နာမည်မရှိတဲ့ ရွာကလေး

“အာလူး” သည် အမည်မရှိသော ရွာကလေး၏ ထိပ်တွင် တည်ရှိသည့် လက်ဖက်ရည်ဆိုင် တဆိုင်ဖြစ်သည်။ “အာလူး” တွင် သူထိုင်နေ၏။

အုတ်နီခဲရောင် ခပ်ပြစ်ပြစ် လက်ဖက်ရည်ထဲ ကျနေသည့် ယင်ကောင်ကို အဖုအထစ်များဖြင့် ကြမ်းထော်နေသော သူ့လက် မည်းမည်းများနှင့် ဖယ်ထုတ်ကာ တငုံငုံသည်။ အနည်းငယ် တိမ်စွဲနေသော မျက်လုံးများနှင့် အလုပ်ဒဏ်ပိခဲ့သောကြောင့် ၃၈ နှစ်ဆိုသည့် ရှိရင်းစွဲ သူ့အသက်ထက် ပိုကြီးသယောင် ထင်ရသည်။ ယင်ကောင်များက ကိုအောင်တင်စိုး၏ လက်ဖက်ရည် ခွက်ထဲသို့ တကောင်ပြီး တကောင် ခုန်ဆင်းနေသည်။ ကိုအောင်တင်စိုးကလည်း ယင်ကောင်များကို ဖယ်ရင်း၊ လက်ဖက်ရည် ကို ငုံရင်း သူ့ခရီးစဉ်ကို ရှင်းပြသည်။

aungtinsoe-01သူဖြတ်ကျော်လာခဲ့သည့် ခရီးက ကီလိုမီတာ ၁၀၀၀ ခန့် ရှိသော်လည်း သူ့ ခရီးစဉ်နှင့် ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားခြင်း လုံးဝမရှိ။

ရခိုင်ပြည်နယ် ရသေ့တောင်နှင့် ကရင်ပြည်နယ် မြဝတီမြို့ တဘက်ကမ်း မဲဆောက်မြို့က တောင်နှင့်မြောက်၊ ထောင့်ဖြတ်ပုံစံ။ မြေပုံပေါ်မှာပင်လျှင် အလွန်ဝေးကွာလွန်းသော ခရီးစဉ်ဖြစ်သည်။ ထိုခရီးကို ကိုအောင်တင်စိုး ၄ ရက်ကြာ လာခဲ့ရသည်ဟု ဆိုသည်။

“ဝမ်းမဝတော့လည်း သူများနိုင်ငံကို လာရတာပေါ့။ ဒုက္ခရောက်မယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် ဒီဒုက္ခတွေကို ထိုးဖောက် ရတာပေါ့လေ” ဟု ကိုအောင်တင်စိုးက ပြောသည်။

နံနက် ၉ နာရီခွဲအချိန် “အာလူး” တွင် စားသုံးသူ မရှိသလောက် ဖြစ်နေပြီ။ ဒီရွာကလေး အတွက်ကတော့ စားပွဲဝိုင်း ၂ ဝိုင်းခန့်သာဆန့်သော ၈ ပေ၊ ၁၀ ပေ ခန့်အကျယ် “အာလူး” က အနေတော် ဖြစ်သည်။ ဆိုင်ရှင်အမည် ကိုအာလူးကို အစွဲပြု၍ ဒီလက်ဘက်ရည်ဆိုင် လေးကို တရွာလုံး “အာလူး” ဆိုင် ဟု ခေါ်ကြသည်။

လောလောဆယ်မှာတော့ ဆိုင်ထဲမှာ လှုပ်ရှားနေသူဟူ၍ ယင်ကောင်များနှင့် အလုပ်ရှုပ်နေသော ကိုအောင်တင်စိုးနှင့် ကိုအာလူးကတော် မဖြူစန်းသာရှိသည်။ နက်နက်စောစော လက်ဖက်ရည် ရောင်းပြီးသွားသောကြောင့် မဖြူစန်းတယောက် နေ့လယ်စာအတွက် ပြင်ဆင်ရင်း၊ နေသာသဖြင့် ဆိုင်ရှေ့တွင် ထုတ်လှမ်းထားသော မီးသွေးခဲများကို သွားဖွရင်း အလုပ်များနေခြင်း ဖြစ်သည်။

ရသေ့တောင်မှ စစ်တွေ၊ စစ်တွေမှ တောင်ကုတ်၊ တောင်ကုတ်မှ ရန်ကုန်၊ ရန်ကုန်မှ မြဝတီ။ ရန်ကုန်ကို တခါမှ မရောက်ဘူးသူ ရခိုင် တိုင်းရင်းသား ကိုအောင်တင်စိုး၏ ခရီးစဉ်က မဆုံးတော့ဟုပင် ထင်ရသည်။

“မနှစ်က ထွက်လာခဲ့တာ။ စစ်တွေကနေ တောင်ကုတ်ကို သင်္ဘောစီးရတယ်၊ အဲဒီကနေ ရန်ကုန်ကို ကားနဲ့သွားတယ်။ ရန်ကုန်မှာ ၂ ညအိပ် ကားစောင့်ပြီးမှ မြဝတီကို ကားနဲ့ ဆက်လာခဲ့တယ်” ဟု သူပြောသည်။

မြဝတီမှ မဲဆောက်သို့ ကူးလာခဲ့ပြီး မဲဆောက်မြို့မှ ၃၅ ကီလိုမီတာ အကွာအဝေးတွင် ရှိသော ဒီရွာကလေးကို ရောက်တော့မှ သူ့ခရီးစဉ်ပြီးဆုံးသည်။ ကျပ် ၆ သောင်း ၇ ထောင် ပါလာသော ကိုအောင်တင်စိုး လက်ထဲတွင် မြဝတီ ရောက်သည့် အချိန်၌ ကျပ် ၁ သောင်း ၂ ထောင်သာ ကျန်တော့၏။ ဒီရွာကလေးတွင် သူနှင့်ဘဝတူ၊ သူနှင့်မသိ မရင်းနှီးသော ရခိုင်တိုင်းရင်သား များစွာကို တွေ့ရသည်။

