ရိုးရာရနံ့များ ထုံမွှန်းနေသည့် တောင်ပြုံးပွဲ

အပြာရောင် ရှပ်အင်္ကျီ အကွက်ကို တီရှပ်အဖြူရောင်ပေါ် ထပ်ကာ အပြာပြောင်ပေါ်တွင် အဖြူရောင်အလုံးကလေးများ ပါသော ထဘီနှင့် တွဲဖက်ဝတ်ဆင်ထားသည့် အသက် ၁၆ နှစ်အရွယ်ရှိ

မခင်မာသည် ခြေဗလာဖြင့် ပိုက်ဆံကြဲချမည့် ကားကြီးများ လာရာ လမ်းဆီသို့ ငေးမျှော်နေသည်။

1_400“သမီးက သူတောင်းစားမဟုတ်ပါဘူး။ ဘုရင်ခေတ်က ကျိန်စာမိတယ်လို့ အဘွားက ပြောဘူးတယ်။ ဒီအချိန်ဆို ဒီနေရာမှာ ပိုက်ဆံလာလာ ကောက်နေကြတာ ကျိန်စာကြောင့်လို့ပြောတယ်” ဟု သူက ဆိုရင်း ကားပေါ်မှကြဲချလာသော ကျပ် ၅၀ တန် တရွက်ကို အပြေးကောက်လိုက်သည်။

နှစ်စဉ် ပွဲတော်ကျင်းပသော တောင်ပြုံးကျေးရွာ အနီးရှိ လွန်တောင်းကျေးရွာတွင် နေထိုင်သော မခင်မာသည် လူမှန်းသိတတ်စ အရွယ်ကတည်းက လူအုပ်ကြားထဲတွင် ပိုက်ဆံများ လိုက်လံ လုကောက်ခဲ့ရသည်ဟု ပြောပြသည်။

“ပိုက်ဆံကြဲပါဗျို့၊ ပိုက်ဆံကြဲပါဗျို့” ဟု အသံကုန်အော်ဟစ်ကာ ခြေဗလာဖြင့် အရှိန်ပြင်းစွာ မောင်းနှင် လာသော ဘုရားဖူးကား ကြီးများနောက် ပြေးလိုက်နေကြသည့် လူကြီး၊ လူငယ်၊ ကလေးများအားလုံးထဲ၌ အများစုသည် ပိုက်ဆံတောင်းစား သူများ မဟုတ်ကြဘဲ တောင်ပြုန်းပွဲတော် အချိန် တချိန်းတည်းတွင်သာ စီးပွားရေးတခုသဖွယ် ကားများက ချပေးခဲ့သည့် ငွေကြေးကို လိုက်လံကောက်ယူသူများ ဖြစ်သည်။

မန္တလေး-မတ္တရာ ကားလမ်းမကြီးမှ ခွဲထွက်သွားရသော တောင်ပြုံးကျေးရွာ လမ်းခွဲလေးသည် မှိုင်းမှုံလျှက် ရှိသည်။

တောင်ပြုံးရွာ အ၀င်နားတွင် သနပ်ခါး ပါးကွက်ကျားများနှင့် ရင်ဖုံးအင်္ကျီများ ဝတ်ထားသည့် အမျိုးသမီးကြီးများ၊ ပန်းစည်း ကိုယ်စီကိုင်ထားသူများ၊ အုန်းသီး၊ ငှက်ပျောသီးများ ထည့်ထားသည့် ကန်တော့ပွဲတောင်းငယ်ကလေးများကို ရွက်ထားသည့် အမျိုးသမီးများကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းက ရန်ကုန်တွင် နေ့စဉ် မြင်တွေ့နေကျ မြင်ကွင်းနှင့် ခြားနားနေသည်။

