နှင်းဆီပွင့်ပေါ် အိပ်ပျော်နိုင်စွမ်း မရှိသေးပါ

ကျနော်သည် ဆရာကြီးတင်မိုး၏ ကဗျာများထဲက ကဗျာရှည်တပုဒ်ကို အထူးတလည် စွဲလမ်း နှစ်သက်နေခဲ့ဖူးပါသည်။ ယင်းကဗျာ ရှည်ကို လုံးချင်းကဗျာ စာအုပ်အဖြစ် ထွက်ရှိနိုင်လျှင် မည်မျှကောင်းမည် နည်းဟု တွေးခဲ့ဖူး၏။ ကျနော့်စိတ်ထဲ ယင်းကဗျာရှည်ကို လုံးချင်း စာအုပ်အဖြစ် ဖတ်ရှုလိုက်ချင်သည့်ဆန္ဒ ပြင်းပြခဲ့၏။

sleeping_on_rose၁၉၉၇ ခုနှစ်ထဲတွင် ကံအားလျော်စွာ ဆရာတင်မိုး၏ ကဗျာပေါင်းချုပ် စာအုပ်တအုပ်ကို စီစဉ်ထုတ်ဝေခွင့် ကျနော် ရခဲ့သည်။ ဆရာ တင်မိုး ကဗျာပေါင်းချုပ်(၁၉၉၉)ကို စီစဉ်ဆောင်ရွက်ပေးရန် ညှိနှိုင်းစဉ်အချိန်က ကျနော်က နှစ်ပေါင်းများစွာ ကျနော် နှစ်သက်စွဲလမ်း နေခဲ့သည့် ယင်းကဗျာရှည်ကိုပင် လုံးချင်းထုတ်ရလျှင် မကောင်းဘူးလားဟု ထုတ်ဝေသူကို တိုက်တွန်းခဲ့၏။ ထုတ်ဝေသူက လက်မခံသည့်အတွက် ကျနော့်ဆန္ဒမှာ မပြည့်နိုင်ခဲ့ပါ။ ထို့ကြောင့် “တင်မိုး ကဗျာပေါင်းချုပ်(၁၉၉၉)”အဖြစ်နှင့်သာ ကျနော့်မှာ စီစဉ် ဆောင်ရွက် ပေးခဲ့ရ၏။

တချိန်ကမူ ဆရာတင်မိုးကို အဓိက ဂုဏ်ပြုထုတ်ဝေမည့် မဂ္ဂဇင်းတစောင်၏ တာဝန်ရှိသူများက ကျနော့်ကို ဆရာတင်မိုး၏ ကဗျာ များထဲက သင့်လျော်မည့် ကဗျာများကို ရွေးပေးရန် အကူအညီတောင်းသည်ကို ကြုံရပြန်သည်။ ထိုစဉ်က ကျနော်က ဆရာတင်မိုး ၏ အခြားကဗျာများထက် နှစ်ပေါင်းများစွာကတည်းက ကျနော် နှစ်သက်နေခဲ့သည့် ကဗျာကိုပဲ ဦးစားပေးရွေးချယ်ပေးလိုက်သည်။ မဂ္ဂဇင်းထွက်လာသောအခါ ကျနော်အကြံပေးလိုက်သည့် ကဗျာကိုမူ ဖော်ပြထားခြင်းမရှိပါ။ ထို့ကြောင့် ကျနော့်မှာ စိတ်ထိခိုက်ခဲ့ရ ၏။

