ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၁၃)

ဒီနေ့အဖို့တော့ ဖိုးရှုပ်တို့ ချိန်းဝိုင်းမှာ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေက နေရာယူလို့ နေသည်။ တချို့စာမျက်နှာ များကို ဖင်ခုထိုင်ရင်း တချို့စာမျက်နှာတွေကို အသည်း အသန် ဖတ်ကာ တခွိခွိ ရယ်နေ ရသောကြောင့်

သူတို့နားကို ဦးရုက္ခစိုး ရောက်လာတာတောင် မသိလိုက်ကြ။

ရုက္ခစိုး။ ။ ကောင်လေးတွေ ဘာတွေဖတ်ပြီး သဘောကျနေကြတာတုန်းကွ။ သတင်းစာထဲမှာ ဟာသကဏ္ဍဆိုပြီး ကဏ္ဍသစ်ထည့်ထားလို့လား။

ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး၊ အသံမပေးဘာမပေးနဲ့ဗျာ။ ဒီမှာ ဇာတ်လမ်းက ကောင်းနေတာဗျ။

ကြွက်စုတ်။ ။ လာ၊ လာ ဦးရုက္ခစိုးရေ ခင်ဗျားကိုစောင့်ရင်း ဖတ်နေတာ။ ဒီမှာ ကမ္ဘာကျော်မယ့် ဆောင်းပါးတွေ။

ရုက္ခစိုး။ ။ ကမ္ဘာကျော်မယ့် ဆောင်းပါးလည်း ပြောသေး။ မင်းတို့ဟာက တခွိခွိရယ်နေကြသေးတယ်။ ငါ့ကိုလည်း ပြောပြလေကွာ။ ငါလည်း မရယ်ရတာကြာလို့ ရယ်ချင်နေပြီ။

ဖိုးရှုပ်။ ။ ဒီမှာဗျ။ တကမ္ဘာလုံးက ဝိုင်းပြီး အားပေးလိုက်ကြတဲ့ ဆောင်းပါးတပုဒ် ခင်ဗျားကိုပြောပြမယ်။ နအဖ က သူတို့တောင်းထားတဲ့ ၁၁ ဘီလီယံမရလို့ ရန်တွေ့ထားတာဗျာ။ ရပါတယ်တဲ့ မပေးနေပေါ့တဲ့ ဧရာဝတီတိုင်းသားတွေက ငါးရှာဖားရှာ စားလိမ့်မယ်တဲ့ဗျား။

ကြွက်စုတ်။ ။ ရှိသေးတယ်ဗျ။ နိုင်ငံခြားကလာတဲ့ ချောကလက်တွေ ဘီစကစ်တွေကို တောသားတွေက မစားတတ်ဘူး ပေါ့ဗျာ။ မလိုပါဘူးတဲ့ လယ်ထဲမှာ သုံးဦးစပ် ငပိဖျော်လေးကို လယ်ကညွှတ်တို့၊ မှိုနတိုတို့နဲ့ တို့စားရင် ထမင်းမြိန် ဆိုပဲ။

ရုက္ခစိုး။ ။ ဟာ…ဒါတော့လွန်တာပေါ့ကွာ။ ၁၁ ဘီလီယံတောင်းတာကို ပေးပါ၊ ပေးပါ ဆိုပြီး ခွက်ဆွဲ တောင်းသလို တောင်းလို့ရမလားကွ။

ဖိုးရှုပ်။ ။ မသိဘူးဗျာ။ အဲဒါဆိုလည်း ခင်ဗျားပဲ သူတို့ကို ပရိုပိုဇယ်ရေးနည်း သင်တန်းလေးဘာလေး သွားပေးလိုက်ဦး။

ကြွက်စုတ်။ ။ ခွက်ဆွဲတောင်းရုံတင် မဟုတ်ပါဘူးဗျာ။ သူတို့လည်း ပရိုပိုဇယ် ကြိုးစားတင်ရှာပါတယ်။ ကြက်အကောင် ဘယ်နှသန်း၊ ဝက်အကောင် ဘယ်လောက် မုန်တိုင်းထဲပါသွားတယ် ဆိုပြီးလေ..။ နိုင်ငံတော် နွားတောင် ၃ ကောင် ပါလိုက်သေးတယ်။

