ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၁၉)

ချင်းမိုင်မြို့ တမြို့လုံး မိုးတိမ်တို့ဖြင့် မည်းမည်းမှောင်နေ၏။ ပုံမှန်အားဖြင့် ဖိုးရှုပ်၏ ၀ရန်တာသို့ ထွက်လိုက်သည်နှင့် ဒွိုင်ဆူထေ့တောင်ကြီးကို လှမ်းမြင်နေရသော်လည်း အခုတော့

တောင်တန်းကြီးက မိုးတိမ်များအောက်တွင် ပုန်းအောင်းနေ၏။

ယခုလို အုံ့မှိုင်းသည့်ရာသီမျိုးကို အားကစားသမားများနှင့် အလွမ်းသမားများကြိုက်ကြသည်ဟု ကြားဖူးပါသည်။ နှစ်မျိုးလုံး မှန်ပါသည်။ တမိုးလုံးအုံ့မှိုင်းနေသည်ကိုအကြောင်းပြု၍ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ရုက္ခစိုးကြီးထံသွားမည့် အစီအစဉ်ကိုဖျက် ကာ ဖန်ခွက်မသည့်လေ့ကျင့်ခန်းလုပ်ရန် သဘောတူလိုက်ကြသည်။ ၎င်းနောက် ကြွက်စုတ်က ဂမ္ဘီရဆရာကြီး မင်းသိင်္ခအား လွမ်းလှချေ့ဟုဆိုကာ ဆားပုလင်းနှင်းမောင်ရုပ်ရှင်ကားကို အင်တာနက်မှတဆင့် ကြည့်နေကြသည်။

ထိုစဉ် …

ရုက္ခစိုး။     ။ ဘယ်လိုလဲ အိုင်ဆေး ကြွက်စုတ်နဲ့ ဖိုးရှုပ် … မောင်ရင်တို့ကို ဒီနေ့ညနေ ၅ နာရီတိတိမှာ ဒွိုင်ဆူထေ့က ညောင်ပင်မှာ ယတြာချေဖို့ ဆရာကြီးကမှာထားခဲ့တာ ဘာလို့မလုပ်ကြတာလဲကွ။

ဖိုးရှုပ်။     ။ ဆောရီး ဦးရုက္ခစိုးရေ … ကျနော်တို့ လာခါနီးကျမှ မိုးတွေမတရားသည်းလာတာကတကြောင်း၊ ကျနော်တို့ ပေါ်မလာရင် ရုက္ခစိုးကြီး လိုက်လာမယ်ဆိုတာသိလို့ အိမ်ကနေထိုင်စောင့်နေတာဗျ။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့သည် လူပီသစွာဖြင့် စကားကို မှန်မှန်ကန်ကန်မပြောသည့်အပြင် ၎င်းတို့ကပင် ဦးရုက္ခစိုး လာမည်ကို ကြိုတင်သိနှင့်နေသယောင် လှည့်ပတ်ပြောဆိုကြသည်။

ရုက္ခစိုး။     ။ ကောင်းပါလေ့ မောင်တို့ရယ်။ မင်းတို့တွေ ဒီလောက်တောင် ကြိုသိနေကြတယ်ဆိုရင်လည်း မှော်ဘီက အယူတော်မင်္ဂလာခြံကိုပြောင်းပြီး ရှေ့ဖြစ်လေးဘာလေး ဟောကြပါလား။ ဆရာကြီးကိုယ်စားပေါ့ကွာ။

ဖိုးရှုပ်။     ။ ကျနော်တို့ရှေ့မှာ စီနီယာ ဆရာတွေအများကြီးရှိသေးတယ်ဗျ … မဖြစ်နိုင်သေးပါဘူးဗျာ။

ရုက္ခစိုး။     ။ ဘာမှတောင်မလုပ်ရသေးဘူး … စိတ်ဓာတ်ကျလှချေ့လား။ လူသားအကျိုးလုပ်မယ့် ပုဂ္ဂိုလ်မြတ်တွေဆိုတာ ဇွဲရှိရတယ်ကွ။

ကြွက်စုတ်။     ။ ဒီအချိန်မှာ လူသားအားလုံးကို သဗ္ဗေသတ္တာ ကမ္မဿကာ လို့ပဲ ပြောချင်ပါတယ်။

