၂၀၁၀ ချိုကုပ် ဖလား

ဟိုမှာလည်း ဘောလုံး၊ ဒီမှာလည်း ဘောလုံး ဆိုသော အသံများသာ လွှမ်းမိုး နေသောကြောင့် ချိုကုပ် ဒူးကြီးလည်း လုံးဖို့ ပြင်ရတော့သည်။ တတိုင်းပြည်လုံး မလုံးမနေရ ကြေညာ ဦးမည်ဟု ဆိုသည်။

ခေတ်မီသူတိုင်း လုံးကြရာဝယ် … ဦးရုက္ခစိုးလည်း ဝင်လုံးသည်၊ ဖိုးရှုပ်ကလည်း အရင်ကတည်းက သူက လုံးပြီးသား … အော်ရီဂျင်နယ် လုံး ... ဟု ခပ်ကြွားကြွား ဆိုသည်။ အိပ်ငိုက်နေသော ကြွက်စုတ်ပင် ယောင်ရမ်း ထလာပြီး “ဒီနေ့ ကြေးက ဘယ်လောက်ပေါက်လဲ” ဟု မေးသည်။

မြန်မာပြည်တွင် ဝမ်းတန်းခေါ် တပတ်ရစ် တီဗီဟောင်းများ ရောင်းကောင်းသည်။ နီဗန်၊ မက်ထရောနစ် စသော တီဗီ အင်တင်နာများ သောက်သောက်လဲ ရောင်းရသည်။ ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့လည်း ရန်ကုန် ရောက်တုန်းရောက်ခိုက် တီဗီ ဝယ်ဖို့ ပြင်ကြရသည်။ ဒါမှပဲ ကမ္ဘာ့ဖလားပွဲ ကြည့်ဖို့ အဆင်ပြေမည်။ မဟုတ်လျင် ဘီယာဆိုင်များ၌ သွားကြည့်ရမည်။ ဖိုးရှုပ်နှင့် ကြွက်စုတ် သောက်နှုန်းနှင့်ဆို ဘီယာဖိုးနှင့် မွဲနိုင်သည်။ သူများ တွေလို ဟိုတယ်တက်ပြီးလည်း မကြည့်နိုင်။ ထို့ကြောင့် တပတ်ရစ်တီဗီများ ရနိုင်သည့် ၃၅ လမ်းဝန်းကျင်တွင် သူတို့ ရောက်နေကြသည်။

ဖိုးရှုပ်။     ။ တီဗီဝယ်တာတော့ ဟုတ်ပါပြီ။ တကယ်လို့ မီးပြတ်ရင် ဘယ်လိုလုပ်မလဲ။

ကြွက်စုတ်။     ။ ဒါဆို အင်ဗာတာပါ တခါတည်း ဝယ်ရင်ကောင်းမယ်။

ဖိုးရှုပ်။     ။ မီးက အင်ဗာတာထဲ ဝင်သလောက်တောင် မလာရင်ကော ဘယ်လိုလုပ်မလဲ။

ကြွက်စုတ်။     ။ ဒါဆိုလည်း မီးစက်ပါဝယ်ကွာ။

ရုက္ခစိုး။     ။ မင်းတို့ဟာကလည်းကွာ … တောင်အာဖရိက အထိပဲ သွားကြည့်လိုက်ကြ ပါတော့။

တီဗီတလုံးနှင့် အလုပ်ရှုပ်နေသော သူတို့ကို ကြည့်ရင်း လူတဦးက အားပါးတရ ပြုံးသည်။ တခြားသူတော့မဟုတ်။ ချိုကုပ်ဒူးကြီး ပင်ဖြစ်သည်။

ချိုကုပ်။     ။ တချက်ခုတ် နှစ်ချက်ပြတ် ဆိုတာ ဒါမျိုးကို ပြောတာဗျ ဟဲဟဲ။

ဖိုးရှုပ်။     ။ ချိုကုပ်ဒူးကြီးပါလား။ ရန်ကုန်ကို ဘာလာလုပ်တာလဲ။

ချိုကုပ်။     ။ ရန်ကုန်ကလူတွေ ဘာလုပ်နေကြလဲ သိချင်လို့လာကြည့်တာ။ ခုလို တီဗီကနေ ကမ္ဘာ့ဖလားကို တိုက်ရိုက် လွှင့်ခွင့် ပေးလိုက်တော့ ဘယ်သူမှ စလောင်းတွေ စလက်တွေကို စိတ်မဝင်စားကြ တော့ဘူး။ တွေ့တယ် မဟုတ်လား။ မာစတာ ဘရိန်းဗျ။

