ပြန်လည် နိုးထလာတဲ့ အာဇာနည်နေ့

မနက် ၁၀ နာရီ ၃၇ မိနစ်ခန့်မှာ ဥသြဆွဲသံတခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တခုလုံးကို ဖုံးလွှမ်းမြည်ဟည်း သွားတယ်။ လူထောင်ပေါင်းများစွာက ခေါင်းကိုငုံ့လိုက်ကြပြီး ငြိမ်သက်သွား ကြတယ်တယ်။ ငြိမ်သက်နေတဲ့ ထောင်ချီရှိတဲ့ လူအုပ်ထဲမှာ အဖြူရောင် ရင်ဖုံးအင်္ကျီ၊ အနက်ရောင် ထဘီဝတ်ဆင်ပြီး အနက်ရောင်ပုဝါကို ဆင်မြန်းထားတဲ့
အမျိုးသမီးတဦး ပါဝင်တယ်။

Rzarni-2011-01
သူကတော့ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ၉ နှစ်အတွင်း ဖခင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေါင်းဆောင်တွေ ကျဆုံးတဲ့ အထိမ်းအမှတ် အာဇာနည်နေ့ကို သူ့အနေနဲ့ ပထမဦးဆုံးအကြိမ် ကျင်းပနိုင်တာဖြစ်ပါတယ်။

သူ့ရဲ့ဘေးမှာ ပင်နီတိုက်ပုံ ၀တ်ဆင်ထားတဲ့ အမျိုးသားကြီးတွေ ရှိနေပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လွန်းလှပါတယ်။

လူအုပ်ကြီးရှိနေတဲ့နေရာက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်က NLD ရုံးချုပ်ရှေ့မှာဖြစ်ပြီး NLD က ဦးဆောင်ကျင်းပတဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လာတက်ကြတာဖြစ်ပါတယ်။

မနက် ၁၀ နာရီဝန်းကျင်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ခေါင်းဆောင်တွေနဲ့ ပါတီဝင် ၂၀၀ နီးပါးက အာဇာနည်တွေကို ဂါဝရပြုဖို့ ရွှေဂုံတိုင်လမ်းမကြီးကနေ လမ်းလျှောက်ဖြတ်သန်းသွားကြချိန် အဖွဲ့ချုပ်ရုံးရှေ့ကို အရောက်မှာ အသင့်ရှိနေတဲ့ လူစုလူဝေးကြီးက လက်ခုပ်တွေ တဖြောင်းဖြောင်းတီးလို့ ကြိုဆိုကြတဲ့မြင်ကွင်းကိုလည်း လူတွေက တဦးနဲ့တဦးပြန်လည်ပြောဆို ကျေနပ်နေကြတယ်။

“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ NLD က ပြိုင်ဘက်ပါတီတွေလေ။ အခုတော့ တစညပါတီကလူတွေ လမ်းလျှောက်ချီတက်လာတာကို အဖွဲ့ချုပ်ဝင်တွေ၊ ပြည်သူတွေက လက်ခုပ်တီး ကြိုဆိုကြတာ နိုင်ငံရေးအရ ဒါက ပူးပေါင်းဆောင်ရွက်မှုတခုပဲဗျာ။ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး မြင်ကွင်းပဲ” လို့ သတင်းထောက်တဦးက ပြောပါတယ်။

အဖြူရောင်နဲ့ အနက်ရောင်ဝတ်စုံတွေ ၀တ်ဆင်ထားတဲ့ လူငယ် လူကြီး အရွယ်ပေါင်းစုံတွေအပြင် သံဃာတော်တွေ၊ သီလရှင်တွေ မြောက်မြားစွာလည်း လူအုပ်ထဲမှာရှိနေတယ်။ အဖြူရောင်အင်္ကျီတွေပေါ်မှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင် ၉ ဦးရဲ့ ဓာတ်ပုံပါ တံဆိပ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံပါတံဆိပ်တွေ တပ်ဆင် ထားကြပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတွေကို သံပြိုင် လိုက်ပါ သီဆိုနေကြတယ်။

