ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၁၆)

ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ နှစ်ဦးသား ဦးရုက္ခစိုးနှင့် ချိန်းထားရာနေရာကိုရောက်တော့ ငေးငေး ငိုင်ငိုင် ထိုင်နေသည့် ဦးရုက္ခစိုးကြီးကို တွေ့လိုက်ရသည်။

ကြွက်စုတ်။ ။ ငိုင်လှချည်လား ဦးရုက္ခစိုးရယ်။ နဂိုက မချောရတဲ့အထဲ ခုလိုငိုင်နေတော့ လင်းတကြီး လည်လိမ်ထားသလို တော်တော်ရုပ်ဆိုးလှပါလား။

ဖိုးရှုပ်။ ။ ကြွက်စုတ်တို့ကတော့ လုပ်တော့မယ်။ သူများ ဘာဖြစ်နေမှန်းမသိ။ ဘာဖြစ်လဲ ဦးရုက္ခစိုး။ ခင်ဗျားမိန်းမ နောက်ယောက်ျား ယူသွားလို့လား။

ရုက္ခစိုး။ ။ တော်ကြစမ်းပါကွာ။ မင်းတို့နှစ်ယောက်က ငါ့ကို မတွေ့လိုက်နဲ့ တွေ့တာနဲ့ နှိပ်ကွပ်ဖို့ပဲ။ ငါ့မှာ မြန်မာပြည်က ဘော်ဒါ အပေါင်းအသင်းတွေအတွက် စိတ်မကောင်း ဖြစ်နေတာကွ။

ကြွက်စုတ်။ ။ ခင်ဗျား ဘော်ဒါ နတ်တွေ ဘာဖြစ်လို့လဲ။ မြန်မာပြည်မှာ လူတွေတောင် ဒုက္ခရောက်နေရတဲ့ ကြားထဲ။ နတ်ကတမှောင့်။

ရုက္ခစိုး။ ။ ဟာ၊ ဟေ့ကောင် ကြွက်စုတ်ရဲ့ ခု ရန်ကုန်မှာ သစ်ပင်ကြီးကြီးဆိုလို့ မကျန်သလောက်ဘဲ သိရဲ့လား။

ဖိုးရှုပ်။ ။ နာဂစ်နဲ့ သစ်ပင်တွေ ပါသွားတာ သိသားပဲ။ အဲဒါဘာဖြစ်လဲဗျ။ လူတွေ ငတ်နေတဲ့ကိစ္စထက် သစ်ပင်က ပိုအရေးကြီးနေလား။ ခုချိန်မှာ သဘာဝပတ်ဝန်းကျင်ကိစ္စ ဘယ်သူမှ စိတ်မဝင်စားဘူး။ ထမင်းစားရဖို့ အရေးကြီးတယ်။

ရုက္ခစိုး။ ။ တလွဲကပြောပြီ။ သစ်ပင်မရှိတော့တဲ့ ကိစ္စက ငါတို့ ရုက္ခစိုးတွေအတွက် အရေးကြီးတယ်ကွ။ ဟိုမှာ ငါ့ကောင်တွေ ဘုံပျောက်ကုန်ပြီလေကွာ။ ပြည်သူ့ရင်ပြင်ထဲက ကောင်တွေ၊ တက္ကသိုလ်ဝင်းထဲက ကောင်တွေဆို ဘယ်သွားရမှန်းမသိ ဖြစ်နေပြီ။ လူအတွက်က ဒုက္ခသည်စခန်း ရှိသေးတယ်။ နတ်အတွက် နတ်ဒုက္ခသည်စခန်းမှ မရှိဘဲ။

ကြွက်စုတ်။ ။ လူတွေကိုတောင် ဒုက္ခသည်စခန်းတွေက နှင်ထုတ်နေတာ၊ ခင်ဗျား နတ်တွေအတွက် ဘယ်လိုလုပ် ဒုက္ခသည်စခန်း ရှိနိုင်မှာလဲဗျ။ အရေးထဲ ခင်ဗျားက တမှောင့်။

