ဆက်သွယ်မှု ဧရိယာ ပြင်ပရောက် လူကြီးမင်းများ ...

မိုဘိုင်းလ်ဖုန်း လိုင်းပေါင်း သန်း ၃၀ ကို ၅ နှစ်အတွင်း တိုးချဲ့တပ်ဆင်သွားမည်ဟု မကြာသေးခင် ရက်ပိုင်းအတွင်း အာဏာပိုင်များက ပြောဆိုလိုက် သော်လည်း အားနည်းချက်များ၊ ချို့ယွင်းချက်များရှိနေ၍ ဖုန်းသုံးစွဲသူများအနေဖြင့် အဆင်မပြေမှုများစွာ ကြုံတွေ့နေရဆဲ ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းကာ GSM မိုဘိုင်းလ်ဖုန်းလိုင်းများကို တိုးချဲ့သွားမည်ဟု ဆက်သွယ် ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်းကပြောဆိုထားသည်ကို ဧပြီလ ၂၃ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင်ဖော်ပြထားသည်။

ygn-phoneယင်းကဲ့သို့ ဖုန်းလိုင်းများတိုးချဲ့မည်ဟု ဆိုသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးစနစ်တွင် နည်း ပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ လိုအပ်သည့် ပစ္စည်းများ အားနည်းနေသောကြောင့် ကောင်းမွန်သည့် ဆက်သွယ် ရေး စနစ်ကို မရရှိသေးကြောင်း နေပြည်တော်၊ မြန်မာ့ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဆက်သွယ်ရေး အင် ဂျင်နီယာတဦးက ပြောပြသည်။

“အာဏာပိုင်တွေ ပြောသလို လိုင်းပေါင်း သန်းချီ ချဲ့လို့ရပါတယ်။ ဆက်သွယ်ပြောလို့ ရမရတော့ မသိဘူး။ ဘာလို့လဲ ဆိုတော့ လိုင်းချဲ့ သလောက် ဆာဗာတွေ အသစ်တွေ ထပ်ဝယ်၊ တာဝါတိုင်တွေ ထပ်ဆောက်ရပါမယ်။ ဒီလို အခြေခံ လိုအပ်ချက်တွေ ထပ်မဖြည့်ဘူးဆိုရင်တော့ အရင်အတိုင်း လူကြီးမင်းနဲ့ တိုးနေမှာပဲ”ဟု သူက ဆိုသည်။

ဆက်သွယ်ရေး အင်ဂျင်နီယာက ဆက်လက်၍ “အားနည်းချက် ဆိုတဲ့ နေရာမှာ ၂ ခုပေါ့။ ပြည်ပက မှာယူရမှာဆိုတော့ ၀န်ကြီး အဆင့်အထိတင်၊ ခွင့်ပြုချက် တခါကျဖို့ ၁ နှစ်လောက်ကြာတယ်။ ဒါက အချိန်ပြဿနာ။ နောက်တခုက တိုးချဲ့လိုက်တဲ့ တယ် လီဖုန်းလိုင်းနဲ့ ဆာဗာချိတ် ဆက်မိဖို့ ၊ ကိုယ်သွားတဲ့ဒေသမှာ တာဝါတိုင်နဲ့ ကိုယ့်တယ်လီဖုန်းလိုင်း ချိတ်ဆက်မမိတဲ့
ပြဿနာ” ဟု ပြောသည်။

ထို့ကြောင့် လိုင်းအင်အားအသစ်တိုးချဲ့ခြင်းထက် လက်ရှိ သုံးစွဲနေသည့် တယ်လီဖုန်းလိုင်းများ ဆက်သွယ်ပြောဆိုမှု ကောင်း မွန်ရန် မြှင့်တင်ခြင်းကို ကနဦး လုပ်ဆောင်သင့်သည်ဟုလည်း သူက ပြောဆိုသည်။

ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ဆက်သွယ်ရေးရုံးမှ ၀န်ထမ်းတဦးက“ဖြစ်နိုင်ခြေ ရှိတာကတော့ အာဏာ ပိုင် တွေဘက်က  ဆာဗာအသစ်တွေ ထပ်ဝယ်ပြီး လိုင်းတွေ ထပ်ချဲ့တာမျိုး အကုန်အကျခံလုပ်လိမ့်မယ်။ ပြီးရင် ဒီဆာဗာဖိုး အတွက် တယ်လီဖုန်း ၁ မိနစ်ခေါ်ဆိုခ ကျပ် ၅၀ ကနေ ၊ ကျပ် ၁၀၀ ဒါမှမဟုတ် ၁၅၀ ဈေးတက်ယူတာမျိုး ပြန်လုပ်နိုင်တယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် GSM ၊ CDMA 450 Mhz ၊ CDMA 800 Mhz  မိုဘိုင်းလ်ဖုန်းများကို အများဆုံးအသုံး ပြုနေကြသည်။ 