“အာဇာနည်နေ့ကို အမေနဲ့အတူ ချီတက်ဖို့ ကျနော်တို့ ရောက်လာတာပါ။ တခါမှ အာဇာနည်နေ့ကို မတက်ဖူးသေးဘူး။ ကျနော့်ရဲ့ဘ၀မှာ ပထဦးဆုံးအကြိမ် အာဇာနည်နေ့အခမ်းအနား တက်တာဖြစ်သလို အမေစုနဲ့အတူ ဗိုလ်ချုပ်ကို အလေးပြုတာလည်း ဖြစ်ပါတယ်” ဟု အသက် ၁၉ နှစ်အရွယ် ဒဂုံတက္ကသိုလ်မှ မြန်မာစာအထူးပြု ဒုတိယနှစ် ကျောင်းသားတဦးက ဆိုတယ်။

အချိန်ကြာလာတာနဲ့အမျှ လူအုပ်က တဖြည်းဖြည်းများလာပြီး လမ်းပိတ်ဆို့မှုမဖြစ်ဖို့ NLD လူငယ်တွေ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်တွေက ကြိုးစားနေကြတယ်။

အဆိုတော် ဇေယျာသော်၊ မဖြူဖြူသင်း၊ ကိုဖြိုးမင်းသိန်းတို့လို လူသိများသူတွေက လူအုပ်ကို စည်းကမ်းတကျဖြစ်ဖို့ လိုက်လံထိန်းသိမ်းနေကြတယ်။

လူပေါင်း ၁၀၀ ရာကျော်ပါဝင်တဲ့ လူအုပ်စုတခုကလည်း NLD ရုံးရှေ့မှာရှိတဲ့ ထောင်ချီတဲ့ လူအုပ်ကြီးဆီကို လာရောက်ပူးပေါင်းတဲ့အချိန်မှာလည်း လက်ခုပ်သံတွေက တဖြောင်းဖြောင်းနဲ့ ဆူညံသွားတယ်။

“ကျနော်တို့ အာဇာနည်တွေကို အလေးပြုချင်လို့ တာမွေဘက်နေ လမ်းလျှောက်လာကြတာပါ။ တာမွေပလာဇာရှေ့မှာ ကျနော်တို့ကို လုံထိန်းရဲတွေက လူစုလူဝေးနဲ့ မသွားဖို့ ပြောတယ်။ အဲဒါနဲ့ နှစ်ယောက်တတွဲလုပ်ပြီး လမ်းလျှောက်တယ်။ ကျနော်တို့ အုပ်စုကြားထဲမှာ လုံထိန်းရဲတွေကလည်း ၀င်လျှောက်တယ်” ဟု လူအုပ်ကို ဦးဆောင်လာတဲ့ BG
သွေးလှူ လူငယ်ကွန်ယက် ခေါင်းဆောင်တဦးက ဆိုပါတယ်။

မနက် ၁၁ နာရီအချိန်မှာတော့ ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီး NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့က မိန့်ခွန်းပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအနေနဲ့ အာဇာနည်စိတ်ဓာတ် ထားရှိကြဖို့ အာဇာနည်စိတ်ဓာတ်နဲ့ မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်တိုက်ပွဲဝင်ဖို့ စတာတွေကို ၈ မိနစ်ကြာ မိန့်ခွန်းပြောပါတယ်။

“အာဇာနည်နိုင်ငံနဲ့ ထိုက်တန်တဲ့လူမျိုးဖြစ်အောင် ကြိုးစားကြပါ။ ပြုပြင်ပါ၊ ပျိုးထောင်ပါ။ အချိန်တွေအများကြီး မဖြုန်းဘဲနဲ့ အာဇာနည်များ အသက်စတေးရကျိုးနပ်တဲ့ တိုင်းပြည်ဖြစ်အောင် ကြိုးစားကြပါ၊ ၀ိုင်းဝန်းကြပါလို့ ဆော်သြချင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအပြီးမှာတော့ ထောင်နဲ့ချီတဲ့ ပြည်သူလူထုရဲ့ လက်ခုပ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။ အရပ်ဝတ်လုံခြုံရေးရဲတွေ၊ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိတွေကလည်း ကင်မရာတွေ၊ ဗီဒီယိုကင်မရာတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးမှတ်တမ်းတင်ကြတယ်။

Rzarni-2011-02
အာဇာနည်ကုန်းဝန်းကျင်မှာရှိတဲ့ ကျောင်းတိုက်တွေအတွင်းမှာ စွမ်းအင်ရှင်တွေ တင်ဆောင်ထားတဲ့ ကားတွေရှိနေသလို သေနတ်တွေ၊ ဒိုင်းတွေ၊ နံပါတ်တုတ်တွေ ကိုင်ဆောင်ထားတဲ့ ၀တ်စုံပြည့် လုံထိန်းရဲကားတွေကလည်း NLD ရုံး အနီးအနားဝန်းကျင်နဲ့ ရွှေတိဂုံဘုရား မုခ်ပေါက်တွေမှာ နေရာယူထားကြတယ်။

