အတွင်းရန်သူ

ဗမာ့တပ်မတော်ရဲ့ အစောပိုင်းကာလတွေကို ကြည့်လိုက်မယ်ဆိုရင် လူ့အဖွဲ့အစည်းအပေါ်ထားတဲ့ သူတို့ရဲ့အမြင်၊ တိုးတက်မှု ဆိုတဲ့အပေါ် အမြင်၊ သူတို့ကိုယ်ကို မြင်တဲ့အမြင် စတာတွေနဲ့

ပတ်သက်ပြီး အရေးကြီးတဲ့ သဲလွန်စတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ တပ်မတော်ပြတိုက်ကိုသွားရင် မြန်မာ့ကြည်းတပ်ဟာ သူ့ကိုယ်သူ ဘယ်လို ခံယူထားသလဲဆိုတာကို တွေ့ရပြီး အံ့သြရပါလိမ့်မယ်။ ကြည်းတပ်လိုပဲ သွေးထွက်သံယိုမှုတွေ အကြီးအကျယ်ဖန်တီးခဲ့တဲ့ ရေတပ်နဲ့ လေတပ်က လည်း ဒီလိုစရိုက်လက္ခဏာမျိုး ရှိတာပါပဲ။ စစ်ပွဲသရုပ်ဖော် ပန်းချီကားတွေ၊ ဆောက်လုပ်ခဲ့တဲ့ တံတားတွေ၊ လမ်းတွေ၊ ထုတ်လုပ်ခဲ့တဲ့ စစ်လက်နက်တွေသာမက ကာကွယ်ရေးဦးစီးဋ္ဌာန လက်အောက်မှာရှိတဲ့စက်ရုံတွေကနေ ထုတ်လုပ်ပေးခဲ့တဲ့ လူသုံးကုန် ပစ္စည်းတွေပါမကျန် ပြသထားပါတယ်။ ကြီးကြီးသေးသေး လုပ်ဆောင်ချက်မှန်သမျှကို အထင်ကြီးစရာ ကောင်းအောင် ပြထားပါတယ်။

စွန့်လွှတ်အနစ်နာခံခဲ့တာတွေ၊ ရဲစွမ်းသတ္တိရှိမှုတွေ၊ အမျိုးသားရေးဆောင်ရွက်ချက်တွေ၊ တိုက်ပွဲတွေကို ပြတိုက် ခန်းမဆောင်တွေက ပြောပြနေပါတယ်။ တပ်မတော်ပြတိုက်ဟာ ရှေးယခင် သက်ဦးဆံပိုင်ရှင်ဘုရင် ခေတ်ကနေ ဒီနေ့ အာဏာရှင်ခေတ်အထိ ဆက်စပ်ပြသပေးရာမှာ တပ်မတော်ကို တိုင်းပြည်ရဲ့ အင်အားအကြီးဆုံးအဖွဲ့အစည်း ဘာကိုမဆို စွမ်းဆောင်နိုင်တဲ့ အဖွဲ့အစည်းအဖြစ် ဖော်ပြထားပါတယ်။ ဒီနေရာမှာ မေးစရာဖြစ်လာတာက ဒါဖြစ်ရင် ဘာကြောင့် ပြည်သူပြည်သားတွေဟာ ဒီပြခန်းကို စိတ်ဝင်စားမှု မရှိကြတာလဲ။ ဘာကြောင့် လာရောက်ကြည့်ရှုသူ မရှိရတာလဲ။ ပြည်သူတွေအထင်ကြီးအောင်လုပ်ထားတဲ့ ပြတိုက်မှာ အမြဲလိုလို လူရှင်းနေတတ်ပါတယ်။   

“ယနေ့တပ်မတော်ဟာ အကြမ်းဖက်တဲ့ နိုင်ငံတည်ဆောက်မှုနည်းဗျူဟာတွေကို ဘာကြောင့် ကျင့်သုံးရတာလဲ ... သူကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ ပြည်သူတွေနဲ့ ဘာကြောင့်အလှမ်းကွာဝေးသွားရတာလဲ ဆိုတာကို မေရီကလဟန်ရဲ့ “ ရန်သူများကို ဖန်တီးခြင်း ” ဆိုတဲ့ စာအုပ်က အသေးစိတ်ဖော်ပြထားပါတယ်။