အဆိုပါ ဆက်သွယ်ရေးဝန်ထမ်းက“ဒီလို ဆာဗာတွေ ၊ တာဝါတိုင်တွေ ရှိပေမယ့် မြန်မာနိုင်ငံမှာလက်ရှိ သုံးနေတဲ့ မိုဘိုင်းလ် ဖုန်း GSM ကလည်း တရုတ် ကုမ္ပဏီ ဖြစ်သလို ၊ CDMA ကလည်း တရုတ်က နာဂစ်ကာလမှာ အစပြု မိတ်ဆက် ပေးခဲ့လို့ ကမ်းရိုးတန်းဖုန်းလို့ အမည်တွင်ခဲ့တာ။ ဒီလို အမျိုးအစားမတူတော့ ဆက်သွယ်ရေး ကွန်ရက်တွေ တခုနဲ့ တခုချိတ်ဆက်တဲ့ နေ ရာမှာ မမိတော့ဘူး”ဟု ပြောသည်။

ယင်းကဲ့သို့ အမျိုးအစားမတူညီသည့် ဆက်သွယ်ရေး ကွန်ရက်ဖုန်းလိုင်းများ ဖြန့်ကျက်ထားခြင်းကြောင့် ကွန်ရက် ပဋိပက္ခများဖြစ်ပေါ်လာခြင်းကို ယခုအထိ မဖြေရှင်းနိုင်သေးကြောင်း မြန်မာ အင်ဖိုတက် နှင့် နီးစပ်သူ IT နည်းပညာရှင်တဦးကလည်း ပြောပြသည်။

“ပြည်ပနိုင်ငံတွေမှာလည်း မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတွေ ၃ -၄ ခု အပြိုင်ရှိတယ်။ သူတို့ရဲ့နည်းပညာနဲ့ အသုံးပြုတဲ့ ဆက်သွယ်ရေး ပစ္စည်းတွေက ကောင်းတော့ လိုင်းမတူလည်း ချိတ်ဆက်တဲ့နေရာမှာ ပဋိပက္ခဖြစ်မနေဘူး။ ကိုယ့်နိုင်ငံမှာ ကျတော့ GSM တယ် လီဖုန်းရဲ့ Main staion (ရေဒီယို ဆက်သွယ်ရေးစခန်း)နဲ့ CDMA ဖုန်းရဲ့ Main station တွေ အချင်းချင်း ချိတ်ဆက်နိုင်တဲ့ နည်းပညာ မကောင်းတဲ့ အခါ ကျတော့ လူကြီးမင်းတို့၊ နေရာ နည်းနည်းရွှေ့တို့ ပြဿနာတွေ တက်နေရော”ဟု သူက ပြော သည်။

ထို့အပြင် ကမ်းရိုးတန်းဒေသတွင် အသုံးပြုရန် ချထားပေးသည့် CDMA ဖုန်းများသည် လိုင်းဆွဲအား ပြင်းထန်သောကြောင့် ဆက်သွယ်မှုကောင်းမွန်သော်လည်း ပြင်းထန်သည့်လိုင်းဆွဲအားကြောင့် အဆိုပါ ဖုန်းများအား မြို့ပြများတွင်သုံးစွဲပါက တခြား ဆက်သွယ်ရေး ကွန်ရက်များကို ထိခိုက်စေသောကြောင့် သုံးစွဲရန် မသင့်ကြောင်းလည်း အဆိုပါ IT ပညာရှင်က ရှင်းပြသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်းများကို အကန့် အသတ်မရှိ ချထားပေးခြင်းကြောင့် CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းလိုင်းများသည် မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် နေရာယူမှုပိုမို ကြီးထွားလာခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်း ၀န်ဆောင်မှု စနစ်များနှင့် ပတ်သက်၍ အရှေ့တောင် အာရှ နိုင်ငံအဆင့် တပြေး ညီ ဖြစ်ပေါ်လာစေရန် စီစဉ်ဆောင်ရွက်နေသည်ဟု အာဏာပိုင်များက ပြောဆိုနေကြသော်လည်း ၎င်းတို့နှင့် စီးပွားရေး လုပ် ငန်း ရှင်များ အကျိုးအမြတ်ရရှိရေး အတွက်သာ ဦးတည်လုပ်ကိုင်နေခဲ့သည်။

အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ၎င်းပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံဖြစ်သော Central Marketing ကုမ္ပဏီနှင့် Elite ကုမ္ပဏီသည် CDMA တယ်လီဖုန်း ဟန်းဆက်များ၊ FEC 100 တန် ၊ FEC 200 တန် တခါသုံး တယ်လီဖုန်း ကတ်များ၊ ကျပ် ၁ သောင်း ၊ ကျပ် ၂ သောင်းနှင့် ကျပ် ၅ သောင်းတန် (Prepaid)  ကြိုတင်ငွေ ပေးချေ ဖုန်း ကတ်များကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့်ရနေသည်။

ရန်ကုန်တွင် လျှောက်ထားရသည့် CDMA 800Hz တယ်လီဖုန်းသည် ရန်ကုန်၊ မန္တလေးမြို့များတွင်သာ ဆက်သွယ်ပြောဆိုနိုင် ကြောင်း၊ နေပြည်တော်တွင် ချထားပေးသည့် CDMA 450 တယ်လီဖုန်းသည် တနိုင်ငံလုံးအနှံ့ ဆက်သွယ်ပြောဆိုနိုင်ကြောင်း ပြောဆိုနေသော်လည်း မြို့ကွာခြားသွားပါက ဆက်သွယ်မှုပြတ်တောက်သည့် ပြဿနာများ ဖြစ်ပေါ်နေသည်ဟု တယ်လီဖုန်း သုံးစွဲသူတဦးက ပြောသည်။ 

“မန္တလေးရောက်လို့ ကိုယ့်ဆီကို ဆက်ရင် ဖုန်းပိတ်ထားတယ်ဆိုပြီး ဖြစ်နေရော။ ကိုယ်က ဒီဘက်မှာ ဖုန်းမပိတ်ထားဘူး။ နောက်တခါ ထပ်ခေါ်ရင် ဆက်သွယ်မှု ဧရိယာ ပြင်ပကိုရောက်နေတယ်ဆိုပြီး ပြောပြန်ရော။ ဒီလိုခဏခဏဖြစ်တာများတယ်” ဟု သူက ပြောသည်။

ဇန်န၀ါရီလ ၁၈ ရက်နေ့မှစ၍ ကျပ် ၅ သိန်းတန် CDMA 800Hz ဖုန်းများကို အင်တာနက် အသုံးပြုခွင့် တရားဝင်ပေးခဲ့သော် လည်း အင်တာနက်လိုင်း ကျဆင်းခြင်း၊ ပြတ်တောက်ခြင်းများကြောင့် သုံးစွဲသူများ အခက်အခဲဖြစ်နေရသည်။

လက်ရှိ အသုံးများနေဆဲဖြစ်သော အစိုးရထုတ်ဈေး ကျပ် ၁၅ သိန်း ၅ သောင်း ရှိသည့် GSM ဖုန်းများကိုလည်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ကျပ် ၅ သိန်းဖြင့် စတင်ရောင်းချပေးခဲ့သည်။

အဆိုပါ GSM ဖုန်းလိုင်းသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းရှိ မြို့နယ်၂၆ မြို့နယ်တွင် အသုံးပြုနိုင်ကြောင်း၊ ဖုန်းလိုင်းမိသည့် နေရာတိုင်းတွင် ယင်း GSM ဖုန်းများကို အလုံးရေ အကန့်အသတ်မရှိ ချထားပေးတော့မည် ဖြစ်ကြောင်း သိရသည်။

“လူက ဖုန်းတွေ အကုန်လုံးဝယ်ပြီး ချိတ်ထားရမလိုဖြစ်နေတယ်။ GSM ဖုန်း ပထမ၀ယ်ထားတာ၊ ဧရာဝတီတိုင်းဘက် သွားရင် ဖုန်းကခေါ်လို့ မရတော့ဘူး။ ဒါနဲ့ အလုပ်မှာလည်း သုံးလို့ ရအောင်ဆိုပြီး CDMA  ၅ သိန်းတန်ဖုန်း ၀ယ်ထားတယ်၊ ဒါကျတော့ လိုင်းကရတချက် မရတချက် လမ်းမထွက်ပြီး အသံကုန်အော်ရတယ်။ လိုင်းဖုန်းကျတော့ မိုးရွာရင် လိုင်းကမကြည်တာနဲ့ ဖုန်း လိုင်း ခဏခဏ ဖြတ်တာနဲ့ ဖုန်းပေါင်းစုံ ခါးမှာချိတ်သွားရမလိုဖြစ်နေတယ်”ဟု ရန်ကုန် ၃၁ လမ်းတွင် စာရေးကိရိယာ အရောင်း ဆိုင် ဖွင့်ထားသူ တဦးက ပြောသည်။

