စစ်မိန့်ကြားက ရန်ကုန်

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ်ကာလအတွင်း ရန်ကုန် မြို့တော်တွင်း လုံခြုံရေးများ အထူးတင်းကျပ်နေရာ ရွှေဝါရောင်တော်လှန်ရေး အခြေပြု စတင်သည့် ရွှေတိဂုံစေတီတော်တွင် အရပ်ဝတ်လုံထိန်းရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင် များက အသွင်ပုံသဏ္ဍန်

မျိုးစုံဖြင့် ဘုရားဖူးလာသူများကို စောင့်ကြည့်နေသည်။

ထိုသို့ စစ်အစိုးရ၏လုံခြုံရေး အထူးတင်းကျပ်မှု များကြောင့် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး လာရောက်သူများ စိတ်အနှောင့်အယှက် ဖြစ်နေပြီး ဘုရားဖူးအရေအတွက်မှာလည်း တဖြည်း ဖြည်း လျော့နည်းလာကြောင်း ရွှေတိဂုံစေတီမှ ပန်းသည်များ၊ နိဗ္ဗာန်ကုန် အရောင်းဆိုင်များက ပြောသည်။

“လုံခြုံရေးတအားများတယ်။ ဘုရားပေါ်မှာ လုံခြုံရေးယူထားတဲ့ ရဲ၊ ကြံ့ဖွံ့နဲ့ စွမ်းအားရှင် အရေအတွက်က ဘုရားဖူး အရေအတွက်ထက် ပိုများတယ်” ဟု ရွှေတိဂုံစေတီတော်တွင် ကုသိုလ်ဖြစ် သန့်ရှင်းရေး လုပ်ပေး နေသည့် စေတနာရှင် အမျိုးသမီး တဦးကပြောသည်။

ရွှေတိဂုံစေတီတော်တွင် ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များက လုံခြုံရေးယူထားရာတွင် ဘုရားမုခ် အသီးသီး၌ ၁၀ ဦးတဖွဲ့၊ ဘုရားရင်ပြင်ပေါ်တွင်လည်း ၁၀ ဦးတဖွဲ့ ပုံစံဖြင့် ရာပေါင်းများစွာသော ရဲ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ က စောင့်ကြပ်မှုများ ပြုလုပ်ပြီး ဓာတ်ပုံဆရာ ပုံစံအသွင်ယူထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ကင်မရာ များဖြင့် ဘုရားဖူးလာသူများကို ဓာတ်ပုံများရိုက်ကာ မှတ်တမ်းတင် နေသည်။

“မြောက်ဘက်မုခ်နဲ့ အရှေ့ဘက်မုခ်မှာ လုံခြုံရေးတအားများတယ်။ မြောက်ဘက်မုခ်ကနေ ဘုရားပေါ်ကို တက်လာတဲ့ လှေကားတွေမှာ ထိုင်နေတဲ့ စွမ်းအားရှင်တွေက တော်တော်များ တယ်။ ဘုရားတက်တဲ့သူကို ရန်သူတွေလိုပဲ စိုက်ကြည့်နေကြတာ” ဟု စက်တင်ဘာ ၁၈ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ကို သွားရောက် ဖူးမြော်ခဲ့သည့် အသက် ၂၄ နှစ်အရွယ် ရန် ကုန်မြို့ခံ အမျိုးသမီးတဦး ကပြောသည်။

လူထုနှင့် သံဃာတော်များပူးပေါင်းပြီး မြို့တွင်းလှည့်လည်မေတ္တာပို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့် ရွှေတိဂုံ စေတီ တော် အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးအနီးတွင်လည်း လုံခြုံရေးများ ထူထူထဲထဲ ချထားပြီး ကြေးသွန်း ဘုရားအနီးရှိ ကျောင်းတိုက်များ၊ ဓမ္မာရုံများတွင် အရပ်ဝတ် ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များက ဒိုင်နာ ကားများနှင့်အတူ ဆန္ဒပြမှုများ ဖြစ်ပေါ် လာပါ က နှိမ်နင်းရန်အသင့် နေရာယူ ထားကြောင်း ဗဟန်းမြို့နယ်မှ ဒေသခံများကပြောသည်။

“ဝါးရင်းတုတ်တွေ၊ ဒိုင်းတွေကတော့ ပေါ်ပေါ်ထင်ထင်ကိုင်တာမတွေ့ရဘူး။ ကြေးသွန်း ဘုရားနားက ထမင်းဆိုင်၊ အအေးဆိုင်တွေမှာကတော့ အရပ်ဝတ်ရဲတွေချည်းပဲ။ ထူးခြား တာက ယူနီဖောင်းဝတ် လုံထိန်းရဲတွေ တော်တော် နည်းသွားတယ်” ဟု အရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီး လမ်းဘေး ထမင်းဆိုင်မှ အမျိုးသမီးတဦးက ပြောသည်။

