သေချာပေါက်ကို လိမ်ပါတယ်

သတင်းထောက်တဦးရဲ့ ရွေးကောက်ပွဲနေ့ မှတ်တမ်း

မဲရုံစဖွင့်တာနဲ့ ကျနော် အိမ်က စထွက်တယ်။ မနက် ၆ နာရီလောက်ပေါ့။ အဲဒီမှာ မဲရုံတွေမှာ လူမရှိဘူး။ လူတွေက မဲရုံတွေမှာ ခပ်ပါးပါးပဲ။

အင်းစိန်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း အဲဒီလိုပေါ့၊ အကုန်လုံး မြို့နယ်တွေကို ဓာတ်ပုံ လျှောက်ရိုက်တဲ့ အချိန်မှာ ၁၁ နာရီ၊ ၁၂ နာရီ လောက်အထိ ဘယ်သူမှ ထွက်မလာဘူး။ ရှိတော့ရှိတယ်၊ ဥပမာ ၃ ယောက် တတွဲလေး လာတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။ ကြိတ်ကြိတ်တိုးတာတော့ လုံးဝမရှိဘူး။ အဲဒီတော့ မဲရုံတွေမှာ တော်တော် များများ မေးလိုက်ရင် လူဦးရေ ၈၀၀ ရှိတဲ့မဲရုံတွေ ဆိုရင် လာပေးတဲ့မဲက ၂၀၀ ကျော်ကျော် ပေါ့။ အဲဒီမှာ ကြိုတင်မဲက ၂၀၀ ကျော်ကျော်လောက် ရှိတယ်။ မဲရုံတိုင်းမှာ ဖြစ်နေတယ်။

voting-by-IDYနောက်တခု ဘာထပ် ထူးခြားလဲဆိုတော့  ကြံ့ဖွံ့တွေက သူတို့ ရင်ထိုးတံဆိပ်တွေနဲ့ မဲရုံရှေ့မှာ စောင့်နေတယ်။ မဲရုံရှေ့က နေ စောင့်ပြီးတော့ မဲလာပေးတဲ့လူတွေကို သူတို့က အမှန်ခြစ်ဖို့ အမူအရာနဲ့ ပြတာမျိုးတွေ့ရတယ်။ ဒါပေမယ့် မဲပေးတဲ့ နေရာမှာ လူတွေကို လွတ်လွတ်လပ်လပ် ပေးလို့ ရလားလို့မေးတော့  ရပါတယ် လို့ပြောတယ်။ ဒါကတော့ မဲပေးတဲ့ နေရာ မှာပေါ့။

အဓိက ပြဿနာ တက်တာက ကြိုတင်မဲရှိသလို၊ နောက်တခုက ကြံ့ဖွံ့က မဲစာရင်းထဲမှာ မပါတဲ့၊ မှတ်ပုံတင် မရှိတဲ့ သူတွေကို ငွေပေးပြီး ရယက ထောက်ခံချက်နဲ့ မဲပေးခိုင်းတာမျိုးလည်း တွေ့ရတယ်။

ဥပမာ - ကျနော် ကြားရသလောက် တောင်ဥက္ကလာမှာဆိုရင် တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း ဒေါက်တာစောနိုင်၊ တိုင်းဒေသကြီးလွှတ်တော်က မဲဆန္ဒနယ် နံပါတ် ၁ မှာ ဝင်ပြိုင်တယ်။ အဲဒီ မဲဆန္ဒနယ်မှာ မဲရုံပေါင်း ၉၃ ရုံရှိတယ်။ ဒေါက်တာစောနိုင်က ၉၃ ရုံလုံးကို ယူထားနိုင်တယ်။ အဲဒီမှာ မဲတွေ စရေပြီးတော့ ည ၈ နာရီမှာ သူ့ဆီကို မဲစာရင်းတွေ အကုန်ရောက်လာတယ်။ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ဆိုတာ ကြည့်လိုက်တော့ ဒေါက်တာ စောနိုင်က မဲ ၆၀၀ ကျော် ပြတ်တယ်၊ နိုင်နေတယ်။

