ယောင်မှားကာ ပါတီ ထောင်မိပေါ့

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးသား ချင်းမိုင် ကျုံးဘေး တနေရာတွင် အေးအေးလူလူ အနားယူနေခိုက် သူတို့ နားသို့ ဦးရုက္ခစိုး  လျှောက်လာ သည်ကို တွေ့လိုက်ရသည်။

ဖိုးရှုပ်။     ။ ဟာ … ဦးရုက္ခစိုးကြီး။ ရုတ်တရက် ကိုယ်ထင်မပြဘဲ လမ်းတွေ ဘာတွေ လျှောက်လာနေပါလား။

ကြွက်စုတ်။     ။ ဦးရုက္ခစိုးကြီးလည်း သဘာဝ ပတ်ဝန်းကျင် သမားတွေနဲ့ ပေါင်းပြီး စွမ်းအင်ကို ခြွေတာတာ နေမှာပေါ့ကွာ၊ မင်းကလည်း။

ထုံးစံအတိုင်း ထင်ရာ မြင်ရာများကို စွတ်ပြော နေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ဦးရုက္ခစိုး နောက်တွင် လူတဦး လိုက်ပါ လာသည်ကို ရုတ်တရက် မမြင်ကြပေ။

ရုက္ခစိုး။     ။ မဟုတ်ရပါဘူးကွာ … ငါ့ဘာသာ တရားမှတ်ပြီးလို့ မင်းတို့နဲ့ စကားပြောရအောင် တောင်ပေါ်က ဆင်းလာတာ၊ မင်းတို့ကို တွေ့ချင်လို့ လိုက်ရှာနေတဲ့ ဧည့်သည်တွေနဲ့ လမ်းမှာတွေ့လို့ ခေါ်လာရတယ်။ ဒီမှာ မင်းတို့အတွက် ဧည့်သည်တွေ ပါလာတယ်။

ပြောရင်း ဦးရုက္ခစိုးက ဖယ်ပေးလိုက်ရာ နောက်တွင်ကပ်ပါလာသော ဧည့်သည်တဦးကို ဖိုးရှုပ်တို့ မြင်သွားကြသည်။

ဖိုးရှုပ်။     ။ ဟာ … ပြည်ထောင်စု ဘာညာဘာညာနဲ့ ဘယ်ညာ ညာဘယ်ပါတီရဲ့ ဥက္ကဌကြီးပါလား။ ဘယ်က ဘယ်လို ချင်းမိုင်ကို ရောက်လာတာလဲ။

ဥက္ကဌ။     ။ စိတ်ညစ်လို့ဗျာ … ရန်ကုန်မှာ မိုးကလည်းကောင်း၊ တုပ်ကွေးတွေဖြစ်ကြ၊ ရေတွေလျှံ၊ မီးတွေပျက်၊ ကြွက်တွေကပေါ ဆိုတော့ မိုးနည်းတဲ့ ချင်းမိုင်မှာ အေးအေးဆေးဆေး နားမလားလို့။

ကြွက်စုတ်။     ။ ဟာ … အခုအချိန်က နားရမယ့် အချိန်မှ မဟုတ်ဘဲ။ ခင်ဗျားတို့ ပါတီအတွက် လှုပ်ရှားမှုတွေ လုပ်ရမှာလေ။

ကြွက်စုတ်၏ စကားအဆုံးတွင် ပြည်ထောင်စု ဘာညာဘာညာနှင့် ဘယ်ညာ ညာဘယ်ပါတီ ဥက္ကဌကြီးမှာ ဘာမပြော ညာမပြောနှင့် ချုံးပွဲချ ငိုလေတော့သည်။

ဖိုးရှုပ်။     ။ ဟာ ဘယ်လိုဖြစ်တာလဲ ဥက္ကကြီးရဲ့။ ဒါလေးပြောတာ ငိုစရာလား။

ဥက္ကဌ။     ။ ပြောရက်လိုက်ကြတာ၊ ပြောရက်လိုက်ကြတာ … ဒါလေး မဟုတ်ဘူး၊ ဒါကြီးဗျ၊ ဒါကြီး။ ခုနကပုဂ္ဂိုလ်ပြောတာ ကျုပ်ရဲ့ အနာဟောင်းကို ဆွလိုက်သလိုပဲ ခံစားရတယ်။ ဘာ ပါတီလှုပ်ရှားမှုလဲ၊ ဘာ ပါတီလှုပ်ရှားမှုလဲ။

