ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် အစတေးခံများ

“မိုးရွာတဲ့နေ့ဆို လမ်းမကောင်းလို့ ကျောင်းမတက်ရတော့ဘူး” လို့ လမ်းမပေါ်က ထူထပ်နေတဲ့ ချိုင့်ခွက်တွေ၊ ရွှံ့ဗွက်အိုင်တွေကို ကျော်ခွ ရှောင်ကွင်း လမ်းလျှောက်နေကြတဲ့ အလယ်တန်းအရွယ် ကျောင်းသားအုပ်စုထဲ က ၆ တန်းကျောင်းသား မောင်အောင်အောင်က ဆိုပါတယ်။

Screen_shot_2011-07-14_at_4.42.42_PMမောင်အောင်အောင်တို့ သူငယ်ချင်းတစုဟာ ဗွက်ထူနေတဲ့လမ်းမကြီးပေါ်မှာ ဖိနပ်စီးလို့ မရတဲ့အတွက် သူတို့လက်တွေမှာ ဖိနပ်ကိုယ်စီကိုင်ပြီး စာသင်ကျောင်းကနေ အိမ်ကို ပြန်လာကြတာပါ။ ကျောင်းလွယ်အိတ်တွေကို ပုခုံးစလွယ်သိုင်း ထားကြပြီး ဖြူစင်တောက်ပမှု မရှိတဲ့ ကျောင်းဝတ်စုံတွေနဲ့ မိမိတို့နေအိမ်ကို ပြန်လာနေကြတဲ့ ဗွက်ထူလမ်းမကြီးပေါ်က မြင်ကွင်းတခုပါ။

မိုးရွာရင် ဗွက်တွေထူ၊ ရေတွေကြီးလို့ ကျောင်းသွားတက်ဖို့ ခက်ခဲနေတယ်ဆိုတဲ့ မောင်အောင်အောင် ပြောတဲ့ လမ်းမကြီးဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီးက ဂုံးချိန်ကျေးရွာနဲ့ လိပ်ခမော် (ရွာသစ်) ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတခုပါ။ မောင်အောင်အောင်တို့ ကျောင်းသားများဟာ ရွာသစ်ကနေ ၁ နာရီကျော် လမ်းလျှောက်ရတဲ့ ဂုံးချိန်ရွာမှာ ကျောင်းသွားတက်ကြရပါတယ်။

အဲဒီလမ်းမကြီးဟာ ကတ္တရာလမ်း မဟုတ်သည့်တိုင် အရင်နှစ်တွေတုန်းကဆိုရင် ရာသီမရွေး ဖိနပ်စီး သွားလာနိုင်တဲ့ မြေညီလမ်းမကြီးတခု ဖြစ်ပါတယ်။ လိပ်ခမော် (ရွာသစ်၊ ရွာဟောင်း)၊ မလကျွန်း၊ ပြင်ရှည် စတဲ့ကျေးရွာတွေက အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၄၀၀ ၀န်းကျင်ဟာ အဲဒီလမ်းမကြီးကို အမှီပြုပြီး နေ့စဉ်ကျောင်းသွား၊ ကျောင်းပြန် လျှောက်နေကြတာပါ။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြိုနယ်အတွင်းက မဒေး (မြဒေး) ကျွန်းပေါ်မှာ တည်ဆောက်နေတဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ အဲဒီစီမံကိန်းနဲ့ ဆက်စပ်နေတဲ့  လုပ်ငန်းခွင်တွေကို သွားလာနေကြတဲ့ မော်တော်ကားတွေဟာ ကုန်တန်ချိန် အများအပြား တင်ဆောင်သွားလာနေကြတဲ့အတွက် ညီညာနေတဲ့ မြေသားလမ်းမဟာ ရွှံ့ဗွက်အိုင်ထူတဲ့လမ်းအသွင်ကို ပြောင်းလဲသွားပါတော့တယ်။

“၅ တန်လောက်ပဲ တင်နိုင်တဲ့ကားလမ်းမှာ တန် ၂၀၊ ၃၀ ရှိတဲ့ လုပ်ငန်းခွင်သုံးပစ္စည်း အလေးချိန်တွေနဲ့ နေ့တိုင်းဖြတ်နေတော့ လမ်းတွေအားလုံး ပျက်စီးကုန်တယ်၊ မိုးကြီးတဲ့ရက်ဆိုရင် လမ်းတွေမကောင်းလို့ ကလေးတွေ ကျောင်းမတက်ကြရဘူး” လို့ ဂုံးချိန်ရွာသားတဦးက ဆိုပါတယ်။

