“သစ္စာသည်သာ … အလှတရား”

ပန်းချီ၏ အသက်သည် “ပုံဆွဲ”
ပန်းချီ၏ ရသသည် “ဒီဇိုင်း”
ပန်းချီ၏ အနှစ် သာရသည် “အရောင်”

ဗဂျီအောင်စိုး ပြောခဲ့တဲ့ စကားသုံးခွန်း ဖြစ်ပါတယ်။ သူ ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ထုတ်တဲ့ စာအုပ် နောက်ကျောဖုံးမှာ ဖော်ပြထားတာပါ။

bagyiAungsoeဗဂျီအောင်စိုးလို့ ပြောလိုက်ရင် မော်ဒန်ပန်းချီကို မြန်မာမှာ အစပြုခဲ့တဲ့ သူတယောက်၊ စိတ်အလျဉ်နဲ့ ပန်းချီ ရေးနည်းကို စခဲ့တဲ့ သူတယောက်၊ မော်ဒန် ဆိုတာ အရှေ့ကနေမှ အနောက်ကို ကူးတာလို့ ပြောခဲ့သူ တယောက်၊ ရိုးရာမှသည် ခေတ်သစ် ဆီသို့ ဆိုတဲ့ ဒီနေ့ မြန်မာ ပန်းချီသမားတိုင်း အလေးထား ဖတ်ရှု လေ့လာ နေရတဲ့ စာအုပ်ကို ပြုစုခဲ့သူ တယောက် ဆိုတာ ပန်းချီ လေ့လာသူတိုင်း သိပြီးသားပါ။

ဝလုံးလေး ၈ လုံး ရန်ထားတဲ့ ဝလုံးကြီး တလုံးကို သူ့လက်မှတ်တိုင်းမှာ မြင်ရပြီး ပန်းချီကို အသံထွက် အတိုင်း ဗဂျီလို့ ရေးတဲ့သူ တယောက် ဆိုတာကတော့ ပန်းချီကို မရင်းနှီးတဲ့ စာဖတ် သူတွေပါ သိပါတယ်။

သူက ကဗျာသရုပ်ဖော်ပုံတွေကို စိုက်လိုက်မတ်တတ် ရေးသူခဲ့သူ ဖြစ်ပြီး “ကဗျာဆိုတာ ပန်းချီ၊ ပန်းချီဆိုတာ ကဗျာ” လို့ ပြောခဲ့တဲ့သူပါ။ ပြင်သစ်ပန်းချီဆရာ ပေါလ် ဂေါ်ဂင်အကြောင်း ရေးထားတဲ့စာအုပ်ကို ဆရာကြီး မြသန်းတင့်က “မှော်ရုံတောမှာ မောလှပြီ” ဆိုပြီး ဘာသာပြန်တော့ စာအုပ်အဆုံးသတ်မှာ “ပန်းချီဆိုတာ တိတ်ဆိတ်တဲ့ကဗျာ၊ ကဗျာဆိုတာ စကားပြောတဲ့ ရုပ်ပုံ” လို့ ရေးခဲ့တာကို ဖတ်ခဲ့ဖူးပါတယ်။ ဒါကိုပဲ သူပြောချင်တယ်လို့ ယူဆရပါတယ်။

“သူ့ကို ကဗျာ သရုပ်ဖော်ပုံ အပ်ရင် သူက ကဗျာကို တခေါက်ပဲဖတ်တယ်။ ပြီးတာနဲ့ ဆုတ်ဖြဲလိုက်ပြီး အဲဒီစာရွက်အပြဲ တပိုင်း တစလေးကိုပဲ ယူထားပြီး ပန်းချီဆွဲပေးလိုက်တာမျိုး လုပ်တတ်တယ်” လို့ သူနဲ့ နှစ်ရှည်လများ လက်တွဲပြီး သရုပ်ဖော်ပုံတွေ အပ်ခဲ့ဖူးတဲ့ ၁၉၈၀ ဝန်းကျင်ကာလက မြဝတီမဂ္ဂဇင်းရဲ့ အယ်ဒီတာတဦးဖြစ်သူ ဦးကောင်းညွန့်က ပြောပါတယ်။ ဦးကောင်းညွန့်ဟာ ပန်းချီအကြောင်းကို ထဲထဲဝင်ဝင်လေ့လာခဲ့ပြီး ပန်းချီဆောင်းပါးတွေ ရေးခဲ့သူလည်းဖြစ်ပါတယ်။

