အိပ်မက်သုံးဆင့်ထဲ ရောက်သွားခဲ့သူ


အခန်းထဲကအထွက်တွင် သူ့ကို သတိထားလိုက်မိသည်။

သူသည် ကျနော့်အခန်း ပြတင်းပေါက်များကို မြင်နေရသည့် အိမ်ရှေ့ခြံဝန်းထဲက စကားဝါပင်အောက်တွင် ရပ်နေခြင်း ဖြစ်နိုင်သည်။ စကားဝါပင်ဆီ ကျနော်ငဲ့ကြည့်တော့ စကားဝါကိုင်းတချို့ လှုပ်ခတ်သွားသည်မှလွဲ၍ ဘာကိုမျှ မတွေ့ရ။

ko_nyein_cover
စာအုပ်အမည် ။     ။ အိပ်မက်သုံးဆင့် ဝတ္ထုတိုစု
ရေးသူ ။     ။ကိုငြိမ်း(မန္တလေး)
ထုတ်ဝေခုနှစ် ။     ။ ၂၀၀၂၊ ဇူလိုင်
ထုတ်ဝေသူ။     ။ဦးသန်းဆွေ( စစ်သည်တော်စာပေ)
အုပ်ရေ ။     ။၁၀၀၀
တန်ဖိုး ။     ။ - ကျပ်
သေချာစေရန် စိတ်ရှင်းစေရန် အိမ်ရှေ့ဆင်ဝင်အောက်တွင် သွားရပ်သည်။ ပန်းခြံကလေးထဲ မသိမသာ မျက်လုံးဝေ့သည်။ ဆီးဖြူသီးပင်ထက်က ငှက်ကလေးတကောင်က ကျနော့်ကို ပြန်ကြည့်နေသည်။ ငှက်ကလေးက အငြိမ်မနေ။ အမြီးလှုပ်လိုက် ခေါင်း လှုပ်လိုက်လုပ်နေသည်။ ဟိုကိုင်းသည်ကိုင်း ကူးနေသည်။ ဆီးဖြူသီးတချို့မြေပေါ်ပြုတ်ကျလိုက်သည်ဟု ကျနော်ထင်နေစဉ် ဆီးဖြူပင်နှင့် ငှက်ပျောပင်ကြားထဲ၌ လူရိပ်သဏ္ဌာန်ကို ကျနော် တွေ့ရပြန်သည်ဟု စိတ်ကထင်ပြန်သည်။ သို့သော် အသေအချာ ရှာကြည့်တော့လည်း ဘာကိုမျှ မတွေ့ရ။

ကျနော်က ဖတ်လက်စ စာအုပ်ကို ဘေးတွင်ရှိသည့် ခွေးခြေပုကလေးပေါ် ခဏတင်ထားရန် စိတ်ကူးသည်။ ဖတ်လက်စ စာမျက်နှာကိုကြည့်တော့ စာမျက်နှာ (၁၈)။ စိတ်ထဲ ဒီဝတ္ထုတိုက ပြီးများပြီးလောက်ပြီလားဆိုပြီး နောက်ထပ် စာရွက်တရွက်ကိုလှပ် ကြည့်သည်။ ဟုတ်တော့ဟုတ်သည်။ နောက်ထပ်စာမျက်နှာ (၂) ခုတွင် သည်ဝတ္ထုတိုက ဆုံးပြီ။ သို့နှင့် ခဏတော့ နားလိုက်ဦး မည်ဟု တွေးသည်။ စာအုပ်ကို စာရွက်ခေါက်ကာ ချထားလိုက်သည်။ မိမိနှင့် မလှမ်းမကမ်းတွင်ရှိနေသည့် ပစ္စည်းပစ္စယအထုပ် အပိုးများဆီ လျှောက်သွားလိုက်သည်။