{slimbox images/multimedia/Taung-Pyone/01.jpg,images/multimedia/Taung-Pyone/01-sm.jpg, တောင်ပြုံးပွဲတွင် နတ်ဝင်သည်တဦးကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Taung-Pyone/02.jpg,images/multimedia/Taung-Pyone/02-sm.jpg, တောင်ပြုံးပွဲလာ ရထားတစီး (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Taung-Pyone/03.jpg,images/multimedia/Taung-Pyone/03-sm.jpg, တောင်ပြုံးရွာ အနီးဝန်းကျင်မှ အမျိုးသမီးများလည်း ပွဲတော်သို့ မပျက်မကွက် လာကြရသည် (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Taung-Pyone/04.jpg,images/multimedia/Taung-Pyone/04-sm.jpg, တောင်ပြုံးပွဲတော် ဝန်းကြီးတွင် ဤသို့စည်ကားသိုက်မြိုက်နေသည် (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Taung-Pyone/05.jpg,images/multimedia/Taung-Pyone/05-sm.jpg, တောင်ပြုံးပွဲတော်တွင် မင်းနှစ်ပါးစံရာ နန်းတော်သို့ ဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် လူအုပ်ကြီး (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Taung-Pyone/06.jpg,images/multimedia/Taung-Pyone/06-sm.jpg,  ခေတ်နှင့်အညီ ဝတ်ဆင်ပျော်ပါးနေကြသည့် လိင်တူချစ်သူများကိုလည်း ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Taung-Pyone/07.jpg,images/multimedia/Taung-Pyone/07-sm.jpg, တောင်ပြုံးပွဲတော် ဝန်းအတွင်း ဤသို့ နတ်ရုပ်များ ထုလုပ်ရောင်းချသူလည်း ရှိသည်(ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Taung-Pyone/08.jpg,images/multimedia/Taung-Pyone/08-sm.jpg, နတ်ချော့နေသူများနှင့် ကနေသည့် နတ်ကတော်တဦး (ဓာတ်ပုံ - ဧရာဝတီ)}

ရွာအ၀င်တွင် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ကိုယ်တိုင်ရောင်းချနေသည့် ဝေဠုကျော်အမှတ်တံဆိပ် ရှုဆေး ဆိုသော ဗီနိုင်းဆိုင်းဘုတ်ကြီး ချိတ်ဆွဲထားသည့် တဲငယ်ရှေ့တွင် လူအများ စုရုံးနေကြသည်။ ထိုလူအုပ် ကြီးက ရှုဆေးထက် သရုပ်ဆောင် ဝေဠုကျော်ကို မြင်ဖူးချင်၍ လာရောက် ကြည့်ရှုကြခြင်းဖြစ်သည်။

တောင်ပြုံးရွာအလယ် လမ်းမဘေး ဝဲယာ တလျှောက်တွင်တော့ ပွဲတော်ဆိုင်များနှင့် ပြွတ်သိပ် ကျပ်ညပ် နေသည်။

ပွဲတော်တွင် ရောင်းလေ့ရှိသည့် မြန်မာမုန့်ပဲသွားရည်စာများ ဖြစ်ကြသော ကရေကရာ၊ စလူမုန့်၊ အနုဆုပ် ဆိုင်များမှ မွှေးပျံ့လာသည့် မုန့်ရနံ့နှင့် တောင်ပြုန်းပွဲတော်လာများကြောင့် ထလာသည့် ဖုန်မှုန့်ရနံ့များကို ရောထွေးရှုရှိုက်လိုက်ရသည်။

လပေါင်းများစွာ တိတ်ဆိတ်နေခဲ့သည့် တောင်ပြုန်းကျေးရွာတွင် နတ်နန်းငယ်များ၊ ပန်း အရောင်းဆိုင်များ၊ စားသောက်ကုန်၊ အုန်းသီး၊ ငှက်ပျောသီးနှင့် ဗေဒင်ဟောခန်း စသည့် ဆိုင်ခန်းများကလွှမ်းခြုံထား လိုက်ပြီ ဖြစ်သည်။