၁၉၅၀ နှစ်များကစတင်ခဲ့တဲ့ “တပ်မတော် အဓိက” ဆိုတဲ့ အယူအဆနဲ့ သီးခြားအလွှာတခုအဖြစ် ကြီးထွားလာမှုတွေကြောင့် လူမဆန်တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့၊ တိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကို မကျွမ်းကျင်တဲ့၊ တိုင်းပြည်ကို ချွတ်ခြုံကျသွားစေခဲ့တဲ့ ဒီလူတစုဟာ တိုင်းပြည်ကို တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ စစ်တပ်ပုံစံနဲ့ အုပ်ချုပ်နိုင်ခဲ့ကြတာဖြစ်တယ်လို့ မေရီကာလဟန်က ရှာဖွေတွေ့ရှိခဲ့တယ်။

သူတို့လိုချင်တဲ့ ဖြစ်စေချင်တဲ့ ပုံစံအတိုင်း တိုင်းပြည်ကို တည်ဆောက်ဖို့ကြိုးစားတဲ့နေရာမှာ စစ်တပ်ဟာ အခြားသူတွေ အားလုံးကို သူတို့အတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ ရန်သူတွေ အဖြစ်နဲ့ ကြာလေမြင်လာလေ ဖြစ်လာတယ်။

စည်းကမ်းသေ၀ပ်မှု မရှိသေးတဲ့ စံနစ်မကျသေးတဲ့ တပ်မတော်ဆိုတဲ့ အချိန်ကအစ ဆိုးကျိုးတွေကိုသာ ရရှိစေခဲ့တဲ့ ဆိုရှယ်လစ် တံခါးပိတ်ဝါဒအလယ်၊ ၁၉၈၈ အုံကြွမှုကြီးနဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဖိအားတွေအပေးခံရတဲ့ကာလအဆုံး တပ်မတော်ဟာ သူ့စည်းလုံးမှုအတွက် အကြမ်းဖက်တာတွေကို အမြဲလိုလိုသုံးခဲ့ပါတယ်။ အကျိုးဆက်အဖြစ်ရလာတဲ့ ရလဒ်ကတော့ “တပ်မတော်ဟာ တိုင်းပြည့်ရန်သူနဲ့ ပြည်သူပြည်သားကို မခွဲခြားနိုင်သူ ဖြစ်လာခြင်းပဲ ” ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို စစ်တိုက်ခြင်းဖြင့် ဖြေရှင်းတာဟာ ထုံးစံဖြစ်လာပါတော့တယ်။ တပ်မတော်အနေနဲ့ ဒီနည်းအစား အခြားတနည်းကို ရှာဖွေကျင့်သုံးသင့်ပြီလို့ စာရေးသူက အကြံပြုထားပါတယ်။

ကာလဟန်က သူ့စာအုပ်ကို ၁၈၈၅ ခုနှစ် အထက်ဗမာပြည်ကို ဗြိတိသျှတို့က သိမ်းပိုက်ခဲ့တဲ့ အချိန်က စခဲ့ပါတယ်။ အဲဒီ အချိန်ကတည်းကစခဲ့တဲ့ တော်လှန်ပုန်ကန်မှုတွေဟာ နောက်ထပ် ဆယ်စုနှစ် ငါးခုကြာ အောင် ဖြစ်နေခဲ့ပြီး အုပ်ချုပ်သူတွေရဲ့ လျစ်လျူရှုမှုကို အများဆုံးခံရတဲ့ ဒေသတွေဟာ ရာဇ၀တ်မှု အထူပြောဆုံးနဲ့ အဆူပူဆုံးဒေသတွေ ဖြစ်လာခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်များမှာ စတင်ပေါက်ဖွါးလာခဲ့တဲ့ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ကြီးထွားလာခဲ့ခြင်းဟာ တပ်မတော်တည်ထောင်သူ တွေကို ပေါ်ပေါက် လာစေခဲ့ပါတယ်။ လက်ဝဲအယူအဆတွေကနေ ခွဲထွက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့ကာလမှာ ဂျပန်နဲ့မဟာမိတ်ဖွဲ့လို့ ဂျပန်ရဲ့ လေ့ကျင့်ပေးမှုကို ခံယူပြီး တပ်မတော်ကို စတင်ဖွဲ့စည်းဖြစ်ခဲ့ကြတယ်။ ဖက်ဆစ်ဂျပန်နဲ့ နှစ်အနည်းငယ်ကြာပူးပေါင်းပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းဟာ အင်အားကြီးထွားလာပြီ ဖြစ်တဲ့ ဗမာ့မျိုးချစ်အဖွဲ့အစည်းကို ဦးဆောင်ပြီး ဗြိတိသျှတို့ဆီကနေ အမြန်ဆုံးလွတ်လပ်ရေးရဖို့ စွမ်းဆောင်ခဲ့ ပါတယ်။             

၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက်မှာ တဆက်တည်းဖြစ်ပေါ်လာတဲ့ တိုင်းပြည်ကသောင်းကနင်းဖြစ်မှုကြောင့် တပ်မတော်ဟာ အထွတ်အထိပ်ကို ရောက်လာပါတယ်။ ကရင်လူမျိုးစု နဲ့ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ လက်ထဲကို ဗမာပြည်ကြီး ကျရောက်သက်ဆင်းတော့မယ့်အဖြစ်ကနေ ဦးနု ရဲ့ “ ရန်ကုန်အစိုးရ ” ကို ကယ်တင်ပေးခဲ့ပါတယ်။ သူပုန်တွေ မြို့ပေါ်က ထွက်သွားအောင် တိုက်ထုတ်ရတာ နှစ်နဲ့ချီပြီး ကြာခဲ့ပါတယ်။  ဒါပေမယ့် တပ်မတော်ဟာ နိုင်ငံရေးခေါင်းဆောင် တွေနဲ့ ပူးပေါင်းပြီး အစိုးရကို အာခံတဲ့ ခါးပိုက်ဆောင် တပ်တွေလည်း ဖြစ်ခဲ့တယ်လို့  ကာလ်လဟန်က ဖော်ပြထားပါတယ်။

ရောင်စုံသူပုန်တွေရဲ့ ပုန်ကန်မှုကြီး စလို့ မကြာခင်မှာပဲ တပ်မတော်ရဲ့ အင်အားတဝက်လောက်ဟာ တောခိုသွားကြပြီး သူပုန်တွေနဲ့ သွားရောက်ပူးပေါင်းခဲ့ကြတယ်။ ကျန်တဲ့တပ်တွေကတော့ နေဝင်းနဲ့ လက်တဆုပ်စာ မျိုးချစ်အရာရှိတချို့ အနားမှာ ကျန်ခဲ့ကြပါတယ်။ နောက်တကြိမ် တပ်မတော်ကို အကဲစမ်း တာကတော့ ၁၉၅၀  ခုနှစ်မှာ မြောက်ပိုင်းရှမ်းပြည် ထဲကို ကျူးကျော်လာတဲ့ တရုတ် ကူမင်တန်တပ်တွေဖြစ်ပါတယ်။ ကူမင်တန်တပ်တွေကို တိုက်ထုတ်ရာမှာ ဗမာ့တပ်မတော် ဟာ အရင်းအနှီးတွေ အများကြီးပေးခဲ့ရပါတယ်။နောက်ပြီး တိုက်ပွဲတွေကလဲ ပြင်းထန်ခဲ့ပါတယ်။ အကျိုးရလဒ်ကတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝလာပြီး ခိုင်မာတဲ့ တပ်မတော် ဖြစ်လာခြင်းပါပဲ။

၁၉၅၀ ခုနှစ်များကုန်ခါနီးကာလတွေမှာ တပ်မတော်ဟာ ဗမာပြည်ရဲ့ အရပ်သားအစိုးရစနစ်ကို တိုင်းပြည် အေးချမ်း တည်ငြိမ်မှုအတွက် ရန်သူအဖြစ် စမြင်လာပါတယ်။ တပ်မတော်ကို ခိုင်မာအောင်၊ ပိုပြီးအင်အားကြီး လာအောင်၊ အယူအဆ ရင့်ကျက်လာအောင်၊ နိုင်ငံရေးထဲ ထိုးဖောက်ဝင်ရောက်လာအောင် လုပ်ပေးနေတဲ့ ဖန်တီးမှုတွေကို ကာလဟန်က ကျွမ်းကျွမ်းကျင်ကျင် ဖော်ထုတ်ပြထားတာဟာ ဖတ်လို့ အလွန် စိတ်ဝင်စား စရာကောင်းလှပါတယ်။