ဖိုးရှုပ်။ ။ စစ်အစိုးရ သတင်းစာထဲမှာတော့ ရွှန်းရွှန်းဝေလို့ပါကွာ။ ပြန်လည် ထူထောင်ရေးတွေ တော်တော်ခရီးရောက်နေပြီဆို။ သစ်ပင်တွေလည်း ပြန်စိုက်နေတယ် တဲ့။ မပူနဲ့ ဦးရုက္ခစိုးရေ။ ခင်ဗျား ရဲ့ဘော်ဒါ ရုက္ခစိုးတွေကိုလည်း ပြန်လည်နေရာချထားရေးတွေ လုပ်ပေးမှာပါ။

ရုက္ခစိုး။ ။ ပေါက်ပေါက် ရှာရှာကွာ။ ခုမှ စစိုက်တဲ့ သစ်ပင်ပေါက်စလေးတွေမှာ နေဖို့ ဘယ်လောက် စောင့်ရမှာလဲ။ ခုဟာက နာဂစ်ကြောင့် လဲကုန်တဲ့ သစ်ပင်တွေအပြင် အန္တရာယ် ရှိနိုင်တယ်ဆိုပြီး မလဲသေးတဲ့ သစ်ပင်တွေကိုပါ ခုတ်နေတာတဲ့ကွ။

ကြွက်စုတ်။ ။ အင်းခက်တာက။ ခင်ဗျားတို့က နတ်တွေဆိုတော့ အိမ်လည်း ဆောက် မနေတတ်။ ဘယ်လို စဉ်းစားပေးရမှန်းတောင် မသိတော့ဘူး။

ဖိုးရှုပ်။ ။ ဟေ့ကောင်ရေ။ အိမ်ဆောက်နေတတ်လည်း။ နေလို့မရဘူးကွ။ ဒီသစ်ပင်တွေ ကို စစ်တပ်နဲ့ စည်ပင်က သိမ်းသွားပြီ။ စစ်တပ်က ထင်းလုပ်မှာ စည်ပင်ကတော့ ရောင်းစားမှာ။ ဘယ်သူမှမရဘူး။ ခုဆို နှစ်တရာသစ်ပင်ကြီးတွေရဲ့ မြစ်ဆုံကြီးတွေကို ပန်းပု ထုပြီး ရောင်းပြီးနေပြီ။ ဂျာနယ်တွေထဲမှာ သစ်ပင် လေလံပစ်တဲ့ သတင်းတွေတောင် ပါလာပြီကွ။

ရုက္ခစိုး။ ။ ဟုတ်တယ်ကွ။ သစ်ပင်တွေကို အမြစ်တောင်မချန်ဘဲ လေလံပစ်နေတာ။ အဲဒါ ငါ့ကောင်တွေ နေစရာမရှိတော့ဘူး ဆိုပြီး အော်နေကြလို့ ငါလည်း ခေါင်းခဲနေရ တာဟေ့။

ကြွက်စုတ်။ ။ အင်း…။ အကြံပေးရရင်တော့ ဒီလိုလုပ်ပါလား။ ခင်ဗျား ရုက္ခစိုးတွေကို ရန်ကုန်က ဟိုတယ် တွေမှာ တက်နေခိုင်းလိုက်။ မြန်မာပြည်ကို တိုးရစ်တွေမဝင်တာနဲ့ ဟိုတယ်တွေလည်း အခန်းတွေအားနေတာ အတော်ပဲ။

ဖိုးရှုပ်။ ။ အဲဒါတော့ ဟုတ်တယ်ဗျ။ တချို့ဟိုတယ်ကြီးတွေဆို လူမငှားလို့ ဘောလုံးပွဲ စုကြည့်ချင်တဲ့ သူတွေကို ဆားဗစ် အပြည့်ပေးပြီး ငှားစားနေရတာ။ ခင်ဗျား နတ်တွေ နေမယ်ဆိုရင် သူတို့လည်း အလုပ်ပြန်လည်ပတ်နိုင်တာပေါ့။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးမှာ ဖြစ်နိုင်သည် မဖြစ်နိုင်သည်မသိ။ ပြောချင်ရာ စွတ်ရွတ် ပြောနေသော ကြောင့် ဦးရုက္ခစိုး၏ မျက်နှာကြီး ရှုံ့တွသွားသည်။