ပွဲတော်ချိန် ဈေးသည်၊ ဈေးဝယ်၊ နတ်ဝင်သည်တို့၏ ဆူသံ ညံသံများကြောင့် ဆုတောင်းပြည့်စေတီတော်မှ ဆည်းလည်းသံသာကို ကြားနိုင်ရန် မလွယ်တော့ပေ။

နတ်ကတော်တို့၏ ကန္နားတဲငယ်လေးတိုင်းတွင် ရွှေရောင်ဝင်းလက်နေသည့် နတ်ပုံတော်များက အဝါရောင်မီးလုံးအောက်တွင် အသက်ဝင် လှုပ်ရှား လာတော့မလား ထင်ရသည်။ ထို ပုံတော်များ ရှေ့တွင် သစ်သီးမျိုးစုံ၊ ပန်းမျိုးစုံ၊ မုန့်မျိုးစုံ၊ ဘီယာဘူး၊ ရမ်ပုလင်း၊ ဝီစကီပုလင်း စသည့် စားတော် စားပွဲများကို တခမ်းတနား ပြင်ဆင်ထားသည်။

စိတ်ကိုမြူးကြွစေသည့် ဇွန်ပန်းရနံ့ လှိုင်လှိုင်ထွက်ပေါ်ရာနေရာသို့ ထောင်ပေါင်းများစွာသောလူအုပ်ကြီးက တိုးဝှေ့ သွားနေကြသည်။ ထို နေရာကတော့ တောင်ပြုန်းမင်းနှစ်ပါး၏ နန်းတော်ဖြစ်သည်။

တောင်ပြုံးမင်းနှစ်ပါး စံရာ နန်းတော်ကြီးက ဆူညံနေသည့် ပွဲတော်၊ ပွဲခင်း အသံများအကြား အိနြေ္ဒ သိက္ခာကြီးမားစွာ ငြိမ်သက်လို့နေသည်။

နန်းတော်ကြီး၏ ပတ်ပတ်လည်တွင် ပန်းအရောင်းဆိုင်များက ဝိုင်းရံထားကြပြီး ဇွန်ပန်းနံ့၊ သပြေနံ့၊ နှင်းဆီနံ့၊ ပန်းညိုပန်းနံ့၊ ရွှေပန်းနံ့များဖြင့် ကြိုင်လှောက်နေသည်။

“ပွဲပြီးရင် စားပြီးသောက်ပြီး ကျပ် ၅ သိန်း၊ ၆ သိန်းလောက် ကျန်တယ်လေ။ ဒီပွဲကို အားထား နေရတယ်” ဟု ပန်းသည်တဦိးက သပြေပန်းစည်း ထိပ်တွင် ဗောင်းတော် ပ၀ါစကလေးအား ရစ်ပတ်ရင်း ပြောသည်။

သာမန်အချိန် ပန်းတစည်းလျင် ကျပ် ၃၀၀ ခန့်နှင့် ရောင်းချသော်လည်း ပွဲတော်ချိန်တွင် ပန်းတစည်း ၅၀၀ ကျပ်နှင့် ရောင်းနိုင်သည်ဟု သူကဆိုသည်။

တောင်ပြုံးပွဲရာသီတွင် ငွေကြေးအနည်းငယ်ရင်းပြီး ရောင်းချသော အရောင်းဆိုင်များအားလုံး ပွဲတော် ကာလပြီးလျင် အနည်းဆုံး ၂ ဆခန့် အမြတ်ရရှိကြောင်း သိရသည်။

တောင်ပြုံးမင်း နှစ်ပါး နန်းတော်ပေါ်သို့ ရောက်ရှိနေသည့် လူအုပ်ကြီးက မင်းနှစ်ပါး ရုပ်တုကို သူ့ထက်ငါ အပြိုင် ဖူးနိုင်ရန် တိုးဝှေ့နေကြခြင်းကြောင့် လူအုပ်ကြီးမှာ ဘယ်ဘက်ယိမ်းလိုက်၊ ညာဘက်ယိမ်းလိုက် ဖြစ်နေသည်။