ဗဂျီအောင်စိုး ကွယ်လွန်ခဲ့တာ မြန်မာပန်းချီလောကမှာ အစားထိုးမရတဲ့ ဆုံးရှုံးမှုတရပ် ဆိုတာကတော့ ပန်းချီသမားတိုင်း နားလည်ပါတယ်။ သူ ကွယ်လွန်တဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ် အနေနဲ့ သူ့လက်ရာတွေ၊ သူ့ရဲ့ ရှားပါး ဓာတ်ပုံတွေကို စုဆောင်းပြီး စာတအုပ်အဖြစ် စီစဉ်လိုက်တဲ့အတွက် သူ့အကြောင်းသိချင်သူတွေ၊ မြန်မာ မော်ဒန်ပန်းချီ ခေတ်ဦးကို ပြန်လည် လေ့လာလိုသူတွေ၊ ပန်းချီပညာသင် ကျောင်းသားတွေအတွက် အဖိုးတန်လှပါတယ်။

bagyiAungsoe01ဒီစာအုပ်ကို ဗဂျီအောင်စိုး ကွယ်လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၉၉၁ ခုနှစ်ကတည်းက ပြုစုပြီး ထုတ်ဖို့ စီစဉ်ခဲ့ကြပေမယ့် အကြောင်းကြောင်းကြောင့် မထုတ်ဖြစ်ခဲ့ဘူး၊ ဒီစာအုပ်အတွက် စတင်စီစဉ်ခဲ့စဉ်က ပါဝင်ခဲ့သူတွေဖြစ်တဲ့ ဗဂျီအောင်စိုးရဲ့ သားကြီး ဦးမြင့်စိုးနဲ့ ကဗျာဆရာ မြေချစ်သူတို့လည်း အခုအချိန်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ဒါကြောင့် ကျန်ရစ်ခဲ့တဲ့ သားငယ် ဦးမောင်မောင်စိုးနဲ့ လက်ရင်းတပည့်၊ ညီရင်းအစ်ကိုများလို အတူနေထိုင်ခဲ့ကြသူတွေက ဆက်လက်စီစဉ်ပြီး စာအုပ်ကလေး ဖြစ်မြောက်ခဲ့ရတယ်လို့ စီစဉ်သူတဦးဖြစ်သူ ဦးဆန်နီညိမ်းက စာအုပ်အမှာမှာ ဆိုပါတယ်။

ဗဂျီ အောင်စိုးလို့ ပြောလိုက်ရင် ကမ္ဘာကျော် ဘင်္ဂါလီကဗျာဆရာကြီး ဒေါက်တာ ရာဗင်ဒြာ နတ်တဂိုး တည်ထောင်ခဲ့တဲ့ အိန္ဒိယပြည် ရှန်တိနိကေတန် အရပ်က ဗိဆွဘာရတီ ဆိုတဲ့ ကျောင်းတော်ကြီးကို ချန်ထားခဲ့လို့မရသလို ဗဂျီအောင်စိုးကို ရိုးရာ ရနံ့မကင်းတဲ့ မော်ဒန်ပန်းချီ တရပ် ပြတ်ပြတ်သားသား ရေးဆွဲစေဖို့ မျိုးစေ့ချ လမ်းဖွင့်ပေးခဲ့တဲ့ ရှန်တိနိကေတန်က ဆရာကြီး ဒေါက်တာ နန္ဒလာဘို့စ် ကိုလည်း ဖယ်ထုတ်လို့ မရနိုင်ပါဘူး။

