Gtalk Status သို့မဟုတ် ရင်ချောင်ဆေး

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိသော မြန်မာ နိုင်ငံတွင် Gtalk Status များသည် လက်ရှိ ဖြစ်ပျက်နေသော အခြေအနေ အရပ်ရပ်နှင့် ခံစားရမှုများကို ဖွင့်အန်ထုတ်သည့် နေရာ တနေရာ ဖြစ်လာနေသည်။

“နိုင်ငံပိုင်သတင်းစာမှာက နျူလီးယား၊ တကမ္ဘာလုံးက မီဒီယာတွေမှာ ဒေါ်စု၊ ရပ်ကွက်ထဲမှာတော့ ကမ္ဘာ့ဖလား၊ ရခိုင်မှာတော့ ရေကူးနေကြပြီ”

“လာပါ အချစ်ရယ်၊ ဆိုက်ကား နင်းမယ် ... ကူလီထမ်းမယ် ... ဘိန်းမုန့် ရောင်းမယ် ... ကြည်နူးဖွယ်။ ပန်းတောင်းကို ရွက်ကာ ဘုရားပေါ်တက်၊ ကန်ပေါင်မှာ အတူတူ ထိုင်မယ်၊ လာ ... ဆိုက်ကား ပေါ်တက်”

“အိပ်မက်တပွဲ ပေးပါ။ မျှော်လင့်ချက် များများထည့်၊ အတိတ် ဆိုးတွေ မပါစေနဲ့၊ ခံစားချက်ကို ပါးပါးလေး ဖြူး၊ သံယောဇဉ်လည်း ပါပါစေ”

Gtalk Status အကြောင်း အရာများက စုံလှသည်။ ဟာသများ ပါသကဲ့သို့ နယ်မြေဒေသ အခြေအနေကို ထင်ဟပ်သည် များလည်း ပါသည်။ နှလုံးသား ရေးရာ တင်သူ ရှိပြီး နိုင်ငံရေး အစာမကြေမှုကို အန်ထုတ်သူ များလည်း ရှိသည်။

“ရန်ကုန်မြို့ကြီးကို မီးပိုပေးနိုင်ပြီလို့ အော်နေကြတယ်၊ တို့ ပဲခူးမှာတော့ မီးလာချိန်တွေ ပိုနည်းသွားတယ်၊ တော်လိုက်ကြတာ” ဆိုသည့် Gtalk Status တခုက ရန်ကုန် မီးလာချိန် တိုးမည်ဆိုသော သတင်းကိုသာ အာရုံစိုက်နေကြသူများအတွက် အခြားတဘက်ကို လှစ်ဟပြလိုက်သည့် ကန့်လန့်ကာ အဖွင့်တခု ဖြစ်သည်။

သာသနာရေး ၀န်ကြီးဌာနမှ ၀န်ထမ်းတဦး၏ Status က အောက်ခြေဝန်ထမ်းဘဝကို ထင်ဟပ်ပြနေသည်။ “အို … နေပြည်တော်မှ အဘအပေါင်းတို့၊ ကျွန်ုပ် ယနေ့စားသုံးလိုက်သော အစာအာဟာရများသည် မနက်ဖြန်ခါအတွက် သည်းခံဖို့ဖြစ်ပါ၏” ဟု တင်ထားသည်။

၃ ရက်ခန့်အကြာတွင် ပုဂံ၌ တည်ဆောက်လျက်ရှိသည့် သာသနာရေးဆိုင်ရာ အဆောက်အအုံ တခုအတွက် အလုပ်ကြမ်း ၀င်လုပ်ပေးနေကြရသော သာသနာရေးဝန်ထမ်းများ၏ အခြေအနေသတင်းက ခေတ်ပြိုင်အင်တာနက် စာမျက်နှာတွင် ပေါ်ထွက်လာသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် လူငယ်တဦးကမူ မြန်မာ့နိုင်ငံရေး အကွဲအပြဲများကို စိတ်ကုန်လာဟန်ရှိသည်။

“ထိတိုင်း ကွဲတဲ့ တို့လူတွေ။ ဖဆပလ အကွဲ တိုင်းပြည်လဲ။ ပြည်ပအကွဲ ယုံကြည်မှုနည်း။ NLD အကွဲ ပြည်သူ ဆဲ။ အတိုက်အခံ အားလုံးကွဲ စစ်ကျွန်ပဲ” ဟု Status တွင် တင်ထားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ အမှတ်တံဆိပ်ကို ကန့်ကွက်နိုင်ကြောင်း သတင်းစာတွင် ပါလာသည့် နေ့တွင် “ကိုဆွေ-ငြိမ်း တို့ကလည်း ခမောက်လေးကို စွဲလမ်းနေတုန်းပါလားလို့၊ လျှာထိုးဦးထုပ်လေး ဘာလေး လုပ်လည်း ရပါတယ်ကွယ့်၊ ငုနဲ့ပိတောက် ... စုနဲ့ခမောက် ... ဆွေငြိမ်းနဲ့ ဦးထုပ်ပေါ့လို့” ဟူ၍ ပြည်တွင်းမှ အယ်ဒီတာတဦးက သူ၏ Statusကနေ ခနဲ့၏။

