အမှောင်ခေတ်ကို ဦးတည်၍ မြောက်ကိုရီးယားကို လက်ကမ်းကြိုဆိုလျှက်

မိမိတို့အနေနှင့် နိုင်ငံတော်အေးချမ်း သာယာရေးအတွက် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်လျက်ရှိရာ .. ယခုလက်ရှိတွင် တိုင်းပြည် သာယာရေးအတွက် အဖျက်အမှောင့်ဖြစ်သည့်

ကြွက်များ၏ အမြီးများကို မီးရှို့ ဖျက်ဆီးပြီးဖြစ်ကြောင်း ..၊ ထိုသို့ အမြီးများကို မီးရှို့ဖျက်ဆီးလိုက်သော်လည်း မည်သည့် အမြီးပြတ် ကြွက် တကောင် တမြီး ကမှ ကွန်ပလိန်းမတက်ကြောင်း ..

“ဟာ ဟုတ်သေးပါဘူး … ” “ဗျစ်”

ပြန်ကြားရေးဝန်ကြီး ဆော်ကြမ်းတယောက် သတင်းစာဆောင်းပါးတပုဒ်ကို အာရုံဝင်စားစွာ ရေးသားနေခြင်း ဖြစ်သည်။ တိုင်းပြည်ခေါင်းရှောင် ချိုကုပ်ဒူးကြီး၏ ညွှန်ကြားချက်ကြောင့်သာ ရေးနေရခြင်းဖြစ်သော်လည်း ဘယ်က ဘယ်လို စ ရေးရမှန်းမသိ ဖြစ်နေသည်။ ရေးလိုက်၊ စာရွက်များကို ဆုတ်လိုက်နှင့် တခန်းလုံးလည်း မွစာကြဲနေသည်။ “ဗျစ်” ဆိုသော အသံမှာ စာရွက် ဆွဲဆုတ်သံဖြစ်သည်။ ဆော်ကြမ်းမှာ ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း ဘောပင်ကို ပြန်ကိုင်လိုက်စဉ် ..

“ဝုန်း”

ဆော်ကြမ်း။     ။ အောင်မယ်လေး .. ပြိုသွားတဲ့ ဓနုတ်ဘုရားကြီးကယ်ပါ ..။ ဟင် ခင်ဗျား .. ခင်ဗျားက ဘယ်ဇာတ်ထဲကလဲ ..။ ဒီလောက်လုံခြုံရေးတွေ ချထားတဲ့ကြားက ဘယ်က ဘယ်လို ရောက်လာတာလဲဗျ။

ဆော်ကြမ်း၏ အမေးကို ထို အရာက ပြန်မဖြေသေးဘဲ တဟဲဟဲ ရယ်နေသည်။ ပြီးမှ “မကြောက်ပါနဲ့ ဗျာ .. ကျုပ်က ချင်းမိုင်ရုက္ခစိုးပါ” ဟု ဖြေလိုက်သည်။

ဆော်ကြမ်း။     ။ ဘာလာလုပ်တာလဲဗျာ။ ခင်ဗျားကို ဧည့်ခံဖို့ ကျုပ်မအားသေးဘူး .. ဒီမှာ သတင်းစာ ဆောင်းပါး တပုဒ်ရေးဖို့အရေး ခေါင်းခြောက်နေတယ်။ ဒီည ဒက်လိုင်းဗျ။ မပေးလို့ မဖြစ်တော့ဘူး။

ရုက္ခစိုး။     ။ မပူပါနဲ့ဗျာ .. ကျုပ်ဝိုင်းကူ စဉ်းစားပေးမယ်။ တာတေဆိုတဲ့ကောင် ပေါက်တတ်ကရတွေ ရေးသမျှ ကျုပ်နဲ့ ဟိုကောင် ဖိုးရှုပ်တို့ ကြွက်စုတ်တို့ ကုန်ကြမ်းတွေပေးနေတာ ချည်းပဲ။ သူ့စိတ်ကူး ဘာမှ ပါတာမဟုတ်ဘူး။