ကျနော်က မြို့ပြင်က အမှိုက်ပုံရပ်ကွက်ကိုပို့မည့် ပစ္စည်းပစ္စယအပုံများကြားတွင်ရပ်ကာ ပစ္စည်းတွေဆီ အာရုံပြောင်းယူလိုက် သည်။ ထိုပစ္စည်းများမှာ အလှူရှင်တဦးက အမှိုက်ပုံအနီးတွင် နေထိုင်ကြသည့် လူဆင်းရဲများထံ ပို့ပေးလှူဒါန်းရန် ထုပ်ပိုး ထား သည့် ပစ္စည်းများဖြစ်သည်။ ကျနော့် အိမ်တွင် ညက ခေတ္တ လာထားသွားသော လှူဖွယ်ပစ္စည်းများဖြစ်သည်။

မနက် စောစော နေထွက်စအချိန် လူသူအသွားအလာ နည်းနေသေးသည့်တိုင် လမ်းမပေါ်တချက်ကြည့်သည်။ ဘေးချင်းယှဉ် အိမ်တွေဘက် အကဲခတ်သည်။ လူသူအရိပ်အယောင်မတွေ့ရသဖြင့် စိတ်က လွတ်လပ်သလို ဖြစ်လာရပြန်သည်။

ကျနော်က ဘယ်ပစ္စည်းက ကိုယ့်အတွက် အလိုအပ်ဆုံးပစ္စည်းဖြစ်မလဲဟု စဉ်းစားနေသည်။ သွားတိုက်ဆေးဘူး တဘူးကိုပဲ ယူထားလိုက်ရရင် ကောင်းမလား။ ကိုယ့်မှာက သွားတိုက်ဆေးဘူး လက်ကျန် တော်တော်များများရှိနေသေးသည်။

စောင်ထုပ်များဆီ မျက်စိ ရောက်ပြန်သည်။ စောင်တွေက အကောင်းစား အနုစားတွေချည်းပဲဖြစ်နေသည်။ သည်လိုစောင်မျိုးက ကိုယ့်အတွက် သိတ်ပြီးမကောင်း။ နုပေမည့် ပါးလွှာလွန်းသည်။ ပြီးတော့ အပေမခံ။ အလျှော်မခံ။ ကိုယ့်မှာ ရှိတဲ့ အဲသလို စောင်တထည်ကို ခြုံစောင်မလုပ်ဘဲ မီးပူတိုက်စဉ် အောက်ခံအထည်အဖြစ်သာ အသုံးပြုခဲ့သည်မှာပင် ကြာခဲ့ပြီ။

ဆီဘူးများထားရာဆီ တိုးသွားသည်။ ကိုယ်က တယောက်တည်း။ ကိုယ်နဲ့ အတူနေတဲ့ တူမလေး လင်မယားနှစ်ယောက်အတွက်တော့ ဆီဘူးတဘူး ယူထားပေးလိုက်ရရင် ကောင်းမလား။ တူမလေးနှင့် တိုင်ပင်ပြီးမှ ယူလိုက်ရရင်ကောင်းမလား။
အချိုမှုန့်ထုပ်များ ဆားထုပ်များ ကြက်သွန်ထုပ်များ...။ သွားတိုက်ဆေးဘူးနှင့် သွားပွတ်တံများ...။

ခြေသံကြားလိုက်သည်။ ကျနော့်ကိုယ်ခန္ဓာမှာ ကြက်သီးမွေးညင်း ထသွားသည်။

မကောင်းဆိုးဝါးတကောင် ကျနော့်ကြောဘက် ဝင်ကပ်လိုက်သည်။ မဟုတ်သေးဘူး ဝင်ကပ်လိုက်သည်ဟု ထင်သည်။ လှည့်မကြည့်ရဲ။ စိတ်နှင့်ဆွဲယူထားသည့် ကျနော့်လက်ထဲက ကြက်သွန်ထုပ်၊ ဆီဘူး၊ သွာတိုက်ဆေးဘူးများက ဖုတ်ခနဲပြုတ်ကျသွား၏။

