ဇာတ်ညွှန်းသိပြီးသား ပြဇာတ်

မီးအလင်းရောင်နှင့် နေ့အလင်းရောင်ကြောင့် လင်းထိန်နေသော ခန်းမတခုလုံးတွင် အပ်ကျသံမျှပင် ကြားနိုင်လောက်သည် အထိ တိတ်ဆိတ်လွန်းလှသည်။ လူရာပေါင်းများစွာ ရှိနေသော်လည်း လူအားလုံးက ခန်းမကြီး၏ စင်မြင့်ဆီသို့သာ လှမ်းမျှော်ကြည့်နေကြသည်။

mm-president-thein-seinရွှေရောင်ကနုတ်များ ခြယ်သထားသည့် အမည်းရောင် ၀တ်ရုံကို ၀တ်ဆင်ထားသော လူကြီးက အ၀ါရောင် ပေါလစ်သုတ်ထားသော စင်မြင့်ထက်တွင် မတ်တပ်ရပ်နေပြီးသူ၏ လက်ထဲမှ အနီရောင် ခပ်ပါးပါးဖိုင်တွဲကို ဖွင့်ပြီး တစုံတရာကို စူးစမ်းနေသည်။

ထိုလူကြီး၏ ဘေးတွင် တိုက်ပုံအဖြူရောင်၊ ခေါင်းပေါင်းနှင့် မြန်မာ့ရိုးရာဝတ်စုံကို သေချာစနစ်ကျနစွာ ၀တ်ဆင်ထားသော လူနှစ်ဦးက သူတို့၏ညာလက်များကို စင်မြင့်ပေါ်တင် ထားသော စာအုပ်ငယ်တခုပေါ်တွင် တင်ထားကြသည်။ ထိုလူနှစ်ဦးဘေးတွင် အ၀ါရောင်ခေါင်းပေါင်းနှင့် ရှမ်းရိုးရာဝတ်စုံကို ဆင်မြန်းထားသူတဦးလည်း ရှိနေပြီး သူကလည်း လက်ကို စင်မြင့်ထက်ပေါ်ရှိ စာအုပ်ငယ်ပေါ်တွင် တင်ထားလိုက်သည်။

ယင်းနောက် အမည်းရောင်ဝတ်ရုံနှင့် လူကြီး၏အသံက တိတ်ဆိတ်နေသော ခန်းမကြီးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး စာအုပ်အသီးသီးအပေါ် လက်တင်ထားသူ သုံးဦး၏ အသံကလည်း ညီညာစွာပင် တသံတည်း ထွက်ပေါ်လာသည်။

“ကျွန်ုတို့သည် နိုင်ငံတော်သမ္မတများအဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့ပြင် ယခုကျွန်ုပ် ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်” ဆိုသော လူသုံးဦး၏ ပြိုင်တူရွတ်ဆိုသော အသံကပြည်ထောင်စုလွှတ်တော်ဟု ရွှေရောင်စာလုံးကြီး ရေးထိုးထားသော ခန်းမကျယ်ကြီးတွင် ဟိန်းထွက်နေသည်။

ထိုသုံးယောက်မှာ သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောင်ခမ်း တို့ဖြစ်ပြီး အမည်းရောင်ဝတ်နှင့်လူမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့သည် စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့် အနိုင်ရယူထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သူ ဦးသိန်းစိန်ဦးဆောင်သော ကြံ့ဖွံ့အစိုးရအဖွဲ့ ကတိသစ္စာပြုသောနေ့ (သို့) ကျမ်းကျိန်သောနေ့ဖြစ်သည်။

အစိုးရသစ်တရပ် အပြောင်းအလဲဖြစ်ပေါ်လာပြီ ဖြစ်သော်လည်း လွှတ်တော်သည် ရွေးကောက်ပွဲ မ၀င်ခင်က မျှော်လင့်ထားခဲ့သော လွှတ်တော်မျိုး မဟုတ်သည့်အတွက် ၄င်း၏ဆန္ဒများ မပြည့်ဝပါဟု ရန်ကုန်တိုင်းဒေသကြီးမှ
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူတဦးက ပြောသည်။