ဗဂျီအောင်စိုးဟာ စာရေးကောင်းသူတဦးလည်း ဖြစ်တယ်ဆိုတာကို ဒီစာအုပ်မှာပါတဲ့ သူ့ဆောင်းပါးတွေအရ သိနိုင်ပါတယ်။ အိန္ဒိယဘာသာနဲ့ ငြိမ်းချမ်းတဲ့ အရပ်လို့ အဓိပ္ပာယ်ရတဲ့ ရှန်တိနိကေတန် ဆိုတဲ့ ကျောင်းတော်ကြီးအကြောင်းကို သူ တဖွဲ့တနွဲ့ ရေးထားပါတယ်။ ဆင်းရဲချမ်းသာ၊ ဇာတ်နိမ့် ဇာတ်မြင့်၊ ကိုးကွယ်ရာ ဘာသာ မခွဲခြားဘဲ အနုပညာ ဘာသာရပ်တွေကို လေ့လာ သင်ယူနိုင်တဲ့ အဲဒီကျောင်းတော်ကြီးမှာ ပန်းချီပညာကို သူ ဆည်းပူးခဲ့စဉ်က ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို ဗဂျီအောင်စိုးက ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို ရှန်တိနိကေတန် ပို့ပေးတဲ့ ဆရာကြီး နန္ဒလာဘို့စ်ရဲ့ မိတ်ဆွေ ဆရာကြီး ဇော်ဂျီနဲ့၊ ဆရာကြီး မင်းသုဝဏ် အစရှိတဲ့ ဆရာကြီးတွေကိုလည်း သူ့ဆောင်းပါး တွေထဲမှာ အကြိမ်ကြိမ် ကန်တော့ထားတာ တွေ့နိုင်ပါတယ်။

အိန္ဒိယမှာ ရိုးရာပန်းချီကို သွားသင်ခဲ့ပြီးမှ ဘာကြောင့် သူ မော်ဒန်ပန်းချီကို ရေးသလဲ ဆိုတာကို သူ့ဆောင်းပါးတွေအရ လေ့လာ သိရှိနိုင်ပါတယ်။ သူရေးတဲ့ “ရှန်တိနိကေတန်မှ ပန်းချီပညာသင်ဘဝ” ဆိုတဲ့ ဆောင်းပါးမှာ အရှေ့တိုင်း ပန်းချီရဲ့ အနှစ်သာရ၊ အာရှနည်းဖြစ်တဲ့ နာမ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု တွေကို စိတ်ဝင်စားဖွယ် တွေ့ရတယ်။ အရှေ့တိုင်း ပန်းချီနည်းက ပန်းတပွင့်ကို ရေးချင်ရင် အဲဒီပန်းကို မှိုချိုးမျှစ်ချိုး မခူးရဘူး၊ သူ့အလှကို မဖျက်ဆီးရဘူး။ ပန်းကလေးကို ခူးလိုက်တာနဲ့ ဒီပန်းကလေးကို သတ်လိုက်တာနဲ့ အတူတူပဲ ဆိုတဲ့ သက်ရှိကို အလေးထားတဲ့ ပန်းချီသဘောကို ဗဂျီအောင်စိုးရဲ့ ဆောင်းပါးမှာ ရေးထားပါတယ်။

“စံပယ်ဖြူပွင့်ကလေးကို ရေးဆွဲချင်လျင် စံပယ်ပင်အောက်ကို သွားထိုင်၍ အပင်က စံပယ်ဖြူလေးကို အသက်ပါအောင် ဈာန်ဝင်စားပြီး ချစ်လာအောင် မြတ်နိုးလာအောင် ၁၅ မိနစ်ခန့် သမာဓိယူကာ စေတနာပေါ်ရန် ကြည့်နေရသည်။ ကိုယ်ကိုယ်တိုင် စံပယ်ဖြူ ဖြစ်သွားအောင် အလေ့အကျင့် လုပ်ယူရသည်။ ဤသည်မှာ ဈာန်သဘောတခုပင်။ အပင်ကို သတ်မပစ်ရ၊ အလှတရားကို မဖျက်ဆီးရ။ သည်အထိ စေတနာ ဝင်စားရပါသည်” လို့ ရှန်တိနိကေတန်ရဲ့ ပန်းချီ ပညာသင် ဘဝ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ရှန်တိနိကေတန်မှာ တက်စဉ်က ဗဂျီအောင်စိုးရဲ့ အသက်ဟာ ၂၇ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ သူ နာမည်မခံဘဲ ပန်းချီဆရာတဦးရဲ့ ဖွင့်ဟဝန်ခံချက် ဆိုပြီး ရေးထားတဲ့ “ရှက်လိုက်တာဗျာ” ဆိုတဲ့ဆောင်းပါးလည်း ဒီစာအုပ်မှာ ပါဝင်ပါတယ်။ ရိုးရာပန်းချီဆိုတာကို ဘာမှန်းမသိဘဲ မော်ဒန်ပန်းချီလို့ အော်နေသူတွေအတွက် သင်္ခန်းစာယူစရာ ဆောင်းပါး တပုဒ်လို့ ယူဆရပါတယ်။ တကယ်တော့ ဗဂျီအောင်စိုးက ရှက်မယ့်သာ ရှက်တာပါ။ ရိုးရာ ဆိုတာကို သေသေချာချာ ပိုင်နိုင် ကျွမ်းကျင်မှ မော်ဒန်ကို ရေးတဲ့သူပါ။