လုံခြုံရေးများ အလွန်အမင်းချထားနေလင့်ကစား ဆန္ဒပြမှုများ ဖြစ်ပေါ်ပါက ပူးပေါင်းပါဝင်ရန် ရွှေတိဂုံဘုရားသို့ နေ့စဉ်လာရောက်ပြီး အခြေအနေကို စောင့်ကြည့်သည့် လူငယ်တချို့ရှိ နေကြောင်း သိရှိရသည်။

“နေ့တိုင်း ဘုရားကို နေ့လယ် ၁ နာရီဆိုရင် ရောက် တယ်။ ၂၀၀၇ စက်တင်ဘာတုန်းကလည်း ပါခဲ့တယ်။ အခုလည်း ဖြစ်လာရင် ပါဝင်မှာပါ” ဟု အသက် ရွှေတိဂုံစေတီသို့ လာသည့် ၂၄ နှစ်အရွယ်ရန်ကုန်မြို့ခံ လူငယ် တဦးက ပြောသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စတင်ချိန်က ကြေးသွန်း ဘုရားကြီးတွင် နေ့လယ် ၁ နာရီတွင် စုဆုံပြီး ရန်ကုန်မြို့တွင်း လှည့်လည် ခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်ကဲ့သို့ပင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာ တော်များနှင့် လူထုပေါင်းစည်းရာ အထင်ကရ ဘုရားစေတီများဖြစ်သည့် ဆူးလေ စေတီတော်၊ ကမ္ဘာအေးစေတီ၊ ကျိုက္ကဆံ စေတီနှင့် ဗိုလ်တထောင်စေတီတော် များတွင်လုံခြုံရေးများ တင်း တင်းကျပ်ကျပ် ချထားပြီး တခြား မြို့တွင်း အချက်အချာကျ နေရာများတွင်လည်း ယူနီဖောင်းဝတ် စစ်တပ်နှင့် ရဲများက လက်နက်အပြည့်အစုံနှင့် လုံခြုံရေးချထားသည်ကို တွေ့မြင်ရသည်။

ရန်ကုန်တွင် ည ၁၁ နာရီ၌ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်အပါအ၀င် စီးပွားရေး လုပ်ငန်းများ အားလုံး ပိတ်ထားရမည်ဟု အာဏာပိုင်များက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ် ကွက် တာဝန် ရှိသူများ မှတဆင့် အဆင့်ဆင့် ညွှန်ကြားမှုများ ပြုလုပ်ထားကြောင်း ရန်ကုန်မြို့ ခံများက ပြောသည်။

“ည ၁၁ နာရီ ဆိုတာနဲ့ ဆိုင်ပိတ်ဖို့ ရပ်ကွက်လူကြီးနဲ့ ရဲတွေကလာပြောတယ်။ စက်တင်ဘာလ ၁ရက်နေ့ကစပြီး ညဘက် ဆိုင်ပိတ်ရတာ” ဟု မရမ်းကုန်းမြို့နယ်မှ ဘီယာဆိုင်ပိုင်ရှင် တဦးက ဆိုသည်။

ရန်ကုန်တွင် ည ၁၁ နာရီ လူအသွားအလာ နည်းပါးသွားပြီး အာဏာပိုင်များက ည ၁၁ နာရီနောက်ပိုင်း လမ်းမ များပေါ်တွင် သွားလာလျက်ရှိသည့် ကိုယ်ပိုင်ကားများ၊ အငှားကား များကို ရပ်တန့် ရှာဖွေမှုများ အကြီးအကျယ် ပြုလုပ်နေကြောင်း သိရသည်။

“ည ၁၁ နာရီကျော်လောက်ဆိုရင် တက္ကစီနဲ့ ကိုယ်ပိုင်ကားတွေကို ရပ်ခိုင်းပြီးရှာတယ်။ ဘာ တွေရှာမှန်း မသိဘူး။ ကားနောက်ဖုံးတွေဖွင့်၊ လိုင်စင်တောင်း၊ မှတ်ပုံတောင်းတယ်။ အဲဒါ မပေးနိုင်ရင်တော့ ပြဿနာ တက်ပြီ။ ပြီးတော့ ကားတွေကို ဓာတ်ပုံရိုက်တယ်။ ကားတိုင်း ကိုတော့ မဟုတ်ဘူး” ဟုရန်ကုန်၊ လမ်း ၅၀ တွင်နေထိုင်သည့် တက္ကစီ ပိုင်ရှင်တဦးက ပြောသည်။