ရုက္ခစိုး။     ။ ဟုတ်ပါ့ဗျာ … လူတွေအားလုံးက ကမ္ဘာ့ဖလားကြည့်ဖို့က လွဲရင် ဘာမှကို စိတ်မဝင်စား ကြတော့ဘူး။

သူတို့နားက ဖြတ်လျှောက်သွားသမျှ လူအားလုံး၏ ပါးစပ်ဖျားတွင် အင်္ဂလန်၊ ဟော်လန်၊ ဖင်လန်၊ ပါရာဂွေး၊ ဥရုဂွေး၊ နိုင်ဂျီးရီးယား၊ အယ်လ်ဂျီးရီးယား …ဆလိုဗေးနီးယား စသောအသံများဖြင့် ပြည့်နေသည်။
ကြွက်စုတ် ပါးစပ်ကလည်း “ပြင်သစ်ကတော့ ပြင်မှ သစ်မယ့် သဘောရှိတယ်။ မပြင်ရင် ဟောင်းနေမှာ။ လန်တွေရယ်၊ ဂွေးတွေရယ်၊ ယားတွေရယ် … အင်း … တော်တော့်ကို ရင်ခုန်ဖို့ ကောင်းတာပဲ” ဟူ၍ တတွတ်တွတ် ရွတ်နေသည်။

ချိုကုပ်။     ။ ကျုပ်ရဲ့ ရွေးကောက်ပွဲကြီးမှာ … မှာ ...။

ဖိုးရှုပ်။     ။ နေစမ်းပါဦးဗျာ။ ပွဲစဉ်ဇယားကို အလွတ်ကျက်ထားတာ ပြန်ရွတ်ကြည့်နေတာ၊ ဘယ်ရောက်သွားပြီလဲ မသိတော့ဘူး။

ချိုကုပ်ဒူးကြီး စကားမဆုံးခင် ဖိုးရှုပ်က ဖြတ်ပြောလိုက်သောကြောင့် ဆန့်ငင်ဆန့်ငင် ဖြစ်သွားသည်။

ချိုကုပ်။     ။ ကြံ့ဖွံ့ပါတီကို အဘက်ဘက်က ပံ့ပိုးပေးဖို့ ထောင့်စေ့အောင် ….။

ချိုကုပ်ဒူးကြီး၏ စကားကို ဘယ်သူမှ စိတ်မဝင်စား။ ဦးရုက္ခစိုးက ကမ္ဘာ့ဖလား ဘောလုံးပွဲ သီချင်းဆိုသည့် ရှားခီးယားကဲ့သို့ တင်ကလေး လှုပ်ခါလှုပ်ခါဖြင့် “ဝါကာ … ဝါကာ … ဝါကား … ဝါကာ” ဟု ညည်းနေသည်။

ချိုကုပ်။     ။ (အသံကို အနည်းငယ်မြှင့်၍) ကျုပ်ရဲ့ နျူကလီးယား ပရောဂျက်ကြီးဟာ ဆိုလို့ ရှိလို့ ရှိရင် … ရှိရင် ...။

ကြွက်စုတ်။     ။ ဂျင်ကလိ ပရောဂျက်ပဲ အရင်လုပ်လိုက်ပါဦးဗျာ။ နားညည်းလိုက်တာ။ ဟေ့ကောင်ဖိုးရှုပ် … ဒီနှစ် ချန်ပီယံ ဘယ်သူဖြစ်မလဲ မင်းနဲ့ငါ ကြိုလောင်းမလား။ ဒါနဲ့ ချိုကုပ်ဒူးကြီး … နျူကလီးယားအတွက် ကုန်မယ့် ပိုက်ဆံတွေကို ဆီရော်နယ်ဒို ဝယ်ထားလိုက်ပါလား။ အကောင်းနဲ့ အကြံပေးတာနော်။ ပြန်ရောင်းရင် ဈေးကောင်းရနိုင်တယ်။

သူ့စကားကို ဘယ်သူမှ စိတ်ဝင်စားခြင်း မရှိသောကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်ကာ ချိုကုပ်ဒူးကြီး ခေါင်းကုတ်နေသည်။ ထိုစဉ် သူတို့ရှိရာသို့ ချိုကုပ်ဒူးကြီး၏ မြေးတော်လေး ဖိုးလောက်လန်း ရောက်လာသည်။