ရေးချင်ရာကိုရေးပြီး မော်ဒန်လို့နာမည်တပ် … ခင်ဗျားရေးတာ ဘာလဲလို့ မေးလာရင် ခပ်မာမာလေသံနဲ့ “သွားဗျာ၊ ကျုပ်ရှင်းမပြနိုင်ဘူး။ ခင်ဗျားတို့ ဘာသာကြည့်ပြီး တွေးပေါ့” လို့ ပြန်ပြောခဲ့တဲ့ ဗဂျီအောင်စိုးရဲ့ မော်ဒန်ခေတ်ဦး ကာလကို သူ့ဘာသာ ပြန်ရေးပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ သူပြောပုံအရ … ဘယ်လောက်ပဲ မော်ဒန်ဖြစ်ဖြစ် တပါးသူက ဘာပုံလဲလို့ မေးလာရင် အဖြေရှိရမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အစွဲနဲ့ အတ္တ၊ မာနတွေကို ရှန်တိနိကေတန်က ဆရာကြီးကပဲ ချွတ်ပေးခဲ့ပါတယ်။

ရှန်တိနိကေတန်ရဲ့ နည်းကတော့ ဆွဲယူလာတဲ့ စကက်ခ်ျ ပုံကြမ်းတွေကို မေ့ပစ်လိုက်ပြီး စိတ်ထဲ အလွတ်မှတ်မိတာကို ပြန်ရေးရတာပါ။ အဲဒါကပဲ ဗဂျီအောင်စိုးဆီမှာ မော်ဒန် သန္ဓေတည်စေတယ်လို့ ယူဆရပါတယ်။ အနောက်တိုင်း ပန်းချီက တခုခုကို တူအောင်ကူးရေးတာ၊ အရှေ့တိုင်းပန်းချီက အတွင်း အဇ္ဈတ္တ စိတ်ကိုရေးတာ။

bagyiAungsoe02“ပညာရွှေအိုး လူမခိုးဆိုတာပဲပေါ့ဗျာ။ စာအုပ်ထဲမှာရှိတာကို လူတိုင်းပဲ ကူးဆွဲရင်ဖြစ်ပါတယ်တဲ့၊ ဦးနှောက်ထဲမှာ ကိုယ်ပိုင်ရှိတာ ကျတော့ လူခိုးလို့လည်း မရနိုင်ဘူး။ ဒါကြောင့် အရှေ့တိုင်း ပန်းချီမှာ ပညာရွှေအိုး လူမခိုးလို့ ဆိုတာပါပဲလို့လည်း ရှင်းလင်း သင်ကြားပေးပြီး ကျနော့်ရဲ့ ပုံကြမ်းစကက်ခ်ျတွေကို စုရုံးသိမ်းယူသွားပါတယ်။ ကိုယ့်ဦးနှောက်နဲ့ နှလုံးသားထဲမှာ ရှိတာရေး။ ကူးချဖို့မလိုဘူး လို့ပြောပြီး ဆရာလည်း ကျနော့်အခန်းထဲက ထွက်သွားပါတော့တယ်” လို့ ဗဂျီအောင်စိုးက ရှန်တိနိကေတန်က အဖြစ်အပျက်တခုကို သူ့ရဲ့ ရှက်လိုက်တာဗျာ ဆောင်းပါးမှာ ရေးသားထားပါတယ်။

