တာပေါ်လင်စ နောက်ကွယ်မှာ

ည ၉ နာရီ။ လရောင်ကြောင့် ပတ်ဝန်းကျင်တခုလုံး ထိန်လင်းနေချိန် လပွတ္တာမြို့၊ ၁ရပ်ကွက်၊ ထန်းပင်စု အရပ်ရှိ ရေကန်ကြီးတခု၏ မြေသား ကန်ဘောင်ပေါ် တွင် အမျိုးသမီးငယ် ခြောက်ဦး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေကြသည်။

အမျိုးသမီးငယ်များ၏ ဘေးတွင် ယောက်ျားသားတချို့ လှုပ်ရှားမှုမရှိ မတ်တပ်ရပ်နေကြပြီး အမျိုးသမီးများ လမ်းလျှောက်နေသည့် ကန်ဘောင်ဘေးတွင် ဖယောင်းတိုင်မီး ထွန်းညှိထားသော တဲငယ်လေးများနှင့် တာပေါ်လင်စ အပြာရောင်မိုးထားသည့် အသေးစား တဲငယ်လေးတချို့လည်း ရှိနေသည်။

ကန်ဘောင်မြေသား လမ်းအတိုင်း လျှောက်လာသည့် ကျနော့်ကို မြင်တွေ့ ကြသောအခါ အမျိုးသမီးငယ်များနှင့် အမျိုးသားများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ကျနော့်အနားသို့ အမျိုးသား နှစ်ဦး ချဉ်းကပ်လာသည်။

ကျနော်နှင့်အတူ လိုက်ပါလာသော လပွတ္တာမြို့ခံက အမျိုးသားနှစ်ဦးနှင့် တီးတိုးစကား ဆိုကြပြီးနောက် ကန်ဘောင်ပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသမီးငယ်ခြောက်ဦးလုံး ဖယောင်းတိုင်မီး ထိန်လင်းနေသည့် တဲငယ်တခုအတွင်းသို့ ၀င်ရောက် သွားကြသည်။ ထိုအမျိုးသမီးငယ်များမှာ ဖောက်သည် စောင့်မျှော်နေသည့် ပြည့်တန်ဆာ လေးများပင်ဖြစ်သည်။

“တခါပြီးပဲ အတူနေမယ်ဆိုရင် ၃၅၀၀၊ တညလုံးဆိုရင်တော့ ၂၀၀၀၀။ စိတ်တိုင်းကျ ရွေးလို့ရတယ်၊ လာ အကို” ဟုဆိုပြီး လပွတ္တာမြို့ခံက အမျိုးသမီးငယ် ခြောက်ဦးရှိနေသည့် တဲငယ်တခုအတွင်းသို့ ကျနော့်ကို ခေါ်ဆောင် သွားသည်။

တဲငယ်အတွင်းတွင် အမျိုသမီးငယ်ခြောက်ဦးသာ ရှိမည်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ် ရှိနေသည့် အမျိုးသမီးစုစုပေါင်းမှာ ၁၀ ဦးဖြစ်ပြီး အမျိုးသမီးငယ် အားလုံးမှာ အသက် ၂၀ နှင့် ၂၅ နှစ်ကြား သာရှိကြဦးပေ မည်။

ဖယောင်းတိုင်မီးက အမျိုးသမီးငယ်များ၏ မျက်နှာများကို သေချာစွာ မြင်တွေ့နိုင်ရန် မစွမ်းဆောင်နိုင်သော်လည်း သူတို့အားလုံး၏ မျက်နှာတွင် နှုတ်ခမ်းနီ၊ မိတ်ကပ်များနှင့် ထူထူထဲထဲ လိမ်းခြယ်ထားသည်ကို ဖျော့တော့သော မီးရောင်ဖြင့် တွေ့မြင်လိုက်ရသည်။

ကျနော်ရောက်ရှိနေသော နေရာကား လပွတ္တာမြို့၏ပြည့်တန်ဆာတန်း ဟုခေါ်ဆိုရမည့် ၁ ရပ်ကွက် ထန်းပင်စုရပ် ပင်ဖြစ်သည်။ အမျိုးသမီးငယ်များ အနက်မှ အမျိုးသမီးငယ်တဦးကို ကျနော် ရွေးချယ်လိုက်ကာ ငွေ ၃၅၀၀ ပေးချေလိုက်ပြီးနောက် ထိုအမျိုးသမီးငယ်အား တည်းခိုခန်းသို့ လိုက်ရန်ပြောဆိုသောအခါ ပြည့်တန်ဆာ ခေါင်း ဖြစ်ဟန်တူသည့် အမျိုးသားတဦးက ၀င်ရောက်ဟန့်တားသည်။