ဆော်ကြမ်း။     ။ ဟုတ်လား .. ဒါဆိုလည်း လုပ်စမ်းပါဗျာ ..။ အားကိုးပါတယ်။

ရုက္ခစိုး။     ။ ခင်ဗျားက ဘယ်လို အကြောင်းအရာ ရေးချင်တာလဲ ပြောဦးလေ။

ဆော်ကြမ်း။     ။ ကျုပ်ဆောင်းပါးက ဘယ်သူနဲ့မှ မတူချင်ဘူးဗျာ ..။ ဟို ဂျာနယ်လစ်ဆိုတဲ့ အကောင်တွေကို လည်ပင်းညှစ်ပြီး ရေးခိုင်းနေရတာ သိပ်အလုပ်မဟုတ်တော့ဘူးဗျ။

ရုက္ခစိုး။     ။ ဒီလူတွေပဲ ခင်ဗျားတို့ရေးစေချင်နေတာတွေ ရေးပေးနေတာပဲ မဟုတ်ဘူးလား။ ဖားမင်းဆွေတို့ ကျော်ငရဲမင်းတို့ဆို အတော်လေး အဆဲခံရတာပဲဟာ၊ အောင်မြင်တယ် တယ်လို့ ဆိုရမှာပေါ့။

ဆော်ကြမ်း။     ။ ဟုတ်တော့ဟုတ်တယ်လေဗျာ ..။ ဒါပေမယ့် သူတို့က အခွင့်အရေး လိုချင်လို့ရယ်၊ ကြောက်လို့ရယ် ရေးတာဆိုတော့ စေတနာ မပါဘူးဗျ။ အဲဒါကြောင့် ချိုကုပ်ဒူးကြီးက ကျုပ်ကို ဒီတပတ် ကိုယ်တိုင်ရေးပါတဲ့။ ရှက်ရှက်နဲ့ ဝန်ခံရရင် ကျုပ်ကလည်း ပြန်ကြားရေး ဝန်ကြီးဆိုတဲ့ နာမည်သာခံထားတာ .. ဟီဟိ .. စာက သိပ်ရေးတတ်တာ မဟုတ်ဘူးလေ။

“လုံးလုံး မရေးတတ်ဘူးလို့သာ ပြောလိုက်စမ်းပါဗျာ” ဟု ဦးရုက္ခစိုးက စိတ်ထဲက ပြန်ပြောလိုက်သည်။

ဆော်ကြမ်း။     ။ ဒါပေမယ့်လည်း မရေးတတ်ဘူး ပြောရမှာ ရှက်စရာကြီးဗျ။ ဒါကြောင့် အကောင်းဆုံး ရေးပေးမယ်လို့ ပြောခဲ့တယ် .. ။ တယောက်ယောက်ဆီက ခိုးချသင့်ရင် ခိုးချမယ်လေ။ သိတယ်မဟုတ်လား ကျုပ်က ဒါမျိုးတော့ မျက်နှာက ပြောင်ပြီးသားပဲ။

ဦးရုက္ခစိုး။     ။ ခင်ဗျားမျက်နှာပြောင်တာတော့ ဟိုတခါ မျောက်က ကပြပြီးကတည်းက သိပြီးသားပါဗျာ။ ရေးချင်တာတွေ ဆက်ပါဦး။

ဆော်ကြမ်း။     ။ ဟုတ်သားပဲ။ ကျုပ်ဆောင်းပါးထဲမှာဗျာ နိုင်ငံတော် အေးချမ်းသာယာရေးကို နှောင့်ယှက် ဖျက်ဆီး သူတွေကို တိုက်ခိုက်တာလည်း ပါချင်တယ်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပြီးစီးတာတွေလည်း ပါချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က သူ့အပြစ်နဲ့ သူ ခံရတယ် ဆိုတာလည်း ပါချင်တယ်၊ စပါးအထွက်တိုးတာလည်း ပါချင်တယ်၊ ဝက်တုပ်ကွေးကာကွယ်ဖို့ လက်ဆေး ခိုင်းတာလည်း ပါချင်တယ်။

