ဦးအောင်သိန်းလင်း ဘယ်လဲ ဘာလဲ ...

“မြို့တော်ဝန် ရာထူးလား သူများကို လွှဲပေးရမှာပါ၊ ၀န်ကြီးလုပ်မယ် ဆိုတာလည်း မဟုတ်ပါဘူး၊ အပေါ်က လုပ်ခိုင်းတာကိုပဲ လုပ်ရမှာပါ”လို့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဆိုပါတယ်။

Yangon-Mayor-Aung-Thein-Lin-APနေပြည်တော်ရှိ လွှတ်တော် အစည်းအဝေး တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် တက်ရောက်နေတဲ့ ဦးအောင်သိန်းလင်းက သူ့ရဲ့ မသေချာသေးတဲ့ အနာဂတ်ကို ပြောပြတာပါ။

ရန်ကုန် မြို့တော်ဝန်လို နအဖ အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေ အများစုဟာလဲပဲ ဘယ်နေရာ၊ ဘယ်ရာထူးတွေကို ဆက်ခံကြရမယ်ဆိုတာ မသိသေးတဲ့ သူတွေများနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ဦးအောင်သိန်းလင်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေနဲ့ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတာ ဖြစ်တယ်လို့ လူအများက ပြောဆိုကြပြီး အခုအချိန်မှာ နေပြည်တော် လွှတ်တော် အစည်းအဝေး တွေကို တက်ရောက် နေဆဲဖြစ်ပါတယ်။

အသက် ၅၉ နှစ်ရှိပြီ ဖြစ်တဲ့ မြို့တော်ဝန် ဦးအောင်သိန်းလင်းဟာ တောင်ဥက္ကလာပ ဇာတိ အထက (၁) တောင် ဥက္ကလာ ကျောင်းထွက်ဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်း  တဦးလည်း ဖြစ်ပါတယ်။

သူဟာ ၁၉၈၈ ခုနှစ်မှာ ဗိုလ်မှူး အဆင့်ပါ။ အဲဒီနောက် အမှတ်(၁၀၁) ခြေမြန် တပ်မ ဌာနချုပ်ရဲ့တပ်မမှူးဖြစ်ခဲ့ပြီးနောက် စက်မှု (၂) ဒု ၀န်ကြီး ဖြစ်ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာတော့ ရန်ကုန်မြို့တော်ဝန် ဖြစ်လာခဲ့ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)ရဲ့ဗဟိုအလုပ်မှုဆောင် တဦးဖြစ်ပြီး ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံလည်း ဖြစ်တယ်။

“ခင်ဗျားတို့ အဆင်ပြေဖို့ အတွက် ကျနော်က လမ်းတွေခင်းပေးတယ်၊ ရေတွင်းတွေ တူးပေးတယ်၊ အဲဒီအတွက် ကျေးဇူးလဲ မေ့မနေကြနဲ့ဦး”လို့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း က မှုံတေတေ မျက်နှာထားနဲ့ ပြည်သူတွေကို နှုတ်ဆက်တဲ့ အသံဖြစ်ပါတယ်။

လမ်းဖွင့်ပွဲအခမ်းအနားတွေ၊ ရေတွင်းဖွင့်ပွဲ အခမ်းအနားတွေတိုင်းမှာ လိုလို တက်ရောက်လာသူ ပြည်သူတွေကို နှုတ်ဆက် ပြောဆိုနေကျ ဖြစ်တဲ့ ဦးအောင်သိန်းလင်းရဲ့လက်သုံးစကား ပါ။

လွှတ်တော်အစည်းအဝေးတွေက အစိုးရသစ်အတွက် အမည်စာရင်းတွေ အသီးသီးအဆိုပြုထားတဲ့ အထဲ သူ့ရဲ့အမည်စာရင်း ပါဝင်ခြင်း မရှိဘူး။ အဲဒီအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၀န်ထမ်းတွေ အကြား သို့လောသို့လော ဖြစ် နေကြတယ်လို့ ၀န်ထမ်းတွေက ဆိုပါတယ်။