ကြွက်စုတ်။     ။ ကျနော်ပြောတာ ဘာများအမှားပါလို့လဲဗျာ။

ဥက္ကဌ။     ။ မမှားပါဘူး။ မမှားပါဘူး။ မှားတာက ကျုပ်ပါ … ကျုပ်ပါဗျာ။

ဥက္ကဌကြီးမှာ ပြောရင်းက တရှုတ်ရှုတ်ဖြင့် ငိုနေ ပြန်သည် ...။

ဖိုးရှုပ်။     ။ မှားပါတယ် ဦးရုက္ခစိုးရယ်။ ဘာတွေလဲ။ ကျနော်တို့ဘာသာ အေးအေးဆေးဆေး နားနားနေနေ နေနေတာကို ဘယ်လို ဧည့်သည် ခေါ်လာတာလဲဗျာ။
ကြွက်စုတ်။     ။ ဧည့်သည် ဆိုမှ သတိရတယ်။ ဦးရုက္ခစိုးပြောတော့ ဧည့်သည်တွေဆို … အခုတော့ တယောက်တည်း ပါလား။

ရုက္ခစိုး။     ။ ပါလာပါတယ်။ နောက်တယောက်က ….။

“အလှတရားတွေက ချစ်ချင်းမေတ္တာကို ရောင်ပြန်ဟပ်နေလေရဲ့ … ကမ္ဘာကြီးကို ပလိပ်ရောဂါသည်ရဲ့ လက်ထဲ ထည့်ကြမလို့လား …။ ရေနံတွင်းဝက မိုင်းဗုံးဟာ ရုတ်တရက် ငါ့ရင်ထဲကိုဝင်ရောက် … ပိန်လှီနေတဲ့ လက်ကလေးနဲ့ တောင်းနေတဲ့သူဟာ … ငါကိုယ်တိုင်ဖြစ်သွားတယ်”

ဖိုးရှုပ်။     ။ ဟာ … ဘာတွေလဲ ဦးရုက္ခစိုးရဲ့။ နေပါဦး … သူ့ကို မြင်ဖူးသလိုပဲ။

ရုက္ခစိုး။     ။ မြင်ဖူးမှာပေါ့ … အဲဒါ … အမျိုးသား စည်းလွတ်ဝါးလွတ်နှင့် ကသောင်းကနင်း ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးလေ ...။ သူက မော်ဒန် ကဗျာဆရာကွ။ ကျုံးဘေးရောက်တုန်း ကဗျာစပ်ချင်တယ်ဆိုပြီး နောက်ချန်နေခဲ့တာ။

အတွင်းရေးမှူး။     ။ တဘက်စောင်းနင်း လောကကြီးမှာ အမြင်မတူမှုတွေ ရှိနေမှာပဲ။ ဒါတွေကို ရောမွှေထုဆစ်ဖို့ ပန်းပု ဆရာ တယောက်တော့ လိုလိမ့်မယ်။

ကြွက်စုတ်။     ။ ကျေးဇူးပြုပြီး စကားကို ရှင်းရှင်း ပြောပေးပါလားဗျာ။ ဘာပြောနေမှန်း မသိလို့ပါ။ ဟိုမှာ တယောက်ကလည်း ငို … ဒီ တယောက်ကလည်း ဘာတွေ ပြောနေမှန်းမသိ ဆိုတော့ ကျနော်တို့ ဦးနှောက်တွေလည်း ခြောက်ကုန်ပြီ။

ဖိုးရှုပ်။     ။ ဟုတ်တယ်ဗျ။ အခုအချိန်မှာ ခင်ဗျားတို့ကို ချင်းမိုင်လို နေရာမှာ တွေ့လိုက်ရတော့ တော်တော်လေး အံ့သြ မိတယ်။ တကယ်ဆို ခင်ဗျားတို့က မြန်မာပြည်မှာ စည်းရုံးလှုံ့ဆော်တဲ့ အလုပ်တွေ လုပ်နေရမှာ မဟုတ်လား။

ဥက္ကဌ။     ။ (နှပ်ချေးကို ရွှတ်ခနဲနေအောင် ညှစ်ရင်း) ဟိုလူတွေက အရင်ဘဝက ဘောလုံးသမားတွေ ဖြစ်ခဲ့လား မသိဘူးဗျာ။ လူချလိုက်တာလည်း လွန်ရော၊ အတင်းဝင် အတင်းဖျက်လုပ်နေတာနဲ့ … ဂိုးသွင်းခွင့် … အဲ ယောင်လို့ ဘာမှကို လုပ်ခွင့် မရပါဘူးဗျာ။

