ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ ဒိုင်ယာရီ

Friday, 08 July 2011 18:13 ဆောင်းပါး
Print
မိုးတွင်းဖြစ်ပေမယ့် ပုဂံမြို့ဟောင်းမှာ မိုးရွာရက်နည်းပါသလို မိုးရွာမယ့် အရိပ်အရောင်တောင် မတွေ့ရပါဘူး။ ဇူလိုင် ၅ ရက်နေ့ မနက်မိုးလင်းခါစ ဆိုပေမယ့် တောက်ပပူပြင်းတဲ့ နေရောင်ကြောင့် ပြင်ပကမ္ဘာကတော့ အိုက်စပ်စပ် အနေအထားပါ။

dassk-bagan-trip-01ဒါပေမယ့် ပုဂံမြို့ဟောင်းရဲ့ နာမည်ကျော် ဘုရားတဆူဖြစ်တဲ့ အာနန္ဒာဘုရား လိုဏ်ဂူအတွင်းမှာတော့ အေးမြတဲ့ အရသာကို ခံစားရပါတယ်။ ခန္ဓာကိုယ်တင် အေးမြတာမဟုတ်ဘဲ မျက်လုံးကိုပါ အေးမြစေတာကတော့ သားအမိ ၂ ယောက် ဘုရား ဝတ်ပြုနေတဲ့ မြင်ကွင်းကြောင့်ပါ။

သားအမိ ၂ ယောက် ဆိုတာကတော့ ပိတောက်ရောင် ရင်ဖုံးအင်္ကျီလက်ရှည်နဲ့ အညိုရောင် ချိတ်ထဘီဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့သားငယ် ကိုထိန်လင်းကို ဆိုလိုပါတယ်။

ဇူလိုင် ၄ ရက်နေ့က ပုဂံကို လေကြောင်းခရီးနဲ့ ရောက်ရှိခဲ့တာ ဖြစ်ပေမယ့် ညောင်ဦးလေဆိပ်ကနေ တည်းခိုမယ့် ပုဂံ ဟိုတယ်ကို တန်းသွား အနားယူခဲ့ပြီး ၅ ရက်နေ့မနက်ကျမှ သူ့ရဲ့ ဘုရားဖူးအစီအစဉ်ကို ကျန်စစ်သားမင်းကြီး တည်ခဲ့တဲ့ အာနန္ဒာဘုရားမှာ အစပြုတာပါ။

မနက်စောစောအချိန် ဖြစ်တဲ့အတွက် ဘုရားအတွင်းမှာ လူမစည်ကား သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တွေက အပြည့်အ၀ လုံခြုံရေး စောင့်ရှောက်မှု ပေးနေပြီး ပြည်တွင်းပြည်ပ သတင်းထောက်တွေရဲ့ ကင်မရာတွေဆီက အလင်းရောင်တွေ တဖျပ်ဖျပ် လက်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အာနန္ဒာဘုရားရဲ့ အရပ် လေးမျက်နှာမှာ တည်ထားတဲ့ ဘုရားလေးဆူကို လှည့်လည် ပူဇော်နေချိန်မှာ ကိုထိန်လင်းက ပါးစပ်အဟောင်းသားနဲ့ လိုက်ကြည့်ပြီး သူ့ ကင်မရာလေးနဲ့ မှတ်တမ်းတင်ပါတယ်။

အာနန္ဒာဘုရားထဲက ထွက်လာချိန်မှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က မေးချင်တာ မေးပါလို့ ပြောရင်း မေးခွန်းတွေကို ဖြေပါတယ်။