သူ့လက်အောက် ၀န်ထမ်းတွေက မြို့တော်ဝန်ရာထူးမှာ သူ့ကို မမြင်ချင်ကြတော့ပါဘူး။ သူစိတ်မထင်ပါက ကြမ်းကြမ်း တမ်း တမ်း ဆဲဆို ဆူပူကြိမ်းမောင်းတတ်တဲ့ အကျင့်ကြောင့် သူ့ကို မလိုလားကြဘူးလို့ ၀န်ထမ်းတွေက ဆိုပါတယ်။

ဝန်ထမ်းတွေက မနှစ်သက်ကြပေမယ့် သူ့ရာထူး က အတော်ကြာ တည်မြဲနေခဲ့ပါတယ်။သူ့ရာထူး တည်မြဲနေရခြင်းရဲ့အချက် တွေထဲမှာတော့ သူ့ဇနီးဖြစ်သူ  ဒေါက်တာ ဒေါ်ခင်စန်းနွယ်ရဲ့ ယတြာ အစွမ်းတွေကြောင့်လို့ သူနဲ့နီးစပ်သူတွေက ဆိုပါတယ်။

“သူ့မိန်းမက မြို့တော်ခန်းမထဲက သူနေတဲ့နေရာရုံးခန်း ရှေ့တည့်တည့်မှာ ပြောင်းဖူးပင်တွေ စိုက်ပြီး ယတြာ ချေပေးထား တယ်၊ သူ့ရုံးခန်းထဲမှာလဲ ယတြာတွေ အများကြီးထားပေးတယ်”လို့ ရုံးခန်းထဲ ၀င်ထွက်လေ့ ရှိသူတဦးက ဆိုပါတယ်။

သူ့ခင်ပွန်းရာထူး တည်မြဲရေးအတွက် ယတြာတွေ မကြာခဏ ချေပေးလေ့ ရှိသလို နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင် အတွက် အကောင်းစား လက်ဆောင်တွေကို မကြာခဏ သွားရောက် ပို့ပေး ကန်တော့လေ့ ရှိတယ်လို့ လည်း သိရပါတယ်။

အဲဒီလို အထက်လူကြီးမင်းတွေအတွက် လက်ဆောင်ပေးလာဘ်ထိုးနိုင်ဖို့အတွက် လာဘ်ပေးလာဘ်ယူမှုတွေ အများကြီး လုပ် တယ် လို့ဆိုကြပြီး စည်ပင်သာယာ တခုလုံးကို အောက်ခြေက အစ သူကိုယ်တိုင် ကိုင်တွယ်တယ်လို့ သိရတယ်။

သူမတိုင်ခင် မြို့တော်ဝန် ဦးကိုလေး လက်ထက်တုန်းက သူ့ရဲ့ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့် အဆင့်ဆင့် ပေးလေ့ရှိခဲ့ပေမယ့် ဦးအောင်သိန်းလင်းကတော့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးခဲ့ပါဘူး။ အရင်မြို့တော်ဝန်တွေ လက်ထက်က ဒု-မြို့တော်ဝန် ဖြစ် သူအတွက် သုံးစွဲပိုင်ခွင့်ငွေ ပမာဏကို ကျပ် သိန်း ၁၀၀ သတ်မှတ်ထား ပေမယ့် ဦးအောင်သိန်းလင်း လက်ထက်မှာ အဲဒီအစဉ် အလာ မရှိတော့ပါဘူး။

သူက မြောက်ကိုရီးယား နဲ့ တရုတ်နိုင်ငံ တွေကိုလည်း မကြာခဏ သွားရလေ့ရှိပြီး သူပြည်ပသွားနေစဉ် လုပ်ငန်းတွေကို ဒု မြို့တော်ဝန် ဦးမောင်ပါကို လွှဲအပ်ပေးခဲ့ပေမယ့် “မှတ်ချက်၊ ဘဏ္ဍာရေး မပါ”ဆိုပြီး လွှဲပေးလေ့ ရှိတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား နဲ့ မြန်မာ အစိုးရကြားက ကိစ္စ တချို့မှာ သူ ပါဝင်လုပ်ဆောင်ရတယ်လို့ နီးစပ်သူတွေက ဆိုတယ်။

