အနာဂတ်၏ မြန်မာ့သားကောင်းများ

သူ့မှာ ရော်ဘာခြံတွေရှိသည်။ စီးပွားရေး လုပ်ငန်းတွေလည်း များစွာရှိသည်။ သို့သော် လည်း သူမပျော် ရွှင်နိုင်။ သူ ပိုင်ဆိုင်သမျှထဲမှ သူတန်ဖိုးအထားဆုံးသော သား ၂ ယောက် က မူးယစ်ကျေးကျွန်များ ဖြစ်နေသောကြောင့်ဖြစ်၏ ။

သားကြီးက ခုမှ ၁၈ နှစ်။ မူးယစ်ဆေးကို လုံးဝစွဲနေပြီဖြစ်သောကြောင့် ဆေးဖြတ်ပေးဖို့ ကြိုးစားနေရသည်။ သားအငယ် ကတော့ မူးယစ်ဆေး စွဲတာမဟုတ်။ သို့သော်လည်း မူးယစ် စေတတ်သည့် အရက်ကို အသက် ၁၄ နှစ်အရွယ်မှာပင် စွဲစွဲ လန်းလန်း သောက် နေပြီ ဟု မွန်ပြည်နယ်၊ ဘုရားသုံးဆူပတ်ဝန်းကျင်ရှိ ကျေးရွာတရွာမှ ဒေသခံ အမျိုးသမီး ကြီး တဦးက ပြောပြသည်။

“သားကြီးကမူးယစ်ဆေးစွဲသွားတော့ သားငယ်လက်ထက်မှာ အဲလိုမဖြစ်ရအောင် အပေါင်း အသင်းတွေနဲ့ ခွဲထားလိုက်တာ ကလေးက စိတ်ကျပြီး အရက်တွေဖိသောက်ရင်း အရက် သမား လုံးလုံး ဖြစ်သွား တော့တာပဲ” ဟု သူကဆက်ပြောသည်။

ထိုကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် မူးယစ်ဆေးများကို လူငယ်များက သုံးစွဲ ရုံမကဘဲ ရောင်းဝယ်ဖောက် ကားခြင်းများပါ အကြီးအကျယ် ဖြစ်ထွန်းလျှက်ရှိကြောင်း ဒေသခံ များထံမှ ကြားသိရသည်။

“ကျနော်တို့မှာ လုပ်ငန်းတွေရှိတယ်။ ရော်ဘာခြံတွေရှိတယ်။ ဒါပေမယ့် အလုပ်သမား ငှားလို့ မရဘူး။ ဘယ်သူမှ ပင်ပင် ပန်းပန်း မလုပ်ချင်ကြဘူး။ မူးယစ်ဆေး ရောင်းဝယ်တာက ပိုက်ဆံများများနဲ့ လွယ်လွယ်ရနေတာကိုး” ဟု ဒေသခံ စီးပွား ရေးသမားတဦးက ပြော သည်။

ထိုဒေသတဝိုက်တွင် မူးယစ်ဆေးဝါးများကို ရောင်းဝယ်ဖောက်ကားခြင်း၊ ထုတ်လုပ်ခြင်းများ အကြီးအကျယ် ပြုလုပ်နေကြ သော်လည်း အရေးယူမှုမရှိကြောင်း မူးယစ်ဆေးစွဲနေသူ အထက်တန်းကျောင်းသားတဦး၏ ဖခင်ဖြစ်သူကဆိုသည်။

အထက်တန်းကျောင်းသား ၃ ဦး မူးယစ်ဆေးစွဲနေသဖြင့် မိဘဖြစ်သူတို့က ဘုရားသုံးဆူ ရဲစခန်းကို တိုင်ရာ ရဲစခန်းက စစ်တပ်နှင့် သက်ဆိုင်သည်ဟု ပြောလိုက်သဖြင့် စစ်တပ်ကို အကြောင်းကြားရာ စစ်တပ်ကလည်း မယက ကိုလွှဲချသဖြင့် နောက်ဆုံး မွန်ပြည်သစ် ပါတီ ရုံးသို့ရောက်လာကြောင်း ၎င်းရုံးမှ တာဝန်ရှိသူတဦးကပြောပြသည်။