“ကျနော်နဲ့ အတူ ထွက်လာကြတာတော့ လူ ၃၀ ကျော်လောက် ရှိတယ်။ ယောက်ျားတွေကော၊ မိန်းမတွေကော၊ ကြီးကြီး ငယ်ငယ် အစုံပဲ။ ဒါပေမယ့် ကျနော်တယောက်တည်း ဒီရောက်တယ်။ သူတို့တော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေကြလဲ မသိဘူး” ဟု သူက ရခိုင်သံ ဝဲဝဲဖြင့် ရှင်းပြသည်။

aungtinsoe-02မဖြူစန်း၏ မီးဖိုမှ ပုစွန်ကြော်နံ့ သင်းပျံ့လာသည်။ ကွမ်းယာ လာဝယ်သူတဦးစ၊ နှစ်ဦးစနှင့် မုန့်ပဲသွားရည်စာ လာဝယ်သူ ကလေးငယ် တဦး၊ နှစ်ဦးကို ဈေးရောင်းပေးပြီးနောက် ကိုအာလူးက လက်ဖက်ရည်ပန်းကန်များကို လာသိမ်းသည်။ နေမြင့်လာသည်နှင့်အမျှ မြေစိုက် ထရံကာ “အာလူး” ဆိုင်ကလေးတွင် ပိုတိတ်ဆိတ်လာ၏။ ဆိုင်ကလေးထက်စာလျင် ဘုရားစင်က ပိုကြီးနေသည်ဟု ထင်ရသည်။ ဆိုင်အရှည် ၈ ပေခန့်တွင် ဘုရားစင်က ၄ ပေကျော်ကျော်ခန့် နေရာယူထား၏။ ဘုရားစင်တွင် လျှပ်စစ်မီးနှင့် ပန်းရေချမ်းတို့ကိုလည်း ပြည့်စုံစွာ ပူဇော်ထားသည်။

တချက်တချက် ကိုအောင်တင်စိုး၏ စကားသံက “အာလူး” ဆိုင်ဘေးရှိ အလုပ်အားနေသည့် လူငယ်တစု၏ ကာတင်ခုံမှ ငြင်းခုံသံများကို ဖောက်ထွင်း ထွက်ပေါ်လာသည်။

“သူများဒေသမှာ ဘယ်သူကတော့ ပျော်မှာလဲဗျာ။ ကိုယ့်ဒေသမှာဆို ဘုရားကျောင်းကန်တွေနဲ့ ပျော်စရာတွေက အများကြီးပဲ။ ပွဲလမ်းသဘင်တွေလည်း အများကြီးပဲပေါ့” ဟု ကိုအောင်တင်စိုးက ပြောသည်။

သူတို့ရွာမှာ ကိုအောင်တင်စိုးက လယ်ပိုင်ရှင်ဖြစ်သည်။ သို့သော် သူ့လယ်က ထွက်သည့်စပါးက ဝမ်းစာဖူလုံရုံသာ ရှိသည်။ တခြား စရိတ်စကများ အတွက် မလောက်င။ သူ့တွင် မှီခိုသူ မိခင်၊ ဖခင်ကြီးနှင့် ဇနီးသည်၊ လူမမယ် ကလေး ၂ ဦးရှိသည်။ လယ်မှ ထွက်သော စပါးက မသေထမင်း (ဟင်းမပါ) အတွက် လောက်ငရုံ ရှိသောကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ထွက်လာရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း ကိုအောင်တင်စိုးက ရှင်းပြသည်။ လယ်အလုပ်မှလွဲ၍ တခြားသော အလုပ်လည်း သူမလုပ်တတ်ကြောင်း ရွာဘုန်းတော်ကြီးကျောင်းတွင် ရေးတတ်ဖတ်တတ်ရုံ စာသင်ခဲ့ရသည့် သူက ပြောသည်။

“ကျနော်တို့ဆီမှာ စပါးကလွဲရင် ဓနိ နည်းနည်းထွက်တယ်။ ကျန်တာတော့ ဘာမှ လုပ်စားလို့မရဘူး။ ကျနော်က လယ်ပဲ လုပ်တတ်တယ်” ဟု ကိုအောင်တင်စိုးက ဆိုသည်။

သူ့အရှေ့တွင် ထိုင်းနိုင်ငံ၌ အလုပ်သွားလုပ်ဖူးသူ တဦး ရွာပြန်လာရာ၌ ၎င်းအပြန်တွင် လိုက်ပါခဲ့ခြင်းဖြစ်သည်ဟု ကိုအောင် တင်စိုးက ဆိုသည်။

“သူက ခေါ်တာတော့မဟုတ်ဘူး။ ကျနော့်ဘာသာ လိုက်လာခဲ့တာ” ဟု သူ ပြောသည်။

ယမန်နှစ်က ရွာမှ ထွက်လာခဲ့ပြီး ယခုနှစ် မိသားစုကိုပါ ခေါ်ယူခဲ့သည်။ သားအကြီးက ၅ နှစ်ခန့်၊ သားအငယ်က ၃ နှစ်ခန့်သာ ရှိသေးသည်။ သားကြီးက ကျောင်းထားရမည့် အရွယ် ရောက်ပြီဖြစ်သောကြောင့် ရသေ့တောင်တွင် ကျောင်း ပြန်ထား လိုသည်ဟု ကိုအောင်တင်စိုးက ဆိုသည်။

“တမိုးလောက် လုပ်ပြီးရင်တော့ သူတို့ကို ပြန်ခိုင်းပြီး ကျနော်က ဒီထက် ကောင်းတဲ့အလုပ် ရှာလုပ်မလားလို့” ဟု သူက မရေမရာ ပြောသည်။