သို့သော် ကျနော် နှစ်သက်စွဲလမ်းနေခဲ့သည့် ကဗျာမှာ ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်ကို ကျနော် သိပါသည်။ ယင်း ကဗျာတပုဒ်တည်း လုံးချင်း ထုတ်ဝေခြင်းတော့ မဟုတ်ပါ။ ကျနော် နှစ်သက်စွဲလမ်းနေသည့် ကဗျာနှင့်အတူ ဆရာ၏ အခြားကဗျာများ ပူးတွဲထုတ်ဝေ သည့် ကဗျာပေါင်းချုပ်စာအုပ် ဖြစ်သည်။ ကျနော့်ဆန္ဒက ကျနော် နှစ်သက်စွဲလမ်းနေသည့်ကဗျာကို အခြားကဗျာများနှင့်တွဲ၍ မဖတ် ချင်ပါ။ ထိုကဗျာတပုဒ်တည်း သီသန့်လုံးချင်းထုတ်ဝေသည့် စာအုပ်တအုပ်အနေနှင့်သာ ဖတ်ချင်သည့်ဆန္ဒ ပြင်းပြခဲ့ခြင်းဖြစ် သည်။ စိတ်ထဲတွင် အနည်းငယ်ဖြေလို့ရသည့်သဘောတော့ ရှိပါသည်။ ကျနော် စွဲလမ်းလွန်းနေသည့်ကဗျာ ပါရှိသည့် ကဗျာစာအုပ် ၏ အမည်ကိုမူ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း”ဟု ပေးခဲ့သည့်အတွက် ကျနော့်မှာ အနည်းငယ်စိတ်ဖြေ၍ ရနိုင်ခဲ့ပါသည်။ ကျနော် နှစ်သက်စွဲလမ်းနေခဲ့ရသည့်ကဗျာမှာ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာပဲ ဖြစ်သည်။

“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်မှာ ဆရာကြီးတင်မိုး၏ စုပေါင်းကဗျာစာအုပ်ဖြစ်သည်။ ကဗျာပုဒ်ရေ (၆၈)ပုဒ် ပါရှိသည်။ ဆရာတင်မိုးက အမှာစာကို သူကိုယ်တိုင်ပင် ရေးသည်။ ယင်း အမှာစာကို စကားပြေနှင့်မရေးဘဲ ကဗျာတပုဒ်ဖွဲ့ပြီး ရေး သည်ကို ထူးခြားဆန်းသစ်စွာ တွေ့ရသည်။

မြန်မာစာပေနယ်တွင် အမှာစာ သို့ မဟုတ် အယ်ဒီတာ့အာဘော် ကို စကားပြေနှင့်မရေးဘဲ ကဗျာဖြင့်ဖော်ပြရေးသားသည်မှာ တွေ့ရခဲလှသည်။ ကျနော်ငယ်စဉ် အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာ ကိုအောင်ဆန်းက အယ်ဒီတာ့အာဘော်ကို ကဗျာတပုဒ်နှင့် ဖော်ပြခဲ့ ဖူးသည် ဆိုသည့်စကားကြောင့် ကျနော့်မှာ အိုးဝေမဂ္ဂဇင်းဟောင်းများကို အပြေးအလွှားလိုက်လံရှာဖွေဖတ်ရှုခဲ့ရဖူး၏။ ယခုလည်း ဆရာတင်မိုးက သူ၏ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်တွင် အမှာစာကို စကားပြေနှင့်မရေးဘဲ ကဗျာတပုဒ်ဖြင့် ဖော်ပြ သည့်အတွက် ကျနော့်မှာ စာအုပ်ကို လှန်လိုက်ကတည်းက စိတ်လှုပ်ရှား ရင်ခုန်ခဲ့ရ၏။

* * * * *

ညရိပ်ခို၍
နုပျို ဆန်းတင့်၊ နှင်းဆီ ပွင့်မည်။

နှင်းနှင့် ဆွတ်လိမ်း၊ ည ပိန်းပိန်းမှာ
အစိမ်း ရောင်ကြား၊ ဖွံ့ထွားထွားနှင့်
ကားကား စွင့်စွင့်၊ ပွင့်လိမ့် နှင်းဆီ
ရဲရဲနီ။