ဒါပေမယ့် တကယ်တမ်း ကျတော့ သူတို့ မဲစာရင်း မထုတ်သေးဘူး။ သူတို့ကလည်း စောင့်နေတယ်။ ဘယ်လို မဲတွေကို ပေါင်းမလဲပေါ့၊ မဲရုံရှေ့မှာပဲ ထိုင်စောင့်နေကြတာ။ ဒါပေမယ့် မနက် ၅ နာရီထိုးတော့မှ ကော်မရှင်က ဒေါက်တာစောနိုင် ခင်ဗျားရှုံးတယ်၊ ၁၄၅ မဲနဲ့ ရှုံးတယ်တဲ့။ ဟာ၊ ဒါတော့ မဟုတ်သေးဘူးပေါ့။ ကျနော်တို့ သေချာ ကြည့်ထားတယ် ဆိုပြီး ပြောတယ်။

တကယ်က ကြံ့ဖွံ့က ပျံကျတွေ၊ ပိုက်ဆံပေးလို့ရတဲ့ လူတွေကို ပိုက်ဆံပေးပြီးတော့ မဲပေးခိုင်းထားတာ ရှိတယ်။ တချို့ဆို တယောက်ကို ၂ မဲ၊ ၃ မဲ လောက် ပေးခိုင်းတာတောင် တွေ့ရတယ်။ အဲဒီလိုမျိုး လုပ်ထားတာ။

ဒါပေမယ့် ဒေါက်တာစောနိုင်ကို ၈ ရက်နေ့ ညကတော့ တခါ လာပြန်ပြောတယ်။ ခင်ဗျား နိုင်တယ်တဲ့၊ ကြံ့ဖွံ့ကို ၆ မဲနဲ့ နိုင်တယ်တဲ့။ တကယ်က မဲ ၆၀၀ ကျော်နဲ့ နိုင်ထားတာ။ အဲဒါမျိုးပေါ့။

နောက်တော့ သန်လျင်မှာ ဆိုရင်လည်း လူ ၁၀၀ လောက်ကနေပြီး တယောက်ကို ၂ ခါ ၃ ခါ မဲလာပေးတာကို မဲရုံမှူးက လက်ခံပေးတာ၊ အဲဒါမျိုးတွေလည်း အများကြီး တွေ့ရတယ်။ နောက်တခုက မဲရုံမှူးတွေက စနစ် မကျဘူးဗျ။ လုပ်ထားတာ။ မဲတွေ မြို့နယ်ကော်မရှင်ကို ရောက်သွားတဲ့ အခါမှာ သူတို့က ဝင်ကြည့်ခွင့် မရှိတော့ဘူးဗျ။

တကယ်က မြို့နယ် ကော်မရှင်ကနေ အပြီးသတ် ကြေညာမှာလေ။ အဲဒီမှာ မဲရုံ အားလုံး လာစုတာ။ စုပြီးတော့ ပေါင်းတယ် ပေါ့ဗျာ။ ဂဏန်းတွေ ပေါင်းတယ်ဆိုတော့ အဲဒီထဲမှာ အလုပ်ရှုပ်တယ်။ အကုန်လုံး စုပြီးတော့ တဝုန်းဝုန်း ဖြစ်နေကြတဲ့ အချိန်မှာ ပြင်ပက ပေးလာတဲ့ မဲရုံကိုယ်စားလှယ်က အထဲကို ဝင်ကြည့်ခွင့် မရဘူးဗျ။