၎င်းက “အစိုးရသစ်တခုတော့ တက်လာပြီ။ ဒါပေမယ့် ကျနော်တို့လိုချင်တဲ့ တရားမျှတမှု၊ ဒီမိုကရေစီ၊ ဥပေဒစိုးမိုးမှုရဖို့ကတော့ သိပ်မမြင်လှဘူး။ အရပ်စကားနဲ့ပြောရရင် ခရီးကြမ်းကို ကျနော်တို့ ဆက်လျှောက်ရဦးမယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် လွှတ်တော်မှာ တင်ပြတဲ့အခါ မဲခွဲလိုက်ရင် ကိုယ်တင်ပြတာက သဲထဲရေသွန်ဖြစ်သွားတော့ တကယ့်အရေးကြီးတဲ့ ပြည်သူအတွက် အကျိုးရှိမယ့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးလို ကိစ္စမျိုးတွေကို ကိုင်တွယ်ဖို့၊ ဥပဒေပြုဖို့ မဖြစ်နိုင်ဘူး” ဟု ထောက်ပြသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့်တိုင် အရေးပါသော နိုင်ငံတော်ရေးရာကိစ္စများကို သိခွင့်မရသေးသဖြင့် အားမလိုအားမရ ဖြစ်နေသည်။

“သမ္မတနဲ့ အစိုးရ ကတိသစ္စာပြုမယ်ဆိုတာက အရေးကြီးတဲ့ကိစ္စပဲလေ။ ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ကျနော်တို့ကို ကြိုတင် အသိမပေးဘူး။ လွှတ်တော်ထဲရောက်မှ သိရတာ။ နောက်ပြီး လွှတ်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း လာတက်တယ်။ ဒါပေမယ့် နာမည်နဲ့ လူနဲ့ တွဲမသိဘူး။ ကိုယ့်မှာ သိချင်လို့ တပ်က ကိုယ်စားလှယ်တွေလိုက်မေးမှ မင်းအောင်လှိုင်နဲ့ စိုးဝင်းမှန်းသိရတာ။ နောက်ပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု ကာကွယ်ရေးဦးစီးချုပ် လွှတ်တော်ကို ၀င်လာတဲ့အခါ၊ ပြန်ထွက်တဲ့အခါမှာ လွှတ်တော်က အရေးတယူ တလေးတစားနဲ့ ကြေညာတယ်။ ဒါလည်း သဘာဝမကျဘူး ထင်ပါတယ်” ဟု ၎င်းက ဝေဖန်သည်။

သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်သို့ မိန့်ခွန်းပြောနေချိန်တွင် ဗိုလ်ချုပ်ကြီးမင်း အောင်လှိုင်နှင့်
ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းတို့သည် ပြည်ထောင်စုလွှတ်တော်နာယကလည်းဖြစ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ယဉ်ကျေးမှုဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်နှင့် တတန်းတည်း ရှေ့ဆုံးမှ အတူထိုင်ပြီး မိန့်ခွန်းနားထောင်ခဲ့သည်။ ဤသို့ နားထောင်ခြင်းသည် ကာကွယ်ရေးဦးစီးချုပ်၏ အရှိန်အ၀ါမှာ မြင့်မားကြောင်း သက်သေပြနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။