စစ်တပ်အတွင်းမှာ ဖြစ်ပွားလာတဲ့ အယူအဆကွဲပြားမှုတွေ၊ ဒေသအာဏာနဲ့ ဗဟိုအာဏာအကြား ပဋိပက္ခဖြစ်မှုတွေ၊ တပ်မတော်ရဲ့လူမှုရေး စီးပွားရေး နိုင်ငံရေးအာဏာများ ကြီးထွားလာမှုတွေကြောင့် ဖြစ်လာတဲ့ တင်းမာမှုတွေဟာ လက်ရှိစစ်အုပ်ချုပ်ရေးအတွက် အရေးပါတဲ့ နောက်ခံအကြောင်းအရာတွေ ဖြစ်ပါတယ်။

ကာလဟန် လေ့လာတွေ့ရှိတဲ့ နောက်လမ်းကြောင်းတခုကတော့ တပ်မတော်အတွင်းမှာ အတွင်းစည်းနဲ့ အပြင်စည်းအကြား တင်းမာမှုတွေ ထပ်ပြန်တလဲလဲ ဖြစ်နေတဲ့ကိစ္စပါ။ ၁၉၅၀ ပြည့်လွန်နှစ်များတုန်းက  ရန်ကုန်အခြေစိုက်စစ်အရာရှိတွေနဲ့ ကူမင်တန်တို့ ကွန်မြူနစ်တို့ကို ရင်ဆိုင်တိုက်နေရတဲ့ တပ်မှူးတွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေဟာ ၁၉၅၈ မှာ အစမ်းသဘော အာဏာသိမ်းတဲ့အဖြစ်နဲ့ ၁၉၆၂ မှာတော့ တကယ်အာဏာသိမ်းမှုကို တွန်းပို့ခဲ့ပါတယ်။

၁၉၆၀ ကနေ ၁၉၈၀ ခုနှစ်များအတွင်းမှာ နောက်မျိုးဆက် သစ်တွေဖြစ်တဲ့ ရှေ့တန်းက အရာရှိတွေဟာ ဗိုလ်ချုပ်နေဝင်းရဲ့ မနူးမနပ်ဆိုရှယ်လစ်စံနစ်နောက်ကို လိုက်နေကြတဲ့  ရန်ကုန်က အထက်အရာရှိတွေကို စောင့်ကြည့်နေခဲ့ကြတယ်။ တချိန် တည်းမှာပဲ လူသာများများရှိရင် တပ်မတော်ကို တိုက်နေတဲ့ သူပုန်တွေကို အပြတ်ဖြိုခွဲပစ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေ ခဲ့ကြတယ်။ အဲဒီအရာရှိအများစုဟာ ၁၉၈၈ ခုနှစ်မှာ အာဏာရလာတဲ့ သူတွေ ဖြစ်လာပါတယ်။ ၁၉၉၀ ခုနှစ်များအတွင်း မှာတော့ ဆင်တူပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ အဝေးမှာရှိတဲ့ တပ်မှူးတွေကို ထိန်းချုပ်ဖို့နဲ့ သစ္စာခံမှုကို ပြန်သတိ ပေးဖို့ လိုတဲ့ ပြဿနာတွေပါ။

ကြိုတင်ခန့်မှန်းတဲ့အတိုင်းပါပဲ။ မြို့ပေါ်နဲ့ ရှေ့တန်းက တပ်မတော်အရာရှိတွေကြားမှာ မကျေနပ်ချက်တွေ ဖြစ်ကြပါတယ်။  ဒီလိုပဋိပက္ခတွေဟာ ဗမာပြည်ရဲ့ရှေ့ရေးအကြောင်း ပတ်ပတ်နပ်နပ်ဆွေးနွေးငြင်းခုန် ရာကနေ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ စစ်တိုင်ဒေသ ၁၂ ခုအတွင်း လုပ်ပိုင်ခွင့်အတိုင်းအတာနဲ့ ပတ်သက်ပြီး ငြင်းခုန်ရာကနေ ပေါ်ပေါက်လာ ခြင်းသာ ဖြစ်ပါတယ်။