အဲဒီကိစ္စတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားရင်လည်း အရေးယူဖြေရှင်းပေမှု မရှိသလို သွားလာနေကြတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို တင်ပြရင်လည်း တဦးအပေါ်တဦး လွှဲချရှောင်ရှားပြီး တာဝန်ယူမှု လုံးဝ မရှိကြဘူးလို့ ဂုံးချိန်ရွာသားက ရှင်းပြပါတယ်။

အဲဒီလမ်းမကို မှီခိုသွားလာနေကြရတဲ့ အနီးအနားရွာတွေက ကလေးတွေဟာ ကျောင်းတက်ချိန် ပုံမှန်မရှိတော့သလို စာဝတ်နေရေး ရှာဖွေနေကြတဲ့ မိဘတွေဟာလည်း သွားလာရေး ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စီမံကိန်းလုပ်ခွင်တွေနဲ့ နီးစပ်တဲ့နေရာနားက လမ်းတွေကိုလည်း မြေတွေဖို့လိုက်တဲ့အတွက် လမ်းဘေးမှာရှိတဲ့ လယ်မြေတွေဟာ ရေကန်လို ဖြစ်သွားပြီး ရေစီးခြင်းမရှိတော့ဘဲ ယခုနှစ်မိုးရာသီမှာ လယ်မစိုက်ရတဲ့ လယ်သမား ၃၀ ၀န်းကျင်နဲ့ မိသားစုဝင်တွေဟာ လာမယ့်နှစ်မှာ စားဝတ်နေရေး ခက်ခဲသွားမယ်လို့ ကျောက်ဖြူမြို့နယ် အုန်းတောရွာခံ လယ်သမားတဦး က ပြောပါတယ်။

ကျောက်ဖြူမြို့နဲ့ မဒေးကျွန်းတို့မှာ ကျောက်ဖြူရေနက် ဆိပ်ကမ်းအပြင် ရေနံသိုလှောင်ကန် တည်ဆောက်ရေး စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်မယ့်နေရာ၊ ဓာတ်ငွေ့သန့်စင် စက်ရုံ စီမံကိန်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ် တန်းမယ့် စီမံကိန်း လုပ်ငန်းခွင် စတဲ့ စီမံကိန်းလုပ်ငန်း အများအပြား လုပ်ဆောင်နေကြပါတယ်။

အဲဒီစီမံကိန်းတွေကို တရုတ်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီ တခုဖြစ်တဲ့ တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation-CNPC) ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီများ၊ ကိုးရီးယားပိုင် ဒေ၀ူးကုမ္ပဏီ၊ ဟွန်ဒိုင်းနဲ့ မြန်မာ နိုင်ငံမှ အေးရှားဝေါလ်၊ မြန်မာ့ရွှေသဖူ (MGC)၊ သန္တာနဂါး၊ 7-Star, PSC, Myint and Association စတဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေက စီမံကိန်း တည်ဆောက်ရေးလုပ် လုပ်ဆောင်နေကြတယ်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ သယ်ယူပို့ဆောင်ရေး ကိစ္စကိုတော့ ဦးတေဇပိုင် ထူးကုမ္ပဏီက လုပ်ဆောင်နေတယ်လို့ သိရပြီး ဂက်စ် ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းမှာတော့ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကိုးရီးယား စတဲ့နိုင်ငံတွေက ကုမ္ပဏီတွေလည်း ပါဝင် လုပ်ကိုင်နေကြပါတယ်။

အဲဒီစီမံကိန်းတွေမှာ အောက်ခြေ၀န်ထမ်းအဖြစ် လုပ်ကိုင်နေကြတဲ့ ဒေသခံအလုပ်သမားတွေဟာလည်း လုပ်ငန်းခွင် ဦးဆောင်နေကြတဲ့ တရုတ်လူမျိုးတွေ၊ မြို့ပြကလာတဲ့သူတွေရဲ့ ခေါင်းပုံဖြတ် နေတာကို ခံနေကြတယ်လို့ အလုပ်သမားတွေက ပြောဆိုချက်အရ သိရပါတယ်။

“လုပ်အားခ တရက်ကို ကျပ် ၈၀၀၀ ရမယ်ဆိုပြီးတော့ လက်မှတ်ထိုးပေးရပါတယ်။ ကတယ်ထုတ်ပေးတော့ ၂၅၀၀ ပါ။ မကျေနပ်လို့ တိုင်တဲ့အတွက် အလုပ်က ထုတ်ပယ်ခံရတဲ့ လူဦးရေ ရာချီရှိပြီ” လို့ ကျောက်ဖြူမြို့ ကံ့ကော်တော ဘုရားအနီးမှာ တည်ဆောက်နေတဲ့ သဘာဝ ဓာတ်ငွေ့သန့်စင်စက်ရုံ စီမံကိန်း လုပ်ငန်းခွင်မှာ နေ့စား လုပ်ကိုင်နေတဲ့ ကျောက်ဖြူ မြို့ ပိုက်ဆိပ်ရပ်ကွက်သား  အလုပ်သမားတဦးက ပြောပါတယ်။