ဦးရုက္ခစိုး။     ။ လုပ်ပြန်ပြီ။ နားကို မလည်တော့ဘူး။ ကမ္ဘာ့ဖလားအကြောင်း ပြောနေတာလား။ ပြီးတာဖြင့် ၃ ရက်တောင်ရှိပြီ။

ဥက္ကဌ။     ။ ဘယ်ကလာ ကမ္ဘာ့ဖလားအကြောင်း ပြောရမှာလဲ။ ကြံ့ဖွံ့ပါတီ အကြောင်း ပြောနေတာ။

အတွင်းရေးမှူး။     ။ ခင်ဗျားက ပို့စ်မော်ဒန် သီအိုရီကို တော်တော်လေ့လာထားပုံရတယ် ...။ မိုက်တယ်ဗျာ …။ ဒီပုံစံနဲ့သာ စည်းရုံးရေး တရားဟောရရင် ခင်ဗျားပါတီ မဲတွေ အများကြီးရမှာ။

ကြွက်စုတ်။     ။ ဘုန်းကြီးရူးနဲ့ လှေလူးတော့ တွေ့လာကြပြီ ထင်ပါရဲ့။ ကဲပါဗျာ။ ခင်ဗျားတို့ ၂ ယောက် ဘာလို့ မြန်မာပြည်မှာ ပါတီကိစ္စတွေ မလုပ်ဘဲ ချင်းမိုင်ရောက်နေရတယ် ဆိုတာကို လိုတိုရှင်း ပြောစမ်းပါ။ တယောက် အရင် စပြော၊ ဟုတ်ပြီလား။

ဥက္ကဌ။     ။ ဆုပ်လည်းစူး၊ စားလည်းရူး အနေအထားနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်ပြီး စားရမှာလည်း သဲတရှပ်ရှပ် ပစ်ရမှာလည်း အဆီနဲ့ တဝင်းဝင်း ဆိုသလိုပေါ့ဗျာ။

ဖိုးရှုပ်။     ။ တော်တော်လေး ရှင်းသွားပါပြီ။ နောက်တယောက်က ပြောပါဦး။

ဖိုးရှုပ်က ရွဲ့ပြောလိုက်သည် ...။

အတွင်းရေးမှူး။     ။ လောကကြီးမှာ အထင်နဲ့ အမြင်ဆိုတာ ကွာဟတတ်တာပဲဗျ ...။ တံလျှပ်ကိုရေထင်ပြီး ရွှေသမင် အလိုက်မှားတာမျိုးကို အပြစ်လို့ ခင်ဗျားတို့ ပြောမလား။

ဖိုးရှုပ်။     ။ ကဲ … ကဲ … ဆက်ပြောရင် ပိုရှုပ်ကုန်တော့မယ်။ ဦးရုက္ခစိုးက နတ်ဆိုတော့ အကုန်သိမှာပဲ။ ဦးရုက္ခစိုးပဲ နားလည်သလို ရှင်းပြပါတော့ဗျာ။

ဥက္ကဌ။     ။ နေဦး … နေဦး … ဦးရုက္ခစိုး မရှင်းနဲ့ ကျနော်ပဲ ရှင်းပါ့မယ်။ မြန်မာပြည်မှာက စိစစ်ရေးကြောင့် သွယ်ဝိုက်ပြီး ပြောနေရတာ အကျင့်ပါသွားလို့ပါ။ တကယ်တော့ ကျနော်တို့ မျှော်လင့်ခဲ့တဲ့ ရွေးဂေါက်ပွဲကြီးက ဘာမှကို မျှော်လင့်စရာ မရှိတော့ဘူး။ ဒီမိုကရေစီနဲ့လည်း ဝေးပြီ … အဟင့် … လွှတ်တော်မှာ ပြင်ကြမယ် ဆိုတာလည်း … ခုအတိုင်းဆို ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဆိုတဲ့အကြောင်း ပြောနေတာပါဗျာ။

ကြွက်စုတ်။     ။ ဗျာ … ခင်ဗျားတို့ အခုမှ သိတာလား။

အတွင်းရေးမှူး။     ။ ဟုတ်ကဲ့။ အခုမှ သိတော့ … ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီဗျ။ စည်းရုံးတဲ့အနေနဲ့ လူမှုရေး လုပ်မယ် ဆိုတော့လည်း ကျနော်တို့လုပ်ရင် ဥပဒေနဲ့ ငြိတယ်၊ ကြံ့ဖွံ့ကလုပ်ရင် ရတယ်။ ဟိုကပိတ်၊ ဒီကပိတ် … ဟိုကကာ၊ ဒီကကာနဲ့။ အလှူငွေလည်း ကောက်လို့မရ၊ မီဒီယာကိုလည်း ပြောလို့မရ ...။ ပိုက်ဆံလည်း မရှိ … ဘာလုပ်ရမှန်းလည်း မသိ။

