စစ်ပွဲလား၊ ငြိမ်းချမ်းရေးလား

စစ်အစိုးရက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ တိုင်းပြည်မှာ အမျိုးမျိုးအစားစား ရှိနေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေကို ပြန်လည် သင့်မြတ် လာစေမယ့် ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ ပြည်ထောင်စုတခု တည်ထောင်နိုင်မယ့် လမ်းပြမြေပုံရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

kio-army-irrဒါပေမယ့် စစ်အစိုးရက မကြာသေးခင်မှာ ရုရှနိုင်ငံလုပ် Mi-24 စစ်သုံး ရဟတ်ယာဉ် အစီး ၅၀ နှင့် Mi-2 သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး ၀ယ်ယူမှုက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ နယ်နိမိတ်တလျှောက်က နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ အပစ်ရပ် တိုင်းရင်းသားအုပ်စုတွေကို စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို ပြသနေပါတယ်။

ရွေးကောက်ပွဲ နီးလာတဲ့ကာလမှာ အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ဖိအားပေးမှုက စစ်အစိုးရနဲ့ အပစ်ရပ်အုပ်စုတွေကြား တင်းမာမှုတွေကို ပိုပြီး မြင့်တက်စေပါတယ်။ အဲဒီလို အခြေအနေမှာ အပစ်ရပ်အဖွဲ့အများစုက နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်တာနဲ့အမျှ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲအပြီးမှာ နောက်ဆုတ်ရင်ဆုတ် ဒါမှမဟုတ် လှုပ်ရှားမှုတခုခု လုပ်ရတော့မှာဖြစ်ပါတယ်။

တကယ်လို့သာ စစ်အစိုးရက ရွေးကောက်ပွဲအပြီး ပွင့်လင်းရာသီကာလမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်တယ်ဆိုရင် ပြဿနာက ဘယ်သူ့ကို စတိုက်မလဲဆိုတာပါပဲ။ လေ့လာစောင့်ကြည့်သူ အတော်များများကတော့ နိုင်ငံရေးအရ အောင်မြင်မှုရဖို့ အားအနည်းဆုံး လက်နက်ကိုင်အုပ်စုကို စတိုက်ပြီး နောက်မှ ပြင်းပြင်းထန်ထန်နဲ့ အချိန်ကြန့်ကြာမှာ သေချာတဲ့ မြောက်ပိုင်းဒေသက အားအကောင်းဆုံး လက်နက်ကိုင် အဖွဲ့တွေကို တိုက်ခိုက်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒီနေရာတွေကို အသစ်ပြန်စတဲ့ တိုက်ခိုက်မှုတွေနဲ့ သယ်ပို့ ရဟတ်ယာဉ်တွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေက စစ်မြေပြင်မှာ အကျအဆုံးများတာကို ရှောင်ရှားလိုတဲ့အတွက် ရုရှလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေဟာ နိုင်ငံရဲ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ စစ်ဆင်ရေးတွေအတွက် အနေတော်ဖြစ်ပါလိမ့်မယ်။

မြောက်ပိုင်းဒေသမှာ စောင့်ကြည့်ရမယ့် တိုင်းရင်းသား အုပ်စုတွေကတော့ ရှမ်းပြည်နယ်က “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ပဲ ဖြစ်ပါတယ်။ စစ်အစိုးရက “ဝ” တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ ခုမှာ ရွေးကောက်ပွဲမကျင်းပဖို့ ကြေညာထားပြီး ကချင်နိုင်ငံရေးပါတီ ၂ ခုရဲ့ ပါတီမှတ်ပုံတင်မှုကိုလည်း ပစ်ပယ်ခဲ့ပါတယ်။ ဒီလုပ်ရပ် ၂ ခုစလုံးဟာ အဆိုပါတိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းပယ်ခဲ့တဲ့အတွက် လက်တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။