အရှေ့တောင် အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံသည် ဖုန်းအမျိုးအစားပေါင်း များစွာသုံးစွဲနေသည့် နိုင်ငံတနိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် မိုဘိုင်းလ်ဖုန်းများဆက်သွယ်ပြောဆိုမှု အဆင်မပြေသောကြောင့် ဒေသခံများသည် နီးစပ် ရာ အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း ၊ တရုတ် ၊ အိန္ဒိယနိုင်ငံများမှ SIM ကတ်များကို ၀ယ်ယူအသုံးပြုနေကြရသည်။

အာဏာပိုင်များက ဆက်သွယ်ရေးကဏ္ဍနှင့် ပြန်ကြားရေးကဏ္ဍအား စွမ်းဆောင်ရေ မြှင့်တင်နိုင်ရန် နှင့် အာကာသနည်း ပညာ ဆိုင်ရာများ ရရှိပြန့်ပွားစေရေးကို ရည်ရွယ်သည့် နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တုတလုံး လွှတ်တင်နိုင်ရေးအတွက် ဆောင်ရွက် သွားမည်ဟု ဧပြီလ၂၃ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ရတနာပုံတယ်လီပို့နှင့် ဆက်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်နေသည့် ကုမ္ပဏီမှ နည်းပညာရှင်တဦးက“တရုတ်နဲ့ ရုရှား အကူအညီယူပြီး အစိုးရပိုင်ဂြိုဟ်တု လွှတ်တင်မယ်လို့တော့ ကြားတယ်”ဟု ပြောသည်။

“ဂြိုဟ်တု ထားမယ့်နေရာ လိုက်ရှာရင်တောင် ထိုင်းနဲ့ တရုတ် ဂြိုဟ်တုတွေတင်ပဲ ကိုယ့် ကောင်းကင်မှာ ပြည့်နေပြီ။ အဲ့ဒီ ကိစ္စက လွှတ်မယ်လို့ ဆုံးဖြတ်ရသေးတဲ့ အဆင့်မှာပဲရှိသေးတယ်။ လုပ်မယ်ဆိုတာကလွဲပြီး ဘယ်ကုမ္ပဏီနဲ့ ပူးပေါင်းမယ်။ မြေ နေ ရာ ၊ အဆောက်အအုံ ဘာမှ မစီစဉ်ရသေးဘူး။ အစိုးရပိုင်ဆိုပေမယ့် ပြည်တွင်းက ရင်းနှီးမြှပ်နှံမယ့် ကုမ္ပဏီတွေလည်း ပါလာ ဦးမှာဆိုတော့ သူတို့ကိုပါ အစိုးရက အခွင့်အရေး ပေးရမှာ။ ဂြိုဟ်တုကနေ ချိတ်ဆက်ရတာတွေက အပိုင်းတွေအများကြီး ရှိတော့ အာဏာပိုင်တွေက စိုးရိမ်တဲ့ ဟာတွေရှိတယ်။ သူတို့ ပြောသလောက် မလွယ်ဘူး”ဟု သူက ဆိုသည်။

ဝေးလံခေါင်ဖျားဒေသများအထိ ဆက်သွယ်နိုင်စေရန် MPT Satellitel Termanial စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုင်း ဂြိုဟ်တုငှားရမ်းကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ MPT Satellitel Termanial စခန်းများ မှတဆင့် တယ်လီဖုန်း၊ ဖက်စ်၊ အင်တာနက် ဆက်သွယ်မှုများကို ပြုလုပ်ခဲ့သော်လည်း လက်ရှိမြန်မာနိုင်ငံမှ ဆက်လက် ငှား ရမ်းခြင်း မရှိတော့ကြောင်း သိရသည်။

လက်ရှိ စင်္ကာပူ နိုင်ငံမှ ဂြိုဟ်တု ငှားရမ်းသုံးစွဲပြီး အဆိုပါ MPT Satellitel Termanial စခန်းများမှ တဆင့် တယ်လီဖုန်း၊ ဖက်စ်၊ အင်တာနက် ဆက်သွယ်မှုများကို ပြုလုပ်ပေးနေသည်ဟု သိရသည်။

ယခုလက်ရှိတွင် GSM ဆက်သွယ်ရေး ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၀ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ အထိ GSM ဖုန်း ၅၀၀၀၀ ကျော် ၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရ သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းစနစ်ကို ၁၉၉၃ ခုနှစ်တွင် ဆယ်လူလာ စနစ်ဖြင့် စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် CDMA ဖုန်းစနစ် စတင်သုံးစွဲခဲ့ကာ၂၀၀၂ ခုနှစ်တွင် GSM ဖုန်းစနစ်ကို စတင်ခဲ့သည်။ WCDMA ဖုန်းများကို ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပွားပြီး နောက် ပိုင်း ပြည်သူများကို သုံးစွဲခွင့်ပြုခဲ့သည်။ CDMA 800 MHz ဖုန်းလိုင်းများကိုမူ၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်