တဖြေးဖြေး တိုးပွါးသထက်တိုးပွါးလာနေတဲ့ ရာဇဝတ်မှုမကင်းတဲ့ စီးပွါးရေးလုပ်ငန်းတွေကနေ ရလာတဲ့ နေ့ချင်းညချင်း ကြွယ်ဝချမ်းသာလာမှုတွေကို အရာရှိကြီးတွေက အပိုင်စား ရရှိခံစားနေကြရချိန်မှာ ရှေ့တန်းမှာ ရောက်နေကြတဲ့ သူ့ရဲ့ လက်အောက်က အရာရှိငယ်တွေနဲ့ သာမန်အကြပ်တပ်သားတွေမှာတော့ ကျေးလက်တောရွာက ကြက်တွေကို ခိုးယူ စားသောက်နေကြရတယ်။ ကိုယ့်စားဖို့သီးနှံကို ကိုယ့်ဖာသာ စိုက်ပျိုးနေကြရတယ်။ ဘိန်းခင်းတွေကို ကာကွယ်စောင့် ရှောက်ပေးတဲ့နည်းနဲ့ အပိုဝင်ငွေရှာနေကြရပါတယ်။ ပညာအတတ်ဆုံး၊ လုပ်ချင်တာ လုပ်ခွင့်အရဆုံး နဲ့ နိုင်ငံရေးအမြင် အနည်းဆုံးလို့ ပြောရမယ့် စစ်တပ် အရာရှိဆိုသူ တွေဟာ သူတို့လက်အောက်က လူတွေကိုရော ပြည်သူလူထု တရပ်လုံး ကိုပါ အထင်သေး အမြင်သေးနဲ့ ဆက်ဆံနေကြပါတယ်။ ရန်သူစာရင်းတွေက များသထက် များလာနေပါတယ်။ ဒါပေမယ့် သူတို့ပုံကတော့ ပြောင်းမယ့်ပုံမရဘူး။

မေရီ ကာလဟန်ဟာ  အနုပညာမြောက်တဲ့စာအုပ်တအုပ်ကို ဖန်တီးလိုက်တာဖြစ်ပါတယ်။ကော်နဲလ် တက္ကသိုလ်က သူရဲ့ နာမည်ကြီး ပါရဂူဘွဲ့ယူစာတမ်းကို ၁၃ နှစ်တာ ထပ်မံ ရှာဖွေစုဆောင်းထားတဲ့ ကွင်းဆင်းလေ့လာချက်တွေ၊ သူရေးသားခဲ့တဲ့ ဆောင်းပါးတွေနဲ့ ရောစပ်အားဖြည့်ထားပါတယ်။

ကာလ်ဟန်ဟာ ၁၉၉၀ခုနှစ်များအစောပိုင်းမှာ သုတေသနလုပ်ခဲ့စဉ်အတွင်း တပ်မတော်မော်ကွန်းတိုက်တွေ၊ အငြိမ်းစား စစ်အရာရှိတွေ၊ တချိန်က “ရန်သူ”ဖြစ်ခဲ့သူတွေ၊ မြန်မာအရပ်သားတွေကို ချဉ်းကပ် လေ့လာခဲ့ပါ တယ်။ ဒီလိုနဲ့ ကာလ်ဟန်ဟာ မြန်မာ့အရေးသုတေသနလုပ်ငန်းအတွက် မြင့်မားတဲ့ စံတခုကို ချခဲ့ပါတယ်။ ရန်သူများကိုဖန်တီးခြင်း စာအုပ်ဟာ မြန်မာအရေးကို စိတ်ဝင်စားသူတိုင်းအတွက် အလွန်အရေးပါတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။     ။

(၂၀၀၄ ခုနှစ် မေလထုတ် ဧရာဝတီမဂ္ဂဇင်းမှ  David Scott Mathieson  ၏ The Enemy Within ကို ဆီလျော်အောင် ပြန်ဆိုပါသည်)

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်