ဒေသခံပြည်သူတွေဟာ အဲဒီလုပ်ငန်းခွင်တွေထဲက အောက်ခြေ အလုပ်ကြမ်းသမားတွေအဖြစ် မနက် ၆ နာရီခွဲကနေ ညနေ ၆ နာရီကျော်အထိ လုပ်ကိုင်နေကြရပြီး ၂၀၁၀ ခုနှစ်နဲ့ ယခုနှစ်အတွင်း အလုပ်မှ ထုတ်ပယ်ခံရသူပေါင်း ၁၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ နေရာတခုက အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ အလုပ်သမားကို နောက်တနေရာမှာ ထပ်မံလုပ်ကိုင်ခွင့် မရအောင် နာမည်ပျက်စာရင်းသွင်းပြီး တခြားစီမံကိန်း လုပ်ငန်းခွင်က ကြော်ငြာဘုတ်တွေမှာ စာကပ်ထားပေးတယ်လို့ သိရပါတယ်။

“ကျနော့်ကို PSC (Petroleum Services Consultancy) ကုမ္ပဏီတာဝန်ခံက အလုပ်ထုတ်ပြီးနောက်ပိုင်း အလုပ်ထပ်လျှောက်တာ ၅ ခါရှိပြီ နာမည်ပျက်စာရင်း ထွက်နေတော့ ဘယ်ကုမ္ပဏီ ကမှ အလုပ်ပြန် မခန့်တော့ဘူး” လို့ အလုပ်ထုတ်ခံရသူ ကိုမောင်သန်းက ဆိုပါတယ်။

ဓာတ်ငွေ့သန့်စင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေတဲ့ PSC ကုမ္ပဏီတာဝန်ခံ ဦးဇော်မိုး ဆိုသူဟာ အလုပ်သမားတွေကို လုပ်အားခ တလ ကျပ် တသိန်း ၂ သောင်းပေးမယ်ဆိုပြီး အလုပ်ခန့်ခဲ့ပေမယ့် လစာထုတ်ပေးတဲ့အခါ ကျပ် ၇ သောင်းခွဲပဲ ပေးတဲ့အတွက် အာဏာပိုင်တွေကို တိုင်ကြားရာကနေ အလုပ်က ထုတ်ပယ်ကာ နောက်တခါတိုင်ရင် ထောင်ထဲရောက်သွားမယ်လို့ ခြိမ်းခြောက်သေးတယ်လို့ ဆက်ပြောပါတယ်။

အောက်ခြေအလုပ်သမား ခန့်ထားရေးကိစ္စတွေမှာလည်း အလုပ်လုပ်ခွင့် ရရှိဖို့အတွက်ရော အလုပ်သမားကတ်ပြား ရဖို့အတွက်ပါ စာရွက်၊ စာတမ်း ဖောင်ဖြည့်တာတွေ စတဲ့ ကိစ္စတွေအတွက် ကျပ်ငွေ ၂ သောင်းဝန်းကျင် ကုန်ကျတယ်လို့ အလုပ်သမားတချို့ရဲ့ အဆိုအရ သိရပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေကို ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ဦးဆောင်ပြီး မကြာခင်ကာအတွင်း ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ကို တိုင်ကြားသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် မဒေးကျွန်းပေါ်မှာ တည်ဆောက်နေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ကျောက် စရစ်တွေကို ဒေသခံတွေဆီ က၀ယ်ယူရာမှာ တရုတ်နိုင်ငံသားတွေရဲ့ မတရား ခေါင်းပုံဖြတ် အမြတ်ထုတ်တာကိုခံရပြီး လုပ်ငန်းခွင်မှာ ကျောက်ထမ်း၊ အုတ်ခဲသယ် လုပ်နေကြတဲ့သူတွေ ထိခိုက်သွားရင် တာဝန်ယူ ဆေးကုသပေးမှုမရှိဘူးလို့ သိရပါတယ်။