မြန်မာပြည်တွင်းမှ လူများ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်မှ တရားမဝင်ဖြတ်ကျော်ဝင်ရောက် အလုပ်လုပ်ကြသည်မှ ၁၀ စုနှစ် တခုမကရှိပြီ။ သို့သော် ယခုနှစ်ပိုင်းတွင် ပိုများလာသည်ဟု သိရသည်။ မကြာသေးခင်က ကြားသိရသော သတင်းများအရ ရခိုင်ပြည်နယ်အတွင်း ဆန်ပြတ်လပ်မှု ကြုံတွေ့နေရပြီး စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေသောကြောင့် ဒေသခံများ အစုလိုက် အပြုံလိုက် ဒေသရင်းကိုစွန့်ခွာသွားကြသည်ဟု ဆိုသည်။ ထိုသို့ ထွက်ခွာသွားသည်မှာ ကျောက်ဖြူမြို့နယ် ရွှေညိုမ ကျေးရွာ တရွာတည်းပင် ၁၁၆ ဦးရှိပြီဟု ဒေသခံ ဆရာတော်တပါးက မိန့်ကြားခဲ့သည်။

ရခိုင်ပြည်သို့ ယခင်နှစ်က ဝင်ရောက်တိုက်ခတ်ခဲ့သော ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် တာတမံများ ပျက်စီးရသည်၊ တချို့ လယ်ထဲတွင် ဆားငန်ရည်များဝင်ကာ လယ်များ စိုက်ပျိုးရန် မဖြစ်နိုင်တော့သည် အနေအထား ကြုံကြရသည်။ တချို့မှာ မုန်တိုင်းကြောင့် အိမ်ခြေ ယာမဲ့ဘဝဖြင့် ပိုင်ဆိုင်သော လယ်ယာများကို ပြန်မစိုက်နိုင်သည့် အနေအထား ဖြစ်ကြရသည်။

ရခိုင်ဒေသသာမကဘဲ ပဲခူးတိုင်းအတွင်းမှ ကျေးရွာများ၊ အညာဒေသမှ ကျေးရွာများတွင်လည်း စိုက်ခင်းများ ရာသီဥတုကြောင့် ပျက်စီးခြင်း၊ မျိုးစပါးဖိုးမတတ်နိုင်ခြင်း၊ အစိုးရချေးငှားသည့် အမတော်ကြေးဖြင့် စိုက်ပျိုးရေး ပြန်လည်စတင်ရန် မတတ်နိုင်ခြင်း စသည့် အခက်အခဲများကြောင့် ဒေသခံများ အစုလိုက် အပြုံလိုက် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ နယ်စပ်မှ တရားမဝင် ဖြတ်ကျော် ဝင်ရောက်ကြခြင်း ဖြစ်ကြောင်းလည်း သတင်းများအရ သိရသည်။

ထို့အပြင် ရှမ်းတောင်တန်း ဒေသ လက်ဖက်စိုက် တောင်သူများမှာ အာဏာပိုင်များ၏ ဈေးနှိမ်ဝယ်ယူမှု၊ ဒေသတွင်း တိုက်ပွဲများ စသည့် အခက်အခဲ မျိုးစုံ ကြုံတွေ့နေကြရသောကြောင့် ဈေးကွက်ပျက်ပြီး နီးစပ်ရာ တရုတ်ပြည်သို့ အစုလိုက် အပြုံလိုက် ဝင်ရောက် သွားကြကြောင်း တအာင်း (ပလောင်) အလုပ်သမားအဖွဲ့တဖွဲ့က မနေ့ တနေ့ကမှ ကြေညာချက် တစောင် ထုတ်ပြန်ထားသည်။

“အာလူး” လက်ဖက်ရည်ဆိုင်ကလေး ဘေးမှာ ကိုအောင်တင်စိုးတို့ နေသည့် တဲတန်းလျားကလေး ရှိသည်။ မိသားစု တစုအတွက် တခန်းကို ၁၂၀ ဘတ် (ကျပ် ၄၀၀၀ ခန့်) ပေးရသည်။ မိသားစုတစု ခြေဆန့်အိပ်သာရုံ အခန်း တခန်းပါသည်။ ထိုအခန်းကို နံရံတချပ်ခြားထားပြီး အရှေ့တွင် ဧည့်ခန်းဟုလည်း ဆိုနိုင်၊ မီးဖိုခန်းအဖြစ်ပါ တပြိုင်နက် အသုံးပြုသည့် ၄ ပေ၊ ၆ ပေခန့်အကျယ်၊ လူတယောက် အရပ်မလွတ်သည့် အခန်းကလေး တခန်းရှိသည်။

ပျဉ်အဟောင်းများ ခင်းကာ ထရံကာထားသည်။ မီးဖိုအဖြစ် အသုံးပြုချိန်တွင် ကဲလားကို ဖွင့်ထားနိုင်သည်။ ကဲလားကတော့ ဆာလာအိတ်ဟောင်းကို ဝါးကွပ်၍ အဆင်ပြေသလို ပြုလုပ်ထားကြသည်။ တခန်းနှင့် တခန်းတော့ မတူကြ။ ထမင်း ဟင်း ချက်ပြုတ်ရန် ထင်းမီးဖို၊ အိုးခွက် ပန်းကန်များ ချထားသဖြင့် ထိုနေရာတွင် လူကြီး ၂ ယောက် ကျပ်ကျပ်တည်းတည်း ထိုင်သာရုံသာရှိသည်။

အမိုးနိမ့်သောကြောင့် ကြပ်ခိုးများဖြင့် နီးကပ်စွာ နေရသကဲ့သို့ ဖြစ်နေသည်။ ဟင်းကျန် အောက်သိုးသိုးအနံ့နှင့် ကြပ်ခိုးနံ့ ရောယှက်နေသော  အခန်း ၁၀ ခန်းခန့်ကို ဆက်ထားသည့် တန်းလျား ဖြစ်သည်။ ထိုတန်းလျားတွေမှာ နေသူအားလုံး ရခိုင်တိုင်းရင်းသား ချည်းသာ ဖြစ်သည်။