တခါ KIA ရဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ကို အစိုးရနဲ့အပစ်ရပ်ဖို့ သဘောတူ စာချုပ် ချုပ်ခဲ့တဲ့ ၁၉၉၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် စစ်အစိုးရရဲ့သတင်းစာတွေက “သောင်းကျန်းသူ” လို့ ပြန်လည်ဖော်ပြ သုံးနှုန်းခဲ့တဲ့အတွက် မကြာခင်ကပဲ ကချင်ပြည်နယ်မှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလုပ်ရပ် ဟာ စစ်အစိုးရအနေနဲ့ မြောက်ပိုင်းဒေသမှာ မကြာခင်က ခန့်အပ်လိုက်တဲ့ တိုင်းမှူးအသစ်တွေဟာ KIA ကို စစ်ရေးအရ ထိုးနှက်တိုက်ခိုက်ချင်တာလား၊ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ စစ်အစိုးရရဲ့ ခြိမ်းခြောက်လာမှုတွေအပေါ် ကချင်ခေါင်းဆောင် တွေက စိတ်ဆိုးဒေါသထွက်ပြီး လက်နက်ကိုင် ပဋိပက္ခ ပြန်ဖြစ်လာမလားဆိုတာကို စဉ်းစားလာစေပါတယ်။

စစ်အစိုးရရဲ့ “သောင်းကျန်းသူ” ဆိုတဲ့ အသုံးကို တုံ့ပြန်တဲ့အနေနဲ့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆင်ဝါ က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တည်ရှိနေဆဲဖြစ်တဲ့အတွက် အပစ်ရပ်အဖွဲ့တခုကို အဲဒီလိုဖော်ပြ ပြောဆို တာ ဟာ သင့်လျော်တဲ့ အသုံးအနှုန်းမဟုတ်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။
ရန်ကုန်က လေ့လာစောင့်ကြည့်သူတွေကလည်း စစ်အစိုးရရဲ့အသုံးအနှုန်း အပြောင်းအလဲကို အံအားသင့်ခဲ့ကြပါ တယ်။

“သတင်းကိုဖတ်ပြီးတော့ ကျနော်လန့်သွားတယ်ဗျာ။ ဘာလို့လဲဆိုတော့ ဒါဟာ လွန်ခဲ့တဲ့အနှစ် ၂၀ က အပစ်အခတ် ရပ်စဲရေး မလုပ်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လို အဖွဲ့မျိုးကိုပဲ သုံးစွဲခဲ့တဲ့ အသုံးအနှုန်းပဲလေ” လို့ အမည် မဖော်လိုသူ ဂျာနယ် အယ်ဒီတာတယောက်က ပြောခဲ့ပါတယ်။

“ဒါဟာ နိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်အသစ်တွေ ဖြစ်ပေါ်လာမယ့် လက္ခဏာတွေပါပဲ” လို့လည်း သူက ဆိုပါတယ်။

မြောက်ပိုင်းဒေသက ကချင်နဲ့ “၀” ခေါင်းဆောင်တွေက စစ်ပွဲအတွက် ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်ပါတယ်။ သူတို့ဟာ
လေယာဉ်ပစ်လက်နက်တွေ၊ လက်နက်ခဲယမ်းတွေကို ရယူစုဆောင်းထားခဲ့ပြီး သူတို့တပ်တွေကို အဓိက အရေးပါတဲ့
တောင်ကုန်းထိပ်တွေမှာ တပ်စွဲထားပြီး ဖြစ်ပါတယ်။ UWSA နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က “ဝ” တပ်က သူ့ရဲ့ဌာန ချုပ် ပန်ဆန်းက လက်ရွေးစဉ်တပ်တချို့ အပါအ၀င် တပ်ရင်း ၃ ရင်းကို ရှမ်းပြည်တောင်ပိုင်း ထိုင်းနိုင်ငံနယ်စပ်မှာ တပ်စွဲနေရာယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် UWSA နဲ့ KIO တို့ဟာ သူတို့တပ်စွဲထားတဲ့နေရာကိုပဲ ကာကွယ်ပြီး နောက်တန်းမှာပဲနေဖို့ မရည်ရွယ်ကြပါဘူး။ တကယ်လို့ သူတို့ကို တိုက်ခိုက်လာမယ်ဆိုရင် သူတို့က အတွင်းပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့ ဗမာလူမျိုးတွေကို ဖယ်ရှားပစ်ဖို့ ဦးတည်တဲ့ မြို့ပြစစ်ဆင်ရေးစီမံချက်တခု ချမှတ်ဆောင်ရွက်ရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီ့အပြင် စစ်အစိုးရရဲ့ အဓိကထိုးစစ်တွေကို ခုခံတိုက်ခိုက်ဖို့ “၀” တပ်တွေနဲ့ KIO က KNU, မွန်ပြည်သစ်ပါတီ (NMSP)၊ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ပါဝင်တဲ့ လက်နက်ကိုင် တိုင်းရင်း သား အုပ်စု ၄ ခုနဲ့ မဟာမိတ် ဖွဲ့စည်းထားခဲ့ပါတယ်။ တကယ်လို့ မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတခုကို တိုက်ခိုက်လာမယ်ဆိုရင် တခြားလက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေကပါ ဆိုင်ရာ သူတို့နယ်မြေ တွေမှာ စစ်ဆင်တိုက်ခိုက်ကြမှာ ဖြစ်တယ်လို့ မဟာမိတ်ခေါင်းဆောင်တွေက ဆိုပါတယ်။