သူက အခုလာတဲ့ခရီးစဉ်က သားငယ်ကို ဘုရားဖူးလိုက်ပြတဲ့ ခရီးစဉ်ဖြစ်ပြီး နိုင်ငံရေး လှုပ်ရှားမှု လုပ်မှာမဟုတ်တဲ့ အကြောင်း၊ အပန်းဖြေ ခရီးစဉ်သက်သက်သာ ဖြစ်ပြီး နယ်တွေကိုလည်း ဆက်ခရီးထွက်ဖို့ အစီအစဉ်မရှိကြောင်း၊ ထိုင်းနိုင်ငံရဲ့ အနိုင်ရ ပါတီခေါင်းဆောင် ယင့်လပ် ရှင်နာဝပ်အတွက် ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ဆက်ဆံရေး ကောင်းမွန်ဖို့ မျှော်လင့်တဲ့ အကြောင်းနဲ့ ထိုင်းအစိုးရသစ် အနေနဲ့ မြန်မာဒုက္ခသည်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီနောက် အလောင်းစည်သူမင်း (စည်သူ ၁) အေဒီ ၁၁၄၄ ခုနှစ်မှာ တည်ထားခဲ့တဲ့ သဗ္ဗေညုဘုရားကို သွားရောက် ဖူးမြော်ပါတယ်။ သဗ္ဗေညုဘုရားက လိုဏ်လေးဆင့်ဂူဘုရားကြီး ဖြစ်ပြီး ပုဂံခေတ် ဗိသုကာပညာရဲ့ ကြီးမားထည်ဝါမှုကို ပြနေတယ်။ သဗ္ဗညု ဆိုတဲ့ အဓိပ္ပာယ်က သိမြင်နှံ့စပ် ဆိုတဲ့အဓိပ္ပာယ်ရှိပြီး ဉာဏ်တော်မှာ သဗ္ဗေညုဆိုတဲ့ စာချိုးအတိုင်း
သဗ္ဗေညုဘုရားက ပုဂံဒေသမှာရှိတဲ့ ဘုရားစေတီတွေထဲမှာ ဉာဏ်တော် အမြင့်ဆုံးဖြစ်ပါတယ်။

dassk-bagan-trip-01သဗ္ဗေညုဘုရားမှာ ကိုထိန်လင်းက ဖယောင်းတိုင်ထွန်း ဆီမီးပူဇော်ပြီး သောက်တော်ရေ ကပ်တာတွေ လုပ်နေချိန်မှာ မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပီတိမျက်လုံးတွေနဲ့ သားကို ငေးကြည်းရင်း ကြည်နူးနေတာ တွေ့ရတယ်။ အဲဒီနောက် သားအမိနှစ်ယောက် ပန်းစည်းကိုယ်စီ ကိုင်ပြီး ဘုရားကန်တော့ကြပါတယ်။

သဗ္ဗေညုဘုရားကို ဖူးပြီးတော့ မြင်းကပါတ၀ိုက်က စေတီတဆူဖြစ်တဲ့ မြစေတီကို ရောက်တဲ့အခါမှာတော့ ၂၀၀၃ ခုနှစ်က စတင်ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ၇ နှစ်တာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး ပထမဆုံး ခရီးစဉ်အဖြစ် ပုဂံကို ဘာကြောင့် ရွေးချယ်တယ် ဆိုတာ ရေးတေးတေး သဘောပေါက်သလို ရှိလာပါတယ်။

မြစေတီမှာ ဘုရားဝတ်ပြုပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သားငယ်ကို ရာဇကုမာရ် ကျောက်စာ စိုက်ထူထားတဲ့ နေရာကို ခေါ်ပြပြီး အဲဒီကျောက်စာအကြောင်း ရှင်းပြလို့ပဲ ဖြစ်ပါတယ်။

ဖခင်ကျန်စစ်သားမင်းက ထီးနန်းအရိုက်အရာမပေးပေမယ့် ဖခင်ကို စိတ်မဆိုးဘဲ မိမိပိုင်ဆိုင်သမျှတွေနဲ့ ဖခင်ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ တည်ခဲ့တဲ့ မြစေတီနဲ့ ရာဇကုမာရ် ကျောက်စာက သားအမိနှစ်ဦး အတွက် အဓိပ္ပာယ်များစွာ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကျောက်စာကို ကာရံထားတဲ့ သံတိုင်တွေကို ကိုင်ရင်း ကိုထိန်လင်းကို ကျောက်စာ အကြောင်း ရှင်းပြပါတယ်။ ကိုထိန်လင်းက တစုံတခုကို သဘောပေါက်သွားသလို မျက်နှာနဲ့ သူ့အမေကို လှမ်းကြည့်တယ်။