“တခါပြီးပဲဆိုရင် အပြင်ခေါ်မသွားနဲ့ တဲနောက်မှာ နေရာရှိတယ်။ ဟဲ့ .. ကောင်မလေး .. နင့်အစ်ကို ကို ခေါ်သွားလိုက်” ဟု ပြည့်တန်ဆာခေါင်း အမျိုးသားက ထိုအမျိုးသမီးကို လှမ်း ပြောလိုက်သည်။

အမျိုးသမီးငယ်က တဲအနောက်ဘက်ရှိ ထင်းစည်းအနည်းငယ် စုပုံထားသော အပြာရောင် တာပေါ်လင်စ မိုးထားသည့် အလျား ၆ ပေ၊ အနံ ၃ ပေခန့်ရှိ အသေးစား တဲတခုအတွင်းသို့ ဦးဆောင်ခေါ်ဆောင်သွားသည်။

တဲအတွင်း ထိုင်ချလိုက်သောအခါ အေးစက်သော အထိအတွေ့ ခံစားလိုက်ရပြီး နှီးဖျာကြမ်းကြီး တခု ခင်းထား သည်ကို သိရှိလိုက်ရသည်။ မှောင်မိုက်လှသော တဲအတွင်း တဦးမျက်နှာတဦး ပီပြင်စွာ တွေ့မြင်ရခြင်း မရှိ သော်လည်း ထိုပြည့်တန်ဆာ အမျိုးသမီးငယ်က ရုတ်တရက် ကျနော့် ဂျင်းဘောင်းဘီရှည်ကို ဆွဲချွတ်တော့သည်။

“အာ … ခဏနေဦးဗျ။ ကျနော်က စာရေးပါတယ်။ ကျနော် … စကားပြောချင်လို့ပါ။ တခြားဘာမှ မလုပ်ချင်ပါဘူး။ စကားပဲပြောချင်လို့ပါ” ဟု ပြောဆိုသောအခါမှ သူက ကျနော့် ဘောင်းဘီကို လွှတ်တော့သည်။

ဘောင်းဘီခါးပတ် ပတ်ထား၍သာ တော်တော့သည်။ မဟုတ်လျှင် သူ ဆွဲချွတ်သည့်အားက ခါးပတ်မပါလျှင် ကျနော်၏ ဂျင်းဘောင်းဘီ အလွယ်တကူ ကျွတ်သွားပြီး ရှင်းပြရခက်သော အနေအထား ရောက်နိုင်ပေသည်။

“တနေ့ကို အပင် (လာရောက်ပျော်ပါးသည့် အမျိုးသား) ၂၀ လောက် လက်ခံရတယ်။ အားလုံးက တခါပြီးပဲ။ တခါပြီး ၃၅၀၀ မှာ ခေါင်းက ၂၅၀၀ ယူတယ်။ ကျမက တပင် (တဦး) အတွက် ၁၀၀၀ ပဲရတယ်” ဟု ထို အမျိုးသမီးက ပြောသည်။

သူက မြောင်းမြမှ လပွတ္တာမြို့နယ်သို့ သူငယ်ချင်း ဖြစ်သူ၏ ဆက်သွယ်ပေးမှုဖြင့် လာရောက် အလုပ်လုပ် ကိုင်ခြင်း ဖြစ်ပြီး ယခင်က ခေါင်းရွက်ဗျပ်ထိုး ဟင်းသီးဟင်းရွက် လှည့်လည် ရောင်းချခဲ့ရာမှ စီးပွားရေး မပြေလည်သောကြောင့် ယခုကဲသို့ လိင် ဖျော်ဖြေရေးအလုပ်ကို လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ပြောပြသည်။

“ကျမ ခပ်ငယ်ငယ်အရွယ်မှာပဲ မိဘတွေဆုံးသွားတယ်။ မွေးစားအမေနဲ့ နှစ်ယောက်တည်း နေတာ။ နှစ်ယောက် တည်း ဆိုပေမယ့် ဟင်းရွက်ရောင်းတာနဲ့ စားဖို့ မလောက်လို့ လပွတ္တာမှာ ကုန်သွားသယ်မယ် ဆိုပြီး ထွက်လာ တာ။ ဒီအလုပ်လုပ်တာ အမေမသိဘူး။ ၁၀ ရက် တခါ မြောင်းမြပြန်တယ်။ ပြီးရင်ပြန်လာတယ်” ဟု သူက ရှင်းပြသည်။

လိင်ဖျော်ဖြေရေး လုပ်ငန်းကို လုပ်ကိုင်နေရသော်လည်း သူ့အနေဖြင့် ခုခံအား ကျဆင်းမှုရောဂါ အကြောင်း အနည်းငယ်သာ သိရှိပြီး ပျော်ပါးသူများက တောင်းဆိုမှသာ ကွန်ဒုံးသုံးဆက်ဆံလေ့ရှိကာ များသောအားဖြင့် ကွန်ဒုံးသုံးလေ့မရှိဟု ဆိုသည်။