“ဗမာစစ်တပ်က ကျနော်တို့ အဖွဲ့ဝင် တဖွဲ့ကို တိုက်ခိုက်လာမယ်ဆိုရင် နိုင်ငံထဲမှာ စစ်မျက်နှာအမျိုးမျိုး ဖွင့်ပစ်ဖို့ ရည် ရွယ်ထားပါတယ်။ အဲဒီလိုဆိုရင် သူတို့ဟာ နေရာတနေရာတည်းက သူတို့တပ်တွေကို စစ်ကူပေးနိုင်တော့မှာ မဟုတ်ပါ ဘူး။ သူတို့ကို တိုက်ခိုက်လာသူတိုင်းကို ခုခံကာကွယ်ရတော့မှာပါ။ ဒါဟာ သူတို့ရဲ့ထိုးစစ်တွေကို ဆန့်ကျင် တိုက်ခိုက် ဖို့ ပိုပြီးကောင်းအောင် ကျနော်တို့ ပြင်ဆင်ထားတာတွေပါပဲ” လို့ KNPP ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ် ဘီးထူးက ပြောပြပါ တယ်။

ဒါပေမယ့် မတူညီတဲ့ တိုင်းရင်းသားအုပ်စုတွေ ဖွဲ့စည်းထားတဲ့ အဲဒီမဟာမိတ်အဖွဲ့ဟာ စစ်အစိုးရက တိုက်ခိုက်လာတဲ့ အခါမှာ ညီညီညွတ်ညွတ် ဆက်ရှိနေပြီး စီစဉ်ထားတဲ့အတိုင်း ပြန်လည် ထိုးနှက်တိုက်ခိုက်နိုင်မလား ဆိုတာကတော့ ဆက်ပြီးကြည့်ကြရမှာ ဖြစ်ပါတယ်။

မြောက်ပိုင်းဒေသမှာရှိတဲ့ သူပုန်တပ်တွေဟာ သူတို့ကို ပထမဆုံး တိုက်ခိုက်လာမလားဆိုတဲ့ ကြောက်လန့်မှုနဲ့လှုပ်လှုပ် ရှားရှား ဖြစ်နေတဲ့အချိန်မှာ ကရင်၊ မွန်နဲ့ ရှမ်းတပ်တွေဟာလည်း တောင်ပိုင်းဒေသနဲ့ ရှမ်းပြည်နယ်က သူတို့ရဲ့ နယ်နိမိတ် ပိုင်နက်တွေကို ခုခံကာကွယ်ဖို့ တိတ်တဆိတ် ပြင်ဆင်နေကြပါတယ်။