ရုက္ခစိုး။     ။ ကဲကဲ အဲဒီ ကမ္မဿကာ ကို ခနထားဦး။ ပြည်တွင်းမှာတော့ သံဃာတော်တွေကို သံဃာအတု အယောင်တွေလို့ စွပ်စွဲပြီး ၀ိနည်းအရကော ဥပဒေအရပါ အရေးယူဖို့ ပြင်ဆင်နေပြီ။ မင်းတို့လည်း သတိထားကြ … ဆရာတု၊ ဆရာယောင် တွေဆိုပြီး ဖမ်းသွားဦးမယ်။

ဖိုးရှုပ်။     ။ အဲဒါ သူ့အလုပ် သူလုပ်တာလေဗျာ။ ရုက္ခစိုးတွေ လမ်းမထွက်ပြီး ပရိတ်ရွတ်ရင်လည်း ရုက္ခစိုးတု၊ ရုက္ခစိုးယောင် တွေလို့ သမုတ်ခံရမှာပဲလေ။

ရုက္ခစိုး။     ။ အဲဒီကိစ္စကိုတော့ သဘောတူပါတယ်။

ကြွက်စုတ်က သတင်းထောက်ဟန်ဖြင့် …

ကြွက်စုတ်။     ။ သဘောတူတယ်ဆိုရင် ရုက္ခစိုးမင်းတို့ လမ်းမထွက်တဲ့အခါ စစ်တပ်က အကြမ်းဖက်လာမယ့် အန္တရာယ်ကို ဘယ်လိုကာကွယ်ဖို့ စီစဉ်ထားပါသလဲ ခင်ဗျ။

ဖိုးရှုပ်။     ။ ကြွက်စုတ်ရာ … ငါနဲ့ပေါင်းနေတာကြာပြီ … အခုထိ မေးခွန်မမေးတတ်သေးဘူး။ အဲဒီမေးခွန်းမျိုး ရုက္ခစိုးတွေကို မမေးရဘူးကွ။

ကြွက်စုတ်။     ။ ဘာဖြစ်လို့တုန်း။

ဖိုးရှုပ်။     ။ ဘာလို့လဲဆိုတော့ ရုက္ခစိုးတွေ ဘယ်တော့မှ လမ်းမထွက်မှာ မဟုတ်လို့ပေါ့ကွ။

ကြွက်စုတ်။     ။ မှတ်သားလောက်ပါပေတယ်။

ရုက္ခစိုး။     ။ မင်းတို့က ရုက္ခစိုးတွေကို သတ္တိနည်းတယ်လို့ ပြောချင်ကြတာပေါ့။

ဖိုးရှုပ်။     ။ အတွေးအခေါ်ပိုင်းမှာတော့ ဦးရုက္ခစိုး စဉ်းစားတွေးခေါ်ပုံတွေက မဆိုဘူးလို့ ပြောရမှာပဲ။

ကြွက်စုတ်။     ။ ဘယ်ကလာ မဆိုးရမှာလည်း … တို့ရုက္ခစိုးကြီးက တော်ကိုတော်နေတာကွ။ ကုသိုလ်ကောင်းမှု များများ လုပ်ပေး၊ အကြီးအမှူးဖြစ်မှာ သေချာတယ်။

ရုက္ခစိုး။     ။ သြော် အကြီးအကဲတောင် ဖြစ်ဦးမှာလား။ ဗိုလ်ချုပ်မှူးကြီး ပေါတာကို အဲဒီအကြံပေးလိုက်ပါလား။ ဘ၀ ဆက်တိုင်း တပ်မတော်အကြီးအကဲ ဖြစ်အောင်လို့လေ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးတောင် အပြောနောက်ကျနေပြီ။ မြန်မာ့အလင်းမှာ ကြည့်ပါလား … အကြီးအကဲ ဖြစ်ချင်တဲ့လူတွေ လှူနေလိုက်ကြတာ နေ့စဉ်နေ့တိုင်း ပါကလား။

ကြွက်စုတ်။     ။ ဒီလိုရှိတယ်ဗျ။ ၂၀၁၀ မှာ စစ်တပ်ကယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲဝင်တဲ့အခါ မဲများများရအောင် အလှူအတန်း များများလုပ်ရမယ်လို့ တပ်ချုပ်ကြီးကလည်း အမိန့်ထုတ်ထားတာကိုး။

ရုက္ခစိုး။     ။ ဟုတ်မယ် ဟုတ်မယ် … အဲဒါကြောင့် ဖြစ်မယ်။ အခုတလော တပ်ချုပ်ကြီးကစပြီး အရာရှိ အရာခံ ဗိုလ်ကြီး ဗိုလ်လေးတွေ အလုအယက် လှူနေလိုက်ကြတာ ကာယကံရှင်တွေတောင် နေရာမရကြဘူး။