ရခိုင်ဒေသမှ ထိုင်းနှင့် မလေးရှားသို့ တရားမဝင် ဝင်ရောက်သူများစွာ ရှိသည်။ အရေအတွက်တော့ အတိအကျ မသိရ။ သိန်းနှင့် ချီ၍ ရှိနိုင်သည်။

ထိုဒေသကို သူတို့အားလုံးက ကုလားစုဟု အလွယ်ခေါ်ကြ၏။ အိန္ဒိယသွေးနှောသော ထိုင်းသူဌေးပိုင် မြေဖြစ်သောကြောင့်ဟု သိရသည်။ ထိုနေရာကို ဘယ်သူက ဘယ်လိုစရောက်လာသလဲ သေချာမသိ။ တဖြည်းဖြည်းတယောက်စ နှစ်ယောက်စ မှသည် မိသားစုများ၊ အစုအဖွဲ့များ ရောက်လာကြပြီး ယခုအခါ အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ရွာကလေး၊ ရပ်ကွက်ကလေး သဖွယ် ဖြစ်နေသည်။ တချို့လည်း အိမ်ဆောက်နေကြသည်။ အိမ်မည်ကာ မတ္တဖြစ်သည်။ မြေငှားခအဖြစ် သူဌေးကို တလ ဘတ် ၂၀၀ (ကျပ် ၅၅၀၀ ခန့်) ပေးရသည်။ အားလုံးကတော့ လက်လုပ်လက်စား ကျပန်း အလုပ်သမားများသာ။

မြန်မာပြည်တွင်းတွင် လယ်ပိုင်ခဲ့ကြသော်လည်း အခုတော့ သူတို့ သူများယာခင်းထဲတွင် အခစား လုပ်ကိုင်နေကြရသည်။ သူတို့၏ အဓိကအလုပ်က “လွှေ့” ဖြတ်သည့် အလုပ်ဖြစ်သည်။ လွှေ့ ဆိုသည်က ထိုင်းအခေါ် မုန်ညင်းထုပ်တမျိုးဖြစ်၏။ မဲဆောက်နှင့် အနီးဝန်းကျင်တွင် အစိုက်များသည်။ ထို မုန်ညင်းထုပ်များကို ကားများဖြင့်တင်ကာ ချင်းမိုင်၊ ဘန်ကောက် စသည်ဖြင့် တင်ပို့ကြသည်။

“မနေ့ညကတော့ ဘတ် ၁၄၀ ရတယ်။ ဒီနေ့တော့ အလုပ်မရှိဘူး” ဟု ကိုအောင်တင်စိုးက ပြောသည်။

aungtinsoe-03သူတို့၏ လုပ်ခက ပုံမှန်မရှိသလို၊ သူတို့အလုပ်ကလည်း ပုံမှန်မရှိ။ အလုပ်ရှိသည့်နေ့တွင် သူတို့အခေါ် ဝဏ္ဏ (မြန်မာပြည်သား အလုပ်သမားခေါင်း) က နံနက် ၄ နာရီခန့် လာနှိုးသည်။ ထိုအခါ ကျန်းမာသန်စွမ်းသူ၊ အလုပ်လိုချင်သူက ထလိုက်သွားရုံ ဖြစ်သည်။ မလိုက်လိုက မလိုက်ဘဲ နေနိုင်သည်။ မလိုက်လျင် ငွေမရ။ အလွန်ပင်ပမ်းသောကြောင့် အလုပ်ရှိသည့်တိုင် နေ့တိုင်း မလိုက်နိုင်ဟု ကျပန်းအလုပ်သမား ရခိုင်လူငယ်တဦးက ရှင်းပြသည်။

သူတို့တွင် ဘတ် ဟုခေါ်သော အလုပ်သမားကတ်မရှိ၊ ဘာထောက်ခံချက်မှလည်းမရှိ။ သူတို့တွင် သူဌေး အပိုင်လည်း မရှိသောကြောင့် ဘတ်လုပ်၍လည်း မရနိုင်။ သူတို့ကို အလုပ်ပေးရန်လာခေါ်သည့် သူဌေးက သူတို့အတွက် ထိုနေ့အဖို့ သူဌေးဖြစ်သည်။ ထိုနယ်မြေရှိ ရဲများကိုပိုင်သော (တနည်းအားဖြင့် ရဲများဖြင့် ပေါင်းထားသော) သူဌေးများကြောင့် သူတို့ အလုပ်ခွင်အတွင်း အဖမ်းခံရမှာကိုတော့ ကြောက်စရာမလို၊ သို့သော် လုပ်ခကတော့ သူဌေး ပေးသလောက်သာ။

“တချို့ရက်တွေ ဘတ် ၇၀၊ ၈၀၊ ၉၀ (၂၅၀၀ ကျပ် ဝန်းကျင်) ပေါ့။ တချို့ရက်တော့ ၁၂၀၊ ၁၄၀ (၃၄၀၀ ကျပ် ခန့်) လောက် ရတတ် ပါတယ်။ အဲဒီလိုရက်က ရှားတယ်” ဟု ကိုအောင်တင်စိုးက ရှင်းပြသည်။ တကယ်က အလုပ်သမားများအတွက် ရသင့်ရထိုက်သည့် လုပ်ခငွေမှာ ၁၆၂ ဘတ် (၄၆၀၀ ကျပ် ခန့်)  ဖြစ်သည်။