ဒါကတော့ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်ရဲ့ အဖွင့်ကဗျာဖြစ်တဲ့ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာထဲက တပိုဒ်ဖြစ် သည်။ ဆရာက နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ဆိုတဲ့အမည်ကို ဘယ်လိုအဓိပ္ပာယ်နှင့် ရေးခဲ့ပါလိမ့်ဟု မကြာခဏဆိုသလို ကျနော် တွေး ခဲ့ဖူးသည်။ ထိုအတွေးကို ဆရာလည်း အဖြေပေးခဲ့ဖူး၏။ “ရဲရင့်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ အမှောင်ကိုအံတုခြင်း၊ အောင်မြင် ကျော်လွှားခြင်း တို့အပေါ် နှစ်ခြိုက်စွာ ပျော်ဝင်အိပ်စက်ခြင်း အစရှိသည့် အဓိပ္ပာယ်နှင့် ရေးခဲ့ခြင်းဖြစ်ပါသည်။ ထို့ထက်လည်း တခြားအဓိပ္ပာယ်တွေ ရှိပါသေးသည်။ ကိုယ့်အတွေး လက်တံရှည်ရင် ရှည်သလောက် ဆက်တွေးကြပါကုန်” ဟူ၍ ရှင်းပြခဲ့ဖူး၏။ ကျနော့်မှာ ကဗျာပိုဒ်များကို ဖတ်လိုက် တွေးလိုက်..။

ညယံ ၌ ပင်၊ ပန်ဆင် လိုက
ပန်နိုင်ကြ၏
ဘဝနှင်းဆီ ရဲရဲနီ။

နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်ထုတ်ဝေသည့် နှစ်များဆီ ကျနော် ပြန်လျှောက်သွားခဲ့သည်။ ထိုစဉ်က နှင်းဆီနီ၊ ရဲရဲနီ၊ ဘဝနှင်းဆီ၊ ညပိန်းပိန်း၊ ညရိပ်ခို၍ ဟူသော စကားလုံးများမှာ ကျနော်တို့၏ရင်ကို တိုက်ရိုက် ထိခိုက်ရှတနိုင်ခဲ့သည့် စကားလုံးများ ဖြစ်ခဲ့ကြ၏။ကျနော်တို့ ကောင်းကောင်း ဖမ်းချုပ်ဆုပ်ကိုင် ခံစားနိုင်ခဲ့သည်။

အမှောင်ကြားတွင်
ဝိုးဝါး ပျံကူး၊ ပိုးစုန်းကြူးတို့
စူးစူး စမ်းစမ်း၊ မအိပ်တမ်းလျှင်
လမ်းသစ် ရှာကြ၊ တီထွင်ကြ။

၁၉၇၀ ခုနှစ် ဝန်းကျင်။ တပါတီ အာဏာရှင်စနစ်ကို သွေးသံတရဲရဲ အံတုဖက်ပြိုင်ကြသည့် နိုင်ငံရေးနယ်ပယ်မှ သူရဲကောင်းများ၏ သတင်းစကားများမှာ လက်ဖက်ရည်ဆိုင်များ၊ စာသင်ခန်းများ၊ လမ်းဘေးပလက်ဖောင်းများ၊ စက်ရုံများဆီ ဝေ့ဝဲ ရောက်လာ နေခဲ့ ၏။ ကျနော်တို့က ထိုသူရဲကောင်းတို့၏ ပုံပြင်များကို တရှိုက်မက်မက် နားစွင့်နေခဲ့ကြ။ သူရဲကောင်းတို့သည်ကား အမှောင်ထု အောက် မှ ပိုးစုန်းကြူးငယ်များပမာ လမ်းသစ်ရှာ ထွင်းဖောက်ကြရင်း ကျဆုံးခဲ့ကြရ၏။ ပြည်သူ့ သူရဲကောင်းတို့သည်ကား နှင်းဆီ ပွင့်ပေါ် နှစ်ခြိုက်စွာ အိပ်စက်သွားနိုင်ခဲ့ကြသည့်သဘော။ ဥပမာ ကမ္ဘာကျော် ကိုးကိုးကျွန်း အစာငတ်ခံ တိုက်ပွဲသတင်းများ။

