လုပ်သည့် အင်းသီး (The Floating Tomatoes) မှတ်တမ်းတင် ရုပ်ရှင်ကိုလည်း ရန်ကုန်မြို့ Park Royal Hotel တွင် ဇွန်လ ၅ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၂ နာရီ အထိ ပြသခဲ့သည်။

ခြေထောက်ဖြင့် လှေလှော်သည့် ဓလေ့ကြောင့် ထင်ရှားကျော်ကြားပြီး ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်ရာ ဖြစ်သော
အင်းလေးကန်တွင် အင်းသူအင်းသားများက အင်းသီးဟုခေါ်သည့် ခရမ်းချဉ်သီးကို အင်းလေးကန်အတွင်းမှ ကျွန်းမျောများတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး မြန်မာပြည် အနှံ့အပြားသို့ တင်ပို့ရောင်းချကြသည်။

လက်ရှိ ဧရာဝတီမြစ်၏ အခြေအနေကို မြင်တွေ့လိုက်ရသလို အင်းလေးကန်နှင့် စိုက်ပျိုးရေး အခြေအနေ၊ ဒေသခံတို့၏ အိပ်မက် စသည်တို့ကလည်း ခံစားရစေပြီး မြန်မာနိုင်ငံမှ မြစ်ချောင်းအင်းအိုင်များ ပျက်စီးနေပြီဆိုသည့် နှမြောတသမှု၊ ထိခိုက်ဝမ်းနည်းမှုတို့ကို ခံစားရကြောင်း ဓာတ်ပုံပြပွဲနှင့် ဇာတ်လမ်းရုပ်ရှင် ပြပွဲသို့  သွားရောက် ကြည့်ရှုသူများက ပြောသည်။

ဓာတ်ပုံပြပွဲကို ဦးဆောင်သူ တဦးဖြစ်သည့် ဓာတ်ပုံ သတင်းထောက် စိုးဝင်းငြိမ်းက “ဧရာဝတီကို မှတ်တမ်းတင်ထားကြတဲ့ ပုံတွေပါ။ ဒီနှစ်မှ ရိုက်တဲ့ပုံတွေ ရှိသလို၊ အရင်ကတည်းက ရိုက်ခဲ့တဲ့ ပုံတွေနဲ့လည်း တွဲပြထားတယ်။ သဘောကတော့ ဧရာဝတီရဲ့ အခြေအနေကို ဒီဓာတ်ပုံတွေကနေ တွေ့မြင်စေချင်တဲ့ စိတ်စေတနာပါ” ဟု ပြောပြသည်။

ဧရာဝတီမြစ် ပျက်စီးနေရခြင်းမှာ ရွှေတူးဖော်ရေးလုပ်ငန်းများ၊ ရေကာတာများနှင့် ဆည်းမြောင်း တာတမံများကြောင့် အဓိက
ဖြစ်ကြောင်း ပွဲသို့ လာရောက်သည့် ဓာတ်ပုံဆရာတဦးက ပြောသည်။

“သစ်ပင်သစ်တောတွေ ပြုန်းကုန်လို့ ကမ်းပါး ပြိုတာတွေအပြင် ရွှေတူးကြတာတွေကလည်း တော်တော်ဆိုးတယ်ဗျာ၊ အနှစ် ၂၀ အတွင်းမှာ ဧရာဝတီ ပျက်စီးခဲ့တာ ဒီပုံတွေကို ကြည့်ရင် သိနိုင်တယ်” ဟု အဆိုပါ ဓာတ်ပုံဆရာက ပြောသည်။

ဓာတ်ပုံပြပွဲတွင် ဧရာဝတီ မြစ်ဆုံမြစ်ဖျား ရှုခင်း၊ သောင်ထွန်းပြီး တဖြည်းဖြည်း ကျယ်လာသော မြစ်ပြင်ကျယ် မြင်ကွင်း၊ နွေရာသီတွင် သာမန်ထက်ပို၍ ခန်းခြောက်နေသော ဧရာဝတီမြစ်အနေအထား၊ ဧရာဝတီကို မှီခိုနေထိုင်ကြသော တိုင်းရင်းသားများ၊ ပြိုနေသော ကမ်းပါးများ စသည့် ဧရာဝတီမြစ်ဖျားမှသည် နောက်ဆုံး စီးဝင်ရာ ပင်လယ်ဝအထိ ဓာတ်ပုံများကို အနေအထား၊ ရှုထောင့်အမျိုးမျိုးဖြင့် တွေ့မြင်ခဲ့ရသည်။ သို့သော် ဧရာဝတီမြစ်တွင် သစ်တုံးများ မျှောချနေသည့် ပုံကိုမူ တပုံတည်းသာ မြင်တွေ့ခဲ့ရသည်။

“သစ်တုံးတွေပါတဲ့ ပုံတွေကို ပြပွဲစိစစ်ရေးက ခွင့်မပြုဘူး။ ဒီတပုံတလေပဲ ကျန်ခဲ့တာ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်သူတဦးက ပြောပြသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ဧရာဝတီတိုင်း တတိုင်းလုံးနီးပါး ပျက်စီးကြေမွပြီးမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး လူအများစုမှာ စိတ်ဝင်စားလာသည်ကို တွေ့မြင်ရကြောင်း၊ သတင်းဂျာနယ် တချို့တွင် နေရာပေးကာ ဖော်ပြလာသည်ကို တွေ့ရသော်လည်း စာပေစိစစ်ရေးက ကန့်သတ်ထားနေဆဲ ဖြစ်သည့်အတွက် မကျေမနပ် ဖြစ်ရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ကာတွန်းဆရာ အော်ပီကျယ်က လူထုအနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတ ကျယ်ပြန့်ရန် လိုအပ်သေးသည်ဟု ဆိုသည်။