ရုက္ခစိုး။ ။ ကြံကြံဖန်ဖန်ကွာ ရုက္ခစိုးတွေကို ဟိုတယ်တက် နေခိုင်းရမယ်လို့။ တခါမှ မကြားဖူးဘူး။ အရေးထဲ ဟိုတယ် မားကတ်တင်းနဲ့လာတွေ့နေတယ်။ အဲဒီဟိုတယ်တွေက အလှူပေးနေတယ် ဆိုရင်လည်း မင်းတို့လူ ဒုက္ခသည်တွေကိုပဲ အစိုးရက ပြန်လည်နေရာချထားရေးတွေ မလုပ်ပေးသေးခင်စပ်ကြား ဟိုတယ်တက် နေဖို့ ပြောလိုက်လေ။ ခုဆို ဟိုတယ်တော့ မပြောတတ်ဘူး ကောင်မလေးတွေကတော့ တည်းခိုခန်းတွေ ကာရာအိုကေတွေကို စစ်အစိုးရ ကျေးဇူးနဲ့ အရင်ထက် ပိုရောက်ကုန်ပြီ မဟုတ်လား။

ဦးရုက္ခစိုးက အရွဲ့တိုက်ပြီးပြောလိုက်သည်ကို ကြွက်စုတ်ကော ဖိုးရှုပ်ပါ မသိချင်ယောင် ဆောင်နေကြသည်။

ဖိုးရှုပ်။ ။ ပြောရရင် မြန်မာပြည်ကြီးက သာယာဝပြောပြီး အရင်အတိုင်းပုံမှန် ပြန်ဖြစ်နေပြီဗျ။ ကြံ့ဖွံ့အသင်းဝင် လူငယ်တွေဆိုရင်လည်း နေရာတိုင်းမှာ တတ်နိုင် သလောက် လုပ်အားနဲ့ ပါဝင်နေကြတာ သတင်းစာမှာ အားလုံးအတွေ့။ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ကြည့်ဦးမလား ဝန်ကြီးချုပ် ကိုယ်တိုင် ကြပ်မတ်ကွပ်ကဲ လုပ်ဆောင်ပေးနေလို့ ဟာကွက်မရှိ။

ဖိုးရှုပ်က ဦးရုက္ခစိုး မခံချင်အောင် လက်သီးလက်မောင်းတန်း၍ ဟန်အပြည့် ပြောလိုက်သည်ကို ကြွက်စုတ်က ဝင်၍ ပင့်ပေးသည်။

ကြွက်စုတ်။ ။ ဟုတ်သားပဲ။ ခုလိုအချိန်မှာ ခင်ဗျားက ဘာမဟုတ်တဲ့ ခင်ဗျားတို့ နတ်ကိစ္စကို မညည်းစမ်းပါနဲ့ဗျာ။ နတ်ဆိုတာက လူအဆင်ပြေရင် သူ့ဟာသူ ပြေလည် သွားမှာပဲ။ ပူမနေပါနဲ့။ ပျော်ပျော်ပါးပါးပေါ့။ ထုံးစံအတိုင်း ညဘက် ကလပ်လေးဘာလေး သွား။ ကောင်မလေးတွေနဲ့…က…။

ရုက္ခစိုး။ ။ အေး ကောင်းပြီ။ မင်းတို့ပြောလို့နော်။ ခု ငါ့ကောင်တွေက မြန်မာပြည်မှာ နေစရာမရှိ၊ လူတွေကလည်း မပသနိုင်ကြတော့လို့ ငါ့ဆီကို အောက်လမ်းက ဝင်လာတော့ မလို့တဲ့။ အဲဒါကြောင့် သူတို့လာရင် ဘယ်လိုထားရမှန်း မသိတာနဲ့ စိတ်ဆင်းရဲနေတာ။ မင်းတို့က မပူပါနဲ့ဆိုတော့လည်း မပူတော့ပါဘူး ။ အဲဒီတော့ သူတို့လာရင်သာ မင်းတို့ နှစ်ယောက်က မျှပြီး လက်ခံ စောင့်ရှောက် ထားလိုက်ကြ။ ငါကတော့ ကလပ်သွားမယ်။ ကောင်မလေးတွေနဲ့ ကမယ်ဟေ့ တာ့တာ..။

ပြောပြောဆိုဆို ထထွက်သွားသော ဦးရုက္ခစိုးကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးသား ပါးစပ် အဟောင်းသားနှင့် ကျန်ခဲ့လေတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်