မိတ်ဆွေသုံးဦး ပြောဆိုနေကြရာမှ စကားစပြတ်သွား၏။ အတန်ငယ်ကြာမှ ရုက္ခစိုးကြီးက ပြောစရာအကြောင်းအရာကို သတိရသွားကာ …

ရုက္ခစိုး။     ။ ဒါနဲ့ အခုတခေါက် မစ္စတာ ဂန်ဘာရီ မြန်မာပြည်ရောက်တာ မင်းတို့ မီဒီယာတွေ ငြိမ်လှချည့်လားကွ။

ဖိုးရှုပ်။     ။ ဂန်ဘာရီ မြန်မာပြည်က မပြန်မချင်း ကျနော်တို့ မီဒီယာတွေက တောင်၊ မြောက် ရှောက်ပြေးနေရမှာလားဗျ။  

ကြွက်စုတ်။     ။ အဲဒီလိုသာဖြစ်လို့ကတော့ ကျနော့်ဘလော့ခ်မှာ “ဂန်ဘာရီ မြန်မာပြည်ရောက်ခိုက် မီဒီယာများ အနားမနေ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့တခုရေးလိုက်ဦးမှာ။

ဖိုးရှုပ်။     ။ အဲဒီကိစ္စကို ပြောချင်နေတာ။ ပြည်တွင်းကလူတွေနဲ့ စကားပြောကြည့်သလောက်တော့ မြန်မာ့အရေးမှာ ယူအန် ကကြားဝင်စေ့စပ်တာကို လူတွေက မကြိုက်ကြဘူးဗျ။

ကြွက်စုတ်။     ။ မင်းစကား အဆန်းပါလားကွ။ ကြေညာချက်တွေထုတ်ကြတုန်းကတော့ ကြိုဆိုတယ်ဆို။ အခု ဘယ်လိုဖြစ်ကြပြန်တာတုန်း။

ဖိုးရှုပ်။     ။ ယူအန်က ကြားဝင်ပြီးကြိုးစားနေတာ နှစ်တွေမနည်းတော့ဘူး … အခုထိ ဘာမှမထူးခြားလာဘူးလေ။ လာလိုက်တဲ့ ယူအန်ကိုယ်စားလှယ်တွေကလည်း နအဖ က လွှတ်လိုက်တဲ့ ၀န်ကြီးချုပ်တို့၊ နိုင်ငံခြားရေးဝန်ကြီးတို့ လိုပဲ။ တဘက်ကပြောသမျှကို နားထောင်ပြီး ပြန်သွားကြတာချည်းပဲလေ။ အဲဒါကြောင့် ဒီတခေါက် ဂန်ဘာရီရဲ့ ခရီးစဉ်ကို လူတွေက ၀ိုင်းပြီးကြိမ်ဆဲနေကြတာပေါ့ဗျ။

ကြွက်စုတ်။     ။ ဒီတခါလာတာတော့ ထူးခြားပါတယ်ကွ။ ဒီနေ့ မစ္စတာ ဂန်ဘာရီက အန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ တွေ့ရင်ပြောဖို့ ယူအန် အတွင်းရေးမှူးချုပ်ပါးလိုက်တဲ့စကားတခွန်း ပါးလိုက်တယ်ဗျ။ အဲဒါ ကျုပ်တို့တိုင်းပြည်အတွက် သိပ်ကိုအရေးကြီးတဲ့ ယူအန်ရဲ့ ဆုံးဖြတ်ချက်ဗျ။

ဖိုးရှုပ်တယောက် သတင်းထူး၊ သတင်းဦးရတော့မည်ဖြစ်သဖြင့် ခေါင်းထောင်လာ၏။

ဖိုးရှုပ်+ရုက္ခစိုး။     ။ ဘာတွေမှာလိုက်တာတုန်း၊ အမြန်ပြောစမ်းပါဟ။

ကြွက်စုတ်။     ။ မစ္စတာ ဘန်ကီမွန်းက အန်အယ်လ်ဒီ ခေါင်းဆောင်တွေကတင့် မြန်မာပြည်သူ ပြည်သားတွေကို မှာလိုက် တာကတော “သဗ္ဗေသတ္တာ ကမ္မဿကာ” ပါတဲ့ဗျား။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်