ဦးရုက္ခစိုး။     ။ ဒါပဲလား။

ဆော်ကြမ်း။     ။ နေဦး လာဦးမယ်လေ။ ရေနွေးကြမ်းသောက်ခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်ရာ ရောက်တဲ့ အကြောင်းလည်း ပါရမယ်၊ နောက် အမေရိကန်ကိုလည်း နည်းနည်း ကလော်တုတ်ချင်တယ်ဗျာ။ ဒါမှ ကျုပ်တို့ ချိုကုပ်ဒူးကြီး သဘောကျမှာ။ အာဆီယံက ကျုပ်တို့ကို ဖိုက်နေတာကို မကျေနပ်တာလည်း ပါချင်တယ်၊ တရုတ်ကြီး တို့အဖွဲ့ ဓာတ်ငွေ့တွေ ဝယ်တာကို ကျေးဇူးတင်ကြောင်းလည်း ပြောချင်တယ်၊ မြောက်ကိုရီးယားမှာ နျူကလီးယား စမ်းသပ်တာကို ကြိုဆိုတဲ့အကြောင်းလည်းပါချင်တယ် ..။ မကြာခင် လျှပ်စစ်မီး ပုံမှန် ပြန်ရကောင်း ရနိုင်တယ် ဆိုတာလည်း …။

ရုက္ခစိုး။     ။ ဟိုးထား .. ဟိုးထား .. ခင်ဗျားဟာက သိပ်များနေပြီ .. တခုချင်းစဉ်းစားရင်ကောင်းမယ်ဗျာ။ နောက်ပြီး မဖြစ်နိုင်တာတွေချည်းပဲ။

ဆော်ကြမ်း။     ။ မဖြစ်နိုင်တာကို လျှောက်ပြောတာကိုက ကျုပ်တို့ ချိုကုပ်ဒူးကြီးရဲ့ လမ်းစဉ်ပဲလေဗျာ။ Mission impossible ဆိုတာ ချိုကုပ်ဒူးကြီးက စတာဗျ။ ဘာပဲဖြစ်ဖြစ် ရအောင်ရေးမယ် .. ကူညီစမ်းပါ ဦးရုက္ခစိုးရာ။ ကျေးဇူးမမေ့ပါဘူး၊ ခင်ဗျားအတွက် ပါမစ် တခုရအောင် ကျုပ် ပြောပေးပါမယ်။

ရုက္ခစိုး။     ။ တော်ပါပြီဗျာ .. ခင်ဗျား ပါမစ်လည်း မလိုချင်ပါဘူး .. ဆက်စမ်းပါဦး။

ဆော်ကြမ်း။     ။ ခုတလော ခေတ်စားနေတဲ့ ကြက်ဥအတုရယ်၊ ဟို မောင်ဂျောင်းဆိုတဲ့ကောင် အရူးချီးပန်း လျှောက်ပြောတဲ့ အလွတ်မကျက် ပညာရေးရယ်။ ဒီကောင်ပြောတာ ကျုပ်ကသိပ်တော့ နားမလည်ဘူးဗျ ဘာတွေမှန်းလဲ မသိဘူး။ ကျုပ်က ဘုန်းကြီး ကျောင်းမှာ အလွတ်မကျက်လို့ ဆရာတော် ကြိမ်နဲ့ဆော်တာပဲ သိတာ။

ရုက္ခစိုး။     ။ ဒါကတော့ဗျာ .. သူလည်း ကြားဖူးနားဝလေးတွေ လျှောက်ပြောတာ နေမှာပေါ့။ ခင်ဗျားတောင် မီဒီယာကို မီဒီယာနဲ့ တိုက်မယ် အော်သေးတာပဲ။ သူလည်း ရွေးကောက်ပွဲဝင်ဖို့ ဒီလောက်တော့ အော်ပေးမှ ဖြစ်မှာပေါ့။

