မောင်ပြူး (မတရားသဖြင့်) ရဲ့ အပြီးသတ် ရိုက်ချက်

“ဝူ … ဝယ် …”
 “ဒုန်း .. ဒုန်း .. ဒုန်း ..”
“ဒီလိုကိစ္စမျိုးတွေရှိလား .. ဝမ်ချောင်၊ မာဟန့်၊ ကျန်းလုံ၊ ကျောက်ဟူ .. ခွေးခေါင်း ဓားစက်ပြင်”
“ရူးချင်ယောင် ဆောင်မနေနဲ့ .. ရူးချင်ယောင် ဆောင်မနေနဲ့”
“အောင်မလေး .. ကင်မ်ဂျုံအီး ကယ်ပါ”

ပြည်သူ့တရားရှင် ပေါင်ချိန် ဇာတ်လမ်းတွဲကို စိတ်ပါဝင်စားစွာ ကြည့်နေသော ချိုကုပ်ဒူးကြီးတယောက် ရုတ်တ ရက် ဝင်လာသည့် “ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုသော သူ့ လက်ကိုင်ဖုန်းသံကြောင့် လန့်သွားခြင်း ဖြစ်သည်။
ဖုန်းက ပြည်ထဲရေးဝန်ကြီး မောင်ပြူးဆီမှဖြစ်သည်။

ချိုကုပ်။         ။ ဘယ်လိုလဲဟေ့ မောင်ပြူး။

ပြူး။         ။ တရားသူကြီးတွေကတော့ လုပ်ချလိုက်ပြီ ချိုကုပ်ဒူးကြီး။ ထောင်ဒဏ် ၃ နှစ်ကြီးများတောင်တဲ့ .. အဟင့် .. အဟင့် .. ရွှတ် .. သနားပါတယ် .. ချိုကုပ်ဒူးကြီးရယ် .. ကယ်ပါ .. ချိုကုပ်ဒူးကြီး ..။ ချိုကုပ်ဒူးကြီး ကယ်ပါ။

ချိုကုပ်။         ။ ဟယ် .. ငပြူး .. ငါကကယ်ပါ မဟုတ်ဘူး။ နင်သာ သူတောင်းစား။ အချင်းချင်းတွေရှေ့ ဟန်လုပ် ငိုမနေနဲ့။ ပြန်ပြောစမ်း ထောင်ဒဏ် ၃ နှစ်တောင်ချလိုက်တယ် ဟုတ်လား။ ဘုရား .. ဘုရား။

ပြူး။         ။ ဟုတ်ကဲ့ပါခညာ (“သူလည်း ဟန်လုပ်ပြီး စိုးရိမ်ပြနေတာပဲဟာ” ဟုစိတ်ထဲက ပြောလိုက်သည်)

ချိုကုပ်။          ။ တောက် ရိုင်းလိုက်လေ .. ။ တို့ဗိုလ်ချုပ်ရဲ့ သမီးကိုများကွာ။ ဒီလိုကိစ္စမျိုးတွေရှိလား။

ပြူး။         ။ ရှိပါတယ် ချိုကုပ်ဒူးကြီး။

ချိုကုပ်။           ။ ဝမ်ချောင်၊ မာဟန့်၊ ကျန်းလုံ၊ ကျောက်ဟူ .. ဟာ .. မှားကုန်ပြီ။ ငါမှ မကယ်ရင်တော့ .. ကောင်မလေးအတွက် စိုးရိမ်စရာပဲ။ ငါ အမြန်ကယ်မှဖြစ်မယ်၊ တို့ မတရားစီရင်ရေးအရ ဘယ်လိုပဲ အပြစ်မရှိ သူကို ကြံဖန်ပြီး ပြစ်ဒဏ်ချမှတ်ရတယ်ဆိုဆို .. ဗိုလ်ချုပ်သမီးဆိုတဲ့ မျက်နှာတော့ ထောက်သင့်တာပေါ့ ..၊ ဟုတ်တယ် မဟုတ်လား။

ပြူး။           ။ ထောက်သင့်ပါတယ် ချိုကုပ်ဒူးကြီးခင်ဗျာ။

ချိုကုပ်။            ။ အေးအေး .. ဒီတော့ ငါ အရင်ကတည်းက မင်းကိုကြိုပြောထားတဲ့အတိုင်း .. အဲလေ ယောင်လို့ .. ငါ စာချွန်လွှာချက်ချင်း ပို့လိုက်မယ်။ 