KNU ရဲ့ စစ်တပ်ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဟာ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်လာခဲ့ တာ ဆယ်စုနှစ် ၆ ခု ရှိနေပြီဖြစ်ပြီး စစ်အစိုးရနဲ့ ဘယ်တုန်းကမှ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က KNLAကနေ ခွဲထွက်သွားတဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ဟာ မြန်မာစစ်တပ်ရဲ့လက်ကိုင်တုတ် ဖြစ်နေပြီး KNLA နဲ့ မကြာခဏ တိုက်ခိုက် နေခဲ့သလို DKBA တပ်ဖွဲ့အင်အား အတော်များများက နယ်ခြားစောင့်တပ်ဖွဲ့ဖို့ သဘောတူခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာတပ်တွေဟာ ရွေးကောက်ပွဲကြောင့် ဒါမှမဟုတ် စစ်အစိုးရရဲ့ မြောက်ပိုင်းဒေသ ပေါ်မှာ အဓိကထားမှုကြောင့် ဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အချိန်ကြန့်ကြာလိမ့်ဦးမယ်ဆိုတဲ့ အစောပိုင်းက ပြဆိုနေမှုတွေအပေါ် အလေးမထားခဲ့ပါဘူး။ ကရင်တပ်မှူးတချို့ကလည်း စစ်အစိုးရရဲ့ ထိုးစစ်ဆင်မှုဟာ ရွေးကောက်ပွဲ ပြီးမှပဲ ဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့ကြပြီး စစ်အတွက် ပြင်ဆင်မှုတွေဟာ လုပ်ဆောင်နေဆဲပဲ ရှိပါသေးတယ်။

၁၉၉၃-၁၉၉၄ ခုနှစ်အတွင်းမှာ စစ်အစိုးရက KNLA တပ်မဟာ ၅ ကို ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ လေယာဉ်ပျံကို အသုံးပြုခဲ့ပြီး ရွာသူရွာသားပေါင်းများစွာဟာ တောထဲတောင်ထဲကို ထွက်ပြေးတိမ်းရှောင် ဒါမှမဟုတ် ဘေးကင်းတဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့ကြရပါတယ်။ ထိုင်းနဲ့မြန်မာ စစ်တပ်အသိုင်းအ၀ိုင်းရဲ့ အဆိုအရ တကယ်လို့ ရွေးကောက်ပွဲ နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်လာမယ်ဆိုရင် မြန်မာစစ်တပ်ဟာ တပ်မဟာ ၅ နဲ့ သံလွင်မြစ်ကမ်းပါးပေါ်က KNLA စခန်း တွေကို တိုက်ခိုက်ရာမှာ တခါထပ်ပြီး လေယာဉ်ကို အသုံးပြုနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

စစ်အစိုးရနဲ့ မွန်သူပုန်တွေကြားမှာလည်း သဘောထားကွဲလွဲမှုတွေတိုးများလာနေပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့က မွန်ပြည်သစ်ပါတီကို ပေးပို့တဲ့စာမှာ စစ်အစိုးရက မွန်အပစ်ရပ်အဖွဲ့အနေနဲ့ လက်နက်မစွန့်လွှတ်ဘဲ မြောက်ပိုင်းဒေသ က ကချင်တွေလိုပဲ ပြည်သူ့စစ်နဲ့တုံ့ပြန်ခဲ့မယ်ဆိုရင် ဥပဒေပြင်ပကို ရောက်သွားလိမ့်မယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။

“တကယ်လို့သာ အနာဂတ်မှာ စစ်ပွဲတွေဖြစ်လာဦးမယ်ဆိုရင် ကျနော်တို့အရင်တုန်းက တိုက်ခိုက်ခဲ့သလို တောထဲမှာပဲ တိုက်မှာမဟုတ်တော့ဘူး။ ကျနော်တို့မွန်လူမျိုးတွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ ကျနော်တို့က ရန်သူကို လျှို့ဝှက် ပြောက်ကျားစစ် ဆင်နွှဲရပါလိမ့်မယ်”လို့ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။ “အခုဆိုရင် နှစ်ပေါင်းများစွာ တတိုင်းပြည်လုံး ခရီးပေါက်ပြီးနေပြီ။ သူတို့ရဲ့ အရေးကြီးတဲ့နေရာတွေ ဘယ်နေရာမှာဆိုတာ ကျနော် တို့ သိနေပြီလေ” လို့ ပြောခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S) နဲ့ ကရင်နီ လက်နက်ကိုင် တပ်တွေကလည်း စစ်အစိုးရရဲ့ ထိုးစစ်အတွက် သူတို့ရဲ့တပ်တွေကို နေရာချထားပြီးပါပြီ။ ဒါပေမယ့် သူတို့ကတော့ ပိုပြီးအင်အားနည်းပါတယ်။ စစ်အစိုးရရဲ့ ခြေမှုန်းခံရ မှု ကို ရှောင်ရှားနိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်းကတော့ ထိုင်းနိုင်ငံက မြောက်ပိုင်းဒေသမှာ စစ်ခြားဒေသတခု ဆက်ပြီးထားရှိဖို့ မျှော်လင့်ရဖို့နဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်စုစည်းပြီး စစ်အစိုးရကို တန်ပြန် ထိုးစစ်ဆင်နိုင်ဖို့ လုံခြုံတဲ့နေရာလေးတခု ပေးထားဖို့ သိမ်းသွင်းပြောဆိုနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အုပ်စုငယ်လေးတွေကလည်း သမားရိုးကျမဟုတ်တဲ့ စစ်ပွဲမျိုးတွေနဲ့ပြန်ပြီး စစ်ဆင်တိုက်ခိုက်ဖို့ စိတ်အားထက်သန် နေကြပါတယ်။