ဖဆပလခေတ်က ဦးဗဆွေနှင့် ဦးကျော်ငြိမ်းအတွဲကို “ဆွေငြိမ်းအုပ်စု”ဟု ခေါ်ဝေါ်ခဲ့ကြသကဲ့သို့ NLDမှ ခွဲထွက်ကာ NDF ပါတီကို ထူထောင်ကြသည့် ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ကိုလည်း ခေတ်သစ် “ဆွေငြိမ်း” ဟု ကင်ပွန်းတပ်သည်။

မြန်မာပြည်အတွင်း ရေလှူဒါန်းမှုများ ပြုလုပ်ပေးခဲ့သော စင်ကာပူနိုင်ငံ အခြေစိုက် Lotus ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတဦးက “မြန်မာပြည်တွင် ရေတွင်းရေကန် ခန်းခြောက်မှုတွေ ဖြစ်နေပြီဆိုတာကို သတင်းဌာနတွေမှာ မတက်ခင်ကတည်းက  ပြည်တွင်း Gtalk Message တွေမှာ ကျနော်တွေ့မိနေတယ်။ အဲဒါကြောင့်လည်း အကူအညီပေးရေးအတွက် ကြိုပြင်ထားနိုင်ခဲ့တယ်” ဟု ပြောသည်။

ပြည်တွင်းမှ အင်တာနက် သုံးစွဲသူများ အနေဖြင့် Gtalk Status ကို လွတ်လပ်စွာ မရေးဝံ့သည်များလည်း ရှိသည်။

“ဟင့်အင်း၊ မရေးရဲဘူး။ သမီးရဲ့ Account ထဲမှာ ဘယ်သူတွေက ဘာတွေမှန်း မသိဘူးလေ။ သမီးမမြင်ဘူး မသိဘူးတဲ့ သူတွေလည်း ရှိတယ်။ သမီး နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ရေးထားတာကို သူတို့ မြင်သွားရင် ဘယ်လိုလုပ်မလဲ” ဟု ရန်ကုန်သူ ဝန်ထမ်း အမျိုးသမီးငယ်တဦးက ပြောသည်။

ထိုအမျိုးသမီးအနေဖြင့် သူ၏အမည်နောက်တွင် ဌာနအမည်ပူးတွဲပါ Gmail Accountကို သုံးနေရသူဖြစ်သည်။

ထိုသို့သော စိုးရွံ့မှုများနှင့် ပတ်သက်၍ “မြန်မာနိုင်ငံထဲကနေ လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ဖို့ဆိုရင် ကိုယ့်အမည်ရင်း၊ အလုပ်ဌာနတွေနဲ့ မသက်ဆိုင်တဲ့ Account တခု သီးသန့်ကို ဖွင့်ထားသင့်တယ်။ ကိုယ့်မိသားစု၊ ကိုယ့်အလုပ် အသိုင်းအဝိုင်းနဲ့ ပြောမယ့် Account ၊ တခြား လွတ်လွတ်လပ်လပ် ပြောချင်ရာ ပြောလို့ရမယ့် Account ဆိုပြီး ခွဲခြားပြီး သုံးရင် စိုးရိမ်စရာ မရှိပါဘူး” ဟု အင်တာနက်လုံခြုံရေး ကျွမ်းကျင်သူ ကိုထက်ခိုင်က အကြံပြုသည်။

Gmail သုံးစွဲခြင်းသည် လူမှုကွန်ရက် တခုဖြစ်သည့် Facebook ထက်ပင် ပြည်တွင်း အင်တာနက်သုံးစွဲသူများအတွက် လုံခြုံမှု ပေးနိုင်သေးသည်ဟုလည်း ကိုထက်ခိုင်က ထောက်ပြသည်။

“Facebook က Public ဖွင့်ပေးလို့ရတယ်။ ဘယ်သူမဆို တက်ကြည့်လို့ ရနေတယ်။ ဒါမှ မဟုတ်ရင် မိတ်ဆွေသီးသန့် (friend only) ပေးလို့ရတယ်။ မိတ်ဆွေရဲ့ မိတ်ဆွေ (friend of friend ) ဖွင့်ပေးလို့ရတယ်။ Google buzz ကတော့ မိတ်ဆွေသီးသန့် တမျိုးပဲရှိတယ်။ မိတ်ဆွေရဲ့ မိတ်ဆွေ ဆိုတာ  မရှိဘူး။ အများသူငါ (Public) ကြည့်လို့ မရဘူး။ ဒါကြောင့် ကိုယ်ရေးထားတဲ့ ဟာတွေက မိတ်ဆွေသီးသန့် အတွက်ပဲဖြစ်တဲ့အတွက် လုံခြုံမှု အဆင့်အတန်း ပိုရှိတယ်” ဟု ၄င်းက ဆိုသည်။