ကျဉ်းမြောင်းလှသည့် အိမ်ကလေးများမှာ သူတို့အတွက် အိပ်ရုံသက်သက်သာ ဖြစ်သည်။ ကလေး၊ လူကြီး အားလုံး မိုးမရွာသည့် နေ့များတွင် ကျဉ်းမြောင်းလွန်းလှသည့် သူတို့၏ အိမ်ကလေးများထဲတွင် မနေကြ။ အိမ်အပြင်၊ အိမ်ရှေ့ မြေတလင်းတွင်သာ နေကြသည်။ ကိုအာလူး လက်ဖက်ရည်ဆိုင် ကတော့ သူတို့အတွက် တိုတိုထွာထွာ ပစ္စည်းကလေးများ ဝယ်ယူနိုင်သည့် ရှော့ပင်းမောလ် ဆိုလည်း ဟုတ်၊ အပန်းဖြေရိပ်သာ ဆိုလည်း ဟုတ်သည်။ ဆိုင်ဘေး နံရံကပ်လျက်တွင် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ခွင် မဝင်သည့် လူငယ် လူကြီးတစု ဇယ်တောက်နေသည်ကို တွေ့ရသည်။ ဆိုင်ရှင်ကတော် မဖြူစန်းထံတွင် ဘတ် အနည်းငယ် ချေးနိုင် သောကြောင့် “အာလူး” ကို ဘဏ်တခုဟုလည်း ဆိုနိုင်သည်။

ကိုအာလူးလည်း ယခင်က လွှေ့ဖြတ်ခဲ့ဖူးကြောင်း ပြောပြသည်။ သူက ထိုင်းနိုင်ငံသို့ ရောက်သည်မှာ ၉ နှစ်ခန့်ရှိပြီ။ သူ့ ဇနီး မဖြူစန်းတို့ မိဘများက မြဝတီ - မဲဆောက်ကူးလူး ကုန်သွယ်သူများ ဖြစ်သည်။ အလုပ်မျိုးစုံ လုပ်ခဲ့ဖူးသော ကိုအာလူးမှာ ငွေကြေးစုဆောင်း၍ ထိုဒေသလေး၌ လက်ဖက်ရည်ဆိုင်ကလေး ဖွင့်ဖြစ်သည်။ ဖွင့်စက ထိုင်းရဲ၏ နှောင့်ယှက်မှု ခံရဖူးသော်လည်း နောက်ပိုင်း အဆင်ပြေသွားသည်ဟု သူက ပြောသည်။

“တနေ့ကို ဘတ် ၁ ထောင်ဖိုးလောက်တော့ ရောင်းရပါတယ်။ အမြတ်က ၁၄၀ လောက်တော့ ကျန်တာပေါ့။ ကိုယ်ပိုင် အလုပ်ဆိုတော့ စိတ်ချမ်းသာပါတယ်” ဟု ကိုအာလူးက ဆိုသည်။ ထိုနေရာကလေးတွင် ကိုအာလူးက စိတ်ကော လူပါ အချမ်းသာဆုံး လူတဦး ဖြစ်ဟန်တူသည်။

လွှေ့ဖြတ်သည့် အလုပ်မှာ အလွန်ပင်ပမ်းကြောင်း၊ လွှေ့တောင်းကြီးများမှာ မိမိကိုယ်အလေးချိန်ထက် ၂ ဆခန့်လေးကြောင်း၊ တရက် အလုပ်လုပ်ပြီးလျှင် တရက်ခန့် ပြန်နားမှသာ နောက်နေ့ ပြန် အလုပ်လုပ်နိုင်ကြောင်း ကိုအာလူးက ပြောသည်။

ထိုနေရာကလေးတွင် ရခိုင်မိသားစု ၅၀ ခန့် တွေ့ရသည်။ ပဲခူးတိုင်း မြစ်ကျိုး၊ သူရဲသမိန်၊ ဝေါ ဘက်က လူများလည်း ရှိသည်။ တချို့ မိသားစုဝင် ၉ ဦး၊ ၁၀ ဦးခန့်ပင်ရှိသည်။ ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှ အဘိုးအို၊ အဘွားအို လင်မယားကိုလည်း တွေ့ရသည်။ အဘိုးအိုမှာ နေမကောင်းသောကြောင့် အလုပ်မဆင်းနိုင်သည်မှာ ၃ ရက်ခန့်ရှိပြီ။ သို့သော် သူတို့သား လူငယ်တယောက် ရှိသောကြောင့် စားဝတ်နေရေးအတွက် အနည်းငယ် အဆင်ပြေသည်ဟု ဆိုသည်။

“ဒီမှာကတော့ အသက် ၁၀ နှစ်ကျော်လောက် ရှိပြီဆိုရင် အလုပ်ခိုင်းကြပြီ။ ရွှေ့ပြောင်းအလုပ်သမား တွေရဲ့ သားသမီးတွေ အတွက် ဖွင့်ထားတဲ့ ကျောင်းက ၃၃ ကီလိုမီတာမှာ ရှိတယ်၊ ကျောင်းကားကြိုပေးတယ်။ ဒါပေမယ့် ကလေး ငယ်တွေပဲ တက်ကြတယ်။ အကြီးတွေကတော့ လွှေ့လိုက်ဖြတ်ရင် ပိုက်ဆံရလို့ ကျောင်းကို အဖြစ်ပဲ တက်တော့တယ်” ဟု ထိုဒေသ တဝိုက်တွင် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် ကိုမိုးကြိုးက ပြောပြသည်။

ကိုမိုးကြိုးက ထိုင်း ရှေ့နေများကောင်စီ ဥပဒေ အထောက်အကူပြုဌာန (LLC) ၏ ကွန်ရက်နှင့် ပူးပေါင်းကာ အလုပ်သမားများ အရေး ဆောင်ရွက်နေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဥပဒေကို သင်ယူထားသူ လည်းဖြစ်သည်။

“ဒီက အလုပ်သမားတွေက အရှေ့တောင်အာရှမှာ လုပ်ခအနည်းဆုံး လို့တောင် ပြောနိုင်တယ်။ ကျနော်တို့က အတတ်နိုင်ဆုံး ပညာပေးပါတယ်။ တရက်လုပ်ခ ၁၆၂ ဘတ် ရရမယ် ဆိုတာ အမြဲပြောတယ်။ ဒါပေမယ့် အလုပ်လိုချင်တဲ့ သူတွေက ၁၀ ဘတ်လျှော့ယူပါ့မယ်၊ အလုပ်ပေးပါ ဆိုတာမျိုး ဈေးဖြတ်တာတွေ ရှိတော့ ပညာပေးရတာ ဘာမှ မထိ ရောက်ဘူး” ဟု ကိုမိုးကြိုးက ရှင်းပြသည်။