ထိုစဉ်အခိုက်မှာပင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က တွေ့ခဲ့ဖူးသည့် လူတယောက်ကို ဖျတ်ခနဲ သွားတွေးနေမိပြန်သည်။ ထိုလူ က ပိုက်ဆံ အစိတ် (၂၅ ကျပ်) ကောက်ရသည့်အခါ ပိုင်ရှင်နှင့်ပက်ပင်းတွေ့သော်လည်း ဖွင့်မပြောဘဲ ထိုပိုက်ဆံအစိတ်ကို ပြန် မပေးဘဲ ထားခဲ့သည်။ နောင် တနှစ်ကျော်ကြာမှ ပိုက်ဆံအစိတ်က သူ့ ကို အမြဲတမ်းကိုက်ခဲနေခဲ့သဖြင့် ပိုင်ရှင်ကိုလိုက်ရှာကာ  ပြန်ပေးခဲ့။ ထိုအခါကျမှ သူ့ခမျာ ပိုက်ဆံအစိတ် ကိုက်ခဲမှုဝေဒနာ ပျောက်ကင်းခဲ့ရသည် ဆိုပဲ။

အခုလည်း သူ့ ကို သွားတိုက်ဆေးဘူး၊ ဆီဘူး၊ ကြက်သွန်ထုပ် ကိုက်ခဲမှုများက ဘယ်လောက်ကြာကြာ ကိုက်ခဲနေစေနိုင်ဦး မလဲ။ ဒီကိုက်ခဲမှုတွေလောက်တော့ တောင့်ခံထားနိုင်မလား။

ထိုစဉ်မှာပင် ပန်းခြံကလေးထဲက သစ်ပင်များ၏ခြေသံများကို ကြားလာရသည်။  တဖြစ်ဖြစ်မြည်သံက ပီသလွန်းလာသည်။ ကျနော်က စိတ်ထဲက ပြုတ်ကျသွားသော ပစ္စည်းများဆီမှ အာရုံကို ကမန်းကတန်းပြန်လည် ဆွဲခေါက်ထားလိုက်သည်။ ကျနော့် အင်္ကျီ အိတ်ကပ်များ ကျနော့် ဘောင်းဘီ အိတ်ကပ်များထဲကတဆင့် ကျနော့် စိတ်က ခေါင်းပြူကြည့်နေသေးသည်။ ကျနော် က မလုံမလဲစိတ်နှင့်ပင် အသံကြားရာ သစ်ပင်တွေဆီ ခေါင်းလှည့်သည်။

သစ်ကိုင်းများပေါ်က တန်းစီနေသည့် အရာဝတ္ထုများကို ကျနော် တွေ့သည်။ သစ်ကိုင်းများပေါ်တွင် သစ်ရွက်များအစား မျက် လုံး များ တန်းစီနေသည်ကို ကျနော် တအံ့တသြတွေ့ လိုက်ရ၏။ ပို၍အံ့သြစရာ ကောင်းသည့်အချက်မှာ တခြားတစိမ်း မျက် လုံးများ တန်းစီနေသည့်ကြား၌ ကျနော့် မျက်လုံးတစုံက ကျနော့်အား စူးစိုက်ကြည့်နေသည်ကိုလည်း မထင်မှတ်ဘဲတွေ့လိုက် ရသည့် အချက်ပင်ဖြစ်သည်။

ကျနော်က ခြေရင်းတွင် တန်းစီနေသည့် ပစ္စည်းများကို ကြည့်သည်။ သစ်ကိုင်းများပေါ်က မျက်လုံးများကလည်း ကျနော့်ကို စောင့် ကြည့်နေကြသည်။ သည်အတိုင်း ငြိမ်ပြီး ရပ်နေလို့တော့မဖြစ်ဟု တွေးမိပြန်သည်။ သို့နှင့် ခဏပြန်ချထားသော စာအုပ် ကလေးဆီပြန်ရောက်လာခဲ့သည်။ စာအုပ်ကလေးကို ကောက်ကိုင်သည်။ ခေါက်ထားသော စာရွက်ကလေးရှိရာ စာမျက်နှာကို ကြည့်သည်။

“ကိုငြိမ်း (မန္တလေး)” ရဲ့  “အိပ်မက်သုံးဆင့်” ဝတ္ထုတိုစု စာအုပ်ထဲက “မိမိများစွာကို မိမိများစွာက ချောင်းကြည့်ခြင်း” ဝတ္ထုတိုကို ကျနော် ဆက်ဖတ်သည်။ နောက်ထပ် စာမျက်နှာ (၂) ခုတွင် ထိုဝတ္ထုတိုလေး ပြီးသွားသည်။