Google Buzz ဆိုသည်မှာ Facebook ကဲ့သို့ အများအသုံးပြုနိုင်သည့် လူမှုကွန်ရက် ဖြစ်ပြီး Google ကုမ္ပဏီက ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အင်တာနက် သုံးစွဲသူများသို့ စတင် မိတ်ဆက်ခဲ့သည်။

Google Buzzကို ဂျီမေးလ်မှ တဆင့် အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ထားကာ မကြာခဏ ပြောဆို ဆက်သွယ်လေ့ရှိသော လိပ်စာများကို Buzzက အလိုအလျောက် အပြန်အလှန် ချိတ်ဆက်ပေးမည် ဖြစ်သည်။

Google Buzz စတင် မိတ်ဆက်စဉ်က လုံခြုံရေး အားနည်းချက်များ ပေါ်ထွက်လာသဖြင့် Google ကုမ္ပဏီက သုံးစွဲသူများကို တောင်းပန်ခဲ့ရပြီး ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ပဲခူးမြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင်တဦးက “ကျနော်တို့ဆီ အင်တာနက် လာသုံးသူတွေအားလုံး Gmail Account တခုတော့ ပိုင်ကြတာချည်းပဲ။ Buzz ထပ်ထွက်လာချိန်မှာ သုံးတတ်သူတောင် မရှိသလောက်ပါဘဲ။ အများစုက ကိုယ်ရေးချင်တာ ရေးပို့ဖို့၊ သူများ ပို့လာတဲ့စာကို ဖတ်ဖို့၊ ဒါလောက်ပဲ သုံးကြတာပါ။ အသစ်ပေါ်တာတွေကို စမ်းသုံးနိုင်ဖို့ အင်တာနက်ဆိုင်မှာ အချိန်ကုန် ငွေကုန်ခံနိုင်သူတွေလည်း မရှိသလောက်ပါ” ဟု ပြောသည်။

ကမ္ဘာပေါ်တွင် Gmail အသုံးပြုသူပေါင်း ၁၇၆ သန်းခန့် ရှိပြီး အင်တာနက် မြန်နှုန်းနိမ့်သော မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ အများစုသည် Gmail ကို အသုံးပြုကြသည်။
မြန်မာနိုင်ငံတဝန်းတွင် အင်တာနက် သုံးစွဲသူ ၁ သိန်း ၁ သောင်းကျော် ရှိပြီး အင်တာနက်ဆိုင်ပေါင်း ၇၀၀ နီးပါးရှိသည်။ အင်တာနက်ဆိုင်များသည် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် အများဆုံး ရှိသည်ဟု သိရသည်။

ပြည်တွင်း အင်တာနက်သုံးစွဲသူများတွင် Gmail လုံခြုံစွာ သုံးစွဲမှုကို နားလည်သူများ ရှိသကဲ့သို့ နားမလည်သူများလည်း ရှိသည်။

မန္တလေးမှ စာနယ်ဇင်းသမား တဦးက “Gmail လုံခြုံရေးအကြောင်းကိုတော့ သိပ်မသိဘူး။ Gtalk Message တွေတော့ တင်ဖြစ်တယ်။ တင်တာတွေ အများစုကတော့ ကျနော်တို့ မန္တလေးတဝိုက်က အခြေအနေတွေ အကြောင်းပါပဲ။ ကျနော်တို့ ပြည်တွင်းမှာ ရေးလို့မရတာတွေ တင်ပစ်လိုက်တယ်ဗျာ။ အဲလိုမှ မတင်ရရင် ရင်မချောင်ဘူး" ဟု ဆိုသည်။

အောက်ဖော်ပြပါ Message များကဲ့သို့ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို တိုတိုထိထိနှင့်လည်း ဖော်ပြနိုင်ပြီး မျိုသိပ်ထားရသည်များကိုလည်း ထုတ်ဖော်ခွင့်ရသော နေရာတခုအဖြစ် မြန်မာ အင်တာနက် သုံးစွဲသူများအကြားတွင် Gtalk Statusသည် ဆက်လက်ရေပန်းစားနေဦးမည် ဖြစ်ပေသည်။

“ပျော်ပျော်နေ သေခဲ … မော်တော်နေ ရေထဲ … အိမ်မှာနေ အမေဆဲ … ရန်ကုန်မှာနေ ဗုံးကွဲ …  နေပြည်တော်မှာနေ အသားမည်း … အမြင့်ဆုံးကိုတက် အချစ်ဆုံးကို ဖက်ပြီး အော်လိုက်မယ် … မီးလာပြီ … မီးလာပြီ … ဟေး”
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်