တောင်ပြုံးပွဲတော်သို့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ မိရိုးဖလာ ယုံကြည်မှုအရ နတ်ကိုးကွယ် သူများအပြင် စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများ၊ အနုပညာရှင်များတို့ အဓိကလာရောက် ကြသည်ကို တွေ့ရသည်။

ဆုတောင်းပြည့်၊ ဆုတောင်းရနှင့် တောင်ပြုံးမင်းနှစ်ပါး ပွဲတော်ကို ၀ါခေါင်လဆန်း ၈ရက် (သြဂုတ် ၁၈ ရက်) နေ့မှ ချိုးရေသုံးသည့် ၀ါခေါင်လဆန်း ၁၁ ရက် (သြဂုတ် ၂၁ ရက်) နေ့အထိ စည်ကားစွာ နှစ်စဉ် ကျင်းပကြသည်။

ပုဂံအနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သည့် ဤဆုတောင်းပြည့် ဘုရားတည်ရာတွင် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် ညီနောင်နှစ်ဦးတို့က အမှုတော် အုတ်နှစ်ချပ် လစ်လပ်ပျက်ကွက်ခဲ့သည့်အတွက် အနော်ရထာမင်း၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်ဟု ရာဇဝင်က ဆိုသည်။

မင်းညီနောင် ၂ ဦး ဖြစ်သည့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ညီအစ်ကိုသည် ပန်းဆက်သမား ဗျတ္တနှင့် ပန်းစား ဘီလူးမ မယ်ဝဏ္ဏတို့၏ သားများ ဖြစ်ကြသည်ဟုလည်း အဆိုရှိသည်။

လူပေါင်းသိန်းနှင့်ချီပြီး နှစ်စဉ်သွားရောက်ကြသည့် ထိုပွဲမှာ တောင်ပြုံးရွာရှိ ဆုတောင်းပြည့်ဘုရားနှင့် ဆုတောင်းရ ဘုရားပွဲ ဖြစ်သော်လည်း တောင်ပြုန်းမင်းညီနောင်တို့ကို ပူဇော် ဆုတောင်း ကခုန်သော နတ်ပွဲကြီးအဖြစ် ထင်ရှားလာသည်။

နတ်ရိုးရာယုံကြည် သက်ဝင်သူများသည် တောင်ပြုံးပွဲကြီးတွင် ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး နတ်ကတော်များကို နတ်ချော့ခိုင်းကာ ၎င်းတို့ စီးပွားရေးများအတွက် ဆုတောင်းကြသည်။

“မင်းနှစ်ပါးကြောင့် ဒီနေ့ဒီအချိန်အထိ စီးပွားရေး ထိုးတက်နေတာ” ဟု တောင်ပြုံးပွဲလာ စားသောက်ဆိုင် ပိုင်ရှင်တဦးက အုန်းပွဲငှက်ပျောပွဲကို လက်နှစ်ဘက်ဖြင့် ကိုင်မြှောက်ရင်း ဆုတောင်းသည်။

နတ်ဒိုးနတ်ဆိုင်းသံများကြောင့် မြူးကြွနေသော လူအုပ်ကြီးသည် သူ့ထက်ငါအပြိုင် မင်းနှစ်ပါး မျက်နှာတော်ကို ဖူးရရေးအတွက် အရှေ့သို့တိုးဝှေ့ကြသည်။ ယင်း နတ်ဆိုင်းသံများကြားမှပင် ပန်းသည်၊ အုန်းပွဲ ငှက်ပျောပွဲသည်များသည် သံပြိုင်အော်ဟစ် ရောင်းချနေကြသည်။

မိန်းကလေးများအသွင် ဖီးလိမ်းခြယ်သထားသော လိင်တူချစ်သူများသည်လည်း ၎င်းတို့၏ လက်များကို ခေါင်းပေါ်တွင် လှုပ်ရမ်းပြီး နတ်ဆိုင်းနှင့်အတူ ခုန်ပေါက်ကနေကြသည်။