အိုဘဲ့ဘယ်…အိုဘဲ့ မနှင်းဆီ
သင်သည် ဘယ်မှာနည်း။

အပြိုင်း အရိုင်း၊ နှင်းဆီ ကိုင်းတို့
ဝိုင်းဝိုင်း လည်မျှ၊ ဆူးချွန် ထလျက်
မြနှင်းဆီတွေ၊ သည်မှာလေ ဟု
သောင်ခြေ တလွှား၊ ကျောင်းနား တချို့
မြို့ပေါ် ရွာပေါ်၊ တောင်ပေါ် မကျန်
ဖူးတံ စီစီ၊ ဦးခေါင်း ချီလျက်
နီလျက် ရဲလျက်၊ တခဲနက် ပင်
လက်နှင့် ခြွေလည်း၊ ခြွေ၍ မနိုင်
လှိုင်၍ မဆုံး၊ ဤ တောင်ကုန်းမှာ
အားလုံး နှင်းဆီ နှင်းဆီတကား။

ဤကဗျာပိုဒ်များမှာ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်၏ အဖွင့်ကဗျာဖြစ်သည့် “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း”ကဗျာတွင် ပါရှိသည့် ကျနော် ချစ်သော ကဗျာပိုဒ်တချို့ ဖြစ်ပါသည်။ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာရှည်တွင် အပိုဒ်ခွဲ(၁၅)ပိုဒ် ၊ ပါဒ အရေ အတွက်အားဖြင့်(၃၅၁) ခု ပါရှိသည်ကို တခုတ်တရ မှတ်သားလိုက်မိ၏။

* * * * *

“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်တွင် တခြား နာမည်ကြီးကဗျာများလည်း ပါရှိ၏။ ဟိုတချိန်က ဆရာတင်မိုး တက် ရောက် ဟောပြောသည့် စာဆိုတော်နေ့ အခမ်းအနားတိုင်းလိုလို ပွဲတောင်းခံရတတ်သည့်ကဗျာဖြစ်သော “ဂျော်နီတို့ခေတ်” တခန်း ရပ် ကဗျာပြဇာတ်တို ကိုလည်း ဤ စာအုပ်တွင် တွေ့ ရ၏။ ပြည်သူလူထုအကျိုးကို ဘေးချိတ်ပြီး မိမိကြီးပွား ချမ်းသာရေးကိုသာ ဦးစားပေးနေကြသည့် ဆေးပညာ လောကသားတချို့ကို လှောင်ပြောင် ဖွင့်ချထားသည့် ကဗျာဖြစ်၏။ သည်ကဗျာထဲမှ ကဗျာတပိုဒ်ကိုလည်း မြည်းစမ်းကြည့်စေချင်ပါသည်။(စာ-၁၄၀)

ဂျော်နီ။    ။ ဂျော်နီတို့တော့
အိုဟို့ ပျော်ပျော်၊ ခပ်မော်မော်ပဲ
တော်လှန်ရေးတွေ
နိုင်ငံရေးတွေ
စာရေး ပေရေး၊ ဟို အရေးတွေ
တွေးနေတယ်ဆို၊ ပိုနေတာပဲ
ဒါတွေ တော်ကွယ်၊ ငကြောင် ရယ်…။

လောကကြီးမှာ
ဖြစ်ချင်ရာ ဖြစ်
(ဖြစ်…ဘရစ်)
အချစ်လဲပါ၊ စာမေးပွဲအောင်
နောင်လဲ ချမ်းသာ၊ ခု ချမ်းသာနှင့်
တိုက်တာကြီးကြီး၊ ကား ဝီးဝီးမို့
ပိုပြီး ပြေလည်၊ ပိုပြီး ကြည်တယ်
ဂျော်နီတို့ပွဲ၊ ဇိမ်ပါပဲကွဲ့
အောင်ပွဲ တို့ကို ကြိုနေတယ်။

