ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ...

မနက် ၈ နာရီလောက် ကတည်းက “ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ” (We satnd with Aung San Suu Kyi) စာသားပါ အဖြူ ရောင် တီရှပ် အင်္ကျီ ၀တ်ဆင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ရာပေါင်းများစွာ NLD အဖွဲ့ချုပ် ရုံး တည်ရှိရာ ရွှေဂုံတိုင်မှာ လာရောက် စုဝေးနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်တော့မယ် ဆိုတဲ့ သတင်းတွေက အဖွဲ့ချုပ်ဝင်တွေ ကြားကနေတဆင့် ပြည် တွင်း ပြည်ပ သတင်းမီဒီယာ တွေ၊ ရန်ကုန်မြို့နေ ပြည်သူတွေနဲ့ နိုင်ငံတ၀န်းမှာရှိတဲ့ ပြည်သူတွေဆီပါ ပျံ့နှံ့နေတာပါ။

nld_office_hq_ygn_2010ရွေးကောက်ပွဲ ကျင်းပပြီးစီးတာ တပတ်ခန့် ရှိနေပြီဖြစ်လို့ ရွေးကောက်ပွဲအနိုင်ရ သတင်းတွေကို အစိုးရပိုင် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများမှာ တခမ်းတနား ဖော်ပြနေပေမယ့် ပြည်သူတွေကတော့ စိတ်ဝင်စားခြင်း မရှိတော့ပါဘူး။ လိမ်လည်မှုတွေနဲ့ ပြည့်နေ တဲ့ ရွေးကောက်ပွဲမှန်း ပြည်သူတွေ သိသွားပြီးတဲ့နောက် ရွေးကောက်ပွဲ အနိုင်အရှုံး သတင်းကို နားမစွင့်ကြတော့ ပါဘူး။

နားစွင့်စရာ မလိုလောက်အောင်လည်း စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက မသမာမှုတွေနဲ့ အနိုင်ရ နေပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကစလို့ ရန်ကုန်မြို့ပြည်သူတွေ စိတ်ဝင်အစားဆုံး သတင်းက လူထု ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည် ပြန်လည် လွတ်မြောက် လာပြီလား ဆိုတာပါပဲ။ ပြည်သူတွေက ပုံစံအမျိုးမျိုးနဲ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းတွေဆီကို သွားရောက် လေ့လာနေကြတယ်။ ပြည်တွင်းပြည်ပ သတင်း မီဒီယာ တွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာရင် သတင်းယူဖို့ စောင့်ဆိုင်း နေကြပါတယ်။

ဒါပေမယ့် မနက် ၁၁ နာရီ ကျော်အထိ ဒေါ်အောင်ဆန်းစုကြည် အိမ်တွင်းကို သံတမန်ကားတွေ ၀င်သွားတယ်၊ ရဲအရာရှိကြီးတွေ ၀င်သွားတယ်ဆိုတဲ့ သတင်းတွေက အချိန်နဲ့တပြေးညီ ထွက်ပေါ်နေပါတယ်။

ပြည်သူတွေ၊ သတင်းမီဒီယာတွေနဲ့ NLD ပါတီဝင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ရင်ခုန်စွာနဲ့ လာရောက် စောင့်ဆိုင်းတဲ့ လူတန်းစားတမျိုးကိုလည်း တွေ့မြင်ရပါတယ်။ သူတို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက တရားမျှတစွာ ကျင်းပ ပေးမလားဆိုတဲ့ မျှော်မှန်းချက်နဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီ တွေ က လည်း ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့၊ အဖွဲ့ချုပ်ရုံးရှေ့တွေမှာပါ လာရောက်စောင့်ဆိုင်းနေကြပါတယ်။ သူတို့ အားလုံးလည်း အများနည်းတူ ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်စောင့်ဆိုင်းတာချင်း တူပေမယ့် သဘောထားခြင်းကတော့ မတူပါဘူး။