ထိုဒေသသည် ထိုင်း - မြန်မာနယ်စပ် အုန်းဖျန် ဒုက္ခသည်စခန်းနှင့် နီးသောကြောင့် ဒုက္ခသည်စခန်းတွင်းမှ ထွက်လာပြီး ဈေးပေါပေါဖြင့် အလုပ်တောင်းသူများ များပြားသည်ဟု သူက ဆိုသည်။

သုံးဆယ့်ငါး ဟု အလွယ်တကူခေါ်သည့် ကိုအောင်တင်စိုးတို့ နေရာကလေး၏ အနောက်ဘက်တွင် နှင်းဆီစိုက်ခင်းများကို  တမျှော်တခေါ်တွေ့ရသည်။

“ကျနော့် ညီနဲ့ ခယ်မက အဲဒီမှာ အလုပ်လုပ်တယ်” ဟု ကိုအောင်တင်စိုးက နှင်းဆီခင်းဘက် လက်ညှိုးညွှန်ရင်း ပြောပြသည်။ သူ ထွက်လာခဲ့ပြီးနောက်တွင် ဇနီး၊ သားများသာမက တခြားသော ညီများ၊ အစ်မများ၊ ခယ်မများပါ ထိုင်းနိုင်ငံသို့ တရားမဝင် ထွက်လာကြသည်။ တချို့က ကိုအောင်တင်စိုးနှင့် အနီးတဝိုက်တွင် ရှိကြသော်လည်း တချို့ ဘယ်ရောက်လို့ဘယ်ပေါက်မှန်း မသိကြဟု သူက ဆိုသည်။

နှင်းဆီစိုက် တောင်သူများကတော့ သူဌေးပုံမှန်ရှိသူဟု ဆိုရမည်။ သူတို့က မနက် ၇ နာရီခန့် နှင်းဆီခင်းထဲဆင်း အပွင့်များဖြတ်၊ မလိုအပ်သည့် ကိုင်းများရှင်း၊ နေ့လယ် ၁၂ နာရီတွင် ထမင်းစားဆင်း၊ ၁ နာရီတွင် အခင်းထဲပြန်ဝင်၊ အမျိုးသားများက ၂ ရက် ၁ ခါ ပိုးသတ်ဆေး ဖြန်းရသည်။ အမျိုးသမီးများကတော့ ပန်းဖြတ်၊ ကိုင်းဖြတ်သည့်အလုပ်ကိုသာ လုပ်ရသည်။

သနပ်ခါး အဖွေးသားလိမ်းထားသည့် အသက် ၂၁ နှစ်အရွယ်၊ ကလေးတယောက်မိခင် ကိုအောင်တင်စိုး၏ ခယ်မဖြစ်သူက နှင်းဆီနီ တပွင့်ကို ချိုးယူကာ ခေါင်းထက်တွင် ပန်လိုက်သည်။ သူက ထိုဒေသသို့ ရောက်သည်မှာ ၃ လခန့်သာ ရှိသေးသည်။

“သူဌေးက အပွင့်ငုံငုံလေးတွေပဲယူတာလေ။ အလယ်မှာ ဝတ်ဆံတွေမြင်နေရတဲ့၊ အခုလို အာနေတဲ့အပွင့်တွေဆို ကျမတို့ ခူးခွင့် ရှိတယ်။ ကျမက နှင်းဆီပန်းကြိုက်တယ်” ဟု သူကပြောသည်။

နှင်းဆီခင်းထဲတွင် ကျေးလက်မြန်မာသီချင်းသံ ပျံ့လွင့်နေသည်။ နှင်းဆီခင်းထဲက မြန်မာအလုပ်သမားခေါင်း (ဝဏ္ဏ) က သူ့ လက်ကိုင်ဖုန်းဖြင့် ဖွင့်ပေးထားခြင်း ဖြစ်သည်။

နှင်းဆီခင်းထဲတွင် အလုပ်လုပ်သူများက တနေ့ ဘတ် ၉၀ ရသည်။ အလုပ်သမားခေါင်းကတော့ ၁၁၀ ရသည်။ နေမကောင်းသဖြင့် လည်းကောင်း၊ လူမှုရေးကိစ္စဖြင့်လည်းကောင်း နားသူက ငွေမရ။

“တချို့က ဒီနှင်းဆီခင်းကို ရောက်လာရင် မွှေးကြိုင်နေတာပဲတဲ့။ ကျနော်ကတော့ ဘာနံ့မှ မရဘူး။ အဲဒီလိုပဲ ပိုးသတ်ဆေး နံ့လည်း နံတယ် မထင်တော့ဘူး” ဟု နှင်းဆီကိုင်းဖြတ်နေသည့် အလုပ်သမားကြီး တဦးက ပြောသည်။

နှင်းဆီခင်း အလုပ်သမားကြီး ဦးမြင့်စိုး၏ မြေးမကလေး “မြင့်မြတ်ကဆုန်မြေဝသုန်” ဆိုသူ၏ အသက် ၃ နှစ်ပြည့်သည့် မွေးနေ့ပွဲ ဆင်နွှဲနေသည်ကိုလည်း တွေ့ရသည်။ မြန်မာ ကျေးလက်သီချင်းတပုဒ်ကို နှင်းဆီခင်းကြားက ဦးမြင့်စိုးမိသားစု နေထိုင်ရာ တဲကလေးတွင် ကျယ်လောင်စွာ ဖွင့်ထားသည်။ လာသည့် ဧည့်သည်များကို ကျွေးသည့် ဆီခပ်နည်းနည်း၊ အသားတုဖြင့် ကြော်ထားသော ခေါက်ဆွဲကြော်၊ အနီရောင် အအေးတမျိုးတို့ပေါ်တွင် ယင်ကောင်များ အုံခဲနေသည်။
မြေးမလေး၏ မွေးနေ့ဖြစ်သောကြောင့် နေ့တဝက် အလုပ်မဆင်းသည့် ပဲခူးတိုင်း မြစ်ကျိုးသား ဦးမြင့်စိုးမှာ နေ့တဝက် လုပ်အားခ ဖြတ်တောက် ခံရမည်ဖြစ်သည်။