* * * * *
မနက်ခင်းက ဖတ်လို့ပြီးခဲ့သည့် “ကိုငြိမ်း(မန္တလေး)” ၏ ဝတ္ထုတိုတချို့ကို ကျနော် ပြန်တွေးသည်။ ထိုအထဲက ကျနော့်ကို ဆွဲဆောင်ခေါ်ယူနိုင်ခဲ့သည့် ဝတ္ထုတိုလေးတပုဒ်ဖြစ်သည့် “အသက်မီး၏ လောင်စာ” ဝတ္ထုတိုလေးကို စေ့စေ့စပ်စပ် ပြန်တွေးကြည့် နေစဉ် အရက်ဆိုင်ထဲက ထွက်လာသော လူ အထီး တကောင်ကို ကျနော်တွေ့ ခဲ့သည်။

ကျနော်တို့အခေါ်“ကဗျာဆရာ့ကဖေး”၊ ဆိုင်ပိုင်ရှင်အခေါ် “ဖိုးထူး လက်ဖက်ရည်ဆိုင်” ကိုအသွား ကိုငြိမ်း(မန္တလေး)ရဲ့ ဝတ္ထုတိုလေးကို ပြန်တွေးမိစဉ် လမ်းထိပ် အရက်ဆိုင်ထဲက ထွက်လာသော ထို လူ အထီးတကောင်ကို  တွေ့လိုက်ခြင်းဖြစ်သည်။

သူက မည်သူ့ကိုမျှ မကြည့်။ ခေါင်းငိုက်စိုက်ချထား၏။ ထို့အပြင် ကျနော်ကလွဲပြီး မည်သူကမျှလည်း သူ့ကို မမြင်မိကြ။ သူကလည်း ဘေးဘီတွင် လူတွေ သွားလာလှုပ်ခတ်  ပျံသန်းနေကြသည်ကို အကယ်၍ သူ့ခေါင်းကို မော့လိုက်သည့်တိုင် မြင်ဟန်မတူဟု ကျနော် ထင်သည်။

သူ့ ကိုယ်ခန္ဓာမှ မီးတောက်မီးလျှံများက ကောင်းကင်ဆီ ပန်းထွက်နေလို့ပါလား။ သူ အသက်ရှူလိုက်တိုင်း ပန်းထွက်နေသည့် မီးတောက်မီးလျှံများက မြင့်တက်လာလိုက် နိမ့်ဆင်းသွားလိုက်။

သူ့ ပခုံးပေါ်တွင်မူ သွေးတစက်စက်ကျ သားကောင်ကိုထမ်းလျက်။ တကယ်တော့ ထို လူအထီးတကောင်သည် သားကောင် တကောင်ကို တချိန်လုံး စောင့်ကြည့်ခဲ့ ကျောက်ချွန်းလက်နက်ဖြင့် ပစ်ခတ်ခဲ့ ကျောက်ဂူထဲက လူအမများရှိရာ သားကောင်ကို ထမ်းပြီး ပြန်လာခဲ့သည်ကိုလည်း ကျနော် သိနေသည်။

ထို လူ အထီးတကောင်ကို ကျနော် နှစ်ပေါင်း ထောင်သောင်းချီပြီး စောင့်ကြည့်နေခဲ့မိသည်ကိုလည်း ကျနော်တွေးလို့ရလာ နေ သည်။ အခုတော့ သူက အရက်ဆိုင်ထဲက ခေါင်းငိုက်စိုက်ချပြီး ထွက်လာသည်ကို ကျနော် တွေ့လိုက်ရ၏။ သူသည် မည်သူ့ကိုမျှ မကြည့်။ သူသည်ကား “ အသက်မီး လောင်စာ ” ကို ဝါးမြိုထားပြီးသူအဖြစ် ဆိုင်ထဲမှ ထွက်လာခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ မီးတောက်မီးလျှံများ ပန်းထွက်နေလျက်...။