မဒေးကျွန်းနဲ့ မလာကျွန်းပေါ်က သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ စီမံကိန်းလုပ်ငန်းတွေအတွက် ကျွန်းတွေပေါ်က ကျေးရွာတွေ၊ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာမြေတွေ၊ ဥယျာဉ်ခြံတွေကိုလည်း လျှော်ကြေး အနည်းငယ်သာပေးပြီး သိမ်းယူဖျက်ဆီးခြင်းကို ခံလိုက်ရတဲ့အတွက် ဒေသခံအများအပြားဟာ ယခုချိန်အထိ ဒုက္ခဆင်းရဲကြုံနေကြဆဲလို့ ကျောက်ဖြူ သေခံတွေက ဆိုပါတယ်။

“လယ်တွေလည်း မရှိတော့ဘူး၊ ဥယျာဉ်တွေလည်း စီမံကိန်းထဲပါသွားတော့ ကျောက်ထမ်းတဲ့အလုပ်ကို တရက် ၂၀၀၀ ကျပ်နဲ့ လုပ်နေပါတယ်” လို့ မဒေးကျွန်းပေါ်က ကျောက်တန်းရွာသားတဦးက ဆိုပါတယ်။ သူ့ရဲ့ လယ် ၅ ဧကနဲ့ ဥယျာဉ်ခြံတခု အသိမ်းခံလိုက်ရတယ်လို့လည်း ဆက်ပြောပါတယ်။

ကျောက်ဖြူမြို့ဟာ ရမ်းဗြဲကျွန်းရဲ့မြောက်ဖျားပိုင်းနဲ့ ဘင်္ဂလား ပင်လယ်အော်ကမ်းခြေမှာ တည်ရှိပြီး ကျယ်ပြန့်နက်ရှိုင်းတဲ့ ပင်လယ်ရေပြင်၊ သာယာလှပ ရှည်လျှားတဲ့ ပင်လယ်ကမ်းခြေ ၊ သဘာဝသန္တာ ကျောက်တန်းတွေ စတဲ့ သဘာဝ အလှတွေ ပိုင်ဆိုင်ထားပြီး ရခိုင်ပြည်နယ်ရဲ့ အချက်အချာကျတဲ့ ဆိပ်ကမ်း မြို့တမြို့ဖြစ်ပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းတွေ ပေါ်ပေါက်အပြီးမှာ ပြည်တွင်း ပြည်ပ  စီးပွားရေး သမားတွေရဲ့ စီမံကိန်း အမျိုးအမျိုးကြောင့် သဘာဝအလှအပများ ပျက်စီးခြင်း၊ ဒေသခံ ပြည်သူတွေ ဆင်းရဲဒုက္ခကြုံနေရခြင်း၊ လယ်ပိုင်ရှင်၊ အိမ်ပိုင်ရှင်ဘ၀မှ လယ်ယာမဲ့၊ အိုးအိမ်မဲ့တဲ့ ဘ၀ကို ရောက်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။

ဂက်စ်ပိုက်လိုင်း စတင်သွယ်တန်းမယ့် မဒေးကျွန်းအနီးက ပင်လယ်ပြင်ထဲမှာရှိတဲ့ သန္တာကျောက်တန်း အများအပြားကို တရုတ် ကုမ္ပဏီတွေက ပြီးခဲ့တဲ့ မေလအတွင်း မိုင်းခွဲဖျက်ဆီးခဲ့ပါသေးတယ်။ အဲဒီအတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့သလို ရေနေသတ္တ၀ါ အများအပြားကို ထိခိုက်စေတယ်ဆိုပြီး ဒေသခံတွေက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ပြည်နယ်အစိုးရကို ထပ်မံ တင်ပြခဲ့ပေမယ့် လုပ်ပိုင်ခွင့်မရှိတဲ့ ပြည်နယ်အစိုးရဟာ နှုတ်ဆိတ်နေတယ်လို့ ဒေသခံနိုင်ငံသမားတွေက ဝေဖန်ကြပါတယ်။ နေပြည်တော်က လွှတ်တော် အစည်းအဝေးတွေမှာ ကျောက်ဖြူစီမံကိန်းနဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာတွေကို ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးထားတယ်လို့ ကျောက်ဖြူဒေသခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဆိုပါတယ်။

စီမံကိန်းတွေနဲ့အတူ စက်ရုံအလုပ်ရုံတွေ အများအပြား ပေါ်ပေါက်လာဦးမှာ ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့လာမှာ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပရဟိတ အဖွဲ့တခုကို ဒေသခံလူငယ်တွေနဲ့ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ဦးဘရှိန်က ဆက်ပြောပါတယ်။