နှင်းဆီ အနီ၊ အဝါ၊ ပန်းရောင် တမျှော်တခေါ် အခင်းကြားထဲတွင် တလှုပ်လှုပ်နှင့် အလုပ်လုပ်နေကြသည့် အလုပ်သမား ၁၅ ဦးထက်မနည်းကို တွေ့ရသည်။ ကိုင်းဖြတ်ထားသည့် နှင်းဆီများကို တဦးက ထမ်းသွားပြီး တနေရာတွင်ချထားသည်။ နှင်းဆီနံ့က မွှေးထုံ သင်းပျံ့နေ၏။ တနေရာတွင် တောင်းတတောင်းထဲ၌ ရိုးတံမပါသည့် နှင်းဆီထိပ်ဖူး အကြွေများကို တွေ့ရသည်။

နှင်းဆီစည်းများကို နေရာချနေသူ တဦးက “အဲဒါသူတို့က ရေမွှေးတို့၊ အမွှေးဆီတို့ လုပ်မှာလို့ ပြောတာပဲ” ဟု ရှင်းပြသည်။

aungtinsoe-04နှင်းဆီတပွင့်ကို ၁၀ ဘတ်မှ ဘတ် ၅၀ အထိ တန်ကြေးရှိသည် ဆိုခြင်းကိုတော့ သူတို့ အားလုံး မသိကြ။ မေးကြည့်လိုက်သမျှ နှင်းဆီတပွင့် ဘယ်လောက်ရှိနေမှန်း “မသိဘူး” ဟုသာ ဆိုကြသည်။ နှင်းဆီခင်းတွင် အလုပ်လုပ်နေကြသူများထဲတွင်လည်း ရခိုင်တိုင်းရင်းသား ၅၀ ရာခိုင်နှုန်းခန့်တွေ့ရသည်။ သူတို့ကတော့ နှင်းဆီခင်းထဲတွင်ပင် တဲထိုးကာ နေထိုင်ကြသည်။ အများ စုမှာ နှင်းဆီခင်းထဲမှ ပြင်ပကမ္ဘာသို့ မရောက်ဖူးကြ။ ဘတ်လည်း မရှိကြပေ။

“တရုတ်ထက်၊ ဗီယက်နမ်ထက်၊ ကမ္ဘောဒီးယားထက် မြန်မာအလုပ်သမားတွေက ဈေးပေါတယ်။ ပြီးတော့ တရားဝင် အထောက်အထားလည်း ပေးစရာမလိုဘူး။ အထောက်အထား မရှိတဲ့အတွက် ကြိုက်သလို အနိုင်ကျင့်လို့ရတယ်” ဟု ကိုမိုးကြိုးက ပြောသည်။

ကိုအောင်တင်စိုးတို့ အိမ်စုကလေးနှင့် နှင်းဆီခင်းများကြားတွင် မြေစိုက် ဘုန်းတော်ကြီးကျောင်း တကျောင်းရှိသည်။ မြန်မာ ဆရာတော် ကျောင်းထိုင်သည်။ ထိုင်းသူဌေးက မြန်မာများအတွက် ကိုးကွယ်ရန် ပင့်ဆောင်ထားပေးခြင်း ဖြစ်သည်ဟု သိရသည်။ ကျောင်းထိုင်ဆရာတော်က ငယ်ဖြူ၊ သံဃာဗီဇာ သွားလျှောက်နေသောကြောင့် မတွေ့ခဲ့ရ။ ဆရာတော်၏ အစ်ကို တော်စပ်သူ တောထွက်ဘုန်းကြီး ဦးဇနဝကိုတွေ့ရသည်။ ထိုရွာကလေးအတွက် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ သာရေး နာရေး ကိစ္စများ ဆောင်ရွက်ပေးရန်၊ သာသနာပြုရန် ကျောင်းထိုင်နေခြင်း ဖြစ်သည်ဟု ဆရာတော်က မိန့်သည်။

ကိုမိုးကြိုးက “ဒီ ၃၅ ကနေ မဲဆောက်ဆင်းရင် ဂိတ် ၅ ဂိတ်လောက်ဖြတ်ရတယ်။ ဂိတ် ၁ ဂိတ်ကို အလုပ်သမား လက်မှတ် ရှိရှိ မရှိရှိ ဘတ် ၁၀၀ စီ ပေးရတယ်။ ပြန်ရင်လည်း ပေးရတယ်။ ဘတ် ၁၀၀၀ မရှိဘဲ မဲဆောက်ဆင်းဖို့ မလွယ်ဘူး။ နေထိုင် မကောင်းလို့ ဆေးခန်းသွားဖို့ကအစ ခက်ခဲတယ်” ဟု သူက ရှင်းပြသည်။

ယခု နောက်ပိုင်းတွင် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူများ၊ ထိုင်း ရှေ့နေများနှင့် ပူးပေါင်း ဆောင်ရွက်သူများ ရှိလာ သောကြောင့် အလုပ်သမားခ ခေါင်းပုံဖြတ်ရုံသာ ရှိတော့သော်လည်း ယခင် ၅ နှစ်ကျော်ခန့်က ထိုဒေသတွင် အလုပ်သမားကို ခိုင်းစေပြီး လုပ်ခ မပေးချင်သောကြောင့် သတ်ဖြတ်မှုများ ရှိခဲ့သည်ဟု ကိုမိုးကြိုးက ပြောသည်။