“သူတို့ (စစ်အစိုးရတပ်တွေ) လာတဲ့အချိန်မှာ ပြောက်ကျား စစ်ဆင်နွှဲဖို့ ကျနော်တို့က အထူးတပ်ဖွဲ့တွေ ဖွဲ့စည်း ပြင် ဆင် ထားပါတယ်။ တယောက်နဲ့တယောက် သတ်ဖြတ်နေကြတာကတော့ မကောင်းပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ပြီးသွားရင်လည်း စစ်တပ်ကပဲ တိုင်းပြည်ကို အုပ်စိုးနေဦးးမှာပဲ” လို့ ဗိုလ်ချုပ် ဘီထူးက ပြောပါတယ်။

ဒါ့အပြင် SSA-Sက အရာရှိတယောက်က သူတို့တပ်တွေ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ကိုလိုနီဝါဒီတွေကို တိုက်ခိုက် သွား မှာဖြစ်ပြီး မြန်မာစစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းမှာ သူ့တပ်တွေကို အားဖြည့်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

ဒီအားကောင်းတဲ့ ရွေးကောက်ပွဲလွန် ပဋိပက္ခတွေ ဖြစ်ပေါ်လာဖို့ ခြိမ်းခြောက်လာတာနဲ့အတူ ထိုင်းနိုင်ငံနဲ့ တရုတ်
နိုင်ငံတွေကလည်း သူတို့နိုင်ငံတွေရဲ့ နယ်စပ်ဒေသတလျှောက်မှာ မတည်မငြိမ်ဖြစ်လာမှာကိုတွေးပြီး စိုးရိမ်ပူပန် လာကြပါတယ်။

ထိုင်းနိုင်ငံက ရွေးကောက်ပွဲမတိုင်ခင် ဒါမှမဟုတ် ရွေးကောက်ပွဲအပြီးမှာ တိုင်းရင်းသားပဋိပက္ခတခုခု ဖြစ်ပေါ်လာပြီး ဒုက္ခသည်တွေ သူတို့နိုင်ငံထဲမှာ လုံခြုံဘေးကင်းရာအဖြစ် လာရောက်ခိုလှုံတာတွေ တိုးများလာမှာကို စိုးရိမ်တဲ့အ
တွက် နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင့်ထားလိုက်ပါတယ်လို့ စစ်ဘက်အရာရှိတွေက AFP သတင်းဌာနကို ပြောကြား ခဲ့ပါတယ်။