ပြောရင်း ဦးရုက္ခစိုးက ဘေးတွင်ကျနေသော စာရွက်ပိုင်းတခုကို ကောက်ကိုင်ကြည့်လိုက်သည်။

ရုက္ခစိုး။     ။ ဘာတဲ့ .. ကြွက်မြီးတွေ မီးရှို့ဖျက်ဆီးတယ် ဆိုပါလား .. တခါမှ မကြားဖူးပါဘူး ..။ သြော် သိပြီ .. ဒါကြောင့် အမြီးမပါတဲ့ ကြွက်တွေကို မြို့ထဲမှာ ရုတ်ရုတ်ရုတ်ရုတ် လုပ်နေတာ တွေ့ရတာကိုး။

ဆော်ကြမ်း။     ။ ဟာ .. အဲဒါက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချသယောင်ယောင် လုပ်မယ့်နေ့မှာ လုံခြုံရေး ယူထားတဲ့ ရဲတွေပါဗျ။ ကျုပ်ရေးထားတာက တကယ့်ကြွက်တွေ။ ဧရာဝတီတိုင်းမှာ စပါးအထွက်တိုးအောင် ကြွက်မြီး မီးရှို့ ပြိုင်ပွဲ ကျင်းပပေးတာ။

ရုက္ခစိုး။     ။ သြော် အဲဒီလိုလား ..။ ဒါနဲ့ ဘာလို့ တကောင်လုံး မရှို့ဘဲ အမြီးချည်းပဲ ရှို့တာလဲ။

ဆော်ကြမ်း။     ။ ဟာ ကြွက်ဈေးကောင်းတယ်လေ။ တကောင်လုံး ရှို့လိုက်ရင် ဂျန်းဂဲ သမားတွေ ဘယ်ကျေနပ်ပါ့မလဲ။ အင်း .. ရွာကိုတောင် သတိရလာပြီ။ ထန်းရည်လေးနဲ့ လယ်ကြွက်ကြော်လေးများ မြည်းလိုက် ရရင် .. ရှလွတ်။

ရုက္ခစိုး။     ။ ဟာ .. ပြောရင်းက ချော်တောငေါ့ပြီ။ ခင်ဗျားဟာက ကြွက်အခွင့်အရေး လှုပ်ရှားသူတွေ သိရင် မလွယ်မယ့် အပေါက်ကြီး။ ဘာပဲဖြစ်ဖြစ်ပါလေ .. ကဲ ကဲ ခင်ဗျား လိုက်ရေးဖို့ပြင် ကျုပ်မြှောက်ပေး .. အဲ ခေါ်ပေးမယ် ..ဟုတ်ပြီလား။

ဦးရုက္ခစိုးစကားကြောင့် ဆော်ကြမ်း အားတက်ကာ ဘောပင်ကို အဆင်သင့် ကိုင်ထားလိုက်သည်။

ရုက္ခစိုး။     ။ မိမိတို့အနေနှင့် တိုင်းပြည် တည်ငြိမ်ရေးကို လိုလားသောကြောင့် ကြွက်မြီးများကို မီးရှို့ကာ အမေရိကန်ကို မှန်မှန် ဆဲနေကြောင်း၊ ရေနွေးကြမ်း သောက်ခြင်းသည် ကင်ဆာကို ကာကွယ်ရာ ရောက်သကဲ့သို့ မြောက်ကိုရီးယား ကို ဘုရားကဲ့သို့ ကိုးကွယ်ခြင်းဖြင့် အနောက်နိုင်ငံများ၏ အန္တရာယ်မှ ကာကွယ်ရာ ရောက် ကြောင်း ..။

ဆော်ကြမ်း။     ။ ဟိုးဒင်း .. ဦးရုက္ခစိုး နည်းနည်းတော့ လွဲနေပြီ ထင်တယ်ဗျ။

ရုက္ခစိုး။     ။ မလွဲဘူးလေဗျာ .. ဒါ ရူပက အလင်္ကာ နည်းကို သုံးထားတာ။ ဆက်ခေါ်မယ် .. ရေး ..။ မိမိတို့ အနေနှင့် ဝက်တုပ်ကွေးကို ကာကွယ်ရန် စားအုန်းဆီဖြင့် လက်ဆေးခြင်းကို အထူး စမ်းသပ်နေကြောင်း၊ ကြက်ဥ ကို ကြော်စားကြည့်ခြင်းဖြင့် အတုအစစ် ခွဲခြားလျှက်ရှိရာ ကြက်ဥပေါင်း ၁ သန်း၊ ၃ သိန်း၊ ၄ သောင်း၊ ၆ ထောင်၊ ၈ ရာ ၈ ဆယ့် ၂ လုံးတိတိ ကြော်စားပြီးသော်လည်း အတုကို မတွေ့သဖြင့် ဆက်လက်ကြော်စားရန် ရည်ရွယ် ထားကြောင်း။