ပြူး။           ။ ဘယ်လိုပို့မှာလဲဟင်။ ခြေမြန်တော်နဲ့ဆိုရင် နောက်နေ့ မိုးလင်းတာတောင် ရောက်မှာ မဟုတ်ဘူးလေ။ လမ်းတွေကလည်း မကောင်း၊ အီးမေးလ်နဲ့ဆိုရင်လည်း MPT က လိပ်ထက်တောင် နှေးတာ ဆိုတော့။

ချိုကုပ်။         ။ တော်တော့ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်။ (အသံကိုနှိမ့်၍) ငတုံး .. မင်းကို ငါ အစောကြီးကတည်းက အဲဒီစာရွက်ပေးထားပြီးသားလေ။

ပြူး။            ။ ဟာ .. ဟုတ်ကဲ့ သိပါပြီ .. သိပါပြီ .. ဟဲဟဲ။

ချိုကုပ်။         ။ သိရင်ဆက်လုပ်။ ဒီမှာ ပေါင်ချိန်ကြီး ကောင်းခန်းရောက်နေပြီ။ ခဏနေရင် ခွေးခေါင်းဓားစက်နဲ့ ခေါင်း ဖြတ်တော့မယ်။

ပြူး။           ။ ချိုကုပ်ဒူးကြီးကိုလား ဟင်။

ချိုကုပ်။         ။ အေး .. နိုင်ငံတကာ စစ်ခုံရုံးတင်တဲ့ အခါကျရင်ပေါ့ကွာ ..။ ဟာ .. နိမိတ်မရှိ နမာမရှိ .. ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ကဲ ငပြူး အမြန် လုပ်တော့လေ .. တော်ကြာ လူတွေက ပြီးပြီထင်ပြီး ထပြန်ကုန်ဦးမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ်အမိန့်ချမှတ်သည့် အင်းစိန်ထောင် တရားရုံးထဲတွင် ဦးရုက္ခစိုး ရောက်နေ သည်။ တရားသူကြီးများက ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်နေစဉ် ပြည်ထဲရေး ဝန်ကြီး မောင်ပြူးနှင့် ကြပ်ပြေး နေပြည်တော်ရှိ ချိုကုပ်ဒူးကြီးတို့ ဖုန်းဖြင့် အပြန်အလှန် ပြောနေကြ သည်ကို ဦးရုက္ခစိုးကြီး အတိုင်းသား ကြားနေရခြင်းဖြစ်သည် (သူက နတ်ကိုး)။ မောင်ပြူးက ဖုန်းချပြီး မျက်နှာ သေလေးနှင့် တရားခွင် ဘက်ကို ပြန်လှည့်လိုက်သည်။

ပြူး။          ။ ခဏနေကြပါဦးခင်ဗျာ .. ပွဲက မပြီးသေးပါဘူး .. ဒါ မတရားတာပါ။ ဒီလို မတရားမှုမျိုးကို .. ကျနော်တို့ ချိုကုပ်ဒူးကြီးက လုံးဝ လက်ပိုက်ကြည့်မနေပါဘူး။ အားလုံးပြန်ထိုင်ကြပါ။

ရုက္ခစိုး။          ။ တရားသူကြီးက အမိန့်ချပြီးပြီလေဗျာ။ ပြီးပြီမဟုတ်ဘူးလား။

ပြူး။            ။ ခင်ဗျားက ဘယ်သူလဲ .. ။ ဘယ်သူဖြစ်ဖြစ် ဒီမှာ ချိုကုပ်ဒူးကြီးရဲ့ စာချွန်လွှာကို ဖတ်မလို့ ငြိမ်ငြိမ် နားထောင်ပေးပါ။

မောင်ပြူးက အဆင်သင့်ရှိပြီးသား စာရွက်ကိုဖြန့်ကာ ဟန်ပါပါ မျက်လုံးဝင့်၍ ကြည့်လိုက်သည်။ ပြီးတော့ အံ့သြ သည့်ဟန်ပါးစပ်အဟောင်းသား ပွင့်၍ …

ပြူး။             ။ ဟာ .. ကြည့်စမ်း ကြည့်စမ်း .. ကျုပ်တို့ ချိုကုပ်ဒူးကြီးရဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ ကြင်နာသနား တတ်ပုံကတော့ သြချလောက်တယ်ဗျို့ .. သိပ် သိပ်ကို တော်တာပဲ ချိုကုပ်ဒူးကြီးရယ် ..။