“ကျနော်တို့က တခြားဘက်က လက်နက်ကိုင်တပ်တွေ ဒါမှမဟုတ် ပြည်သူတွေ ထွက်ပြေးလာကြမှာကို ကာကွယ်တဲ့ အနေနဲ့ရော ကျနော်တို့ဘက်က လူတွေနဲ့လက်နက်တွေ နယ်စပ်ကိုဖြတ်ကူးသွားမှာကိုရော ကာကွယ်တဲ့အနေနဲ့ နယ်စပ်ဒေသတလျှောက်မှာ လုံခြုံရေးစစ်ဆေးမှုတွေ တိုးမြှင့်ထားပါတယ်”လို့ တာ့ခ်ခရိုင် နယ်စပ်ဒေသတပ်မှူး ဗိုလ်မှူးကြီး ပဒန် ရင်ပိုင်ဘွန်းဆွတ်က AFPသတင်းဌာနကို ပြောပါတယ်။ သူက တိုင်းရင်းသားသူပုန်တွေ အစိုးရကို ဆက်ပြီး တိုက်ခိုက်နေကြတဲ့ ဒေသဖြစ်တဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ မျက်နှာချင်းဆိုင် နယ်စပ်ဒေသတလျှောက်မှာ စစ်တပ်ကပိုပြီး ကင်းလှည့်စောင့်ကြပ်လိမ့်မယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ဒုတိယတပ်မှူးချုပ်ဟောင်း နိုင်ခေါင်းရွတ်က “ထိုင်းစစ်တပ် အဆင့်မြင့်အရာရှိတွေက သူတို့
အနေနဲ့ နယ်စပ်ဒေသ လုံခြုံအောင်လုပ်ချင်တဲ့အတွက် ကျနော်တို့က မြန်မာစစ်အစိုးရကို တိုက်မှာလား မတိုက်ဘူး လားလို့ လွန်ခဲ့တဲ့လက လာမေးသွားခဲ့တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

တရုတ်ကတော့ ၂၀၀၉ ခုနှစ် သြဂုတ်လမှာ အနှစ်၂၀ ကြာ အပစ်အခတ်ရပ်စဲရေး ပြိုကွဲသွားခဲ့ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ဒုက္ခသည် ၃၇၀၀၀ လောက် ၀င်ရောက်လာစေခဲ့တဲ့ ကိုးကန့်အခြေစိုက် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော်(MNDAA) ကို မြန်မာစစ်တပ်က ရုတ်တရက် ထိုးစစ်ဆင်ခဲ့ပြီးခဲ့တဲ့ နောက်ပိုင်းမှာ ပိုပြီးစိုးရိမ်ပူပန်လာစရာ အကြောင်းရှိပါတယ်။

“အန္တရာယ်ကို မနှစ်သက်တတ်တဲ့ ဘေဂျင်းကတော့ ရွေးကောက်ပွဲနှစ်ထဲမှာ အပြောင်းအလဲ အရောအထွေးတွေ
အားလုံးလုပ်တတ်ပါတယ်။ တရုတ်ပြည်က မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် တွန်းအားပေးနေတဲ့
အချိန်မှာပဲ “၀”၊ ကချင်နဲ့ တခြားအဓိက တိုင်းရင်းသားလူမျိုးစု အုပ်စုတွေက ရွေးကောက်ပွဲအတွက် ပါဝင် ဆောင် ရွက်မှုမရှိဘဲ ပဋိပက္ခဖြစ်လာနိုင်စရာတွေကို ချမှတ်ဆောင်ရွက်နေနိုင်ပါတယ်”လို့ ဘေဂျင်းမှာရှိတဲ့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့(ICG) အာရှအရှေ့မြောက်ဒေသ စီမံကိန်းဒါရိုက်တာ စတက်ဖနီ ကလိန်း အားလ်ဘရန့် (Stephanie Kleine Ahlbrandt) က မကြာခင်က ဆောင်းပါးတပုဒ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

စက်တင်ဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၅ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အချိန်မှာ သူက တရုတ်ခေါင်းဆောင်တွေကို နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲဟာ ၂၁၉၂ ကီလိုမီတာ ရှည်လျှားတဲ့
တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ အခြေအနေဆိုးဆိုးရွားရွား ဖြစ်မလာစေနိုင်ကြောင်း စိတ်ချစေခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် တရုတ်သမ္မတ ဟူကျင်တောင်းက နယ်စပ်တလျှောက်က မြန်မာတိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းတည်ငြိမ်မှု ရှိနေတဲ့အတွက် ချီးကျူးပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နောက်ကွယ်မှာတော့ ဘေဂျင်းဟာ အသေအချာ မသိခဲ့ရပါဘူး။ မြန်မာစစ်အစိုးရဟာ သူတို့အနေနဲ့
တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေအတွက် ငြိမ်းချမ်းတဲ့ နိုင်ငံရေးအဖြေတခု ရှာဖွေဖို့ မစွမ်းဆောင် နိုင်ဘူးဆိုတာ အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်မှာရှိနေတဲ့အချိန်မှာ မြန်မာ စစ်တပ်က UWSA, KIO, MDAA နဲ့ ရှမ်းပြည်တပ်မတော်အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေ ထိန်းချုပ် ထားတဲ့ တရုတ်-မြန်မာနယ်စပ်နားမှာ ရာပေါင်းများစွာရှိတဲ့ တပ်တွေကို စုစည်းခဲ့ပါတယ်။