တချို့ လိင်တူချစ်သူများသည် ခေတ်နှင့်အညီ ဘောင်းဘီတို၊ စကတ်တိုများဖြင့် ပွဲဈေးတန်း တလျှောက်တွင် ပျော်ပါးနေကြသည်ကို တွေ့ရသည်။

ထိုသူတို့အထဲတွင် နတ်ရိုးရာ ယုံကြည်သက်ဝင်သူများက မင်းနှစ်ပါးကို လာရောက်ဆုတောင်း ဆက်သ ကြသကဲ့သို့ မင်းနှစ်ပါးကို အမီပြုကာ စီးပွားရှာသော လိင်တူချစ်သူများလည်းရှိသည်။

တောင်ပြုံးပွဲသို့ လာရောက်သူများက မင်းနှစ်ပါးကို ကန်တော့ပြီးသည်နှင့် တောင်ပြုံးရွာလယ် လမ်းဘေး ခြံဝန်းကျယ် ကြီးတွင် တည်ရှိနေသော ဇာတ်ရုံများသို့ ဦးတည် သွားကြတော့သည်။

ယခုနှစ် တောင်ပြုံးပွဲတော်တွင် ဖိုးချစ်နှင့် ဟန်ဇာမိုးဝင်း ဇာတ်ရုံနှစ်ရုံက ဆောင်းဘောက်စ်၊ လော်စပီကာ များကို အပြိုင်အဆိုင်ဖွင့်လှစ်ကာ ပွဲကြည့် ပရိတ်သတ်များကို လက်မှတ်များ အပြိုင်အဆိုင် ရောင်းချနေကြသည်။

မင်းနှစ်ပါးရုပ်တုများ ရှေ့တွင် ထိုင်ပြီး ဗေဒင်ဟောခန်းများ ဖွင့်လှစ်ကာ တောင်ပြုံးပွဲ လာရောက်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးများကို တထိုင်တည်း ဟောကိန်း ထုတ်နေသည့် နတ်ကတော်များကိုလည်း တွေ့ရသည်။

“ကံဇာတာက ဒီနှစ်ထဲ ညံ့နေတယ်။ မင်းနှစ်ပါးကိုလည်း မမေ့နဲ့။ ဒီက လုပ်ခိုင်းတာလေးတွေ သေချာလုပ်ပေး၊ ကြားလား” ဟု တောင်ပြုံးပွဲတွင် နှစ်စဉ် ကြွေဗေဒင်ခန်း လာရောက် ဖွင့်လှစ် စီးပွားရှာလေ့ရှိသော နတ်ကတော် တဦးက ဖျာပေါ်ချထားသော ကြွေစေ့များ ပြန်ကောက်ရင်း ဆိုသည်။

သူသည် တောင်ပြုံးပွဲ စတင်သည့် ရက်မှ ပြီးဆုံးသည့်အချိန်ထိ ကြွေဗေဒင်ဟောလေ့ရှိရာ တနှစ်လျင် ကျပ် ၄ သိန်း၊ ၅သိန်း အမြတ် ရရှိသည်ဟု ပြောပြသည်။

တောင်ပြုံးပွဲကို မှီခိုပြီး ရောင်းဝယ်ကြသော ဈေးသည်များသည်လည်း အရောင်းအ၀ယ်များ ကောင်းမွန် စေရန် မင်းနှစ်ပါးကို တိုင်တည်ပြီး ဈေးဆိုင်ဖွင့်လှစ်လေ့ ရှိသည်။

တောင်ပြုံးပွဲတွင် ရောင်းချသော ဈေးသည်များ၊ တောင်ပြုံးလမ်းတလျှောက် ပိုက်ဆံ လိုက်ကောက် သူများနှင့် တောင်ပြုံး မင်းနှစ်ပါးထံ လာရောက်ကိုးကွယ်သူများသည် နှစ်စဉ်နှစ်တိုင်း အောင်မြင်မှုများ၊ စီးပွားရေး အဆင်ပြေမှုများ ကြုံတွေ့ကြရသည်ဟု အယူရှိကြသည်။