ဗဂျီအောင်စိုးက ကဗျာအပေါ်မှာ တော်တော်လေးကို ခံစားညွတ်နူးသူလို့ သိသာပါတယ်။ သူက သူ့သူငယ်ချင်းဖြစ်သူ ကဗျာဆရာကြီး ဒဂုန်တာရာကိုလည်း တော်တော် လေးစားပါတယ်။

“ကဗျာကြောင့် ပန်းချီသည် တန်ဖိုးမြင့်မားလာသည်နှင့်အမျှ ပန်းချီကြောင့်လည်း ကဗျာသည် တန်ဖိုးမြင့်မား ကြီးထွား လာရပေသည်။ ထို့ကြောင့် ကဗျာကောင်းတပုဒ်ကို သရုပ်ဖော်ပန်းချီ ရေးဆွဲပေးရလေတိုင်း ကြီးသည်ငယ်သည် မဟူ ကဗျာရှင် စာဆိုအား လေးစား ဦးညွှတ်မိပါသတည်း” လို့ သူ့ရဲ့ “ကဗျာသည်ပန်းချီ၊ ပန်းချီသည်ပင် ကဗျာ” ဆိုတဲ့ ဆောင်းပါးမှာ ရေးထားတာ တွေ့ရပါတယ်။

ဦးကောင်းညွန့်က “ဗဂျီအောင်စိုးက သူကိုယ်တိုင် ခံစားရေးဆွဲသလို သူများတွေရဲ့ ခံစားချက်ကို စိတ်ထဲမှာ ကူးယူ ရေးဆွဲရတာလည်း ကြိုက်တယ်လို့ ပြောဖူးတယ်။ ဒါကြောင့် ကဗျာ သရုပ်ဖော်ပုံတွေကို သူ စိုက်လိုက်မတ်တတ် ရေးတာ” လို့ ပြောပြတယ်။

အဲဒီအတွက် “ကဗျာသရုပ်ဖော်ပန်းချီ” ဆိုတဲ့နာမည်နဲ့ သီးသန့်ဆောင်းပါးတပုဒ်လည်း ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးထဲမှာတော့ ဆရာကြီး ဒဂုန်တာရာကို သူ ဘယ်လိုလေးစား ချစ်ခင်တယ် ဆိုတာ ဖော်ပြထားပါတယ်။

“ကဗျာဆရာတွေကလည်း ထိတ်ထိတ်ကြဲ အတွေးအခေါ် ရင့်သန်တဲ့သူများသာ ဖြစ်ကြပါတယ်။ အဲဒီတော့ ကျနော့်လို ခပ်ညံ့ညံ့က အတော်တိုးနေရပါတယ်။ နေရာလေး တနေရာ ရပ်တည်နိုင်ဖို့ဟာ ခေတ်ရေစီးကြောင်းထဲ မနည်းကြီး ကြိုးစားနေရခြင်းပဲ ဖြစ်ပါတယ်။ ကျနော် လူဟောင်းဖြစ်ပေမယ့် အောင်စိုးရေးရင် အမြဲသစ်နေရမယ်။ အသစ်ပဲ ရေးတယ်။ အဟောင်းမဟုတ်စေရဘူး ဆိုတဲ့ ပေါ်လစီကို အမြဲ ဆုပ်ကိုင်ထားတယ်” လို့ သူ့ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။