ဘေဂျင်းက တရုတ်အရာရှိတွေက တရုတ်ခေါင်းဆောင်တွေနဲ့ ၁၉၈၀ ဝန်းကျင်က မြောက်ပိုင်းဒေသ စစ်တိုင်းမှူးဖြစ်ခဲ့ဖူး တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး ဆွေးနွေးတဲ့အချိန်မှာ သူဟာ အံ့သြတုန်လှုပ် စိတ်လှုပ်ရှား သွား ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အလည်အပတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး စစ်အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာတွေက နယ်စပ်ဒေသတလျှောက်မှာ မြန်မာအစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်နေ ကြတဲ့ လက်နက်ကိုင် တိုင်းရင်းသားလူမျိုးစုအုပ်စုတွေကို နှစ်နိုင်ငံဆက်ဆံရေးကို အပျက်စီးခံပြီး အကူအညီပေး လိမ့်မယ် မဟုတ်ဘူးလို့ တရုတ်ကကတိပေးခဲ့တယ်လို့ သတင်းကို လိုသလို လမ်းလွှဲ ရေးသားဖော်ပြခဲ့ကြပါတယ်။ နောက်ပိုင်း တရုတ်အရာရှိတွေက “၀” နဲ့ ကချင်ခေါင်းဆောင်တွေကို အဲဒီသတင်းတွေဟာ မမှန်ကန်ကြောင်း ပြောကြား ခဲ့ပါတယ်။

မြန်မာတွေက တိုင်းရင်းသားလူမျိုးစုရေးရာ ကိစ္စတွေမှာ တရုတ်တွေကို ယုံကြည်မှုမရှိပါဘူး။ ဘေဂျင်းဟာ ဗမာပြည် ကွန်မြူနစ်ပါတီက မြန်မာစစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်တာကို အရင်က ထောက်ခံအားပေးခဲ့ပါတယ်။ဘေဂျင်းဟာ လောလောဆယ် စစ်အစိုးရ လိုအပ်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေးကူညီထောက်ပံ့မှုတွေပေးပြီး စစ်အစိုးရနဲ့ နီးနီးစပ်စပ်ရှိနေပေမယ့် စစ်အစိုးရနဲ့ နယ်စပ်ဒေသက လက်နက်ကိုင်တွေကြားမှာ ပဋိပက္ခမဖြစ်ရေးအတွက် ကူညီ ကြားဝင် စေ့စပ်ဆောင်ရွက်နေပေမယ့် တရုတ်ဟာ နယ်စပ်ဒေသတလျှောက်က တိုင်းရင်းသား အုပ်စုတွေနဲ့ တိုက်ရိုက် ထိစပ်မှု ရှိနေခဲ့တယ်ဆိုတာကို သိထားကြပြီးဖြစ်ပါတယ်။

မကြာခင်က ထုတ်ပြန်လိုက်တဲ့ ICG ရဲ့ အစီရင်ခံစာမှာ KIO ဟာ ဘေဂျင်း၊ ဟောင်ကောင်နဲ့ မကာအိုလို တရုတ်ရဲ့ အထူးအုပ်ချုပ်ရေး ဒေသတွေနဲ့ အလားသဏ္ဌာန်တူတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမျိုး တွေ စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ ဖော်ဆောင်နိုင်ဖို့လို အခြေခံကျတဲ့ ဆွေးနွေးပြောဆိုမှုမျိုး
ပြုလုပ် ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ICG ရဲ့ “တရုတ်ပြည်၏ မြန်မာမဟာဗျူဟာ - ရွေးကောက်ပွဲ၊ တိုင်းရင်းသားလူမျိုးဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေး” လို့ ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၂၀ ပါ အစီရင်ခံစာက ကချင်ဟာ ဘေဂျင်းထောက်ခံမှုကို တောင်းခံဖို့ဘုံငြိမ်းချမ်းရေး အဆိုပြုချက်တခုကို ရေးသားပြုစုနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘေဂျင်းက အပစ်ရပ်အုပ်စုတွေကို သူတို့ရဲ့ မြန်မာနိုင်ငံတွင်းပြုလုပ်နေတဲ့ အကြီးစားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဇာတ်ပျက်စစ်အစိုးရကို နိုင်ငံရေးအရ ထောက်ခံအားပေး နေတဲ့အပေါ်မှာ ယုံကြည်မှုကင်းမဲ့နေခဲ့ပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။