ရေဒီယို သီချင်းသံ။     ။“ ဟေ့….ဟေ့ တို့ခေတ်ရောက်ပြီ၊ တို့ခေတ်ရောက်ပြီ”

ဂျော်နီ မော်လီ၊ မျက်စ ချီလျက်
ပရက်တီကယ်ခန်း ဝင်သွားတယ်။
( ကားလိပ် အလိုလို ကျ)

ဆရာ တင်မိုးက စင်မြင့်ပေါ်မှ တဆင့် ဤ ကဗျာကို အသံနေအသံထားကောင်းကောင်း၊ သရုပ်ဆောင် ကောင်းကောင်းနှင့် ရွတ်ဆို ရင်း ရှင်းပြသည့်အခါ စင်အောက်က စာပေဝါသနာရှင်များမှာ လက်ခုပ်သံမစဲအောင် အားပေးခဲ့ကြ၏။ ခေတ်ကို လှောင်ပြောင် သည့် ပြောင်မြောက်လှသည့် ကဗျာတပုဒ်အဖြစ် ထင်ရှားခဲ့ပါသည်။

* * * * *

“နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်တွင် နိုင်ငံတကာ တော်လှန်ခေါင်းဆောင်များအပေါ် ကြည်ညိုစိတ်နှင့် ရေးဖွဲ့ သည့် ကဗျာကိုလည်း တွေ့ရသည်။ ဆရာက ဗီယက်နမ် မျိုးချစ် တော်လှန်ရေးခေါင်းဆောင် ဟိုချီမင်း ကို “ပူဇော်ခြင်း” ကဗျာတွင် ဤသို့ဖွဲ့ဆိုခဲ့၏။ (စာ-၅၈)

‘ ဟို ’ ၏ စိတ်မှန်၊ အမွေခံသော်
တော်လှန်ရေးများ၊ အောင်မည် တကားဟု
တအား တအင်၊ စိတ်မောင်း တင်လျက်
ဆင်သည် အောင်ပွဲ၊ အစဉ် နွှဲလိမ့်။

ထို့အပြင် ၁၉၆၉ ခု၊ သြဂုတ်လ ၁၆ ရက်နေ့စွဲနှင့် ရေးခဲ့သည့် ကဗျာတပုဒ်။ ကျနော်က မျက်စိမှားသလား ဆိုပြီး အသေအချာ ဖတ်မိ ပါသေးသည်။ လေးလုံးစပ်လင်္ကာ စပ်နည်းကို ချိုးဖျက်ပြီး ရေးဖွဲ့သည့် ကဗျာတပုဒ်။ ဤ ကဗျာစာအုပ်တွင် သည်ကဗျာတစ်ပုဒ်မှ လွဲပြီး ကျန်ကဗျာအားလုံးမှာ လေးလုံးစပ်ကဗျာ၊ အချိုးကဗျာများဖြစ်ကြ၏။ ထို့ကြောင့် သည်ကဗျာကိုလည်း ကျနော့်မှာ ထူးထူးခြား ခြား မှတ်သားမိပြန်သည်။ ထိုစဉ်အချိန်က မြန်မာကဗျာလောကတွင် ခေတ်ပေါ်ကဗျာ ထွက်ပြူစအချိန်။ လေးလုံးတပါဒ ကဗျာစပ်နည်းကို ဖျက်ကာ စကားလုံးအရေအတွက် ကန့်သတ်ချက်မရှိသည့် ကဗျာစပ်နည်း နည်းသစ်ကို အားယူနေသောအချိန်။ ဆရာ တင်မိုးက ထိုနည်းသစ်ကို လက်ခံကြိုဆိုရေးဖွဲ့ခဲ့သည်ကို တွေ့ရသဖြင့် ဆရာ့ ရင်ခုန်သံမှာ ခေတ်ပေါ်နရီနှင့် ကိုက်ညီအောင် ကျင့် သုံးနိုင်စွမ်း ရှိပါတကားဟု ကျနော့်မှာ မုဒိတာ ပွားရပြန်တော့သည်။ ဆရာက “မင်္ဂလာ လမ်းတဲ့ ရှင်”လို့ ခေါင်စည်းတတ်ထား သည့် ကဗျာတွင် လေးလုံးစပ်လင်္ကာသွားကို ချိုးဖျက်ကာ ခေတ်ပေါ်ကဗျာဟန်ဖြင့် ရေးဖွဲ့ခဲ့သည်ကိုလည်း တွေ့ရ၏။ (စာ-၅၄)