“ကျနော်တို့လည်း ဘာလုပ်ရမှန်းမသိဘူး။ ကျနော်တို့နဲ့ဆိုင်တဲ့နယ်မြေလည်း မဟုတ်ဘူး ဆိုတော့ ကလေးတွေကိုပဲ ဒဏ်ခတ်တဲ့အနေနဲ့ ခဏ ဖမ်းထားလိုက်ရတယ်” ဟု ထိုတာဝန် ရှိသူက ပြောသည်။

မူးယစ်ဆေးစွဲသူတို့၏ မိဘများမှာ ရောင်းဝယ်ဖောက်ကားသူ၊ ထုတ်လုပ်သူတို့ကို အတိအကျ သိထား၍ ရဲစခန်းကိုတိုင်တန်း သော်လည်း အရေးယူမှုလုံးဝမရှိကြောင်း သိရသည်။ ထို့ပြင် ထိုဒေသသို့ရောက်လာသော ရဲအရာရှိများမှာ ဒေသခံ မူးယစ်ဆေး ထုတ်လုပ် ရောင်းဝယ်သူတို့နှင့် ပူးပေါင်း၍ လာဘ်ယူခြင်း၊ လစဉ် ဆက်ကြေးတောင်းသကဲ့သို့ ငွေတောင်းခံခြင်း များသာ ပြုလုပ်လျှက် ရှိသည်ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူက ပြောသည်။

“ဒီဘက်ကို တာဝန်ကျတဲ့ ရဲအရာရှိတွေက ဒေသကို ပြုပြင်သွားတာ မရှိဘူး။ ဖျက်သွား တာချည်းပဲ။ ပြန်သွားတဲ့သူတွေ ကလည်း နာမည်ကောင်းနဲ့ ပြန်ရတဲ့သူမရှိဘူး။ လာဘ်စား လို့။ မဟုတ်တာလုပ်လို့ ရာထူးကျပြီးပြန်ရတဲ့သူတွေချည်းပဲ” ဟု သူက ဆိုသည်။

ယခုနောက်ပိုင်းတွင် မြန်မာပြည်တွင်းရှိ လူငယ်လူရွယ်များကြား၌ စိတ်ကြွဆေး အပါအဝင် မူးယစ်ဆေးများ သုံးစွဲမှု ရောင်းဝယ်ဖောက်ကားမှု ကြီးထွားလျှက်ရှိသည်။

ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) ၏ ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံအပါအဝင် အရှေ့အလယ် ပိုင်းနှင့် အာရှနိုင်ငံများတွင် မူးယစ်ဆေးဝါး သုံးစွဲမှု ကြီးထွား ပြန့်နှံ့နေသည်ဟု သိရသည်။

ကချင်ပြည်နယ် အတွင်းတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲမှု ကြီးထွားပြန့်နှံ့လျှက်ရှိပြီး အထူး သဖြင့် တက္ကသိုလ်ကျောင်းသား များထဲတွင် မူးယစ်ဆေးစွဲသူ ပိုမိုများပြားနေကြောင်း ကချင်ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG) ၏ သဘာပတိတဦးဖြစ်သူ ဦးအောင်ဝကပြော သည်။

“ကချင်လူငယ်တွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေး သုံးစွဲသူတွေ ဖြစ်နေတယ်။ မျိုးဆက်သစ် လူငယ်တွေအတွက် ရင်လေးစရာပဲ” ဟု သူက ဆိုသည်။

မြန်မာစစ်အစိုးရက ပြည်တွင်းမူးယစ်ဆေး သုံးစွဲမှုတိုက်ဖျက်ရေးများ ဆက်တိုက် ဆောင်ရွက်သဖြင့် သုံးစွဲသူလျော့ကျလာ သည်ဟု နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြ ရေးသား နေသော်ငြားလည်း နာမည်ကြီးအနုပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင် တချို့ တို့၏ လက်ဝယ်၌ မူးယစ်ဆေးဝါးတွေ့ရှိသောကြောင့် ဖမ်းဆီးအရေးယူမှု သတင်းများ ကြားနေရ ဆဲဖြစ်သည်။