လောက်လန်း။     ။ ဘိုးတော်ဘုရား ဘာတွေ စိတ်ညစ်နေတာလဲ။ ခေါင်းတွေလည်း ပွရှုပ်နေတာပဲ။

ချိုကုပ်။     ။ ဘာဖြစ်ရမှာလဲ မြေးတော်လေးရယ်။ ခါတိုင်းဆို ဒီလူတွေ ဘိုးဘိုးပြောတဲ့ စကားကို စိတ်အရမ်းဝင်စား ကြတာ။ ဘိုးဘိုး ဘာပြောမလဲ ဆိုတာကို စောင့်နားထောင်ကြတာ။ အခုတော့ ကြည့်ပါဦး၊ တယောက်ကလည်း ဘောလုံး၊ တယောက် ကလည်း ကမ္ဘာ့ဖလား၊ တယောက်ကလည်း ဝါကာဝါကာနဲ့ ဘာတွေမှန်းလဲ မသိဘူး။

လောက်လန်း။     ။ ဒါမှန်တာပေါ့ ဘိုးဘိုးရယ်၊ ဒါဖြစ်သင့်တာပေါ့။

ချိုကုပ်။     ။ ဘာ … ဘာ … မြေးလေးကပါ ဘိုးဘိုးကို ခုလို ပြောနေပြီလား။ မြေးလေး ပြောလို့ ဇော်မင်းကွေးကို ပါမစ်ပေးပြီး တိုက်ရိုက်လွှင့်ဖို့ ဘိုးဘိုးခွင့်ပြုခဲ့တာ ခုတော့မှားပြီထင်တယ်။ ကမ္ဘာကျော် ချိုကုပ်ဒူးကြီးကို အခုတော့ ဘယ်သူမှ အဖက်မလုပ် တော့ဘူးဗျ … အဟီး … အီး … အဟီး။

ချိုကုပ်ဒူးကြီး ငိုချင်းချသည်ကို ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့ လှည့်မကြည့်ကြပေ ….။

လောက်လန်း။     ။ ဟာ … ငိုမနေနဲ့လေ ဘိုးဘိုးရဲ့၊ ပြိတ္တာတို့မျက်ရည် မြေမကျကောင်းဘူးတဲ့။ ကဲ … ကဲ … မြေးလေး အကြံပေးမယ်။ ဘိုးဘိုးက အရင်လို အားလုံး ဝိုင်းအာရုံစိုက်တာ ခံချင်တာ မဟုတ်လား။

ချိုကုပ်။     ။ ဟုတ်တယ်။ အားလုံးက ချိုကုပ်ကို အာရုံစိုက်ရမယ်၊ ချိုကုပ်ဆိုတာ ကမ္ဘာကျော်။ နာမည် အကြီးဆုံး ချိုကုပ်ပဲ ဖြစ်ရမယ်။ ချိုကုပ်ကို ဘယ်သူမှ ကျော်မတက်ရဘူး။ ဒါပဲ။

လောက်လန်း။     ။ ရတာပေါ့ ဘိုးဘိုးရယ်၊ ချိုကုပ် ဖလား ဆိုပြီး ကျင်းပပေးလိုက်။

ချိုကုပ်။     ။ ဟေ … ချိုကုပ်ဖလား … ဟုတ်လား။

လောက်လန်း။     ။ ဟုတ်တယ်။

ချိုကုပ်ဖလား ဆိုသော အသံကြောင့် ဟို သုံးဦးသားလည်း မနေနိုင်ဘဲ လှည့်ကြည့်ကာ နားစွင့်ကြသည်။

ချိုကုပ်။     ။ ဖြစ် … ဖြစ်ပါ့မလား … ငါ့မြေးရယ်။ အခု ကမ္ဘာ့ဖလားကို ကျော်အောင် ဘိုးဘိုးက လုပ်ချင်တာနော်။ တကမ္ဘာလုံးမှာ ရှိရှိသမျှ လူအားလုံးက တောင်အာဖရိကကိုပဲ စိတ်ဝင်စားနေတာ။

လောက်လန်း။     ။ ဘာမှ မပူနဲ့ … ဘိုးဘိုး၊ သားလက်ကိုသာ အပ်လိုက်။ ဝင်ငွေလည်း သောက်သောက်လဲ ရစေရမယ်၊ နာမည်လည်း ကြီးသွားစေရမယ်။

ထိုသို့ ဖိုးလောက်လန်းက ပြောချင်ရာပြောသည်ကို မျက်စိမှိတ် ယုံလေ့ရှိသော ချိုကုပ်ဒူးကြီးက “ဒါဆိုလည်း ချကွာ … နာမည်ကြီးရင် တော်ပြီ” ဟု ပြောလိုက်လေသည်။ ဘိုးတော်ဘုရား၏ ခွင့်ပြုမိန့်ရသည်နှင့် တပြိုင်နက် ဖိုးလောက်လန်းလည်း နေရာမှ ခွာလေသည်။