ကဗျာဆရာ့ကဖေးထဲတွင် ထုံးစံအတိုင်း လူတွေပြည့်ကျပ်နေသည်။ ကံအားလျော်စွာ ခုံလွတ်တလုံးတွင် ကျနော် သွားထိုင်ခွင့် ရသည်။ စားပွဲဘေးတွင် ထိုင်လိုက်သည်ဆိုလျင်ပဲ ဘေးဘီက ကြားရသည့်စကားသံ ကက်ဆက်သီချင်းသံများကြောင့် လမ်းပေါ်တွင်တွေ့ခဲ့သည့် လူအထီးတကောင်ကို ကျနော့်မှာ ဆက်တွေးလို့မရတော့။

ဒီကြားထဲ ဘေးစားပွဲတွင်ထိုင်နေသည့် အလုပ်သမားဝိုင်းတဝိုင်းက ရေချိန်မြင့်နေကြပြီကို သတိပြုမိသည်။ သူတို့ပြောနေ သည့် စကားတွေကို လှည့်မကြည့်သည့်တိုင် ကျနော်ကြားနေရသည်။ မသိမသာစောင်းကြည့်တော့ သူတို့ဝိုင်းတွင် လေး ယောက် အတိဖြစ်သည်။ စားပွဲပေါ်တွင် သောက်လက်စ ပုလင်းများလည်း ရှိနေသည်။ ကျနော်က စောင်းထားသောခေါင်းကို ပြန်လှည့်မည်အပြုတွင် ကျနော်နှင့်ဘေးချင်းယှဉ်နေရာလောက်က အလုပ်သမားရဲ့ခေါင်းပေါ်တွင် မီးတောက်မီးလျှံများ ပန်းထွက် နေသည်ကို တွေ့လိုက်ရပြန်သည်။ ရော..အခုနတုန်းကလည်း ခေါင်းပေါ်မှာ မီးတောက်မီးလျှံတွေပန်းထွက်နေသည့် လူ အထီးတကောင်ကို ကျနော် တွေ့ခဲ့ရပြီပဲ။

ဆိုင်ထဲက ပြန်အထွက် ကျနော်နှင့်ဘေးချင်းယှဉ်ထိုင်နေသည့် ဝိုင်းဆီက ပြစ်ပြစ်နှစ်နှစ်ပြောဆိုလိုက်သည့် စကားသံက ကျနော့်ကြောကို တွန်းလွှတ်သည်။ သို့နှင့်တိုင် ကျနော်က နောက်ကို လှည့်ကြည့်ဖြစ်အောင် ကြည့်ခဲ့မိသေးသည်။ သူတို့ဝိုင်းက လူတွေအားလုံး ခေါင်းပေါ်တွင် မီးတောက်မီးလျှံများ ကိုယ်စီဆောင်းထားလျက်။

ကျနော်က တမနက်ခင်းလုံး ထိုင်ဖတ်ခဲ့သည့် “ ကိုငြိမ်း(မန္ထလေး) ” ရဲ့ ဝတ္ထုတိုစုစာအုပ်များထဲက “ဇာတ်ကောင်တချို့” သည် မြို့ကလေးထဲ ရောက်နေကြပြီကောလို့ တွေးမိသည်။

* * * * *
ကဗျာဆရာ့ကဖေး ထဲကထွက်လာစဉ်က အိမ်ကိုပြန်ရန်ဖြစ်သော်လည်း တကယ်တန်းဆိုင်ထဲက ထွက်တော့ အိမ်မပြန်သေးဘဲ လမ်းနည်းနည်းလျှောက်ဦးမည်ဟု စိတ်ကူးပြန်သည်။

သည်လိုနှင့် မြို့ကလေး၏အပြင်ဘက် ထွက်လာခဲ့သည်။  စိတ်ထွေထွေနှင့်  လယ်ကွင်းတွေကို ဖြတ်ကျော်လာခဲ့သည်။ လယ် ကွင်းတွေက နောက်တွင် မဲ့လာ၏။ ကျနော်က ချောင်းတွေ မြောင်းတွေကို ကျော်လာခဲ့သည်။ နောက်ပိုင်းတွင် ချောင်းတွေ မြောင်းတွေ မဲ့လာ၏။ တခါ တောင်တန်းတွေကို ကျော်ရင်း တောင်တန်းတွေသည်လည်း မဲ့လာ၏။ နောက်ဆုံး သစ်ပင်မဲ့၊ ငှက်မဲ့၊ ၎င်းအပြင် ...။