“အရင်က ဒီနေရာမှာ ကျည်တတောင့်ကို ၆ ဘတ်၊ အခုတော့ ၁၀ ဘတ် ဆိုပြီး ပြောစမှတ်တွင်တယ်။ အခု လုပ်ခ မပေးချင်လို့ သတ်တာမျိုး မရှိတော့ပေမယ့် လုပ်အားခ ခေါင်းပုံဖြတ်တာတော့ ရှိနေတုန်းပဲ” ဟု သူက ဆိုသည်။

ကိုအောင်တင်စိုး နေထိုင်သည့် ကုလားစုခေါ် သုံးဆယ့်ငါး ဆိုသည့် နေရာကလေးက ဥပမာ တခုသာဖြစ်သည်။ ထိုသို့သော အစုကလေးပေါင်း များစွာ ရှိသည်၊ လူအရေအတွက်အားဖြင့် သောင်းနှင့်ချီရှိသည်ဟု ကိုမိုးကြိုးက ပြောသည်။

ညနေစောင်း ၃ နာရီခွဲခန့်တွင်တော့ ကိုအောင်တင်စိုးတို့ တဲတန်းလျားတွင် မီးခိုး တလူလူ အူထွက်လာသည်။ ကိုအောင် တင်စိုး၏ ဇနီး မအေးတင်ဦးက ကြက်သားဟင်းကို ငရုပ်သီးစပ်စပ် ရခိုင်ချက် ချက်နေသည်ဟု ဆို၏။ ဆာလာအိတ်နှင့် ပြုလုပ်ထားသော ဝါးကဲလားကို လှပ်ထားသည်။ ဟိုမှ ဒီမှ ကောက်ထားသည့် ထင်း အစိုများဖြင့် မီးထိုးထားသောကြောင့် မီးခိုးငွေ့များ အူထွက် လာသည်။ ဘေးအိမ်က ရခိုင်တိုင်းရင်းသူတဦးက ငါးခူဟင်း ချက်နေသည်၊ တအိမ်ကတော့ ဗူးညွန့်ကြော်ချက် ချက်နေသည်။

ကိုအောင်တင်စိုး၏ သားနှစ်ယောက်အပါအဝင် ရှိသမျှ ကလေးအားလုံးကတော့ အရှေ့ မြေတလင်းတွင် ကစားနည်း ပေါင်းစုံအောင် ကစားနေကြသည်။ တနယ် တကြေးဆီမှ လာကြသော ကလေးအားလုံး ထိုနေရာတွင် တပေါင်းတစည်းတည်း ဖြစ်သွားပြီး ကစားနည်း တမျိုးစီကို အတူတူ ကစားနေကြသည်။ ဒေသမတူသော အရပ်မှလာသည့် ကလေးများ အားလုံးတွင် တူညီသည့်အချက်မှာ ညစ်ထေးထေး အသားအရောင်တွင် ဟောင်းနွမ်းသော အဝတ်များ ဝတ်ထားကြခြင်း ဖြစ်သည်။

“ဒီရောက်တော့လည်း အားလုံးက ရပ်ဆွေရပ်မျိုးချည်းပဲပေါ့။ ဗမာပဲဖြစ်ဖြစ်၊ ရခိုင်ပဲဖြစ်ဖြစ်လေ” ဟု ကိုအောင်တင်စိုးက ဆိုသည်။

ထိုအချိန်မှာ ကိုအာလူး၏ လက်ဖက်ရည်ဆိုင်ကလေးတွင် အလုပ်သမားများအတွက် အပန်းဖြေချိန်ဖြစ်သည်။ ဆိုင်ကလေး ထဲတွင် မြန်မာ ဟစ်ပ်ဟော့ပ် သီချင်းသံ ထွက်ပေါ်နေသည်။ လွှေ့ဖြတ်ရာမှ ပြန်လာခါစ ရခိုင်လူငယ် တဦးက လက်ဖက်ရည် တခွက်ကို ဇိမ်ခံသောက်ရင်း ဆေးပေါ့လိပ်ဖွာနေသည်။ အမျိုးသမီးငယ် တဦးက မဖြူစန်းထံတွင် ငွေလာချေးသည်။ လိုသည့် ဘတ် ၁၀၀ ကို မဖြူစန်းက ထုတ်ပေးပြီး စာအုပ်တွင် စာရင်းမှတ်သည်။ ထိုအမျိုးသမီးငယ်က မဖြူစန်းကို “မနက်ဖြန် အလုပ် ရတော့ ပြန်ပေးပါမယ်” ဟု ပြောနေသည်။

အမျိုးသမီးကြီး တဦးက မြန်မာ ဗီဒီယို ဇာတ်ကား ဗီစီဒီ အခွေ လာငှားသည်။

“ခန့်စည်သူပဲ ကြိုက်တယ်၊ ပြေတီဦး မကြိုက်ဘူး။ ပြေတီဦးက လူပျိုမှ မဟုတ်တော့ဘဲ” ဟု ထိုအမျိုးသမီးကြီးက ပြောရင်း ရယ်မောကာ အခွေများကို ရွေးနေသည်။

ကိုအာလူးက ညနေစောင်း ရောင်းချရန် လက်ဖက်ခြောက်အိုးကို အသင့်ပြင်ဆင်နေ၏။

“ကျနော်တို့ ဘိုးဘွားတွေက ပြောခဲ့ဖူးတယ်။ နင်တို့ထိုင်းလူမျိုးဆီမှာ ကျွန်ခံရမယ်တဲ့။ အဲဒီစကား တကယ်မှန်တာပဲ။ အခုလည်း ထိုင်းမှာ ကျနော်တို့ ကျွန်ခံနေရတာပဲ” ဟု ကိုအောင်တင်စိုးက ပြောသည်။

ည ၈ နာရီခန့်မှာတော့ အမည်သတ်သတ်မှတ်မှတ် မရှိသည့် ထိုရွာကလေးမှာ နောက်တနေ့ လွှေ့ဖြတ်လိုက်ရန် အားယူဖို့အတွက် အိပ်မောကျသွားတော့မည် ဖြစ်သည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်