ရုက္ခစိုး။     ။ ဟစ်ပ် ဟော့ ဆိုနေတာများလား။

ဥက္ကဌ။     ။ ပွဲက ပြီးသွားပြီဗျ … ပြီးသွားပြီ … ဘာရွေးဂေါက်ပွဲမှ လုပ်စရာ မလိုတော့ဘူး။ ကျနော်တို့ မနိုင်တော့ဘူး။

ဖိုးရှုပ်။     ။ အင်းလေ … အဲဒါ ကျနော်တို့ အားလုံး သိပြီးသားပဲဟာ … ခင်ဗျားတို့ ပါတီတွေ မှတ်ပုံ မတင်ခင် ကတည်းက သိတယ်။ နော် ကြွက်စုတ်။

ကြွက်စုတ်။     ။ ဟုတ်တယ်လေ။ ဒါ လူတိုင်း ပြောနေတာပဲဟာ။

အတွင်းရေးမှူး။     ။ ဟာ … ဟုတ်လား။ ကျနော်တို့တော့ အခုမှသိတယ်။ ဒါ အသစ်အောက်မေ့လို့ … မော်ဒန်အောက်မေ့လို့ … လက်စသတ်တော့ အန်းတစ်ကြီးပါလား၊ အဟောင်းကြီးပါလား။

ဥက္ကဌ။     ။ မသိဘူးလေဗျာ … မဆလ ဇောက်ထိုးပါတီနဲ့ တိုင်းရင်းသားကြံ့ဖွံ့ ပါတီတွေကမှ မပြောတာ။ သူတို့ပြောရင် အစောကြီး ကတည်းက သိမှာ၊ အစောကြီးကတည်းက သိရင် ကျနော်တို့လည်း ဘယ်ပါမလဲဗျ။

အတွင်းရေးမှူး။     ။ အဲဒါကြောင့် ပြောတာ။ ပဒိုင်းသီး လက်ထဲ ရောက်နေသလို ဆုပ်လည်းစူး၊ စားလည်း ရူး ဘဝပါလို့။

ဥက္ကဌ။     ။ မဟုတ်ဘူး … ချောင်းကို ပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့တဲ့ ဘဝဗျ။

အတွင်းရေးမှူး။     ။ မဟုတ်ဘူး … မဟုတ်သေးဘူး ...။ ရွေးကောက်ပွဲ ဝင်ဖို့ မှတ်ပုံတင်လိုက်မိတာ … ကျုပ်တို့တော့ အရူးမကို လင်တော်လိုက်ရ သလိုပါပဲဗျာ။

ဥက္ကဌ။     ။ ဘဲအုပ်က တရာ၊ နှစ်ရာ … မဗေဒါက တပင်တည်း ဆိုသလို … လွှတ်တော်မှာ ထိုင်ခုံအကျိုး တလုံးကိုတောင် လုထိုင်ရမယ်နဲ့ တူပါတယ်။

အတွင်းရေးမှူး။     ။ သြော် … ကျုပ်ရဲ့ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုတဲ့ စိတ်ဓာတ်ကြောင့်သာ ပေါ့ဗျာ။ မဟုတ်လို့ ကတော့လား … စိန်နားကပ်ရောင်နဲ့ ပါးပြောင်တဲ့ ကြံ့ဖွံ့လောက်ကို စကားထဲတောင် ထည့်မပြောဘူး။

ဥက္ကဌ။     ။ ဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်ကြတာပါဗျာ ...။ မိုးကောင်းတုန်းတော့ ရွာထားကြဦးပေါ့ ...။

ပြည်ထောင်စု ဘာညာဘာညာနဲ့ ဘယ်ညာ ညာဘယ်ပါတီဥက္ကဌနှင့် အမျိုးသား စည်းလွတ်ဝါးလွတ်နှင့် ကသောင်းကနင်း ပါတီ အတွင်းရေးမှူး တို့မှာ မြန်မာစကားပုံ ရှိရှိသမျှကို အပြိုင်အဆိုင် အလွတ် ရွတ်နေကြလေရာ သူတို့ လေဒဏ်များကို မခံနိုင်သည့် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့လည်း ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာသွားကြ လေတော့၏။     ။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်