အမွေထီးနန်းမပေးနိုင်ခဲ့တဲ့ ကျန်စစ်သား၊ အပြစ်မတင်ဘဲ ကျေးဇူးဆပ်ခဲ့တဲ့ ရာဇကုမာရ်မင်းသား၊ အမွေမပေးနိုင်ဘဲ နိုင်ငံနဲ့ လူမျိုးအတွက် လုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အပြစ်မတင်ဘဲ မိခင်ကို ချစ်တဲ့ ကိုထိန်လင်း၊ အခြေအနေ အချိန်အခါ ကွဲလွဲတာကလွဲရင် သဘောတရားချင်းက ခပ်ဆင်ဆင်ပါ။

ဒေါ်အောင်ဆန်းစုကြည် ပြုံးလိုက်တိုင်းမှာ ကိုထိန်လင်းကလည်း လိုက်ပြုံးနေတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် မိသားစုအပေါ် တာဝန်မကျေခဲ့တဲ့ မိခင်ကို အပြစ်မတင်ဘဲ နားလည်ခွင့်လွှတ်တဲ့ သားတယောက်ရဲ့ ချစ်ချင်းမေတ္တာတွေကို ကိုထိန်လင်းရဲ့ မျက်နှာမှာ အထင်းသား မြင်နေရပါတယ်။

dassk-bagan-trip-01အထိန်းအသိမ်းခံ မွန်ဘုရင် မနူဟာ တည်ထားခဲ့တဲ့ မနူဟာဘုရားကို ရောက်ရှိချိန်မှာ မနက် ၁၀ နာရီကျော်နေပါပြီ။ မနူဟာဘုရားက တခြားဘုရားတွေနဲ့မတူဘဲ ဈေးသည်တွေ တော်တော်များများ ဈေးထိုင်ရောင်းနေတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကားထဲက ဆင်းပြီး ဘုရားရင်ပြင်ပေါ်ကို တက်လာတာနဲ့ ဈေးသည်တွေ၊ ရပ်ကွက်တွေထဲက အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ အမယ်အို၊ အဘိုးအိုတွေ ပြေးထွက်လာပြီး နှုတ်ဆက်ကြတယ်။ လူငယ်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” လို့ ခေါ်တာ ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်သူတွေကို ရင်းရင်းနှီးနှီး ပြန်နှုတ်ဆက်တယ်။

ငိုတဲ့သူငို၊ ကားနောက်ပြေးလိုက်တဲ့သူက ပြေးလိုက်၊ အဘွားအိုတွေပါ ကားနောက် အပြေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြ နှုတ်ဆက်တာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်နေတဲ့ လူတိုင်းမှာ တူညီတဲ့ မျက်နှာ သွင်ပြင် တခုရှိနေပါတယ်။ အဲဒါကတော့ ပျော်ရွှင်တဲ့ အပြုံးပါပဲ။ ဒေါ်အောင်ဆန်းစုကြည် မျက်နှာကလည်း ပြုံးနေတာကြောင့် အပြုံးတခုနဲ့ တခု ကူးစက်သွားဟန် ရှိပါတယ်။

ဘုရားလေးဆူ ဖူးပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က တည်းခိုရာ ပုဂံဟိုတယ်ကို ပြန်လာခဲ့တယ်။

ဇူလိုင် ၆ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါတဲ့ ယာဉ်တန်းက ပုပ္ပားတောင်ကလပ်ကို သွားတဲ့ လမ်းမပေါ်မှာ မောင်းနှင်ပြီဖြစ်ပါတယ်။ သတင်းထောက်တွေလည်း ကားကိုယ်စီ၊ ဆိုင်ကယ်ကိုယ်စီနဲ့ ယာဉ်တန်းနောက်က လိုက်နေချိန် အရပ်ဝတ်ရဲ၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေကလည်း မနည်းလှပါဘူး။

ပုပ္ပားတောင်နားက သဘာဝဥယျာဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အချိန်အတော်ကြာ အသေးစိတ် လေ့လာမှုတွေပြုလုပ် တယ်။ အဲဒီကနေ ပုဂံမြို့ဟောင်း သရပါ ၃ ဆိုတဲ့ လမ်းဘေးထမင်းဆိုင်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်တော့ နေ့လည် ၁၂ နာရီ ခွဲနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ထမင်းဆိုင် ထိုင်လိုက်ချိန်မှာ ပြည်သူတွေက ထမင်းဆိုင်နားကို ပြေးလာကြပြန်တယ်။
သူထမင်းစားနေတာကို အနှောင့်အယှက် မပေးဘဲ ထမင်းဝိုင်းနဲ့ မလှမ်းမကမ်းကနေ တိတ်ဆိတ်ဆိတ်နဲ့ လှမ်းကြည့် နေကြတယ်။