ထိုနေ့မှ စ၍ ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့ ကြည့်သမျှသော ကိုရီးယားကား၊ တရုတ်ကား၊ မြန်မာကားများကြားတွင် ကန့်လန့်ခံနေသော ကြော်ငြာတခုကို နေ့စဉ် တရက်မလပ် မကြည့်ချင် မြင်လျက်သား ဖြစ်ရလေတော့၏။

စူပါမော်ဒယ်လေး ဝက်ဝံရွှေရည်က တေးရေး နိုင်ငံကျော် အကော်ဒီယံ ဓနိကျော် ရေးစပ်ထားသည့် “ဖြူကာ ပြာကာ … မြန်မာ၊ မြန်မာ” ဆိုသည့်သီချင်းကို တင်၊ ရင် အကုန်လှုပ်ကာ သီဆိုရင်း ဝင်လာသည့် ကြော်ငြာဖြစ်သည်။

“ဖြူကာ ပြာကာ မြန်မာ မြန်မာ … ချိုကုပ်ဖလား …၊ ကမ္ဘာ့ဖလားနှင့်အပြိုင် ကျင်းပမယ့် ချိုကုပ်ဖလား။ လူမျိုးမရွေး ဘာသာမရွေး ကျားမ မရွေး အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ပါဝင်နိုင်တဲ့ ချိုကုပ်ဖလား … စိတ်ဝင်စားသူတိုင်း နေပြည်တော် … ဂန်ဖလား အားစကားကွင်းတွင် လာရောက် ယှဉ်ပြိုင်နိုင်ပါပြီ”

ဖိုးလောက်လန်း ရေးပေးထားသည့် ကြော်ငြာစာသားဖြစ်သည်။ ရွေးကောက်ပွဲနှင့် မှားကာ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆိုတာကို ထည့်ရေးထားသည်။

“ပြိုင်ပွဲစည်းကမ်းချက် အနေနဲ့ … ချိုကုပ်ဒူးကြီး ခေါင်းပုံ ဘောလုံးကို ဂိုးထဲဝင်အောင် သွင်းရပါမယ်။ ဂိုးရှေ့မှာ စောင့်မယ့် သူတွေကတော့ နာမည်ကြီးမော်ဒယ်လေးများ ဖြစ်ကြတဲ့ ဆောင်းဟေကို၊ ဝက်ဝံရွှေရည်နဲ့ သင်ဇာဝင့်ဖော်တို့ ဖြစ်ကြပါတယ်။ မည်သူမဆို ဖိုးလောက်လန်းထံမှာ ကျပ် ၅၀ ပေးသွင်းပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါပြီ ရှန်။ … ဖြူကာ ပြာကာ … မြန်မာ မြန်မာ”

ဖိုးရှုပ်။     ။ ဟာ … ကမ္ဘာ့ဖလား မကြည့်တော့ဘူး။ နေပြည်တော် သွားမယ်။

ကြွက်စုတ်။     ။ ဟုတ်တယ်။ ဟုတ်တယ် … ငါလည်း လိုက်မယ်ဟေ့။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နေပြည်တော် သွားကြမည် ဆိုသောကြောင့် ဦးရုက္ခစိုးလည်း မနေနိုင်မထိုင်နိုင် လိုက်သွားရတော့သည်။ နေပြည်တော် ဂန်ဖလားကွင်းတွင် လူများကြိတ်ကြိတ်တိုး စည်ကားနေသည်။

ထိုရက်ပိုင်းအတွင်း အဲဇလုံလေကြောင်းလိုင်းမှာ ရှိရှိသမျှ လိုင်းများအပြင် ကြားလေယာဉ်များပါ ပြေးဆွဲလိုက်ရသည်။

တောင်အာဖရိက ကမ္ဘာ့ဖလား လက်မှတ်ဝယ်ထားသူများမှာ လက်မှတ်ဖိုး အဆုံးခံ၍ မြန်မာပြည်သို့ ရရာ လေယာဉ်ဖြင့် ပြေးလာ ကြသည်။ ဖိုးလောက်လန်းမှာ အတွင်းရေးမှူး အယောက် ၁၀၀ ခန့်ထားသော်လည်း လက်မလည်အောင် ပိုက်ဆံ သိမ်းနေရသည်။

သူ ထိုင်နေသည့် စားပွဲနောက်တွင်တော့ စာတန်းတတန်း ထင်ရှားစွာ … မြင်နေရသည်

“ချိုကုပ်ဖလား … ဆုရရှိသူများကို ရွှေရောင် ဂန်ဖလား ချီးမြှင့်မည်။ ချိုကုပ်ဒူးကြီး၏ မျက်ခွက်ကြီးကို အားရပါးရ ကန်ခြင်းဖြင့် သင့် ပျော်ရွှင်မှုကို ရယူပါ”

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်