“ခံရတော့မှ သိတာလေ၊ အသိပညာ ရှိရုံနဲ့လည်း မရဘူးဗျ၊ အခုတောင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့က လိုသေးတယ်” အော်ပီကျယ်က ပြောသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူ့အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တဦး မဟုတ်သော်လည်း “အင်းသီး” မှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူးဖြစ်ခဲ့သည်ဟု ပြောပြသည်။

“ကျနော်က အင်းလေးကန်ရဲ့သဘာဝ အလှအပတွေကို အခြေခံတဲ့ Documentary ရိုက်ကူးမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ အင်းလေးကို သွားခဲ့တယ်။ ဒါပေမယ့် အင်းလေးကန်ရဲ့ လက်ရှိအနေအထားကို ထဲထဲဝင်ဝင် သိလိုက်ရတဲ့ အချိန်မှာတော့
ကျနော့် စိတ်ကူးတွေဟာ တကယ့်ကိုပဲ တမျိုးတဖုံ ပြောင်းလဲသွားခဲ့တယ်” ဟု မင်းထင်ကိုကိုကြီးက ပြောသည်။

“အဲဒီ စိုက်ခင်းတွေမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး မျိုးစုံကို အလွန်အကျွံ သုံးစွဲကြတာ၊ ခရမ်းချဉ်သီး ပင်တွေပေါ်မှာ ပိုးသတ်ဆေးကို တိုက်ရိုက်ဖြန်းနေတာ၊ အကာအကွယ်မဲ့စွာ ကိုင်တွယ် အသုံးပြုနေတဲ့အပြင် အဲဒီ ပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေသြဇာတွေက ရေထဲကို တိုက်ရိုက်ကျနေတာ၊ အဲဒီ ရေကိုပဲ အင်းသူအင်းသားတွေက သုံးစွဲနေကြရတာတွေကို ကျနော် မြင်တွေ့ခဲ့ရတယ်” ဟု မင်းထင်ကိုကိုကြီးက ဆက်လက်ပြောပြသည်။

ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၏ အကျိုးဆက်သည် သုံးစွဲသူ အင်းသူအင်းသားများသာမက စားသုံးသူများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေသည့်အပြင် အင်းလေးကန်၏ ဂေဟစနစ်ကိုပါ ယိုယွင်းစေသည်ကို တွေ့မြင်ရသည့်အတွက် စိတ်ထိခိုက်မိသကဲ့သို့ စိုးရိမ်မကင်းဖြစ်လာသည့် ခံစားချက်ဖြင့် အင်းသီးကို ဖန်တီးမိခြင်းဖြစ်ကြောင်းလည်း မင်းထင်ကိုကိုကြီးက ပြောသည်။

စာရေးဆရာမ ဂျူးက “ကျမ အာရုံထဲမှာ အမြဲရှိနေတာက အင်းလေးမှာ ရေတွေခန်းခြောက်သွားပြီ၊ ကျန်ရှိနေတဲ့ ရေတွေကလည်း ညစ်ညမ်းနေပြီ၊ ခရမ်းချဉ်သီး စိုက်ခင်းတွေအတွက် အသုံးပြုခဲ့တဲ့ ပိုးသတ်ဆေးတွေရဲ့ အကျိုးဆက်တွေကိုလည်း ခံစားနေကြရပြီ ဆိုတာကို တွေ့မြင်ရအောင် ဒါတွေကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက လိမ္မာပါးနပ်စွာ ရိုက်ပြနိုင်ခဲ့တယ်” ဟု ပြောသည်။

“ဧရာဝတီကို ကယ်တင်ပါ” ဓာတ်ပုံပြပွဲကို ကြည့်ရှုရပြီး ဧရာဝတီ၏ အခြေအနေကို မြင်တွေ့ရသည့်အတွက် စိတ်ထိခိုက်မိကြောင်း ဆရာမ ဂျူးက ဆိုသည်။

“အင်းသီး” မှတ်တမ်းတင် ရုပ်ရှင်ကားကို အစိုးရပိုင် မြန်မာ့ ရုပ်မြင်သံကြားမှ ထုတ်လွင့်ပြသသွားမည် ဖြစ်သော်လည်း
ရေထုညစ်ညမ်းမှုကြောင့် ဒေသခံတို့၏ ကျန်းမာရေး ထိခိုက်ပုံကို ရိုက်ကူးထားသည့် အပိုင်းကိုမူ
စိစစ် ဖြတ်တောက်ပြီးမှ ထုတ်လွင့်မည် ဖြစ်ကြောင်း သိရသည်။

“UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်) က ရေထုညစ်ညမ်းတာ၊ ဒေသခံတွေရော စားသုံးသူတွေပါ ကျန်းမာရေး ထိခိုက်တာတွေ ပြောထားတဲ့ အပိုင်းတွေကို သူတို့ဖြတ်တောက်တယ်လို့ သိရတယ်၊ အဲဒီအပိုင်းကို ဖြတ်လိုက်တဲ့အတွက် ဒီဇာတ်လမ်းရုပ်ရှင်က ပြောချင်တာကိုတော့ ကြည့်တဲ့သူတွေ ပြည့်ပြည့်၀၀ ရမှာ မဟုတ်တော့ဘူး” ဟု
ကဗျာဆရာမ တဦးက ဝေဖန်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်