ထမင်းစားပြီးပြီ ဆိုတာနဲ့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် အနားကို ပြေးကပ်ပြီး လက်မှတ်ရေးထိုး ခိုင်းကြတယ်၊ လက်ဆွဲ နှုတ်ဆက်ကြတယ်။

“ဘယ်သူတွေ ဘာပဲပြောပြော ဒါတို့အမေကွ” လို့ လူငယ်တဦးက မ၀ံ့မရဲအသံနဲ့ မတိုးမကျယ်ပြောတယ်။
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုတဲ့ အော်ဟစ်သံကလည်း တချက် တချက် ထွက်ပေါ်လာတယ်။
“အမေစုက လမ်းဘေးမှာ ပြည်သူတွေနဲ့အတူ ထမင်းစားတယ်” ဆိုပြီး အံ့သြတကြီး ပြောတဲ့သူလည်း ရှိတယ်။

ညနေ ၅ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်က ပုဂံမြို့ရဲ့ နာမည်ကျော် ၀ါးကျောင်းကို သွားရောက်ခဲ့ပါတယ်။ ဆရာတော် အရှင်ပညာဇောတကို ဖူးမြော်ပြီး သင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုတွေကပ်လှူ ပူဇော်ပါတယ်။

ကျောင်းမှာ ရှိနေတဲ့ ကိုရင် ၄ ပါးကိုလည်း ရဟန်းခံတဲ့အထိ ဆွမ်း၊ ကွမ်း၊ ပစ္စည်းလေးပါး ထောက်ပံ့မယ့် ဒါယိကာမအဖြစ် ခံယူလိုက်တယ်။

အဲဒီနောက် ပုဂံမြို့သစ်က ဦးဘငြိမ်းယွန်းထည် လက်မှုပစ္စည်းအရောင်းဆိုင်နဲ့ ပုဂံအိမ် (Bagan House) ယွန်းထည် ပစ္စည်း အရောင်းဆိုင်တွေကို သွားတယ်။

dassk-bagan-trip-01ပုဂံမြို့သစ်ရောက်တဲ့အချိန်မှာ မြို့သစ်မှာနေထိုင်တဲ့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြင်လိုက်တယ် ဆိုရင်ပဲ “အမေစု” လို့ အော်ပြီး လက်ခုပ်တီးသံတွေ ထွက်ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ချင်တာကြောင့် လမ်းမတွေကို ပိတ်ပြီး စောင့်မျှော်နေတဲ့ လူတွေပါ။

ပုဂံအိမ် ယွန်းထည်အရောင်းဆိုင်က ထွက်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ကားပေါ်တန်းမတက်ဘဲ လမ်းမဘက်ကို လမ်းလျှောက်လာပြီး ပုဂံလူထုကို ပထမဆုံးအကြိမ် နှုတ်ခွန်းဆက်စကား ပြောပါတယ်။

သူ့သားငယ်ကို အလည်အပတ်ခရီး အနေနဲ့ လိုက်ပို့တာဖြစ်ပြီး နောက်တကြိမ်ပုဂံကို ထပ်လာခဲ့ဦးမယ်လို့ လူထုကို ပြောလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားချိန်မှာ လူတွေက ပြေးလိုက်ကြပြန်တယ်။ ပြေးလိုက်ကြတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ လူငယ် လူရွယ် အမျိုးသမီး၊ အမျိုးသားတွေ အသက်အရွယ်ပေါင်းစုံ ပါဝင်တာ တွေ့ရတယ်။

ဇူလိုင် ၇ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ် နောက်ဆုံးနေ့ပါ။ အဲဒီနေ့မှာတော့ သူဟာ ပုပ္ပားဒေသက ဇီးအိုကျေးရွာကို သွားပါတယ်။ အလွန်ခေါင်ပြီး မြေသားလမ်း မညီမညာတွေကြားမှာ ခက်ခက်ခဲခဲ သွားရတာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အပြုံးမပျက်သလို ပင်ပန်းဟန်လည်း မပြပါဘူး။