ဖိုးရှုပ်။ ။ နောက်ပြီးတော့ ဆောင်းပါးရှင်က မုန်တိုင်းကို ကျေးဇူးတင်ပါတယ်တဲ့။ မုန်တိုင်းကြောင့် သစ်ပင်တွေလဲပြီး ရွှေတိဂုံဘုရားကြီးကို သူ့အိမ်ကနေ ဖူးနိုင်တာတဲ့ဗျာ။ အပျင်းကြီး လိုက်ပုံကတော့ ဘုရားတောင် သွားမဖူးချင်ဘူး။ သူ့ရှေ့ရောက်မှ ဖူးမယ့်ပုံ။ သစ်ပင်တွေက မိုးကာမလိုဘူး၊ အင်နာဂျီ ဘီစကစ်မလိုဘူး ဆိုတာလည်းပါတယ်….။

ရုက္ခစိုး။ ။ အဆန်းပဲကွနော်။ ဆက်စမ်းပါဦး။

ကြွက်စုတ်နှင့် ဖိုးရှုပ်တို့၏ တယောက်တပေါက် ဝေဖန်ချက်များကို ဦးရုက္ခစိုးပါ စိတ်ဝင်စားသွားပြီး သူတို့နားက သတင်းစာ တစောင်ကို ယူ၍ ဖင်ခုထိုင်လိုက်သည်။

ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး။ နေဦး၊ နေဦးဗျ။ ခင်ဗျားထိုင်ထားတဲ့ သတင်းစာက အရမ်းအရေးကြီးတယ်။ ရော့ နောက်တခု နဲ့ထိုင်။

ကြွက်စုတ်။ ။ ဟုတ်တယ် ဦးရုက္ခစိုးရေ။ အဲဒါက နတ်ကြီးတယ်။ မိဘမေတ္တာ သတင်းစာဗျ။ ဒီသတင်းစာကို ကျနော်တို့ ဖင်ခုထိုင်လို့ မဖြစ်ဘူး။ ထိုင်ကန်တော့ရမှာ။

ဦးရုက္ခစိုး။ ။ လုပ်ပြန်ပြီကွာ။ မိဘမေတ္တာသတင်းစာဆိုပြီး ရှိလို့လား မင်းတို့ဟာက ဘာတွေမှန်းလည်း မသိဘူး။

ဖိုးရှုပ်။ ။ ဒီလိုဦးရုက္ခစိုးရဲ့။ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် နိုင်ငံတော် အကြီးအကဲက နာဂစ်ဖြစ်ပြီး ၂ ပတ်ကျော်ကြာ တဲ့အထိ ငြိမ်ချက်သားကောင်းနေတာ၊ လူတွေကြားထဲ ထွက်မလာတာ ဘာကြောင့်လဲ ခင်ဗျားသိလား။

ဦးရုက္ခစိုး။ ။ ဘယ်သိမလဲကွာ။ သူ့အဝတ်အစားတွေ ဒုက္ခသည်တွေကို ပေးလိုက်ရလို့ ဝတ်စရာမရှိလို့ ဖြစ်မှာပေါ့။

ကြွက်စုတ်။ ။ အဲဒါပြောတာ ခင်ဗျားကဘာမှလည်း မသိဘူး။ ခင်ဗျားပြောတာထက် လျှို့ဝှက် နက်နဲတယ်။ သူ့ထက် အဆင့်ငယ်တဲ့ ဝန်ကြီးချုပ်က ကယ်ဆယ်ရေးတွေ ဦးဆောင်လုပ်နေတာဆိုတော့ မနှောင့်ယှက်ချင်လို့ သူ့ခမျာ အပြင်ထွက် ချင်ရက်နဲ့ အောင့်အီးသည်းခံပြီး စောင့်နေရရှာတာ။ အငယ်ကို ဦးစားပေးတဲ့သဘောပေါ့ဗျာ။