အဲသလောက်မဲ့သော အဖြစ်တွင်ပင် ကျနော်က ပုဆိုးပုခက် တော့ မမဲ့။ ကျနော့်မှာ ပုဆိုးအဟောင်းတထည် အပိုပါသည်။ ကျနော်သည် အရှေ့မိုးကောင်းကင်အထိ ခြေလျင်လျှောက်ရင်း ကိုယ်ပိုင်ဟင်းလင်းပြင် တခုကို ရရှိတော့၏။ တညည တချိန်ချိန် တွင် ကျနော်သည် ပုဆိုးပုခက်လေးကို လ,ပေါ်တက်ပြီး ချိတ်ဆွဲမည်။ လ,တွင် ချိတ်ထားသည့် ပုဆိုးပုခက်ကို ဒါန်းလုပ်ပြီး စီးမည်။ ကမ္ဘာကြီးကို ငုံ့ကြည့်မည်။

သည်လိုနှင့် တညည တချိန်ချိန်ကို ဒီညနေမှာတော့ ရောက်လာခဲ့သည်ဟု ဆိုကြပါစို့။

ထို တညည တချိန်ချိန်တွင် ကျနော်သည် ပုဆိုးပုခက်လေးလွယ်ထားသည့် လူတဦး ကောင်းကင်ကြီးအား ကျနော့်ထက်ဦးစွာ တွယ်တက်နေသည်ကို တွေ့ လိုက်ရ၏။ ကောင်းကင်ကြီးအား တွယ်တက်နေသည့် ထိုသူကောင့်သားသည် မည်သူနည်း။

မေးခွန်းမေးခြင်း၏နောက်မှ အဖြေတခု ထက်ချပ်ကပ်လိုက်လာ၏။ မည်သူဖြစ်နိုင်ပါမည်နည်း။ ကျနော့်ထက်ဦးစွာ ကောင်းကင်ကြီးကိုတွယ်တက်နေသူမှာ “အောင်ပင်လယ်က ကဗျာဆရာ” ပင် ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျင် အောင်ပင်လယ်က “ ကိုငြိမ်း( မန္တလေး) ” ပင်ဖြစ်သည်။

သူက “ ပုဆိုးပုခက်ကို လ, တက်ချိတ်ချင်လို့ ” ဟု အော်ပြောနေပြန်ပါပကော...။

* * * * *
အထက်ပါ စာစုများမှာ အမှန်စင်စစ် ကျနော်သည် “ ကိုငြိမ်း(မန္တလေး) ” ၏ “ အိပ်မက်သုံးဆင့် ” ဝတ္ထုတိုစုစာအုပ်ကိုဖတ်ကာ ထိုဝတ္ထုတိုစု စာအုပ်ထဲက ဇာတ်လမ်းထဲ ကိုယ်ကိုယ်တိုင် ဝင်ရောက်ခြင်း၊ ထိုဝတ္ထုတိုစုထဲက အဓိကဇာတ်ကောင်များနှင့် ဒွေးရောယှက်တင်ဖြစ်ခဲ့ခြင်းကို သူရေးသည့် စကားလုံးတချို့၊ သူရေးသည့် စာသားတချို့နှင့် ရောမွှေသမကာ ပြန်ရေးပြနေခြင်းသာ ဖြစ်ပါသည်။