“ကျနော်တို့ ရမလားလို့ တိုးကြည့်ပြီးပြီ။ ဒီစစ်အစိုးရက ဘယ်တုန်းကမှ ယုံကြည်စိတ်ချ ရတဲ့ အစိုးရမျိုးမှ မဟုတ်တာ။ အခု လည်း ထပ်လိမ်တယ်။ ပြည်သူတွေကိုလိမ်တယ်။ နိုင်ငံရေး သမားတွေကို လိမ်တယ်။ ဒီလို ယုတ်မာတဲ့ အစိုးရကို ပြုတ်ကျအောင် လုပ်ဖို့ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ဘယ်သူမှ မရှိဘူး။ ကျနော်ကတော့ အဖွဲ့ချုပ်နဲ့ ရပ်တည်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီးပြီ”လို့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ တသီးပုဂ္ဂ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လာရောက်စောင့်ဆိုင်းတဲ့အထဲမှာ ဒီမိုကရက်တစ် ပါတီ(မြန်မာ)က ပါတီဝင်တွေကို တွေ့မြင်ရသလို တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဖုန်းဝင်း၊ ဦးဝင်းကိုကိုဝင်း၊ ဒေါက်တာ စောနိုင် အပါ အ၀င် လွှတ်တော်ကိုယ်စားလှယ်လောင်း အတော်များများကိုလည်း အဖွဲ့ချုပ်ရုံးနဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ တွေမှာ တွေ့ မြင် နေရပါတယ်။
ပြည်သူတွေရဲ့ ရင်ခုန်သံက မြန်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထွက်လာပြီဆိုတဲ့ ဘယ်သူက ပြောမှန်းမသိတဲ့ သတင်း ကြောင့် အဖွဲ့ချုပ်ရုံးရှေ့က လူအုပ် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ အချိန်က ညနေ ၃ နာရီ ၃၀ မိနစ်ရှိနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင် ရုံးထဲဝင်ဖို့ လမ်းတွေရှင်းထားကြတယ်။“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးကြတယ်။ သူတို့ လက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကိုင်ထားသလို၊ သပြေခက် နဲ့ နှင်းဆီပန်းတွေကိုလည်း ကိုင်ထားကြတယ်။

အားလုံးက လှုပ်လှုပ်ရှားရှားပါပဲ။ အလုပ်ဆင်းချိန်ဖြစ်လို့ အိမ်မပြန်ဘဲ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုနှုတ်ဆက်ဖို့ အဖွဲ့ချုပ်ရုံး နဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းကို လာရောက်ကြတဲ့ ပြည်သူ အရေအတွက်ကလည်း ပိုပို များလာ ပါတယ်။

လက်နက် အပြည့်အစုံနဲ့ လုံထိန်း ရဲကားပေါင်း မြောက်မြားစွာကလည်း ရွှေဂုံတိုင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ရှေ့က ဓမ္မာရုံ နားမှာ ရပ်ထားသလို အဖွဲ့ချုပ်ရုံး ရှေ့မှာ အရပ်ဝတ်ရဲ၊ စွမ်းအားရှင်၊ စစ်ထောက်လှမ်းရေး ရာပေါင်းများစွာ ရှိနေပါတယ်။ နယ်မြေခံ ရဲတွေကလည်း ယုဇနဟိုတယ် အနီးက ဓမ္မာရုံထဲမှာ အသင့်အနေအထား နေရာယူ စောင့်ဆိုင်းနေပါတယ်။

အားလုံးရဲ့မျက်နှာက ပင်ပန်း နွမ်းနယ်နေပုံ ပေါက်နေပါပြီ။ ဒါပေမယ့် သူတို့အားလုံးရဲ့ မျက်ဝန်းတွေကတော့ ဒေါ်အောင်ဆန်း စုကြည် ပြန်လည် လွတ်မြောက် လာလေမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တောက်ပနေဆဲပါ။

ညနေ ၅ နာရီလောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ သတင်းစာ ဆရာကြီး ဦးဝင်းတင်က လူစုခွဲကြဖို့ ၊ သတင်းကို နားစွင့်ကြဖို့ လိုက်လံပြောဆိုတဲ့ အဖွဲ့ချုပ် လူငယ်တွေ အားလုံး စည်းကမ်းရှိစွာ၊ တိတ်ဆိတ်စွာနဲ့ပဲ လူစုခွဲသွားကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာတော့ လူ တရာ နီးပါး ည ၁၀ နာရီ လောက်အထိ ရှိနေဆဲပါ။ သူတို့ ကတော့ ထောက် နှစ် ထောက် ခေါ်ရမယ့် သတင်းထောက်နဲ့ စစ်အစိုးရ ထောက်လှမ်း ရေးတွေ ပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အိမ်ဘက်ကို လှမ်းမျှော်ကြည့်လိုက်တော့ အ၀ါရောင် နီယွန် မီးရောင် အောက်မှာ သံဆူးကြိုး အတား အဆီး တွေနဲ့ အစောင့်ရဲတွေကို ၀ိုးတိုးဝါးတားသာ မြင်ရပါတယ်။

လူအားလုံးရဲ့စိတ်ထဲမှာတော့ ဒီအချိန် ဒေါ်အောင်ဆန်းစုကြည် အိပ်နေမလား၊ သူ့ကို လာကြို နေတဲ့ လူထုကို အိမ်ပြန်ဖို့ ပြောနေ မလားဆိုတဲ့ စိတ်ကူးအတွေးတွေပါပဲ။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ သူတို့အားလုံး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ...... ။   ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်