ယခု သူ အလုပ်လုပ်နေသော တဲအိမ်ဘေးရှိ တခြား တဲငယ်များမှာလည်း ပြည့်တန်ဆာများဖြင့် လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ကိုင်ကြပြီး လပွတ္တာနယ်ခံ ရဲများကို ပြည့်တန်ဆာခေါင်းများက လိုင်းကြေး ပေးထားရသည်ဟု ဆက်လက် ရှင်းပြသည်။

“ဒီမှာ နယ်ခံမဟုတ်တဲ့ အပြင်က လူစိမ်းတွေ လာပျော်ပါးရင် လပွတ္တာမြို့အပိုင်ရဲက အရပ်ဝတ်နဲ့ ၀င်ဖမ်းတဲ့ပုံစံ လုပ်ပြီး ပြည့်တန်ဆာခေါင်းနဲ့ ပေါင်း ငွေညှစ်တယ်။ အဖမ်းခံရတဲ့ လူကလည်း ရှက်တော့ တောင်းသလောက် ပေးတယ်။ ၁ သောင်း၊ ၂ သောင်းလောက်ပေးရတယ်” ဟု ပြောပြသည်။
 
သူနှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ၁၀ ဦးကျော်ရှိပြီး တချို့မှာ တည်းခိုခန်းများတွင် ညအော်ဒါ လိုက်နေကြ သည်ဟု ဆိုသည်။ သူ့သူငယ်ချင်းများထဲတွင် နာဂစ် ဒဏ်သင့် ကိုင်းသောင်ကျေးရွာမှ အမျိုးသမီးများ ပါဝင်ပြီး တချို့မှာ ယောက်ျား သေဆုံးသွားသည့် မုဆိုးမများ ဖြစ်ကြကြောင်း သူက ပြောသည်။

“ … မပြီးသေးဘူးလား။ နာရီဝက်ကျော်နေပြီ” ဆိုသည့် ပြည့်တန်ဆာခေါင်း၏ အသံကြောင့် သူက ပြောလက်စ စကားကို ရပ်ပြီး အချိန်စေ့ပြီ ဖြစ်သည့်အတွက် ဆက်လက် စကားမပြောနိုင်တော့ရာ စကား ဆက်ပြောလိုပါက ပြည့်တန်ဆာခေါင်းကို နောက်တကြိမ် ငွေပေးရန် ပြောသည်။

ထိုတဲမှ ထွက်လာပြီးနောက် သူတို့တဲနှင့် လေးအိမ်ကျော် တဲငယ်လေးဆီသို့ ဦးတည်သွားပြီး ထိုတဲအတွင်းသို့ ကျနော်ဝင်လိုက်သည်။ တဲအတွင်း၌ လင်မယားဖြစ်ဟန်တူသည့် အသက် ၅၀ ကျော် အမျိုးသားကြီးတဦးနှင့် အမျိုးသမီးတဦး ထိုင်နေပြီး ၎င်းတို့၏ဘေးတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ငယ်နှစ်ဦး လဲလျောင်း လျှက် ရှိနေသည်။

အမျိုးသားကြီးက ကျနော့်ကို ထိုင်ရန်နေရာထိုင်ခင်း စီစဉ်ပေးပြီး ဈေးစကားပြောဆိုကာ အမျိုးသမီးငယ်နှစ်ဦး အနက်မှ တဦးကို ရွေးချယ်စေသည်။ ပျော်ပါးရန် ရည်ရွယ်ချက်မရှိသော ကျနော့်အဖို့ စကားပြောကောင်းမည်ဟု ယူဆရသော အမျိုးသမီးငယ် ကိုရွေးချယ်လိုက်သည်။ ထို့နောက် တဲထဲတွင် ကျနော်နှင့် ပြည့်တန်ဆာ အမျိုးသမီးကိုသာ ချန်ထားခဲ့ပြီး ကျန်လူအားလုံးမှာ တဲရှေ့ ကန်ဘောင်ပေါ်သို့ ထွက်ခွာသွားကြတော့သည်။

အမျိုးသမီးငယ်က တဲအ၀င်အ၀ကို စောင်ပါးတထည်နှင့် ပိတ်လိုက်ပြီး ကျနော့်အနားသို့ တိုးကပ်လာသည်။ သည်တကြိမ်တွင် ပြည့်တန်ဆာ အမျိုသမီးငယ် တစုံတရာ မလှုပ်ရှားခင်ကပင် ကျနော်က ပထမ တခါတုန်းက ရှင်းပြခဲ့သည့် ပုံစံအတိုင်း ပျော်ပါးရန်ဆန္ဒမရှိဘဲ စာရေးရန် စကားပြောလိုကြောင်း ကြိုတင်ရှင်းပြရတော့သည်။