မြို့တော်ရဲ့ ကတ္တရာစေး လမ်းမကြီး ခမျာ
ဘတ်စ်ကား အချို့သာ အဖော် ရှိတော့တယ်။
အထီးကျန် ညဥ့်ဟာ
အပွင့်မဲ့တဲ့ သစ်ပင်အိုပါကွယ်။

* * * * *

ယခုအခါ ကဗျာဆရာကြီး တင်မိုး၏ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်ကို ကျနော် မိတ်ဆက်ဖော်ပြနိုင်ခဲ့သည်ဟု ယူဆ မိ ပါသည်။ ကျနော့်ဘက်က ကျနော်လေးစားချစ်ခင်ရသည့် ကဗျာဆရာကြီးကို ဤ စာဖြင့် ကန်တော့ခွင့် ရလိုက်ခြင်းဟုလည်း သဘောထားမိသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရခြင်း မရှိနိုင်သည်ကိုလည်း နိဂုံးချုပ်ဝန်ခံရန် ရှိပါသေးသည်။

ဆရာတင်မိုးက “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာကို စွန့်လွှတ်အနစ်နာခံခြင်း၊ ရဲရင့်ခြင်း၊ အမှောင်ကို အံတုခြင်း၊ အောင်မြင် ကျော်လွှားခြင်းတို့အပေါ် နှစ်ခြိုက်စွာ အိပ်စက်ပျော်ဝင်ခြင်း ဆိုသော အဓိပ္ပာယ်များနှင့် ရေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆရာက ယင်းစိတ်ဓာတ်ကို စာဖတ်သူများ လက်ခံကျင့်သုံးလာစေရေး ရည်ရွယ်ပြီး ရေးခဲ့၏။ သို့ သော် ယခု ဤ စာကို ရေးနေစဉ် အချိန်အထိမူ ကျနော့်မှာ ဆရာတင်မိုး၏ ဆန္ဒကို ဖြည့်ဆည်း လိုက်နာနိုင်ခြင်း မရှိသေးပါ။ ကျနော်သည်ကား ယခုအချိန်အထိ “နှင်းဆီပွင့်ပေါ် အိပ်ပျော်နိုင်စွမ်း” မရှိသေးကြောင်း မိမိကိုယ်မိမိ သုံးသပ် ဝန်ခံရမည်ဖြစ်ပါသည်။


စာအုပ်အမည်။    ။ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း
ရေးသူ။    ။ တင်မိုး
ထုတ်ဝေခုနှစ်။    ။ ၁၉၇၃ ဧပြီလ
ထုတ်ဝေသူ။    ။ ဒေါ်ကြည်ဝေ(ယုဝတီ ကြည်ဝေ) စိုးစံထိုက် စာစဉ်
အုပ်ရေ။    ။ (၄၀၀၀)

မှတ်ချက်။  ။ ၂၀၀၇ ခုနှစ် ဇန်န၀ါရီ လ၂၂ ရက် က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ် အိန်ဂျလိစ် မြို့တွင် ကွယ်လွန် ခဲ့သည့် ကဗျာ ဆရာကြီး တင်မိုး ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရ ဤဆောင်းပါးကို ဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်