ကဗျာသရုပ်ဖော်ပန်းချီဆိုတဲ့ ဆောင်းပါးနဲ့အတူ ဗဂျီအောင်စိုး ရေးဆွဲခဲ့တဲ့ ရှုမဝ၊ ငွေတာရီ၊ မြဝတီ၊ သွေးသောက် အစရှိတဲ့ မဂ္ဂဇင်းတွေထဲက ကဗျာ သရုပ်ဖော်ပုံတွေ စာအုပ်အဖုံးပုံတွေကိုလည်း ဒီ အမှတ်တရ စာအုပ်ထဲမှာ အများကြီး လေ့လာ နိုင်ပါတယ်။ အများစုက မော်ဒန်ပန်းချီတွေဖြစ်ပေမယ့် ရှင်းလင်းတဲ့ သရုပ်ဖော်ပုံ တွေကိုလည်း ရှားရှားပါးပါး တွေ့ရပါတယ်။ သူ့ရဲ့ “စာမဲ့ကဗျာ” ဆိုတဲ့ စာအုပ်ကတော့ ဒီနေ့ အင်စတော်လေးရှင်းတွေ ပါဖောမန့်စ်တွေ လှိုင်လှိုင်ပေါနေတဲ့ ခေတ်အထိ ရှင်သန်ဆဲ၊ ခေတ်မီဆဲ စာတအုပ်လို့ ဆိုနိုင်ပါတယ်။

သူ့ သရုပ်ဖော်ပုံတွေ၊ ပန်းချီကားတွေမှာ လက်မှတ်ကို အမျိုးမျိုး ထိုးထားတာ တွေ့နိုင်ပါတယ်။ အောင်စိုး၊ ဗဂျီအောင်စိုး၊ အောင်ဗဂျီကိုး၊ ဦးအောင်စိုး … အစရှိသဖြင့်ပါ။

သူ ရှန်တိနိကေတန်က ပြန်အလာမှာ မြန်မာတပြည်လုံးအနှံ့ ခရီးထွက်ပြီး မြန်မာ့ရိုးရာ ပန်းချီပညာတွေကို လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။

“သူ လေ့လာထားတာတွေ အများကြီးပဲ။ သေသေချာချာကို research လုပ်ပြီးမှ ပန်းချီအကြောင်းကို ပြောတာ။ သေတဲ့အထိကို သူ့ရဲ့ research တွေကို ဖြန့်ဝေပေးခဲ့တယ်” လို့ ဦးကောင်းညွန့်က ရှင်းပြပါတယ်။

ဗဂျီအောင်စိုးက ပန်းချီကား တကားပဲဖြစ်ဖြစ်၊ သရုပ်ဖော်ပုံပဲဖြစ်ဖြစ် သူ့အနားမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ ရေးလေ့ရှိပါတယ်။ သူ့အနားမှာ ကင်းဗတ်စ်နဲ့ ဆေးရှိရင်လည်း အဲဒါတွေနဲ့ ရေးသလို ဆော့ဖ်ပင်လောက်ပဲ ရှိရင်လည်း ရေးပါတယ်။ ပန်းချီ ကားကြီးတကား ဆွဲလာပြီး ကဗျာသရုပ်ဖော်ပုံ ဆိုပြီး လာပေးတာမျိုးလည်း ရှိခဲ့တယ်လို့ ဦးကောင်းညွန့်က ဆိုပါတယ်။

ဗဂျီအောင်စိုးရဲ့ သရုပ်ဖော်ပုံတွေကို ကြည့်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ မနော မဟိဒ္ဓိ ဓာတ် ပန်းချီအကြောင်းကို လေ့လာ နိုင်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ သူ့ရဲ့ ဆေးစက်ကျရာဆိုတဲ့ ဆောင်းပါးမှာ တွေ့နိုင်ပါတယ်။ မြန်မာမှာ မနော မဟိဒ္ဓိ ဓာတ်ပန်းချီကို ဆရာကြီး ဦးငွေကိုင်က ရေးဆွဲခဲ့တယ်၊ သူ့ဆီကနေ ဗဂျီအောင်စိုးက လေ့လာချင်တယ်ဆိုပြီး အရက်ဖြတ်၊ လေ့လာသင်ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒီစာအုပ်မှာ သူ့ရဲ့ မနောမဟိဒ္ဓိ ဓာတ်ပန်းချီနဲ့ ရေးဆွဲထားတဲ့ စကက်ခ်ျတွေ အများအပြား တွေ့ရသလို၊ အဲဒါနဲ့ ပတ်သက်တဲ့ သူ့ဆောင်းပါးတွေမှာလည်း ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