ဖိုးရှုပ်။ ။ အဲဒီမှာတင် မုန်တိုင်းဖြစ်ပြီး ၁၆ ရက်အကြာ၊ ၁၈ ရက်နေ့ရောက်တော့ သူ မနေနိုင်တော့ဘူး။ ဖြစ်ချင်ရာ ဖြစ်ပစေတော့ဆိုပြီး ဒုက္ခသည်တွေဆီကို ပြေးတော့တာပဲဗျား။ ကျော်ရဲမင်းဆိုတဲ့ ဆောင်းပါးရှင်က ဗိုလ်ချုပ်မှူးကြီးရဲ့ မျက်နှာ ကို တီဗီဖန်သားပြင်မှာ မြင်လိုက်ရချိန်မှာ မေတ္တာစိတ်တွေ ယိုဖိတ်၊ ပြည်ပအားကိုး ပုဆိန်ရိုးတွေ၊ ပြည်ပမီဒီယာတွေက တို့ ဗိုလ်ချုပ်မှူးကြီးကို ပြောရက်လိုက်လေခြင်း ဆိုပြီး မနေနိုင်တော့လို့ ဒီဆောင်းပါးကို ထ ရေးတော့တာ။

ကြွက်စုတ်။ ။ ပြည်ပမီဒီယာထဲမှာ ဧရာဝတီက အဆိုးဆုံးဖြစ်မယ်။

ဦးရုက္ခစိုး။ ။ အင်းဖိုးရှုပ် ပြောတာနဲ့ ငါတောင် မျက်စိထဲမြင်ယောင်လာပြီ။ တို့ ဗိုလ်ချုပ်မှူးကြီးခမျာ ဒုက္ခသည်တွေဆီ ချက်ချင်း ပြေးသွားချင်ရှာမှာနော်။ ချက်ချင်းသာ သွားခွင့်ရရင်… ဒုက္ခသည်တွေဆီ မျက်ရည်လည်ရွှဲနဲ့ ပြေးသွား၊ အားပေးစကားတွေပြောရင်း ဆန်ပြုတ်တပန်းကန်တည်း အတူသောက်၊ မိဘမဲ့ကလေးတွေနဲ့ စိမ်ပြေးတမ်း အတူကစား၊ ခုနကပြောတဲ့ သုံးဦးစပ်ငပိရည်ကို မှိုနတို၊ ထိကရုံးတွေနဲ့ အားရပါးရလွေး ဇာတ်လမ်းအရ ပါးစပ်တ၀ိုက်မှာ ထမင်းစေ့တွေ ပေလို့…။ ပရိုတင်းဓာတ် အပြည့်ပါတဲ့ ငါးတွေကို ဖမ်းမလို့လုပ်တုန်း အလောင်းကြီးကိုတွေ့ အောင်မယ်လေး လို့ အော်ပြီး ပုဆိုး စွန်တောင်ဆွဲပြီး ထွက်ပြေး…..

ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး။ ခင်ဗျားဟာက ရုပ်ရှင်ဇာတ်ညွှန်းဖြစ်နေပြီဗျ။ ဒီမှာ ကျုပ်ပြောတာမပြီးသေးဘူး။

ကြွက်စုတ်။ ။ ဖိုးရှုပ်ကလည်းကွာ။ ဦးရုက္ခစိုးပြောတာ ဟုတ်ပါတယ်ကွ။ အဲဒီဇာတ်ညွှန်းအတိုင်း ရုပ်ရှင်ရိုက်။ ဗိုလ်ချုပ်မှူးကြီး အကယ်ဒမီသေချာပေါက်ရမှာ။ ကားနာမည်က နင်သေမှအေးမယ် တဲ့။

ဖိုးရှုပ်။ ။ ဟေ့ကောင် ငကြွက် မင်းဟာက တရားလွန်လာပြီနော်။ ငါတို့ရဲ့ ဗိုလ်ချုပ်မှူးကြီးကို ဘာနင်သေမှ အေးမယ်လဲ။

ကြွက်စုတ်။ ။ ဟာ မင်း ရေဒီယိုနားမထောင်ဘူးလား။ ဟိုနေ့က ရေဒီယို အင်တာဗျူးတခုမှာ အဲလိုပဲပြောသွားတာကွ။ သူသေမှပဲ အားလုံးအဆင်ပြေမှာတဲ့။ တကယ်ပြောနေတာ…။

ထုံးစံအတိုင်း ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ ရန်ထဖြစ်နေသောကြောင့် ဦးရုက္ခစိုးမှာ ဘယ်သူ့စကား နားထောင်ရမှန်း မသိ ဖြစ်သွားပြန်သည်။