နတ်မောင်နှမ စောင့်ရှောက်တယ်ဆိုပြီး ပါးစပ်ရာဇ၀င်ရှိတဲ့ အင်ကြင်းတောကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လေ့လာတယ်။ စိမ်းစိုနေတဲ့ သစ်တောမှာ ဒေါ်အောင်ဆန်းစုကြည်က သားငယ်နဲ့အတူ ထမင်းစားသောက် အပန်းဖြေဖို့
ရည်ရွယ်ခဲ့ပေမယ့် ရွာသူရွာသားတွေ၊ ကလေးတွေက ဒေါ်အောင်ဆန်းစုကြည်နားမှာ ၀ိုင်းနေကြတော့ သူက “သားတို့၊ သမီးတို့ ထမင်းစားပြီးပြီလား” လို့ မေးလိုက်တယ်။

ရွာသူရွာသားတွေက “မစားရသေးဘူး” လို့ ပြန်ဖြေလိုက်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်က သူကော၊ သူ့အဖွဲ့သားတွေပါ စားဖို့ ယူလာတဲ့ ထမင်း၊ ဟင်းတွေ အကုန်လုံးကို ရွာသူရွားသားတွေကို ချကျွေးလိုက် ပါတော့တယ်။

ဇီးအိုရွာထိပ်က နှစ်တထောင် သက်တမ်း ရှိပြီလို့ ဆိုတဲ့ မန်းကျည်းပင်ကြီးကို ဒေါ်အောင်ဆန်းစုကြည် သွားလေ့လာချိန် မှာတော့ သူက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အရေးကြီးတဲ့ အကြောင်း၊ ဇီးအိုကျေးရွာမှာ ရေတွင်းနှစ်တွင်းနဲ့ ဆေးခန်းတခန်း အရေးပေါ် လိုအပ်နေတဲ့အတွက် အဲဒါကို မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။

dassk-bagan-trip-01လူတွေ ဆင်းရဲနေကြတာကို ဒေါ်အောင်ဆန်းစုကြည် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတဲ့အပေါ် စိတ်ပူနေပုံ သူ့မျက်နှာမှာ မြင်နေရပါတယ်။

ညနေ ၄ နာရီခန့်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ညောင်ဦးမြို့နယ်မှာရှိတဲ့ မဏိစည်သူဈေးကို သွားရောက်ချိန် လူ ရာပေါင်းများစွာဟာ ရပ်ကွက်တွေထဲက ပြေးထွက်လာပြီး ဆီးကြိုနှုတ်ဆက်ကြ ပါတော့တယ်။ မိနစ်ပိုင်းအတွင်းမှာပဲ လူပေါင်း မြောက်မြားစွာဟာ ဈေးရုံအတွင်းအပြင်နဲ့ လမ်းမတွေပေါ်မှာ လျှံထွက်သွားတာ တွေ့ရတယ်။

လူတွေဆီက တူညီတဲ့အော်သံတွေ၊ လက်ခုပ်သံတွေလည်း ထွက်ပေါ်လာတယ်။

“အမေစုကျန်းမာပါစေ” “အမေစု အသက်ရှည်ပါစေ” ဆိုတဲ့ အော်သံတွေကြားမှာ မျက်ရည်ကျနေတဲ့ သူတွေကိုလည်း မြင်ရတယ်။ လူတွေရဲ့ မျက်ဝန်းတွေက မျှော်လင့်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လှမ်းမျှော် နှုတ်ဆက်နေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကား ပြန်ထွက်သွားပေမယ့် လူတွေအားလုံးကတော့ စိတ်လှုပ်ရှားမှုကိုယ်စီနဲ့ သူ့ကား ထွက်ခွာသွားရာ အရပ်ကို လှမ်းမျှော်ရင်း ချက်ချင်းလူစု မကွဲနိုင်သေးပါဘူး။

နောက်တခါ ပုဂံကို ပြန်လာဦးမယ်လို့ ဒေသခံတွေကို ကတိပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဇူလိုင် ၈ ရက်နေ့မနက်မှာ လေကြောင်း ခရီးစဉ်နဲ့ ရန်ကုန်ကို ပြန်ပါပြီ။     ။