မြောက်ကိုရီးယား၊ တရုတ်တို့ အကြောင်းကို ချီးကျူးပြောဆို တတ်ပေမယ့်လည်း အမေရိကန် မုန်းတီးရေး စကားကို မျက်နှာထားတင်းတင်းနဲ့ ပြောဆိုလေ့ရှိသူပါ။ အမေရိကန် မုန်းတီးရေး အမြဲတမ်း ပြောဆိုလေ့ရှိပေမယ့်လည်း သူရဲ့ ရုံးခန်းထဲက အသုံး အဆောင် ပစ္စည်းတွေ အားလုံးနီးပါးဟာ အမေရိကန်ဖြစ်တွေ များပါတယ်။

ဥပမာ- နေကာမျက်မှန်၊ လက်ပတ်နာရီ လို ပစ္စည်းတွေပေါ့။

ဦးအောင်သိန်းလင်းကို သဘောထား တင်းမာသူ၊ ရိုင်းစိုင်းသူ စစ်ဗိုလ်ချုပ်လို့ လူအများက သတ်မှတ်ထားပေမယ့် မီဒီယာတွေကို လက်ခံတွေ့ဆုံစကားပြောပြီး သူ့လုပ်ငန်းအစီအစဉ်တွေကို ၀ါဒဖြန့်တတ်တဲ့ တဦးတည်းသော စစ်ဗိုလ်ချုပ်လို့ ဆိုရမှာပါ။

သတင်းသမားတွေကို သူ့ရဲ့ရုံးခန်းထဲမှာ တွေ့ဆုံစကားပြောလေ့ရှိတတ်ပါတယ်။ သတင်းထောက်တွေနဲ့ စကားပြောနေစဉ် သူ့အကြိုက် မေးခွန်းတွေ၊ ၀ါဒဖြန့်မှုတွေကို ပြောဆိုနေရပါက ရယ်မောပျော်ရွှင်နေတတ်ပါတယ်။

တခါတရံမှာ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ ကိစ္စမျိုးကို သတင်းထောက် တယောက်ယောက်ကမေးလိုက်ပါက မျက်နှာ အမူအယာ ချက်ချင်း ပြောင်းလဲသွားတတ်ပြီး ဘုကျကျ တုံ့ပြန် ပြောဆိုတတ်ပါတယ်။

၂၀၀၈ ခုနှစ် ၀န်းကျင်က ရန်ကုန်မြို့တော်ရဲ့လမ်းမတော်သံဈေးက ဈေးသည် တချို့ကို  စည်ပင်ရဲဝန်ထမ်းတွေက နံပါတ် တုတ်နဲ့ရိုက်လို့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးက စည်ပင်သာယာ ဥပဒေမှာ စည်ပင်ရဲတွေ လက်နက်မကိုင်ရလို့ အတိအလင်း ဖော်ပြထားတဲ့ အတွက် ဘာကြောင့် လက်နက်ကိုင်ပြီး ပြည်သူတွေကို ရိုက်တာလဲ၊ အဲဒီအတွက် ဘယ်လိုမျိုး အရေးယူမှုမျိုး ပြုလုပ်သွားမှာပါလဲ လို့မေးတဲ့အခါ သူက စားပွဲကို လက်သီးနဲ့ ထုပြီး ...