နေ့လည် ၁၂ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ကားတန်းက အာဇာနည်ခေါင်းဆောင်တွေကို ဂါဝရပြုဖို့ အဖွဲ့ချုပ်ရုံးကနေ စတင်ထွက်လာတာနဲ့ ကားတန်းနောက်ကနေ လူအုပ်ကြီးကလည်း ပြေးလိုက်လာကြတယ်။

“လေးယောက်တတွဲသွားကြပါ။ လုံခြုံရေးအရ စစ်ဆေးတာကို ကြည်ကြည်ဖြူဖြူ လက်ခံပေးပါ” လို့ ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်းလည်းဖြစ် ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက အော်လံနဲ့ လိုက်လံအော်ဟစ်နေတယ်။

လေးယောက်တတွဲ တန်းစီးနေတဲ့ လူတန်းရှည်ကြီးက အာဇာနည်ကုန်း ဂိတ်ပေါက်ကနေပြီး အဖွဲ့ချုပ်ရုံးနားအထိ ရှည်လျားပါတယ်။

“ကျနော် အာဇာနည်နေ့ အခမ်းအနားတိုင်းမှာ လုံခြုံရေးယူပေးရတယ်။ ဒီလောက်များတဲ့ လူတွေကို တွေ့ရတာ ပထမဆုံးအကြိမ်ပဲ။ လူတွေ အရမ်းများလွန်းတယ်” လို့ လုံခြုံရေးတာဝန်ယူပေးရတဲ့ အသက် ၄၀ ကျော် အရွယ် မီးသတ်အရာရှိတဦးက ဆိုတယ်။

မိုးတဖွဲဖွဲရွာလာပေမယ့် အာဇာနည်ကုန်းမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လာရောက်ဂါဝရပြုဖို့ တန်းစီနေတဲ့လူတန်း ရှည်ကြီးက ပိုများလာတယ်။

ကင်မရာ၊ မိုဘိုင်းဖုန်း၊ မီးခြစ်နဲ့ သံထည်ပစ္စည်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ မယူကြဖို့ သက်ဆိုင်ရာ လုံထိန်းရဲတွေက အော်ဟစ်သတိပေးနေတယ်။

ထောင်နဲ့ချီတဲ့ လူအုပ်ကြီးကို မြင်လိုက်ရတဲ့အတွက် လုံထိန်းရဲတွေနဲ့ အာဏာပိုင်တွေမျက်နှာမှာ အံ့သြရိပ်တွေကို
အထင်သားတွေ့မြင်နေရတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီက ကိုအေးလွင်တို့ကလည်း အာဇာနည်ကုန်းကို ၀င်ရောက်အလေးပြုချိန်မှာ ကင်မရာရိုက်ကူး မှတ်တမ်းခွင့်ပေးဖို့ အာဏာပိုင်တွေ၊ ရဲတွေနဲ့ အချင်းများနေကြတယ်။

နောက်ဆုံးတော့ အာဇာနည်ကုန်းကို ကင်မရာယူခွင့် မပေးတာကြောင့် ကိုအေးလွင်ဦးဆောင်တဲ့ ပါတီဝင်တွေက အာဇာနည်ကုန်းပြင်ပကနေ အာဇာနည်ခေါင်းဆောင်တွေကို လက်အုပ်ချီရှိခိုးပြီး ပြန်လည်ထွက်ခွာ သွားကြတယ်။

ညနေ ၃ နာရီထိုးနေပြီဖြစ်ပေမယ့် အာဇာနည်ကုန်းဘက်ကို သွားရောက်ချီတက် ဂါဝရပြုနေတဲ့လူတွေက မစဲသေးပါဘူး။ လေးယောက်တတွဲ လူငယ်လူကြီးတွေက သူတို့ချစ်တဲ့ အာဇာနည်တွေ လဲလျောင်းရာ အာဇာနည်ကုန်းကို အရောင်လက်နေတဲ့ မျှော်လင့်ချက်မျက်လုံးတွေနဲ့ သွားရောက်နေကြဆဲ ဖြစ်ပါတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်