ရုက္ခစိုး။ ။ ကဲကဲ။ မင်းတို့ကလည်း ရန်မဖြစ်နဲ့တော့ကွာ ဆက်ပြောဦး။

ဖိုးရှုပ်။ ။ ခင်ဗျားလည်း ပေါက်ကရ ဝင်ဝင်မပြောနဲ့။ အစိုးရရဲ့ မေတ္တာစေတနာက မိဘမေတ္တာလိုပဲ တုနှိုင်းမရလောက် အောင်ကြီးမားလွန်းလို့ စာရေးသူခမျာ မျက်ရည်တောင်ဝဲရပါတယ်တဲ့။

ကြွက်စုတ်။ ။ ငါတောင် ကြားက မျက်ရည်ဘူးသီးလုံးလောက် ကျချင်လာပြီ။

ရုက္ခစိုး။ ။ စာဖတ်သူတွေကို စိတ်မခိုင်ရင် မဖတ်ပါနဲ့လို့ ပြောရမလား၊ တစ်ရှုးပေပါလေး ဆောင်ထားပြီးမှ ဖတ်ပါလို့ ပြောရမလား….။

ကြွက်စုတ်နှင့် ဦးရုက္ခစိုး၏ မှတ်ချက်ကြောင့် ဖိုးရှုပ် မျက်စောင်း လှမ်းထိုးသော်လည်း သူ့စကားစ ပြတ်သွားမည်စိုးသော ကြောင့် ဘာမှ မချေပတော့ဘဲ ဆက်ပြောသည်။

ဖိုးရှုပ်။ ။ ပြီးတော့ ဆောင်းပါးရှင်က နိုင်ငံတော်အကြီးအကဲရဲ့ မေတ္တာစေတနာ ပြည့်ဝတဲ့ မျက်နှာကြီး တီဗီ ဖန်သားပြင် ကပေါ်လာတာကို ကြည့်ရင်း ကြည့်ရင်း ကြည်ညိုလာပြီး တွေးမိတာကတော့…။

ရုက္ခစိုး။ ။ ဘာလဲ ဒီရုပ်ကြီးနဲ့ သရဲကားရိုက်ရင်အောင်မြင်မယ်တဲ့လား..။

ကြွက်စုတ်။ ။ လုပ်ပြီ ဦးရုက္ခစိုးကတော့။ ပြီးရင် ခင်ဗျားပဲ အကြိမ်းခံရဦးမယ်။

ဖိုးရှုပ်အစား ကြွက်စုတ်က ဝင်ဟောက်လိုက်သဖြင့် ဦးရုက္ခစိုး မျက်နှာပိုးသတ်လိုက်ရာ ဖိုးရှုပ် ကျေနပ်သွားသည်။

ဖိုးရှုပ်။ ။ သြော်.. ဗိုလ်ချုပ်မှူးကြီး မျက်နှာကြည့်ရတာ မင်းတို့အစား ငါပဲခံလိုက်ချင်တော့တယ် လို့ ပြောနေသလို… မိဘက သားသမီးအပေါ် ထားတဲ့ စေတနာအပြည့်နဲ့ မျက်နှာကြီးပါလား လို့ သူက ခံစားမိတယ် တဲ့..။

ကြွက်စုတ်။ ။ ဟေ့ကောင် ဖိုးရှုပ် မင်းဟာက နည်းနည်း ပိုလာပြီကွာ။ အဲဒီအတိုင်းလည်း မပါဘဲနဲ့။

ဖိုးရှုပ်။ ။ အဲဒီအတိုင်း အတိအကျတော့ မဟုတ်ဘူးပေါ့ကွာ။ ငါကဖတ်ပြီး ပြန်ပြောတာဆိုတော့ တန်ဆာ ဆင်ပြီး နားထောင်ကောင်းအောင် ပြောတာပေါ့။ စာရေးသူက ဒီစာကိုရေးရင်း…. ကရုဏာ ရသတွေ ဟာဒယ ပီတိတွေ ယိုဖိတ် လာတယ်ဆိုတဲ့အကြောင်းကို ပေါ်အောင်ပြောတာလေကွာ။