“ခင်ဗျားကို သူများက ရိုက်ရင် ခင်ဗျား ခေါင်းငုံ့ခံနေမှာလား၊ ငါ့ကို ဘေးကျပ်၊ နံကျပ် ဖြစ်စေတဲ့ မေးခွန်းတွေ မေးမယ်ဆိုရင် နောက် ဘယ်တော့မှ မလာနဲ့”လို့ နီနီရဲရဲ မျက်ထားနဲ့ ပြန်လည် ပြောဆိုပါတယ်။

အဲဒီလို အကျင့်စရိုက်တွေရှိတတ် သလို တခါတရံမှာတော့ ခင်မင်စရာ ကောင်းတဲ့ အမူအကျင့်တွေလည်း တွေ့ရတတ်ပါတယ်။

အလုပ်တွေ တန်းစီများနေပေမယ့်လည်း “အဘရယ်” ဒီနေ့မေးစရာလေးတွေ ရှိလို့ တွေ့မှာလားလို့ ခွင့်တောင်းရင်လည်း လိုက်လျောပေးတတ် ပါသေးတယ်။ သူ့အကြိုက်တွေ ပြောနေရရင်တော့ သတင်းထောက်တွေနဲ့ စလိုက် နောက်လိုက် ရယ် ရယ်မောမော ရှိတတ်ပါတယ်။

အဘဆိုတဲ့ ဝေါဟာရဟာ မြန်မာလူမျိုးတွေအတွက် သက်ကြီး၊ ၀ါကြီးသူတွေအတွက် ခေါ်ဝေါ်သုံးနှုန်းတဲ့ အလေ့အထ ဖြစ်ပေမယ့် စစ်ဗိုလ်ချုပ်တွေ အတွက်တော့ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အဘခေါ်မှ ကြိုက်တတ်ကြတယ်။

ဗိုလ်ချုပ်တွေကို “အဘ”ခေါ်သူတွေထဲမှာ သူတို့ထက် အသက်ကြီးတဲ့ သူတွေကို တွေ့ရတတ်ပါတယ်။ မခေါ်ချင်ပေမယ့် လို တာ ရှိတော့ ခေါ်ရတဲ့ သဘောလဲပါမှာဖြစ်သလို ဖားယားပြီးတော့ ခေါ်သူတွေလဲရှိမယ်ထင်တယ်။

သူ့ဝန်းထမ်းတွေထဲက ဌာနမှူးအဆင့်ရှိသူတွေမှာ သူ့ထက်စီနီယာ ကျတဲ့အငြိမ်းစား ဗိုလ်မှူးကြီးတွေလဲ ပါတယ်။ တချို့ဌာန မှူးတွေဆိုရင် သတင်းထောက်တွေ ရှေ့မှာ ဆူပူတာကို ခံကြရတယ်။ အထူးသဖြင့် လမ်းတံတားဌာနမှူး ဆိုရင် သတင်း ထောက် တွေ ရှေ့မှာ မကြာခဏ သူ့ရဲ့အဆူခံရတယ်။

တခါကလည်း“မင်းက စားဖို့ပဲသိတယ်၊ လုပ်တာတွေက ဘာမှအဆင်ပြေဘူး၊ အချိုးကို မပြေဘူး”လို့ လမ်းတံတားဌာနမှူး ကို ဟိန်းဟောက်တော့ ဌာနမှူးက ခေါင်းငုံ့နေပါတယ်။ တချို့ဝန်းထမ်းတွေဆိုရင် လူအများရှေ့မှာ ဆဲဆိုခံရတာ တွေ့ရပါတယ်။

ဌာနမှူး၊ အငြိမ်းစားဗိုလ်မှူးကြီး တဦးက ဦးအောင်သိန်းလင်းကို ရိုးအေးသူတဦး လို့ သတ်မှတ်ပြီး မြို့တော်ဝန် ရာထူးပေးခဲ့တာ လို့ဆိုပါတယ်။ လက်တွေ့မှာတော့ အတော်လောဘ ကြီးတဲ့မြို့တော်ဝန်ဖြစ်လာတယ်လို့ သူက မှတ်ချက်ပေးပါတယ်။

သူမြို့တော်ဝန် ဖြစ်လာပြီး နောက်ပိုင်းမှာ ရန်ကုန်မြိုမှာ ရှိတဲ့ အဆောက်အအုံ အတော်များများကို လေလံ စနစ်နဲ့ ပေးတော့
တယ်။ လေလံရလိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက သူ့ဆီကို တိုက်ရိုက်လာပြီးတော့ ညှိနှိုင်းကြတယ်။ ကြော်ငြာကိစ္စတွေက အစ သူကိုယ်တိုင် လက်ဝါကြီးအုပ် လုပ်ကိုင်လေ့ရှိတယ်။