“ကျမနာမည်က …. ။ ဒီလပွတ္တာမြို့ခံပဲ။  ဒီအလုပ်လုပ်တာ ၂ နှစ်လောက်ရှိပြီ။ စီးပွားရေးကြောင့် ဒီအလုပ်ကိုလုပ်ဖြစ်တာ” ဟု သူက သူ့အကြောင်းကို ခပ်တိုတိုတုတ်တုတ် ရှင်းပြသည်။

နာဂစ်ဖြစ်ပွားပြီးနောက်ပိုင်း သူ လိင် ဖျော်ဖြေနေရသူ အများစုတွင် အဖွဲ့အစည်းများမှ အမျိုးသားများဖြစ်ပြီး ၎င်းတို့က ကွန်ဒုံးသုံးရန် တောင်းဆိုရာမှ ကွန်ဒုံးကို အသုံးပြုတတ်လာကြောင်း၊ များသောအားဖြင့် သူက ညအော်ဒါလိုက် လေ့ရှိသည် ဟုလည်းဆိုသည်။

ယခင်က လပွတ္တာမြို့ပေါ်တခုလုံးတွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူ ၂၀ နှင့် ၃၀ အကြားသာ ရှိသော်လည်း ယခုအခါ မြောင်းမြနှင့် ပုသိမ်တို့မှ လာရောက်ကြသူများနှင့် ပြည့်တန်ဆာ အရေအတွက်များပြားလာသည်ကို သတိထားမိကြောင်း ရှင်းပြသည်။

“အရင်က ဒီအလုပ်လုပ်စားတဲ့သူ ဒီလောက်မရှိဘူး အခု မြောင်းမြ၊ ပုသိမ်နဲ့ တခြားနေရာတွေက လာတာတွေက လာလိုက်၊ ပြန်လိုက်ဆိုတော့ ခန့်မှန်းလို့မရဘူး။ အရေအတွက် များတာတော့ များတယ်” ဟု သူက ဆိုသည်။

လပွတ္တာမြို့ပေါ်တွင် လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်ကြသူ ပြည့်တန်ဆာများမှာ ကွန်ဒုံးအသုံးပြုလေ့ မရှိကြဘဲ ခုခံအားကျဆင်းမှု ရောဂါကူးစက်ပုံကိုလည်း သေချာစွာမသိရှိကြကြောင်း ထိုအမျိုးသမီးငယ်က ပြောသည်။

“အေအိုင်ဒီအက်စ်ရောဂါအကြောင်း သိတယ်။ဘယ်လိုကူးစက်လဲ ဘယ်လိုရောဂါဝင်သလဲ ဆိုတာတွေကို သေသေချာချာ မသိကြဘူး” ဟု သူက ဆိုသည်။

နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်း မိန်းမသေဆုံးသွားရသည့် မုဆိုးဖိုများလည်း တိုးပွားနေရာ ထိုသို့ မုဆိုးဖိုများ များပြား လာခြင်းကလည်း လပွတ္တာမြို့တွင် ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာစေကြောင်း လပွတာမြို့ခံ စီးပွားရေးသမား တဦးက ပြောသည်။

ယခုလက်ရှိ လပွတ္တာမြို့ပေါ်တွင် ကြီးထွားနေသော ပြည့်တန်ဆာ လုပ်ငန်းအတွက် ခုခံအား ကျဆင်းမှုရောဂါ ပညာပေးရေး လုပ်ငန်းများ လိုအပ်နေပြီး အချိန်မီ မလုပ်ဆောင်နိုင်ပါက ဒုတိယနာဂစ်မုန်တိုင်းကြီးတခု တိုက်ခတ် လာသကဲသို့ ရောဂါကူးစက်မှုကြောင့် သေဆုံးမှုများ ပေါ်လာနိုင်ကြောင်း လပွတ္တာမြို့နယ် အခြေစိုက် နိုင်ငံတကာအဖွဲ့ အစည်းတခုမှ ကျန်းမာရေးဝန်ထမ်းတဦးက သုံးသပ်ပြောသည်။

“ပထမ နာဂစ်မှာ လူတသိန်းကျော်သေတယ်။ ခုခံအားကျဆင်းမှုရောဂါဆိုတဲ့ ဒုတိယနာဂစ်ကြောင့် လူမျိုးနွယ်တခုလုံး သေသွားနိုင်တယ်။ ပြည့်တန်ဆာဆိုတာ ဘယ်လောက်ပဲ အရေးယူယူ ပျောက်ပျက် သွားတာမျိုး မဟုတ်တော့ ပြည့်တန်ဆာတွေကို ပညာပေးလုပ်ငန်းတွေ အများကြီး လုပ်ရမယ်” ဟု အဆိုပါ ကျန်းမာရေး ၀န်ထမ်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်