ရန်ကုန်မြို့၏ ည ၁၁ နာရီနောက်ပိုင်းအခြေအနေမှာ နေ၀င်မီးငြိမ်းအမိန့် ထုတ်ထားသကဲ့သို့ လူအသွားအလာ၊ ကားအသွားအလာ တဖြည်းဖြည်း နည်းလာကြောင်း မြို့ခံများကပြောသည်။

“အခုပုံစံက ညမထွက်ရအမိန့် ထုတ်ထားသလိုပဲ။ လူတွေက အစစ်အဆေးတွေ ရှိတော့ ညဘက် အပြင် မထွက်ကြတော့ဘူး” ဟု တာမွေမြို့နယ်၊ ယုဇနပလာဇာအနီး မအူကုန်း လမ်းတွင် နေထိုင်သူ ဒေသခံ တဦးကပြောသည်။

ရန်ကုန်မြို့၏ နာမည်ကျော် သရက်တော ကျောင်းတိုက်အပါအ၀င် စာသင်တိုက်များ၊ ဘုန်းကြီးကျောင်းများ အနီးတွင်လည်း လုံခြုံရေးများက စောင့်ကြည့်နေပြီး ကျောင်းတိုက် များအတွင်း လူအ၀င်အထွက်များကို သတိ ထားစောင့်ကြည့်လျှက် ရှိသည်။ ထို့အပြင် ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များ တွင် ညဥ့်အိပ်ညဥ့်နေ ဧည့်သည်များ လုံးဝလက်မခံရန် မြို့နယ်သံဃနာယက အဖွဲ့များက ညွှန်ကြားထား ကြောင်း သိရှိရသည်။

“ကျောင်းတိုက်ရှေ့မှာ အရပ်ဝတ်ရဲတွေက နေ့တိုင်းလိုလိုကို စောင့်ကြည့်နေတာပဲ။ သူတို့ လည်း သူတို့အလုပ် သူတို့လုပ်နေတာပဲ။ ဦးပဉ္ဖင်းတို့ကလည်း ဦးပဉ္ဖင်းတို့အလုပ် လုပ်ရမှာ ပဲလေ” ဟု စမ်းချောင်းမြို့နယ် ကျောင်း တိုက်ကြီးတခု မှ သက်တော် ၂၉ အရွယ်ရှိ သံဃာ တပါးက မိန့်ကြားသည်။

မကြာသေးမီကလည်း သန်လျင်မြို့ မာလာရုံကျောင်းတိုက်တွင် အာဂန္တု ဘုန်းတော်ကြီး တပါးကို ဝင်ရောက်ဖမ်း ဆီးခဲ့သေးသည်။ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးအပြီးတွင် ရန်ကုန် မြို့ရှိ မဂ္ဂင်ကျောင်းနှင့် သာသနာ့ သိပ္ပံကျောင်းတို့ကို စစ်အစိုးရက ချိတ်ပိတ်ခဲ့သည်။

“ဘုန်းကြီးတွေကို ရန်သူတွေလို စောင့်ကြည့်တာ သူတို့ ရှက်တတ်ရင် ရှက်ဖို့ကောင်းတယ်။ နိုင်ငံတကာက နားမလည်လို့ ဘုန်းကြီးတွေ ဆန္ဒပြတယ်လို့ထင်တာ။ တကယ်က မေတ္တာပို့တယ်ဆိုတာသာ နားလည်ရင် ခုလို လုပ်တာ ရှက်စရာကြီး” ဟု ရန်ကုန်မြို့ခံ လူငယ်တဦးကပြောသည်။

စစ်အစိုးရအနေဖြင့် သတင်းအချက်အလက် စီးဆင်းမှုများကို တားဆီးနိုင်ရန် အင်တာနက် ဆက်သွယ်မှုများကို နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်ထားပြီး ရန်ကုန်မြို့ရှိ အင်တာနက် ဆိုင်များတွင် အင်တာနက် အီးမေးလ် ဂျီတော့ချက်တင်၊ အသုံးပြုသူများကို သတိထား စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း လည်းမြို့ခံများက ပြောသည်။

“ကွန်နက်ရှင်က အရမ်းကိုနှေးတယ်။ ဂျီမေးလ်ဖွင့်ဖို့ တော်တော်ကြာတယ်။ ပြီးတော့ Proxy website တွေ ထပ်ပိတ်တယ်။ အီးမေးလ်ကနေ ဓာတ်ပုံတွေ၊ Attach ဖိုင်တွေလုံးဝ ပို့လို့မရဘူး” ဟု လသာမြို့နယ်မှ အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူတဦးကဆိုသည်။