ရန်ကုန်တမြို့လုံးက ၀င်ငွေတွေ၊ အခွန်အခတွေက တနှစ်ကို ကျပ် ဘီလီယံ ၄၀ ၀န်းကျင် အထိရတယ်လို့ သူက သတင်း ထောက် တွေကို ပြောလေ့ရှိတယ်။ အဲဒီ ၀င်ငွေထဲက တချို့ကို နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးဆီကို လစဉ်ပို့ပေးရတယ်လို့
နီးစပ်သူတွေက ပြောတယ်။ ၀န်ကြီးအဆင့်တွေ ထဲမှာတော့ ၀င်ငွေအကောင်းဆုံး ၀န်ကြီးတဦးလို့ ဆိုရမှာပါ။

ရန်ကုန်အခြေစိုက် ဂျာနယ် သတင်းထောက်တွေကို သူရဲ့လုပ်ဆောင်နေမှု တွေကို မကြာခဏ ပြောလေ့ရှိပါတယ်။ သူပြော လိုက်တာ တခုခုနဲ့ပတ်သက်ပြီး သူ့ရဲ့အထက်လူကြီးတွေက ဆူရင်လည်း သူပြောတာ အဲဒီလို မဟုတ်ပါဘူးလို့ ပြောဆို တတ် သူပါ။

လမ်းအရေအတွက် ဘယ်လေက်အထိ ခင်းမယ်၊ ပိုက်ဆံက ဘယ်လောက်အထိ သုံးမယ်ဆိုတာတွေကို သတင်းထောက်တွေကိုအမြဲပြောတတ်တယ်။ လမ်းခင်းဖို့အတွက် တနှစ်ကို ကျပ် ဘီလီယံ ၁၂ ဘီလီယံ သုံးစွဲမယ် ဆိုတဲ့ သတင်းတွေကို ဂျာနယ် တိုင်းလိုလို ရေးကြပါတယ်။

လမ်းတွေ ခင်းပေမယ့် အစအဆုံးပြီးစီးအောင် ခိုင်ခံ့အောင် ခင်းတဲ့ လမ်းအရေအတွက်က နည်းပါတယ်။ ဒါကြောင့်လည်း ရန်ကုန်မြို့ခံတွေက သူ့ကို “လမ်းတခြမ်းခင်း အောင်သိန်းလင်း” လို့ ဘွဲ့ထူးတခု ပေးခြင်းခံထားရတဲ့သူပါ။

လမ်းတခြမ်းခင်းရတာကိုပဲ ကျေနပ်နေတတ်တဲ့ သဘောလဲပါပုံရတယ်။ သူများနဲ့ မတူတဲ့ အဲဒီလို လုပ်ရပ်တွေကပဲ သူ့ကိုပေါ်ပြူလာ ဖြစ်စေတယ်ပြောရမှာပါ။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ပါတီရဲ့ လုပ်ငန်းစဉ် သတင်းစာရှင်းလင်းပွဲ တခုအတွက် ကြံ့ဖွံ့အတွင်းရေးမှူး ဦးဌေးဦးနဲ့ အတူ သတင်းထောက်တွေကို ရန်ကုန်မြို့မှာ တွေ့ဆုံရှင်းလင်းခဲ့တုန်းကလည်း သတင်းထောက်တွေရဲ့မေးမြန်းမှုတွေကို ဘုကျကျ ဖြေခဲ့တဲ့အပြင် ဆဲဆိုတာတွေ လုပ်ခဲ့တယ်လို့ ပြည်ပမီဒီယာတွေက ရေးသားခဲ့ကြပါသေးတယ်။