ရုက္ခစိုး။          ။ ခင်ဗျားက စာဖတ်မှာလား ဘုန်းတော်ဘွဲ့ ရွတ်မှာလား။

ပြူး။         ။ နေဦးလေ .. ဒါက အင်ထရိုလေး ခင်းတာ။ ဒီလိုမှပဲ ကျုပ်တို့ ချိုကုပ်ဒူးကြီး ဘယ်လောက် ကရုဏာ တော်ကြီးမြတ်တယ် ဆိုတာ လူသိမှာပေါ့။ ခုနက ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ထောင်ချ ထားတဲ့ တရားသူကြီးတွေ ဘယ်ရောက်ကုန်ကြပြီလဲ။ တောက် .. ချိုကုပ်ဒူးကြီး မေတ္တာစိတ် ကြီးမားပေလို့ပေါ့ဗျာ .. ကြည့်ပါဦး .. ထောင်ဒဏ် ၃ နှစ်မချတော့ဘူးတဲ့ဗျား .. နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲပဲ ထားတော့မယ်တဲ့ .. ဟာ .. တကယ်ကို ဝမ်းမြောက် ဂုဏ်ယူစရာ ကောင်းတဲ့ အဖြစ်ပါပဲ။

ပြောရင်း ဒူးထောက်ကာ အပေါ်သို့မော့၍ လက်နှစ်ဘက်ကို မြှောက်ရင်း “အားလုံးကိုယ်စား ဘုန်းတော် ကြီးမြတ်လှတဲ့ ချိုကုပ်ဒူးကြီးကို ကျေးဇူး တင်ပါတယ်ခင်ဗျား ..” ဟု အော်လိုက်ရာ စောင်ခေါင်းမြီးခြုံ၍ ငိုက်နေသော မစ္စတာ ယက်ထော လန့်သွားသည်။

ဦးရုက္ခစိုး။          ။ သြော် ဘာများလဲလို့ .. ဟိုးအစကတည်းက နေအိမ်အကျယ်ချုပ် သက်တမ်း တိုးပါတယ်၊ ရွေးကောက်ပွဲ လုပ်ပြီးမှ လွှတ်ချင်လွှတ်မယ် ပြောလိုက် ပြီးရော ..။ ခုလို အမှုဆင်နေတော့ ခင်ဗျားတို့လည်း ပင်ပန်း၊ ယက်ထောကြီးလည်း ဆေးရုံရောက်၊ ဘဏ္ဍာတော်တွေလည်း အလဟဿကုန်၊ ဘယ်သူမှ အကျိုးမရှိ။

ပြူး။          ။ ဒါကတော့ဗျာ .. ၊ နေအိမ်အကျယ်ချုပ်ကို သက်တမ်းတိုးတယ် ဆိုရင် ပြစ်ဒဏ် တိုးသွားတယ်လို့ ခံစားသွားရမှာပေါ့။ ထောင်ဒဏ်ချလိုက်ပြီးမှ ထောင်ဒဏ်မဟုတ်တော့ဘူး နေအိမ်အကျယ်ချုပ်လေးပဲ ဆိုရင် သူ့အနေနဲ့ သက်သာသွားတယ်လို့ ထင်သွားမယ်။ ဒါ ချိုကုပ်ဒူးကြီးရဲ့ အကြံဗျ။

ရုက္ခစိုး။           ။ သြော် .. ခင်ဗျားတို့ ချိုကုပ်ဒူးကြီးက မျက်လှည့်ပညာပါ တတ်ပုံရတယ်နော်။

ပြူး။          ။ စုန်း၊ ကဝေ၊ အောက်လမ်းတွေလည်း တတ်တယ် .. အရင်က ၁၂ ပွဲမှာလှည့်ပြနေကျပဲ .. ဟာ ဘာတွေလာပြောနေတာလဲ။

ရုက္ခစိုး။           ။ ဒါနဲ့ ဘာလို့ သူ့အိမ်မှာပဲ ပြန်ထားတာလဲ။ တခြားမှာ ထားလို့ကော မရဘူးလား။

ပြူး။           ။ ရတယ်လေ၊ ဒါပေမယ့် တခြားမှာဆို ဆောက်ရမှာနဲ့ ဘာနဲ့ ထပ်ကုန်နေဦးမယ်။ သူ့အိမ်မှာပဲ ဆိုတော့ လူသားချင်း စာနာထောက်ထားပါတယ်လို့ နိုင်ငံတကာကို လိမ်လို့ကောင်းတာပေါ့။ ပြီးတော့ အရေးကြီးတဲ့အချက်က အိမ်နံပတ် ၅၄ ဆိုတာက ပေါင်းရင် ၉ ရတယ်။ ၉ နဝင်းကျေအောင်လို့ .. ။ ၁၁ ရက် နေ့မှာ အမိန့်ချတယ် ဆိုတာကတော့ ၁၁ မီးငြိမ်းအောင်။