အဖြေသိထားသော ပုစ္ဆာတခု တွက်ရသကဲ့သို့ သမ္မတ ကတိသစ္စာပြုသောနေ့၊ မိန့်ခွန်းပြောသောနေ့သည် စိတ်လှုပ်ရှားစရာ မကောင်းဘဲ လွှတ်တော်ပြီးဆုံးသည့်အတွက် ကိုယ့်အိမ်ကိုယ် ပြန်ရမည်ကိုမူ အတော်စိတ်လှုပ်ရှားမိသည်ဟုဆိုသော လွှတ်တော်ကိုယ်စားလှယ်များလည်းရှိနေသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက “မနက်ဖြန် အိမ်ပြန်ရောက်မယ်။ ကလေးတွေနဲ့ ခွဲရတာလည်း နှစ်လရှိပြီ။ အခု အိမ်ကိုပဲ စိတ်ရောက်နေတယ်။ နိုင်ငံရေးကိစ္စတွေကတော့ ပါတီနဲ့ သေချာပြန်ပြီး သုံးသပ်ရဦးမယ်။ လောလောဆယ်တော့ အိမ်ပြန်ဖို့ စိတ်စောနေတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လလုံး ပြုလုပ်ကျင်းပခဲ့သော လွှတ်တော်တွင် ရာထူးများခန့်အပ်ခြင်း၊ အဆိုနှင့် မေးခွန်းများ တင်သွင်းခြင်း၊ သက်ဆိုင်ရာ အစိုးရ၀န်ကြီးများက ကိန်းဂဏန်းများသုံးကာ အဆိုနှင့် မေးခွန်းများ ဖြေဆိုခြင်းနှင့် ငြင်းပယ်မှုခြင်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပြီး ပြည်သူများအတွက် အမှန်တကယ်အကျိုးပြုသော ထင်သာမြင်သာရှိသည့် အရေးကိစ္စ တစုံတခုမှ အကောင်အထည်ပေါ်လာခြင်း မရှိပေ။ တချို့သော လွှတ်တော်
အစည်းအဝေးရက်များတွင် ၁၅ မိနစ်ခန့်ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရပြီး နွေရာသီ နေပူကြောက်သော လွှတ်တော်အမတ်များအဖို့ တည်းခိုရာ နေပြည်တော်စည်ပင်ရိပ်သာတွင် အခန်းအောင်း ချွေးထုတ်ကုန်ဆုံးသည့်ရက်များကလည်း မနည်းလှဟု ဆိုကြသည်။

အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များက ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်များ ကြီးစိုးထားသော လွှတ်တော်တွင် ပြည်သူ့အကျိုးအတွက် ထိရောက်စွာ လုပ်ဆောင်နိုင်သော အခြေအနေမရှိဟု ပြောကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက “ဒီငါးနှစ်မှာတော့ ကျနော်တို့ ဘာမှ ထိထိရောက်ရောက် လုပ်နိုင်မှာမဟုတ်ဘူး။ နောက်ငါးနှစ်မှာတော့ အင်နဲ့အားနဲ့ အနိုင်ရအောင်လုပ်ပြီး အစိုးရထဲမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်အောင်လုပ်မှကို အဆင်ပြေမယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို မျှော်မှန်းပြီး အားခဲနေသော လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များရှိသော်လည်း လက်တွေ့တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲလိမ်မဲခိုးမှုနှင့် ပြဿနာများကို အလျင် စဉ်းစား ဖြေရှင်းသင့်သည်ဟု ထင်မြင်သူများကလည်း ရှိနေသည်။

ရန်ကုန်မြို့မှ စီးပွားရေးသမားတဦးက “တခါအလိမ်ခံလိုက်ရပြီ။ ရွေးကောက်ပွဲဥက္ကဋ္ဌကလည်း သူ့လူ၊ မြို့နယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် တွေကလည်း သူတို့ခန့်တဲ့လူ။ သူ့လူတွေဝန်းရံပြီး လုပ်ခဲ့တဲ့ပွဲမှာ မဲလိမ်၊ မဲခိုးခဲ့တာတွေ အသိသက်သေတွေ မျက်မြင်တွေနဲ့ လူအားလုံးက မတရားမှန်းသိတယ်။ ဒါပေမယ့် ဘယ်သူတွေကများ ဆယ်သိန်းအကုန်ခံ တရားစွဲ ခဲ့ကြသလဲ။ အများစုက တရားစွဲလည်း ဘာမှ ထူးမှာမဟုတ်ဘူးဆိုပြီး စိတ်ထားတဲ့ သူတွေချည်းပဲ။  အဲဒါများ နောင်လာမယ့် ရွေးကောက်ပွဲမျှော်ဦးမယ်။ ဗေဒင်မတွက်နဲ့၊ နတ်မမေးနဲ့၊ အခုကတည်းက တခါတည်း ဟောကိန်းထုတ်မယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုရင် မဲလိမ်မဲခိုးတာ ဒီ့ထက်ပိုဆိုးမယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့အစိုးရ လွှတ်တော်တွင် ကတိသစ္စာပြုချိန် အစိုးရရုပ်မြင်သံကြားက
သတင်းကြေညာသော်လည်း ပြည်သူအများစုက စိတ်မ၀င်စားကြောင်း တွေ့ရသည်။ အခြေခံကျဆုံးသော ရပ်ကွက်၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမည်မှ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်နှင့် တိုင်း အုပ်ချုပ်ရေးမှူရုံး ဆိုသော ဆိုင်းဘုတ်များကို မတ်လ ၃၀ ရက်နေ့တွင် ပြင်ဆင်ပြောင်းလဲလိုက်သည်ကိုပင် သတိမမူမိသည့် ပြည်သူများ ဒုနှင့်ဒေးရှိသည်။

စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းရှိ Newday ဆီဆိုင်တွင် ဓာတ်ဆီတန်းစီနေသူ အငှားယာဉ်မောင်းတဦးက “သမ္မတသိန်းစိန် တက်လာတယ်ဆိုလား ပြောသံတော့ ကြားတယ်။ ကိုယ်က ဓာတ်ဆီတန်းဆီနေတာ။ ဒီနေ့ ဆီဖြည့်ပြီးတာနဲ့ ခရီးသည်ရှာရဦးမယ်။ နိုင်ငံရေးစိတ်ဝင်စားနေလို့ ကိုယ့်နဲ့ ကိုယ့်မိသားစုကို ဘယ်သူက ထမင်းလာကျွေးမှာလဲ။ ဓာတ်ဆီတန်းစီးရတာက ဒီနေ့ကျမှ ကားတော်တော်များတယ်။ ကိုယ်တန်းစီနေတာ နေ့လယ် ၁၂ နာရီကတည်းက။ ကားတအားများတော့ ၂ နာရီခွဲလောက်ကျမှ ဆီရမယ် ထင်တယ်” ဟု ပြောသည်။

ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့အစိုးရ အာဏာစတင်ရယူသော မတ်လ ၃၀ ရက်နေ့တွင် ပြည်သူအများစုသည် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် သွားမြဲ၊ လာမြဲ ၊ ပုံမှန်လုပ်နေကျ အလုပ်များကို လုပ်ကိုင်မပျက် ရှိကြသည်။

ပြည်တွင်းသတင်းထောက်တဦးကမူ ဇတ်ညွှန်းသိရှိထားပြီးဖြစ်သော ပြဇတ်တပုဒ်၏နိဂုံးပိုင်း အဆုံးသတ်သွားပြီဟု ဆိုသည်။

mm-president-thein-sein2နေပြည်တော် စစ်ဘက်အသိုင်းဝိုင်းမှ တောက်လျှောက် ထွက်ပေါ်ခဲ့သော ထိပ်တန်းစစ်ရာထူးနှင့် တိုင်းမှူးများ ပြောင်းရွှေ့ခန့်ထားသည် ဆိုသောသတင်း၊ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူမည်ဆိုသော သတင်း၊ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ရာထူးမှ ဖယ်ရှားခံရသည်ဆိုသော သတင်း၊ ဒု ဗိုလ်ချုပ်ကြီး ကိုကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရမည်ဆိုသောသတင်း၊ မင်းအောင်လှိုင် ဗိုလ်ချုပ်ကြီးရာထူး အတိုးခံရသည်ဆိုသောသတင်း၊ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို မင်းအောင်လှိုင် ရရှိမည်ဆိုသောသတင်း အပါအ၀င် ပေါက်ကြားလာသော လျှို့ဝှက်ထိပ်တန်း သတင်းအများစုမှာ မှန်ကန်ကြောင်း သက်သေပြသွားခဲ့ပြီ။

သို့သော် နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းမှ ထွက်ပေါ်နေသော နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့မည်ဆိုသော သတင်းတခုသာ သက်သေမပြနိုင်ဘဲ ကျန်ရှိနေသေးသည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းကမူ သမ္မတ ကတိသစ္စာပြုသည့်နေ့ မတ်လ ၃၀ ရက်နေ့တွင်ပင်  နိုင်ငံ့ဥသျှောင်အဖွဲ့ အမှန်တကယ်ရှိပြီး ဖွဲ့စည်းထားခဲ့ပြီဟု အတည်ပြုပြောဆိုသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်တွင် ကြယ်ဖြူ တလုံးပါ သုံးရောင်ခြယ် နိုင်ငံတော်အလံသစ် လွှင့်တင်ထားခြင်းမရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးကြီးသည် အဖြူရောင်ကြယ်တံဆိပ်ပါ အနီရောင် ခွပ်ဒေါင်းအလံတော်အောက်တွင်
ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်