အခု ဖြစ်တာက မဲပေးတာ လွတ်လွတ်လပ်လပ် ပေးလို့ရတယ်။ မဲရုံ ကိုယ်စားလှယ်တွေ ရှေ့မှာ လွတ်လွတ်လပ်လပ် ရေတယ်၊ သို့သော် မြို့နယ် ကော်မရှင် ရောက်တဲ့အချိန်မှာ လွတ်လွတ်လပ်လပ် ကြည့်ခွင့်မရဘူး။ ပြီးတော့ သူတို့ ကြံ့ဖွံ့ပါတီ ရှုံးနေပြီဆိုရင် မဲစာရင်းတွေပြင်၊ တချို့နေရာ မှာဆိုရင် စာရင်းတွေ ပြင်ပြီးတော့ မဲလက်မှတ် ကိုလည်း အချိန်မီ လုပ်တာပေါ့။ အဲဒါ ကျတော့ ဆရာမတွေက ပိုသိတယ်။ ဆရာမ တွေကတော့ သူတို့ပြောရင် သိနိုင်မှာပေါ့၊ သူတို့ ကိုယ်တိုင်က အဲဒါတွေ လုပ်ပေးနေရတာကိုး။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ဝန်ထမ်း ဖြစ်တဲ့အခါကျတော့ ပြောကြ မှာတော့ မဟုတ်ဘူး။ ရပ်ကွက်ကော်မရှင် ကိုယ်တိုင်ကိုက ကြံ့ဖွံ့တွေကို ကြောက်နေရတာကိုး။

ကြံ့ဖွံ့တွေရဲ့ မဲရုံ ကိုယ်စားလှယ်တွေ ကျတော့ တံခါးမရှိ၊ ဓားမရှိ ကော်မရှင်ထဲ ဝင်လို့ရတယ်။ တခြား မဲရုံ ကိုယ်စားလှယ် တွေကျတော့ အဲဒီမှာ ပိတ်ရော။

မြို့နယ် ကော်မရှင်ကတော့ အဓိက အကြံအဖန် ထုတာပေါ့နော်။ နောက်ပြီးတော့ မဲပေးရမယ့် လူ တော်တော် များများ မဲလာ မပေးကြဘူးဗျ။ ဆိုတော့၊ သူတို့ဟာသူတို့ မဲပေးတဲ့ လူတွေကို ထပ်တိုးပြီး မဲလက်မှတ်တွေကို ထပ်ထည့် အဲဒါမျိုးတွေလည်း အများကြီးပဲ။ အဲဒါတွေက ကျနော်တို့ မေးမြန်းကြည့်မှ သိတာဗျ။

အဲဒါမျိုးတွေ ဖြစ်တာကတော့ ကျနော် သိသလောက် ရေးမြို့နယ်လို နယ်တွေမှာ တော်တော်ဖြစ်တယ်ဗျ။ ကွမ်းခြံကုန်း တို့လို နေရာမျိုး တွေပေါ့လေ။ ကျနော်တို့ဆီ အခု ဖုန်းသတင်းတွေ၊ သတင်း အချက်အလက် တွေ ကျနော်တို့ ရနေတယ်။ သူတို့က ပထမဦးဆုံး ကြိုတင်မဲနဲ့ နိုင်အောင် ကြိုးစားတယ်။ ကြိုတင်မဲနဲ့ မနိုင်ရင် မြို့နယ်မှာ အကြံအဖန် လုပ်တယ်။ အဆင်သင့် ဖြစ်တဲ့ အနေအထားပေါ့ဗျာ။

တကယ်တမ်း ခွဲပြောမယ်ဆိုရင် ပထမဆုံး အဆင့်က ဒီမဲပေးတဲ့ လူတွေကို မှတ်ပုံတင် မပါလည်း မဲပေးလို့ ရအောင်လို့ မဲရုံကိုညှိတယ်။ လဝက တွေရော ညှိတယ်။ ညှိပြီးတော့လုပ်ပေးတယ်။ ဒုတိယ အဆင့်ကျတော့ ကြိုတင်မဲနဲ့ နိုင်အောင် လုပ်တယ်။ ဒုတိယအဆင့်မှာမှ သူတို့ ရှုံးနေပြီဆိုရင်တော့ တတိယ အဆင့်ဖြစ်တဲ့ မြို့နယ် ကော်မရှင်မှာ အကြံအဖန်ပေါ့။

နောက်ဆုံး အနေအထားကတော့ မြို့နယ် တော်တော်များများမှာ ကြံ့ဖွံ့ကတော့ ခြုံပြီးနိုင်သွားပြီ။