မောင်ပြူးက ပရိသတ်ဘက်သို့ ပြန်လှည့်ကာ သကာအိုးမှောက်ကျသဖြင့် ပုရွက်ဆိတ်တက်နေသော မျက်နှာ ပေးဖြင့် .. “ပရိသတ်ကြီးခင်ဗျား .. ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး .. ချိုကုပ်ဒူးကြီးရဲ့ စေတနာ ဝေဖြာ ပုံကဖြင့် အံ့မခန်း ထူးကဲလွန်းလှပါတယ်” ဟု ပြောလိုက်ရာ ပြီးပြီထင်ပြီး ထပြန်ဖို့ ပြင်သူများ ပြန်ထိုင်ကြရ ပြန်သည်။

ရုက္ခစိုး။             ။ လူတွေကို ထိုင်ထ လေ့ကျင့်ခန်း လုပ်ခိုင်းနေတာလားကွာ ..။

ပြူး။          ။ နေအိမ်အတွင်းမှာ ၁ နှစ်ခွဲ လွတ်လပ်စွာ နေထိုင်ခွင့်ရပြီးချိန်မှာ .. ကျန်တဲ့ ၁ နှစ်ခွဲကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်ပဲ သတ်မှတ်မှာဖြစ်ပါတယ် ခင်ဗျား (ဖြောင်း ဖြောင်းဖြောင်းဖြောင်း)

ပြောရင်း လက်ခုပ်ကို သူ့ဘာသာ တယောက်တည်း တီးလိုက်သည် .. မည်သူတဦးတယောက်မျှ လိုက် မတီးသဖြင့် အနည်းငယ် ကြောင်သွားပြီး စာရွက်ကို မောင်ပြူး ဆက်ဖတ်သည်။

ပြူး။          ။ ဒီလောက် ပျော်စရာကောင်းတာကို ဘယ်သူမှလည်း လက်ခုပ်မတီးဘူး ..။ အဲ .. ဆက်ဖတ်ပါမယ် .. ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး .. အိမ်ထဲမှာ နေစဉ်အတွင်း မြန်မာ့အမှောင်အပါအဝင် စာပေ ကင်ပေ တိုင် ရုံးကို ဖြတ်ပြီးသား ဘယ်စာစောင်မဆို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါမယ်။

ရုက္ခစိုး။         ။ အဲဒါ ဘာလုပ်ရမှာလဲဗျ။

ပြူး။          ။ သြော် အပျင်းပြေ ထက်ထက်မိုးဦး ဗိုက်ကြီးတဲ့သတင်းတို့၊ ဝတ်မှုံရွှေရည် မွေးနေ့မှာ ဖိုးလောက် လန်း က သူ့အဘွားဆီက ဘတ်လာတဲ့ စိန်လက်စွပ်တကွင်းပေးတဲ့ သတင်းတို့ ဖတ်လို့ရတာပေါ့။ ကျန်သေးတယ် .. မြန်မာရုပ်ပြောင်သံကြား၊ မြဝတီ ရုပ်ပြောင်သံကြားတို့ကိုလည်း လွတ်လပ်စွာ ကြည့်ခွင့်ရပါမယ်။

ရုက္ခစိုး။          ။ ဘီဘီစီ၊ ဗီအိုအေ၊ ဒီဗီဘီ ကော ..၊ စီအန်အန်၊ အယ်လ်ဂျာဇီးယား ..။

ပြူး။         ။ ဟာ .. လိမ်နေ၊ ညာနေ၊ ရန်တိုက်ပေးနေတဲ့ အဖျက်အမှောင့် ပယောဂ မီဒီယာတွေ ဘယ်ပေးကြည့် လို့ ဖြစ်မလဲ။ ချိုကုပ်ဒူးကြီးရဲ့ အလိမ်တွေပေါ် .. အဲ .. စေတနာမှန်တွေကို မသိဘဲ ဖြစ်သွားမှာပေါ့။ ပရိသတ်ကြီး ခင်ဗျာ .. ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။

ရုက္ခစိုး။           ။ မကုန်သေးဘူးလား .. စာမျက်နှာ တော်တော်များနေလောက်ပြီ။ တော်ကြာ အယ်ဒီတာ မျက်နှာညိုမယ်။ လူတွေလည်း အိုက်လှပြီ။