ဆော်ကြမ်း။     ။ ဟာ .. ဒါကတော့ နည်းနည်း လွန်နေပြီထင်တယ်ဗျ။

ရုက္ခစိုး။     ။ စားအုန်းဆီထဲမှာ ဆပ်ပြာတွေ ဖျော်ထည့်ကြတယ် မဟုတ်လား .. အဲဒီတော့ စားအုန်းဆီနဲ့ လက်ဆေးလို့လည်း ရရမှာပေါ့။ ကြက်ဥကတော့ အတိသယ ဝုတ္တိနည်းကို သုံးပြီး ရေးထားတာလို့ပြော .. ဟုတ်ပြီလား။ ကဲ ဆက်ခေါ်မယ် .. မိမိတို့အနေနှင့် စာအလွတ်ကျက်ရသောကြောင့် ပင်ပမ်းနေသော ကျောင်းသားများကို ငဲ့ညှာသောအားဖြင့် မည်သည့် ကျောင်းသားမှ စာအလွတ်မကျက်ရဟု စေတနာ ရှေ့ထားကာ အမိန့်ထုတ်ပြန်ခဲ့ကြောင်း ..။ ထိုသို့ ပြည်သူများအပေါ် စေတနာမြောက်များစွာ ထားနေသော် ငြားလည်း ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်နေကြောင်း..။

ဆော်ကြမ်း။     ။ ဒါတော့ သဘောကျတယ်ဗျာ။ ရပြီ .. ရပြီ ကျုပ်ဆက်ရေးလိုက်မယ်။ ကြားထဲမှာ အမေရိကန်ကို တခေါက်လောက် ထပ်ကလော်တုတ်မယ်ဗျာ .. ပြီးရင် .. နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ တခွန်းပြောမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဟိုလိုလို ဒီလိုလို လုပ်လိုက်မယ်၊ စီးပွားရေး ပိတ်ဆို့လို့ ပြည်သူတွေ ဆင်းရဲနေတာလို့ ပြောမယ် ..။ ဆူပူမယ်မကြံနဲ့ ထောင်ထဲဖမ်းထည့်လိုက်မယ်လို့ ခြိမ်းခြောက်မယ် ..၊ ပြီးမှ လျှပ်စစ်မီးတွေ မှန်တော့မယ်လို့ အချိုပြန်သတ်မယ် … အမယ် တယ်တော်တဲ့ ငါပါလားဟ။

ဆော်ကြမ်းကား ဦးရုက္ခစိုးကို မေ့သွားလေပြီ … ။ ရေးရင်းရေးရင်း သူရေးနေသမျှတိုင်းကို အမှန်များဟု ထင်ကာ အားတက်သရော ဆက်ရေးနေတော့သည်။

မိမိတို့ အနေနှင့် … မိမိတို့ အနေနှင့် .. မိမိတို့ အနေနှင့် .. မိမိတို့ အနေနှင့် ..။

မှတ်ချက်။     ။ ဆောင်းပါးရှင် “ဆော်ကြမ်း” ၏ “အမှောင်ခေတ်ကို ဦးတည်၍ .. မြောက်ကိုရီးယားကို လက်ကမ်း ကြိုဆိုလျှက်” အမည်ရှိ အခန်းဆက် သတင်းစာဆောင်းပါးကြီးကို မြန်မာ့အမှောင်သတင်းစာတွင် စောင့်မျှော် ဖတ်ရှုကြပါကုန်။

 

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။ 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်