သူ့ရုံးခန်းထဲမှာ အမြဲတွေ့နေကျ သတင်းထောက်တွေနဲ့တော့ သူနဲ့အဆင်ပြေတာများပါတယ်။ သူ့မိသားစုဝင်တွေကိုလည်းတခါ တလေ ဘု ပြောလေ့ရှိတယ်လို့ သိရတယ်။ သူ့အမျိုးသမီးကို မာမီကြီးလို့ ခေါ်ပြီးသူ့ရဲ့တဦးတည်းသော မြေး ဖိုးတီလုံး(ခေါ်)ဆက်နိုင်လင်း ကတော့ သူ့ရဲ့ ဘ၀၊ သူ့ရဲ့အသည်းနှလုံး လို့ပြောဆိုတတ်တယ်။

ဦးအောင်သိန်းလင်းရဲ့ အချစ်ဆုံး ဖိုးတီလုံးလေးဟာ သူ့ရဲ့တဦးတည်းသောသား ဗိုလ်ကြီး ဇော်ဇော်နိုင်ရဲ့သားဖြစ်ပါတယ်။

“ငါ့မြေးက ကြီးလာရင်ငါ့လို နေရာမျိုးကို ဆက်ခံမှာလေ။ ငါ့မြေးကို ငါကိုယ်တိုင် ပုံစံသွင်းယူမယ်” လို့ သူ့စားပွဲပေါ်က ဓာတ်ပုံ ကိုကြည့်ပြီး ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဖိုးတီလုံးလေးကတော့ သူ့အဖိုးရဲ့ ပုံစံသွင်းတာကို မခံခဲ့ရပါဘူး။ သူ့မြေး အကြောင်းကို ပြောနေတဲ့ အချိန်ကတော့ ဦးအောင်သိန်းလင်းရဲ့အပျော်ဆုံး အချိန်လို့ဆိုရမှာပါ။

ပြီးခဲ့တဲ့နှစ် မေလထဲမှာ သူတို့မိသားစုဝင်တွေအားလုံး နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကန်တော့ဖို့အတွက်သွားတဲ့ လမ်းမှာ မော်တော်ကား မတော်တဆ ဖြစ်ပြီး ဖိုးတီလုံးရဲ့ခေါင်းကွဲကာ ဦးနှောက်ထွက်ပြီး တနှစ်နဲ့လေးလ အရွယ်မှာ သေဆုံး သွားခဲ့ရပါတယ်။

မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဦးအောင်သိန်းလင်းဟာ ဖိုးတီးလုံးရဲ့ရုပ်အလောင်းကို မကြည့်ဘဲ ရှိုက်ကြီးတငင် ငိုကြွေး နေ ခဲ့တယ်လို့ သူနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။

ရန်ကုန်မြို့တော်ဝန်ဖြစ်ခဲ့သူတွေထဲမှာတော့ လာဘ်အစားဆုံး၊ လူမုန်းအများဆုံး မြို့တော်ဝန်ဖြစ်တယ်လို့ စည်ပင်သာယာမှာ နှစ် အတော်ကြာ လုပ်ဖူးသူတွေက ဆိုပါတယ်။

အခုလဲပဲ သူ့နေရာကို သံအမတ်ကြီးဟောင်း တဦးဖြစ်တဲ့ ဦးလှမြင့်ကို လွှဲပေးရတော့မယ်လို့ သတင်းတွေထွက်နေပါတယ်။ ရာထူးလွှဲခြင်းနဲ့အတူ စာရင်း၊ ဇယားတွေကိုပါ လွှဲပေးရမှာမို့လို့ ငွေကြေး ပြဿနာတွေ ပေါ်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။

လာမယ့် မတ်လထဲမှာ အစိုးရသစ်ကို အာဏာ တရားဝင် လွှဲပေးရတော့မှာဆိုတော့ ဦးအောင်သိန်းလင်းလည်း မြို့တော်ဝန် ရာထူးကို စွန့်ရတော့မှာပါ။ ရာထူးစွန့်လွှတ်ရတော့မှာ သေချာနေပေမယ့် အစိုးရသစ် လက်ထက်မှာ ဘယ်အခန်း ကဏ္ဍကနေ ဆက်လက် လှုပ်ရှားသွားမယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်