မောင်ပြူးက ဦးရုက္ခစိုးကို နည်းနည်းမှ ဂရုမစိုက်ဘဲ ပရိသတ်ဘက်ကိုလှည့်ကာ ထပ်ပြောပြန်သည်။

ပြူး။         ။ နေမကောင်းတဲ့အခါ ဆေးကုပေးပါမယ်၊ စားချင်တာ စာရေးပြီး မှာလို့ရပါတယ်၊ ပုရွက်ဆိတ်ကနေ ဂေါ်ဇီလာ ကိုက်တာကအထိ ပြောလို့ရပါတယ်။ ဒါတင်ပဲလားဆိုတော့ မကပါဘူးခင်ဗျား။ ဆိုင်းငံ့ အပြစ်ဒဏ် အတွင်း ကောင်းမွန်စွာ နေထိုင်မယ်ဆိုရင် ပြစ်ဒဏ်ရက်ကို လျှော့ပေါ့ဖို့ စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ဒီလို ကရုဏာ ကြီးမြတ်တဲ့ ချိုကုပ်ဒူးကြီးမျိုး ရှာကြည့်စမ်းပါ။ ထမင်းထုပ်ထမ်းပြီးရှာရင် ထမင်းထုပ်သာ သိုးသွားမယ် တွေ့မှာ မဟုတ်ပါဘူးခင်ဗျာ။

ရုက္ခစိုး။          ။ ကောင်းမွန်စွာ နေထိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ။

ပြူး။           ။ ဒါလား .. ဟို .. ဒါကတော့ စကားအဖြစ်ပြောတာပါ။ တကယ်တော့ ရွေးကောက်ပွဲကို ကောင်းမွန် စွာ ကလိမ်ကကျစ်ကျပြီး .. အဲယောင်လို့ .. ကျင်းပပြီးစီးသွားရင် လွှတ်ပေးချင်လည်း လွှတ်ပေးလိုက်မှာပါ ..။ အဲဒီလို လွှတ်တဲ့ အခါကျတော့ ကောင်းမွန်စွာနေလို့ ကရုဏာရှေ့ထားပြီး လွှတ်တယ် ဆိုပြီး နာမည်ကောင်း ယူမှာပေါ့။ တကယ်လို့ အပြင်က အာလူးတွေဆီက နည်းနည်း ပါးပါး အသံ ထွက်လာမယ်ဆိုရင် ဆူပူအောင် လုပ်တယ်ဆိုပြီး ဆက်ထိန်းထားချင် ထိန်းထားပါမယ်။ အခြေအနေ ပေါ်မှာ မူတည်ပါတယ်ခင်ဗျ။

ရုက္ခစိုး။          ။ အာလူးဆိုမှတော့ အသံထွက်နိုင်ပါဦးမလား။ ကဲ ကဲ ပြီးပြီလား .. ဒီဇာတ်ထုပ် ဘာဖြစ်မယ် ဆိုတာ အားလုံးက သိပြီးသားပဲ .. အားနာလို့သာ အောင့်အီးပြီး နားထောင်နေရတာ။

ထိုစဉ် မောင်ပြူး၏ လက်ကိုင်ဖုန်းမှ “ပြော ပြော ပြော ပြော .. နားနားပြီး ပြောပါကွယ်” ဆိုသည့် အသံ မြည်လာသည်။ ချိုကုပ်ဒူးကြီး ဖုန်းခေါ်ခြင်းဖြစ်သည်။

ချိုကုပ်။           ။ မောင်ပြူး သိပ်လေရှည်မနေနဲ့တော့ တော်တော့ .. ကြာရင် လူတွေပိုပြီး သောက်ညင်ကပ်မယ်။ ငါ ပြောထားတဲ့အတိုင်း ယတြာကိုလုပ်ပြီး တရားခွင်ကို သိမ်းလိုက်တော့။

ချိုကုပ်ဒူးကြီး ဖုန်းချလိုက်သည်နှင့်တပြိုင်နက် မောင်ပြူးက “ပလ္လင်ထက်မှာ ချိုကုပ်ဒူးကြီးဖင်ကို ဂဟေဆက်မယ် ဟေ့” ဟု ၃ ကြိမ်အော်ပြီး တရားခွင်ကို ရုတ်သိမ်းလိုက်မှ တက်ရောက်လာသူများ ပြန်ခွင့်ရကြလေတော့သည်။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်