ယခင်အပတ်က ဒါရိုက်တာ မိုက်တီး၏ လက်ဝယ်တွင် စိတ်ကြွဆေး အက်တာစီဆေးပြား ၁၅ ပြားတွေ့ရှိသောကြောင့် မြန်မာနိုင်ငံမူးယစ်ဗဟိုက တရားစွဲဆိုထားသည်ဟူသော သတင်းကြားခဲ့ရပြီး အလားတူ ကျော်စီးပွားရေး လုပ်ငန်းစုကြီး၏ အစုရှယ်ရာရှင် တဦး ဖြစ်သူ ဦးဌေးအောင်ကိုလည်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုဖြင့် ဖမ်းဆီးအရေး ယူထား ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တခုမှ ကြားသိရသည်။

ထို့ပြင် ဇူလိုင်လအတွင်းကလည်း လူငယ်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ မောင်ဝိတ်နှင့် စီးပွားရေးလုပ်ငန်းရှင် ၆ ဦးတို့ကို ဖမ်းဆီးအရေးယူထားကြောင်း ပြည်တွင်းသတင်းဂျာနယ် တချို့တွင် ဖော်ပြပါရှိသည်။

စိတ်ကြွဆေးပြားများမှာ ဈေးနှုန်းအလွန်မြင့်မားသောကြောင့် လူချမ်းသာ သားသမီးများ၊ အနုပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသာ သုံးစွဲနိုင်ကြသည်။

“ကျနော်တို့ကျောင်းက အနုပညာရှင်တွေ၊ တော်တဲ့သူတွေထွက်သလို မူးယစ်ဆေး စွဲတဲ့ သူတွေလည်း တော်တော်ထွက် တယ်” ဟု ဒဂုံ အထက ၁ မှ ကျောင်းသားဟောင်း တဦးကပြောပြသည်။ ၎င်းကိုယ်တိုင်ပင် မူးယစ်ဆေးကို ထိုကျောင်းမှ ထွက်ပြီးသည်ထိ နှစ်အတော်ကြာကြာ ဆက်လက်သုံးစွဲနေခဲ့သည်ဟု ဆို၏။

ထိုကျောင်းမှ ကျောင်းသားအများစုမှာ တတ်နိုင်သည့် လူချမ်းသာ သားသမီးများဖြစ်ကြပြီး ကျောင်းဝန်းအတွင်းတွင်ပင် သုံးစွဲကြသည်ဟု သူကဆက်ပြောသည်။

မကြာသေးမီက အထက ၁၊ ဒဂုံ အပါအဝင် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်း များကို ဆေးဝင်စစ်ခဲ့ရာ နာမည်ကြီး ကျောင်းများရှိ အထက်တန်းကျောင်းသား အတော်များများ တွင် မူးယစ်ဆေး သုံးစွဲထားသည့် လက္ခဏာတွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ထမ်းတဦးက ပြောပြသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနှင့် ပြည်တွင်းရှိ မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို ပွင့်လင်းစွာ ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ လျှို့ဝှက်စစ်ဆေး အရေးယူမှုများသာ ပြုလုပ်ဆဲဖြစ်သည်။

ဇွန်လကကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားပြုမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူ အခြေခံစာရင်း ကောက်ယူမှုအရ သုံးစွဲသူလျော့ကျသွားသည်ဟုပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ ဦးရေ ၆၁၄၅၅ ရှိရာမှ ၂၀၀၈ ဇန်နဝါရီလ အထိ စာရင်းကောက်ယူမှုအရ ၅၄၇၀၅ ဦးသာ ရှိတော့သည်ဟု ဆို၏။

ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသပတ်ဝန်းကျင်က မိဘများမှာတော့ မိမိတို့သားသမီးများ အတွက် အနာဂတ်ကို ကံပေါ်၌သာ ပုံချနေရသည်။ ဒေသခံအာဏာပိုင်များကို အားကိုး၍ မရနိုင်မှန်း သူတို့ သေချာပေါက် သိနေကြသည်။

“ဒီပတ်ဝန်းကျင်မှာတော့ လူငယ် ၁၀ ယောက်မှာ ၈ ယောက်က မူးယစ်ဆေးစွဲတဲ့သူချည်း ပဲ။ ပစ္စည်း ရဖို့ကလည်း အလွယ် တကူဖြစ်နေတာကိုး” ဟု ဘုရားသုံးဆူ၊ ထိုင်းမြန်မာ နယ်စပ်ရှိ ကြံတောကျေးရွာမှ ကျောင်းဆရာတဦးက သူ့အတွေ့ အကြုံအရ ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်