“ ကိုငြိမ်း(မန္တလေး) ” ၏ “ အိပ်မက်သုံးဆင့် ” ဝတ္ထုတိုစုစာအုပ်တွင် ဝတ္ထုတို (၁၄)ပုဒ် ပါရှိသည့်အနက် ကျနော်က “ အသက်မီး၏လောင်စာ ” ၊ “ ပုဆိုးပုခက် လ,တက်ချိတ်မယ် ” နှင့် “ မိမိများစွာကို မိမိများစွာက ချောင်းကြည့်ခြင်း ” ဝတ္ထုတို(၃)ပုဒ်ကို အနှစ်သက်ဆုံးဖြစ်ခဲ့၏။  တနည်းအားဖြင့်ဆိုလျင် ကိုငြိမ်း(မန္တလေး)က  လူအထီးတကောင်နှင့် ပုဆိုးပုခက် လ,ပေါ်တက်ချိတ်သူတို့ကို လက်ဆွဲခေါ်ဆောင်လာကာ ကျနော်နှင့် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ကျနော်နှင့်အင်မတန် ချွပ်စွပ် တူသူတဦးကိုလည်း ခေါ်လာပြီး တွေ့ပေးလိုက်၏။

ထိုသူတို့နှင့်တွေ့လိုက်ရသည့်အခိုက်တွင် ကျနော့်မှာ တခဏမျှ မူးမိုက်တွေဝေသွားရသည်ကို ဝန်ခံရမည်ဖြစ်ပါသည်။ အင်မတန်တောက်စားလွန်းသည့် မှော်ဆရာ့အိပ်မက်များကို မြင်မက်နေသူတဦးပမာ ကျနော့်မှာ လှုပ်ခတ်လှိုင်းစီး မျောပါသွားနေခဲ့၏။  သည်လိုနှင့် ကျနော်သည် ကျောက်ဂူတခုဆီပြန်လာသူ၊ လ,တွင် ပုဆိုးပုခက်တက်ချိတ်သူ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချောင်းကြည့်သူ ဖြစ်ခဲ့ရပြန်သည်။ ကိုငြိမ်း(မန္တလေး) ၏ ဝတ္ထုတိုများမှာ ကျနော့်အတွက်တော့ မှော်ဝင် ဝတ္ထုများပင်တည်း။

ထိုတခဏမျှ ဈာန်ဝင်စားနေစဉ် ကျနော်သည် မြန်မာဝတ္ထုရေးဆရာ (ဦး) ဝင်းဖေကိုလည်းကောင်း၊ ရုရှစာရေးဆရာ ချက်ကော့ ကိုလည်းကောင်း၊ ဗြိတိသျှစာရေးဆရာ ဂျိမ်းဂျွိုက်စ် ကိုလည်းကောင်း အိပ်မက်သုံးဆင့် အပေါ်ဆုံးအထပ်တွင် တွေ့ခဲ့ရသေး၏။ သူတို့လိုပဲ အင်မတန်စာရေးကောင်းသော မြန်မာစာရေးဆရာတယောက် ရှိသည့်အကြောင်းကိုလည်း ကျနော်၏ အတ္တနော မတိ ပီတိ စိတ်နှင့် လက်တို့ပြီး ပြောဖြစ်အောင် ပြောလိုက်ရသေး၏။

စာဖတ်သူများကော ပုဆိုးပုခက် လ,ပေါ် တက်ချိတ်ချင်တယ်ဆိုရင်ဖြင့် ကိုယ်ပိုင် ဟင်းလင်းပြင်အထိ လမ်းလျှောက်ကြည့် လိုက်စမ်းပါ။

ကျောက်ဂူထဲက စောင့်နေတဲ့ လူအမတွေဆီ သားကောင်ထမ်းပြီး ပြန်လာချင်တယ်ဆိုရင်ဖြင့် အသက်မီး လောင်စာကို အားရပါးရ သောက်မြိုလိုက်စမ်းပါ။

ကိုယ့်ကိုယ်ကိုယ် ချောင်းကြည့်သူအဖြစ် နေကြည့်ချင်တယ်ဆိုရင်ဖြင့် “ ကိုငြိမ်း(မန္တလေး) ” ၏ “အိပ်မက်သုံးဆင့် ” ဝတ္ထုတိုစု စာအုပ်ကိုသာ ဖတ်ကြည့်ပါ။ 

ကျနော်ကတော့ အိပ်မက်သုံးဆင့်ပေါ် တဆင့်ပြီးတဆင့် တက်လာပြီးသည့်အခါ  ပြန်ဆင်းချင်စိတ်မရှိလောက်အောင် ကို ဈာန် ဝင် စားနေခဲ့မိသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။  ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်