“စိတ်ပညာအရဆိုရင် အကြားအမြင်ရနိုင်တာဟာ အခုလို တရားသဘော တွေ့သွားတဲ့သူရယ်၊ အရူးရယ်ပဲ ရှိပါတယ်။ အရူး (အရက်သောက်လွန်တဲ့သူ ဖြစ်စေ၊ မူးယစ်ဆေးဝါး သုံးစွဲမိလို့ ဖြစ်စေ) ခေတ္တ ရူးသွားတဲ့ သူတွေမှပဲ အဲဒီအကြားအမြင်တွေ ဖြစ်တတ်ပါတယ်။ နည်းနည်းတော့ အန္တရာယ်ကြီးပါတယ်” လို့ သူ ရေးခဲ့ပါတယ်။

သူ့ရဲ့ မနောမဟိဒ္ဓိ ဓာတ်ပန်းချီက အနောက်တိုင်းရဲ့ စိတ်အလျဉ်နဲ့ ရေးဆွဲနည်း ဆိုတာနဲ့ ခပ်ဆင်ဆင်လို့ ယူဆရမယ် ထင်ပါတယ်။ သူက အလိုလို လက်က ရေးဆွဲသွားတယ်လို့ ဆိုထားပါတယ်။ တခု ကွာတာက သူ့ရဲ့ မနောမဟိဒ္ဓိ ဓာတ်ပန်းချီ သဘောမှာ စင်ကြယ်ရခြင်းတွေ၊ ကျင့်စဉ်တွေ၊ အကျင့်တွေ ပါနေပါတယ်။ သူကတော့ မသိသူ ကျော်သွား သိသူ ဖော်စားလို့ ဆိုပါတယ်။

နိုင်ငံခြားသူ တဦးဖြစ်တဲ့ Yin Ker က ရေးသားပြီး မသိင်္ဂီက ဘာသာပြန်ထားတဲ့ “ဗဂျီအောင်စိုးနှင့် မော်ဒန်ပန်းချီ” ဆိုတဲ့ စာတန်းတစောင်လည်း ဒီစာအုပ်မှာပါဝင်ပြီး ဗဂျီအောင်စိုးအကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

bagyiAungsoe03“လူသားသည် အနိမ့်ကျဆုံးမြက်ပင် သို့မဟုတ် ကျောက်ခဲတလုံးနှင့်ပင် ဆက်နွှယ်နေသည် ဟူသော ဒဿနကို ဗဂျီအောင်စိုး ကျင့်သုံးသည်ဟု မဆိုနိုင်သော်လည်း ရှန်တိနိကေတန်၏ သဘောထားများကိုတော့ သူ သဘောပေါက်ပုံရသည်။ ထို သဘောထားမှာ အနုညာကို ထဲထဲဝင်ဝင် ယုံကြည်နှစ်သက်ပြီးမှသာ လက်ရာအဖြစ် ထုတ်လုပ်နိုင်သည် ဟူသော သဘော ဖြစ်သည်” လို့ ဒီစာတန်းမှာ ဗဂျီအောင်စိုးအကြောင်း အနှစ်ချုပ်အဖြစ် ရေးသားထားတာ တွေ့ရပါတယ်။

ကဗျာဆရာ မြေချစ်သူရဲ့ “ကျန်းမာတဲ့ အက်ဆစ်” ဆိုတဲ့ ဆောင်းပါးမှာတော့ သူ့ရဲ့ ပန်းချီသဘောတရားတွေထက် ဗဂျီအောင်စိုးနဲ့ သူ့ မိတ်ဆွေ၊ တပည့်၊ ညီသားတွေကြားက ချစ်ခင်မှု၊ သူ့ဘဝရဲ့ ကောက်ကြောင်းတွေကို တစွန်းတစ မြင်နိုင်ပါတယ်။ အထူးသဖြင့်တော့ ကဗျာဆရာတယောက်နဲ့ ကဗျာ သရုပ်ဖော်ပုံတွေရေးတဲ့ ပန်းချီဆရာကြီး ကြားက သံယောဇဉ်ကို ပြောချင်တာလို့ ခံစားရပါတယ်။