ရုက္ခစိုး။ ။ အေးပေါ့ကွာ။ မင်းတို့ ဗိုလ်ချုပ်မှူးကြီးခမျာ မအားတဲ့ကြားထဲက ဆန္ဒခံယူပွဲတွေ အသည်းအသန် လုပ်၊ ပြီးတော့ မဲလိမ်ဖို့ ခေါင်းခြောက်နေတဲ့ထဲ ဒုက္ခသည်တွေအတွက် ဝင်ခံစား ပေးနေရရှာတာ။ ခုထိကတော့ ဘယာနကနဲ့ ဝိဘစ္ဆပဲတွေ့သေးတယ်။ သြော် ဟာသရသလည်း ပါပါတယ်။ မေ့နေလို့။

ကြွက်စုတ်။ ။ ၁၀၀ ရာခိုင်းနှုန်းပြည့် ထောက်ခံမဲ ရတယ်ဆိုရင်လည်း မကောင်းတတ်တာမို့ ဘယ်လောက်လေးလျှော့ ပြောရကောင်းမလဲ ဆိုပြီး စဉ်းစားရင်း ခေါင်းခြောက်ခဲ့ရမှာ သနားစရာနော်။ နောက်ဆုံးတော့ ၉၈.၁၂ ရာခိုင်နှုန်း လေးနဲ့ပဲ မနိုင်ချင့် နိုင်ချင် နိုင်သွားရတာ။

ရုက္ခစိုး။ ။ တယောက်တည်း အပြေးပြိုင်တာ ပထမ ပေါ့ကွာ..။ ဟာ ဖိုးရှုပ် ဆက်ပြောဦးလေ။ မင်းပြောသလို တကယ့် ကို ကမ္ဘာကျော်မယ့် ဆောင်းပါးပဲ။ ငါတောင် တော်တော်စိတ်ဝင်စားတယ် ဆိုတော့ ကမ္ဘာတင်မကဘူး ၃၁ ဘုံပါ ကျော်ဦးမှာ။

ဖိုးရှုပ်။ ။ ပြီးပြီလေ။

ရုက္ခစိုး။ ။ ဟင် မင်းဟာကလည်း တုံးတိကြီးပါလား။

ဖိုးရှုပ်။ ။ ပြည်သူပြည်သားတွေကို ရင်ဝယ်သားသဖွယ်အုပ်ချုပ်တဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ မေတ္တာ၊ စေတနာတွေ ဘယ်လောက်အထိ ကြီးမားသလဲဆိုရင် သတင်းစာထဲမှာ ၁ ရက်တည်းနဲ့ စာမျက်နှာ မလောက်လို့ ၂ ပိုင်း ၃ပိုင်းခွဲထည့်ထား တာဗျ။ ခုဟာက ခင်ဗျားကိုပြောတာ တပိုင်းပဲရှိသေးတယ်။ ကျန်တဲ့ အပိုင်းက ကျုပ် မဖတ်ရသေးဘူး။ ဒါပဲ။

ကြွက်စုတ်။ ။ သြော် ဦးရုက္ခစိုးရယ် တပိုင်းတည်းနဲ့တင် နိုင်ငံတော်အကြီးအကဲရဲ့ မေတ္တာစေတနာတွေ ပေါ်လွင်လှပါပြီ။ ကဲ ကဲ ဒီ သတင်းစာတွေကို ဘာကြောင့် ဖင်ခုမထိုင်သင့်ဘူး ဆိုတာ သိပြီ မဟုတ်လား။

ရုက္ခစိုး။ ။ သိပါပြီခင်ဗျာ..။ သိလို့လည်း ဖင်ခုမထိုင်ရုံတင်မဟုတ်ဘူး။ ဦးသုံးကြိမ်ချမလို့ပါ။ ကဲ မင်းတို့ပါ လာကြ။

ပြောပြောဆိုဆို ဦးရုက္ခစိုးက သတင်းစာများကို ထိုင်ရှိခိုးနေသောကြောင့် ဖိုးရှုပ်နှင့်ကြွက်စုတ်လည်း မနေနိုင်တော့ဘဲ အူကြောင်ကြောင်နှင့် ဆောင့်ကြောင့်ထိုင် ကန်တော့ကြရတော့သည် … ။ ။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်