MMM-7-11-10-5အစကတော့ ပြီးသလောက် NDF နိုင်မယ်နိုင်မယ် ဆိုပြီးတော့ တစ်ပြေးနေတဲ့ နေရာတွေ တော်တော်များများ ကြံ့ဖွံ့က ရသွားတာ။ အဲဒီလိုမျိုး သတင်းတွေ ပြန်ထွက်လာတယ်။ ဆိုတော့ သေချာပေါက်ကို လိမ်ပါတယ်။ သေချာပေါက်ကို မဲခိုးပါတယ်။ သေချာပေါက်လည်း မဲမသမာမှုတွေ လုပ်တယ်။ ဒါကိုအသေးစိပ်အနေနဲ့ ပြောရင် မဲစာရင်းမပါတဲ့ လူကမပါဘူး။ မဲရုံတွေလည်း အများကြီး အနှံ့ လုပ်ထားတော့ ကျနော်တို့ သတင်းထောက် တွေတောင်မှ မဲရုံကို တရုံခြင်းစီ လိုက်ကြည့်ဖို့အတွက် မလွယ်ဘူး။ ဘာပဲပြောပြော လူ ၂ ထောင်လောက်ကို တရုံလောက်ပဲ ထားရင် သက်သာတာပေါ့။ အခုဟာကမဲရုံ အများကြီး လိုက်ကြည့်ရတော့ တော်တော်ဆိုးတယ်။ မဲရုံတရုံက အနည်းဆုံး လူ ၃၀၀ ရှိတာပဲလေ။

နောက်တခုက ပုဇွန်တောင်မြို့နယ် မဲရုံအမှတ် ၃ မှာပေါ့လေ။ အဲဒီက မဲရုံမှူးက တစညက မဲရုံကိုယ်စားလှယ်နဲ့ တခြား မဲရုံ ကိုယ်စားလှယ်တွေကို အပြင်မှာ ထွက်ထိုင် ခိုင်းထားတယ်။ ခင်ဗျားတို့ အပြင်မှာ ထွက်ထိုင်ပါ။ မဲပေးတဲ့ လူတွေကိုလည်း ကြည့်စရာ မလိုဘူး။ ခင်ဗျားတို့ ထွက်ပါဆိုပြီး ထွက်ခိုင်းတယ်။ ကျနော်က ရောက်သွားတော့ သူကိုမေးတယ်။ ဟေ့ ခင်ဗျား ဘာလို့ အပြင် ထွက်ထိုင်နေတာလဲ။ ခင်ဗျား အထဲမှာ ဝင်ကြည့် ပါလားလို့ ပြောတော့ မသိပါဘူး တဲ့ မဲရုံမှူးက အပြင်မှာ ထွက်ထိုင်ခိုင်းလို့ ထွက်ထိုင် နေရတယ်လို့ ပြောတယ်။ ခင်ဗျားတို့က ကော်မရှင်ကို မတိုင်ဘူးလား ဆိုတော့ ဟ ကျနော်က မတိုင်ရဲဘူး။ သူတို့က ရယက တွေနဲ့ ရင်းနှီးတယ်တဲ့၊ ဘာပဲပြောပြော တစညက လုပ်ခိုင်းလို့သာ လုပ်ရတာ ကျနော် ကလည်း အဲဒီလောက်ကြီး လုပ်ချင်တာ မဟုတ်ဘူးလို့ သူကိုယ်တိုင်က ပြောသွားတယ်။

ဒါ ရန်ကုန်မြို့လို နေရာမျိုးမှာတောင် ဖြစ်တာနော်။ နယ်တွေမှာ ဆိုရင်တော့ တွေးလို့ မရတော့ဘူး။ အဓိက ကတော့ ကြိုတင်မဲမှန်သမျှ ခြင်္သေ့၊ ခြင်္သေ့ချည်းပဲ ဖြစ်နေတာပေါ့ဗျာ။ အခု ကျနော်နောက်ဆုံး ကြားတာက တောင်ဥက္ကလာမှာ ဦးအောင်သိန်းလင်းက မဲ ၇၀၀၀ လောက် ဖြတ်ပြီး နိုင်သွားတယ်။ အဲဒီမဲ ၇၀၀၀ ကျော်က ကြိုတင်မဲတွေချည်းပဲလို့ ကျနော်တို့ ကြားထားတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်