“အာဏာရှိသူတွေ၊ အုပ်ချုပ်သူတွေက အလေးထားမှု မရှိတဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုယ်ထူကိုယ်ထ အဖွဲ့တခု တရာဝင်ဖွဲ့ဖို့ လုပ်ဆောင်နေပါတယ်” လို့ ဦးဘရှိန်က ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးအုန်းကလည်း စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဥပဒေရေးဆွဲကာ စနစ်တကျ လိုက်နာကျင့်သုံးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေကို စာအုပ်ထဲတွေမှာ ရေးထားပေမယ့် လက်တွေ့ ကျင့်သုံးမှု အားနည်းတယ်လို့ ပြောပါတယ်။

“ကျောက်တန်းတွေ၊ ဒီရေတောတွေ ပျက်စီးတာအပြင် စွန့်ပစ်ပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းမှုပမာဏ ကြီးမားလာနိုင်သေးတယ်” လို့ ဦးအုန်းက ပြောပါတယ်။

အဲဒီစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အဓိကတည်ဆောက်တာ ဖြစ်ပြီးတော့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများက တရုတ်နိုင်ငံသို့ တင်သွင်းမယ့် ရေနံစိမ်းများကို ကျောက်ဖြူရေနက်ဆိပ်ကမ်းအား  ကြားခံထားပြီး သယ်ယူမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီရေနံစိမ်းတွေကို မလက္ကာကတဆင့် ဖြတ်သန်း တင်သွင်းနေရတဲ့အတွက် တရုတ်နိုင်ငံဟာ အချိန်ကုန်တာ၊ ငွေကုန်ကြေးကျ များတာ၊ ပင်လယ်ဓားပြများရဲ့ ရန်ကိုရှောင်ရှားနေရတဲ့ ကိစ္စတွေကို ကြုံနေရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ ရခိုင်ကမ်းလွန်ဒေသမှထွက်တဲ့ သဘာဝဓာတ်ငွေ့ အမြောက်အမြားကိုလည်း နှစ်ပေါင်း ၃၀ ၀ယ်ယူခွင့်ကို ၂၀၀၈ ခုနှစ်မှာ မြန်မာအစိုးရနဲ့ စာချုပ်ချုပ်ထားပြီးဖြစ်တယ်။ အဲဒီဓာတ်ငွေ့တွေကို သယ်ယူဖို့အတွက် ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းတလျှောက်မှာရှိတဲ့ လယ်ယာမြေဧက ထောင်ပေါင်းများစွာနှင့်ကျေးရွာအများအပြား ဖယ်ရှားခံနေရဆဲပါ။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နိုင်ငံ ဒု သမ္မတ ရှီကျင့်ဖျင် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ လက်မှတ်ရေးထိုခဲ့ပြီး ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ၂၀၁၀ မှာလာရောက်ခဲ့တဲ့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်ဆိုပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။

မြန်မာအစိုးရဟာ အဲဒီသဘာဝဓာတ်ငွေ့ စီမံကိန်းက တနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ နှစ်စဉ် ရရှိမယ်လို့ Shwe Gas Movement  အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်မှ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ထိုမှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကိုဖြတ်ပြီး တရုတ်နိုင်ငံ နန်နင်းမြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်း အရှည်ဟာ ကီလိုမီတာ ၂၈၀၀ ၀န်းကျင်ရှည်မှာ ဖြစ်ပြီးတော့ သဘာဝဓာတ်ငွေ့တန်ချိန် တနှစ်မှာ ကုဗမီတာ ၁၂ ဘီလီယံနဲ့ ရေနံစိမ်းစည် ၄၀၀၀၀၀ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။

စီမံကိန်းတွေ အားလုံးနီးပါးကို ၂၀၁၀ ခုနှစ်အောက်တိုဘာလမှာ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ အစိုးရ မီဒီယာတွေက ရေးသားထားပါတယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့အတူ ရေနံပိုက်လိုင်း၊  မီးရထားလမ်း၊ မော်တော် ကားလမ်းကြောင်းတို့ ပါဝင်မှာပါ။

သဘာဝဓာတ်ငွေ့တွေ စတင်ပို့ဆောင်မယ့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးက ပင်လယ် ရေပြင်ထဲမှာ ဂက်စ်ပိုက် လိုင်းတချို့ကို စတင်သွယ်တန်းနေပြီလို့ သိရပြီး မန္တလေးဒေသ၊ မကွေး၊ ရှမ်းပြည်နယ် ထဲကနေရာ တချို့တွေမှာလည်း ဂက်စ်ပိုက် လိုင်းတချို့ စတင်နေရာ ချထားနေပြီလို့ သိရပါတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်