၎င်းတို့သည်ယုံကြည်မှုများ လျော့ပါးသွားခြင်းမရှိဘဲ အစဉ်အလာကို ထိန်းထားနိုင်ခဲ့ သောကြောင့် နှစ်စဉ်တောင်ပြုံးပွဲကို ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပလာနိုင်ကြောင်း ၀ါရင့် နတ်ကတော် တဦးက ဆိုသည်။

တောင်ပြုံးကျေးရွာ အနီးရှိ လွန်းတောင်၊ ၀ါးရင်းတုတ် စသည့် ကျေးရွာများမှ ရွာသူရွာသားများသည် မင်းနှစ်ပါး ပွဲတော်သို့ မဖြစ်မနေလာရောက် ကြရပြီး အောက်ခြေသိမ်း အလုပ်များကို လုပ်ကိုင်ရသည်။

“ကျမတို့က ဝေါထမ်းမျိုးရိုးပါ။ ချိုးရေသုံးတဲ့နေ့မှာ မင်းနှစ်ပါးထွက်တဲ့ ဝေါကိုမဖြစ်မနေ လက်နဲ့ထိရတယ်။ ဝေါထမ်းတာကလည်း ထမ်းချင်တဲ့သူ ၀င်ထမ်းလို့မရဘူး။ သူ့မျိုးရိုးရှိမှ ထမ်းရတယ်” ဟု ၀ါးရင်းတုတ် ကျေးရွာမှ ဝေါထမ်း မျိုးရိုးဝင်တဦးက ပြောပြသည်။

တောင်ပြုံးပွဲတော် ပြီးချိန်တွင် တောင်ပြုံးမင်းနှစ်ပါး ရှိရာ ပွဲတော်ဝန်းအတွင်း အမှိုက်ကောက်သိမ်းခြင်း များကိုလည်း ယင်းပွဲတော်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများက မဖြစ်မနေ လုပ်ကိုင်ရသည်။

မျိုးရိုးစဉ်ဆက် နတ်ရိုးရာကို ယုံကြည်ထားပြီး ပုဂံခေတ်မှ ကျိန်စာဆိုသော အစွဲအလမ်းသည် ၎င်းတို့အပေါ် လွှမ်းမိုးလျှက် ရှိသည်။

ပွဲတော်ကာလ အတွင်းလည်း တောင်ပြုံးရွာအနီးဝန်းကျင် ယုံလိုက် အစရှိသည့်ရွာများက သူ့နေ့နှင့်သူ လုပ်ဆောင်ရမည့် ထုံးတမ်း စဉ်လာများအတိုင်း နှစ်စဉ် မပျက်မကွက် လုပ်ဆောင်ကြရသည်။

“ထုံးတမ်း အစဉ်အလာတွေအတိုင်း မလုပ်ရင် ဘာတွေဖြစ်မလဲ ဆိုတာတော့မသိဘူး။ ဒါပေမယ့် နတ်ကို မစော်ကားရဲဘူးလေ။ တခုခုဖြစ်မှာ ကြောက်တယ်” ဟု ဝေါထမ်း မျိုးရိုးဝင် တဦးက ပြောသည်။

ပုဂံခေတ်မှသည် ခေတ်အဆက်ဆက် စဉ်ဆက်မပျက် ကျင်းပလာသည့် တောင်ပြုံးပွဲတော်သည် ခေတ်ရေစီးကြောင်း အရ ပူဇော်ပသပုံ ပြောင်းလဲမှုများ ရှိလာသော်လည်း ရိုးရာယုံကြည်မှုများ လွှမ်းမိုးနေသော ပွဲတော်တခုအဖြစ် ထင်ရှား ကျန်ရှိနေဆဲဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်