ပန်းချီဆရာကြီး ခင်မောင်ရင်ရေးတဲ့ “ဗဂျီအောင်စိုး”၊ မောင်ရန်ဝေး ရေးတဲ့ “အောင်စိုး၊ ဗဂျီအောင်စိုး၊ ဂျော်နီအောင်စိုး” ဆိုတဲ့ ဆောင်းပါးတွေလည်း ဖော်ပြထားပါတယ်။ နောက်ပြီး ဗဂျီအောင်စိုးရဲ့ ဘဝပုံရိပ်တွေကို ထင်ဟပ်နိုင်တဲ့ ရှားပါး ဓာတ်ပုံ တွေကိုလည်း ဒီစာအုပ်မှာ တွေ့ရပါတယ်။ ဒီစာအုပ် ဖြန့်ချိခြင်းနဲ့အတူ ဗဂျီအောင်စိုး ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြပွဲကိုလည်း ရန်ကုန်မြို့ ပန်းဆိုးတန်း လောကနတ် ပန်းချီပြခန်းမှာ ကျင်းပခဲ့ပါတယ်။ စာအုပ် ရောင်းဈေးက ၅၀၀၀ ကျပ်ပါ။ မျက်နှာဖုံးဒီဇိုင်းကိုတော့ သူ့ရဲ့ အငယ်ဆုံးတပည့်တယောက်လို့ ဆိုနိုင်တဲ့ ဗဂျီလင်းဝဏ္ဏက လုပ်ပေး ထားပါတယ်။

ဗဂျီအောင်စိုး မကွယ်လွန်ခင်မှာ မြင့်လွင်ခိုင် (ဝိဇ္ဇာ/ သိပ္ပံ) က ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းအတွက် အင်တာဗျူးလုပ်ခဲ့ပါတယ်။ ဒီ စာအုပ်မှာ ဖော်ပြထားတဲ့ အဲဒီအင်တာဗျူးမှာ သူရဲ့ ရိုးရာပန်းချီ၊ မော်ဒန်ပန်းချီတွေအပေါ် ခံယူချက်၊ မိသားစုဘဝ၊ သူ့ရဲ့ ရှင်သန်ခြင်းနဲ့ သူ့ရဲ့ ပါရမီဖြည့်ဘက် ဇနီးသည် အပါအဝင် သူနဲ့ ပတ်သက် သူတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင် ပြောပြ ထားပါတယ်။ သူ့ရဲ့ ပန်းချီဆရာဘဝ မဟုတ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဘဝအကြောင်းအပြင် မိသားစုဝမ်းရေးအတွက် အကြော်တဲဖွင့်ပြီး ရှာဖွေလုပ်က်ကိုင် ကျွေးမွေးနေတဲ့ ဇနီးဖြစ်သူ ဒေါ်သန်းကြည် (ခေါ်) ဒေါ်အမာကို အင်တာဗျူးထားတာပါ တွေ့ရပါတယ်။

အဲဒီအင်တာဗျူးမှာပဲ သူက သူ့ပန်းချီကားတွေတိုင်းမှာ ထိုးလေ့ရှိတဲ့ လက်မှတ်ရှေ့က ဝလုံးလေး ၉ လုံးအကြောင်းကို ရှင်းပြထားပါတယ်။ ဝလုံးဆိုတာ တကယ်တော့ သုညပါပဲ၊ မရှိခြင်း သဘောပဲ၊ ပြီးတော့ သူဆွဲထားတဲ့ ဝလုံးလေးတွေပုံက ကလေးငယ်လေးတွေရဲ့ ပါးမှာ ကွက်ထားတဲ့ သနပ်ခါး ပါးကွက်ကလေးလိုပါပဲတဲ့။ ဖြူစင်ခြင်းသဘောကို ယူချင်လည်း ယူဆလို့ရပါတယ်။

ဗဂျီအောင်စိုးက သူ့ရဲ့ ဆရာတဦးဖြစ်တဲ့ ပန်းချီဆရာကြီး ဦးလှဘော် အမြဲပြောလေ့ရှိတဲ့ စကားတခွန်းကို အလေးအနက် ထားပြီး လိုက်နာ ကျင့်သုံးခဲ့သူဖြစ်ပါတယ်။ အဲဒီစကားကတော့ “သစ္စာသည်သာ အလှတရား” လို့ ဆိုပါတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်