အပစ်ရပ်အုပ်စုတွေရဲ့ခေါင်းဆောင်တွေက သူတို့ရဲ့ပြည်သူ့စစ်တွေနဲ့ နေပြည်တော်ကြားမှာလည်း ယုံကြည်မှုမရှိဘဲ စစ်အစိုးရက နယ်ခြားစောင့်တပ်အတွင်း သူတို့ကို ဖိအားပေးသွတ်သွင်းနေတဲ့ အချိန်ကတည်းက ဆက်သွယ်ရေး လမ်းကြောင်း ထိခိုက်အားနည်းသွားခဲ့တယ်လို့ ပြောပါတယ်။ အရင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့တဲ့ စစ်အစိုးရရဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် ၂၀၀၄ ခုနှစ်မှာ အဖမ်းခံ ခဲ့ပြီးတဲ့ အချိန်ကစပြီး သူတို့နဲ့စကားပြောမယ့်သူ နေပြည်တော်မှာ တခြားဘယ်သူမှ မရှိတော့ဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီအခြေအနေမှာ အပစ်ရပ်အဖွဲ့တွေအားလုံးဟာ ရွေးကောက်ပွဲမတိုင်ခင် နယ်ခြားစောင့်တပ်မှာ ပူးပေါင်းပါဝင်ပြီးဖြစ်ရ မယ်။ အဲဒီလိုမဟုတ်ရင်တော့ ရွေးကောက်ပွဲအပြီးမှာ အကျိုးဆက်အဖြစ် စစ်ရေးအရ အရေးယူခံ ရနိုင်တယ်လို့ စစ်အစိုးရရဲ့ ရန်လိုတဲ့တောင်းဆိုမှုတွေအောက်မှာ အနည်းဆုံး အကြောင်းကြား သတင်းပေးတာမျိုး မလုပ်ဘဲ အပစ်ရပ် အဖွဲ့တဖွဲ့ ဒါမှမဟုတ် အပစ်ရပ်အဖွဲ့တွေကို တိုက်ခိုက်တဲ့ အခြေအနေကို စိတ်ကူးကြည့်ဖို့ အတော်ခက်ခဲပါ တယ်။ တိုင်းပြည်မှာရှိနေတဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေအားလုံးကို ရှင်းလင်းပစ်ဖို့ ရည်ရွယ်ပြီး တိုက်ခိုက်လာတာ တွေ အားလုံးရဲ့ အလားအလာကိုတော့ ထည့်ပြောနေစရာ လိုမယ်မထင်ပါဘူး။

တကယ်လို့ အဲဒီလိုဖြစ်လာမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မျက်နှာစာအမျိုးမျိုးမှာ ဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ တွေရဲ့ကာလကို ပြန်ရောက်သွားမှာဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက်ဟာ လုံးဝ ပျက်စီး ဆုံးရှုံးသွားနိုင်ပါတယ်။ ဒုက္ခခံစားရမယ့်သူတွေက ပြည်သူလူထုပဲဖြစ်ပြီး အခြေခံ လူ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အဖို့ကတော့ သူတို့တွေ ရဲ့ စိတ်ကူးအိပ်မက်တွေဟာ ရုရှားရဟတ်ယာဉ်တွေလိုပဲ လျှင်လျှင်မြန်မြန် မိုးကုတ်စက်ဝိုင်းပေါ်က ကွယ်ပျောက် သွား တော့မှာကို တွေ့မြင်ကြရတော့မှာပါ။

(ဧရာဝတီ သတင်းထောက် ဝေမိုး၊ စောရန်နိုင်နဲ့ လ၀ီဝမ်တို့ အချက်အလက် ကူညီပံ့ပိုးပေးသည်။)

အောင်ဇော်၏ War or Peace? ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်