စက်တင်ဘာ ၁၇ ရက်နေ့က အင်တာနက် ဆက်သွယ်မှု အလွန်နှေးကွေးနေသောကြောင့် ကုမ္ပဏီဝန်ထမ်း လူငယ် တဦးက မြန်မာတယ်လီပို့သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းဌာနမှ တာဝန်ရှိသူ တဦးက အင်တာနက်ပင်မလိုင်းကြီး (Back Bone) ပြတ်တောက် နေကြောင်း ဖြေကြားသည်ဟု ဆိုသည်။

တခြားသော အင်တာနက် အသုံးပြုသူ တဦးကလည်း “ကျနော် မြန်မာတယ်လီပို့ကို လှမ်းမေးတော့ ဟံသာဝတီ တယ်လီပို့ အတွက် လိုင်းစမ်းနေလို့ နှေးတာပါတဲ့။ သူတို့ ဘက်ဘုန်းဒေါင်းတာ၊ ဆိုက်ဘာ ဒေါင်းတာ၊ စမ်းသပ်တာတွေကလည်း အချိန်ကိုက်ချည်းပဲ” ဟု ပြောပြသည်။

ရန်ကုန်မြို့တွင်း အင်တာနက်ဆိုင်များတွင်လည်း အင်တာနက်သုံးစွဲသူများကို စောင့်ကြည့် သတိထားမှုများ ရှိနေကြောင်း သိရသည်။

“ဆိုင်မှာ အင်တာနက်သုံးသလိုလိုနဲ့ တကယ် လာသုံးတဲ့သူတွေကို လိုက်ကြည့်တာ မျိုးတွေရှိတယ်။ လူငယ်ပိုင်းတွေကို အဓိကစောင့်ကြည့်တာများတယ်” ဟု လသာ အင်တာနက် ဆိုင်ပိုင်ရှင်က ဆိုသည်။

ယမန်နှစ်စက်တင်ဘာ တော်လှန်ရေးကာလက အင်တာနက် ဆက်သွယ်ရေးကြောင့် သတင်း စီးဆင်းမှုမြန်ဆန်ပြီး မြန်မာပြည်မှ သတင်းအချက်အလက်များကို ကမ္ဘာအရပ်ရပ်က ချက်ချင်း ဆိုသလို သိရှိခဲ့ရာ စစ်အစိုးရအနေနှင့် အငိုက်မိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

စက်တင်ဘာ ၁၈ ရက်၊ မနေ့ည ၇ နာရီက မြေနီကုန်းတွင် လက်ကမ်းစာရွက်များ ဝေငှသောကြောင့် ရဲများချက်ချင်းရောက်လာပြီး ရှာဖွေမှုများ၊ သိမ်းဆည်းမှုများ ပြုလုပ်သည် ဟု မြေနီကုန်း ဒဂုံစင်တာအနီးတွင် နေထိုင်သူ တဦးကပြောသည်။

“ခဏလောက် ရုတ်ရုတ် သဲသဲ ဖြစ်သွားသေးတယ်။ စာရွက်တွေ ဝေသွားလို့ လိုက်သိမ်း တယ်ပြောတာပဲ။ ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ၊ ရှာဖွေတာတွေ လုပ်နေတယ်” ဟု သူက ပြောသည်။

မနေ့က ညနေ ၆ နာရီခန့်ကလည်း သာကေတမြို့နယ် သင်္ဘောကျင်းမှတ်တိုင်ရှေ့မှ ရဲကား ၈ စီး ရဲအပြည့်၊ နံပါတ်တုတ်၊ ဒိုင်းများကိုင်ဆောင်၍ အပြင်းမောင်းနှင်သွားသည်ကို တွေ့ခဲ့ရ ကြောင်း ခရီးသွားတဦးက ပြောပြသည်။

ရန်ကုန်မြို့တွင် လုံခြုံရေးများ အထူးကျပ်ထားသော်လည်း မြို့ခံများမှာ ၂၀၀၇ စက်တင်ဘာ ကဲ့သို့ လူထုနှင့်သံဃာပါဝင်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်မည်လောဆိုသည့် မျှော်လင့်စောင့်စား မှုများ ရှိနေကြသည်။

“ကျနော်တို့က မနှစ်ကလို ဖြစ်ပါစေ ဆုတောင်းနေတာ။ ဒါပေမယ့် မလွယ်ဘူးဆိုတာလည်း သိပါတယ်။ နေရာတိုင်းမှာ အရင်ထက်ကို ကျပ်နေတာပဲလေ။ တနေရာလောက်ကပဲ စဖြစ်။ ကျနော်တို့ကတော့ ပါဖို့ အဆင်သင့်ပဲ။


ကျနော့်မှာရှိတဲ့ကင်မရာ အစုတ်ကလေးတောင် အဆင်သင့် ပြင်ထားတယ်” ဟု ရန်ကုန်မြို့ခံ လူငယ်တဦးကပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်