ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၂၉)

လွန်ခဲ့သည့် အပတ်များက ရာသီဥတုသည် နေပူလိုက်၊ မိုးရွာလိုက်ဖြင့် စိတ်မမှန်သည့် စစ်အစိုးရကဲ့သို့ မျောက်စိတ် ဖြစ်နေရာက တဖန် အေးစက်သည့် ဆောင်းရာသီသို့ အချက်မပြဘဲ ချိုးကွေ့လိုက်သည်မှာ လမ်းနဘေးရပ်နေသူကို ခရီးသည် အမှတ်ဖြင့် ချည်းကပ်သွားသည့် အငှားယာဉ်ကဲ့သို့ပင်။

ချင်းမိုင်လိုတောင်ပတ်လည်ဝိုင်းနေတဲ့မြို့ကလေးအတွက်တော့ အပူချိန်အနည်းငယ်လျော့ကျပြီဆိုရင်ဖြင့် အအေးဓာတ်က သိသိသာသာကြီး တိုး၍လာတတ်ပါသည်။ နေ့အခါသိပ်မသိသာပေမယ့် အခုလို နေဝင်ရိုးရီအခါမျိုးကစ၍ သိသာလာသည့် အအေးဓာတ်သည် ညဥ့်နက်လေ ပိုအေးလေပင်။  

ဒွိုင်ဆူထေ့တောင်ခြေရှိညောင်ပင်အောက်တွင်မူ ရုက္ခစိုးကြီးနှင့် ကြွက်စုတ်တို့ မသာယာသည့်မျက်နှာများဖြင့် ဓားလွယ်ခုတ် အနေအထားဖြင့်ထိုင်နေသည်မှာ အလွမ်းမင်းသားများအလားပင်။ သဘာဝကြီးကပေးစွမ်းသည့် အအေးဓာတ်သည် လည်းကောင်းတို့ရင်တွင်းက အပူမီးကိုငြှိမ်းနိုင်စွမ်း မရှိပေ။

ထိုစဉ် သရီးရှဲဒိုး (အရိပ်သုံးပါး) နားမလည်သူတဦး ညောင်ပင်အောက်သို့ဆိုင်ကယ်ထိုးရပ်လိုက်ကာ …

ဖိုးရှုပ်။     ။ အောင်မယ် ခင်ဗျားတို့ထိုင်နေပုံက စိတ်ကောက်နေတဲ့စုံတွဲလိုပဲ ကြည့်လို့ကောင်းသဗျ။ ဟိုကောင် …  ကြွက်စုတ် ဖြစ်နေပုံကလည်း ခိုးရာလိုက်လာပြီးမှ အမေကိုလွမ်းလို့မှိုင်နေတဲ့ အပျိုဖျန်းလေးလိုလိုနဲ့ … ဒီမှာ ထောင်တန်တွေဖောင်းပွ နေတယ်၊ ထောင်တန်တွေဖောင်းပွနေတယ်။

ဖိုးရှုပ်၏နှောင့်ယှက်မှုကြောင့် အလွမ်းသမားနှစ်ဦး ရင်တွင်းကအပူမီးသည် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ ဖြတ်သန်း ကာ နောက်ဆုံး၌ ဆဲရေးတိုင်းထွာသည့်စကားလုံးများပါးစပ်ဖျားမှ အန်ကျလာလေတော့သည်။

ရုက္ခစိုး။     ။ ခွေးကောင် ဖိုးရှုပ် နင့်ဂျီးဒေါ်ကြီး လင်နောက်လိုက်သွားလို့ ဒီလောက်တောင် ပျော်နေရသလား။ တလောကလုံး စီးပွားပျက်ကပ်စိုက်နေမှတော့ ထောင်တန်ဖောင်းပွတာဆန်းသလား။

ဖိုးရှုပ်။     ။ ထောင်တန်မဟုတ်ဘူးဗျ၊ ထောင်ဒဏ်၊ ထောင်ချခံရတာကိုပြောနေတာ။ ၈၈ ကျောင်းသားတွေကို ထောင် ၆၅ နှစ်ဆီချလိုက်လို့ ထောင်ဒဏ်တွေဖောင်းပွတယ်လို့ပြောနေတာ။

ကြွက်စုတ်။     ။ အေး … အဲဒီသတင်းကြောင့် စိတ်မကောင်းဖြစ်နေကြတာ။ မင်းတို့သတင်းထောက်တွေကတော့ အဲဒီကိစ္စ ကိုအကြောင်းပြုပြီး ၃၊ ၄ ရက်စာလောက် သတင်းတွေရတော့မှာမို့ ပျော်နိုင်တာပေါ့။

ဦးရုက္ခစိုးကလည်း ကြွက်စုတ်၏စကားကိုထောက်ခံသည့်အလား ဖိုးရှုပ်အား မျက်ထောင့်နီကြီးဖြင့်ကြည့်နေ၏။

ဖိုးရှုပ်။     ။ ကြွက်စုတ်ရာ … သတင်းထောက်ဆိုတာဦးရုက္ခစိုးလို နတ်စိမ်းမဟုတ်ပါဘူး၊ တကယ့် ပုထုဇဉ် လူသားတွေမို့ နှလုံးသားနဲ့ပါ။ ငါတို့နိုင်ငံမှာ လွမ်းစရာကို နာစရာနဲ့ ဖြေရလွန်းလို့လဲ ကြက်နာကြီး လည်လိမ်ခံထားရသလို့ အနေရခက် ခဲ့တာ ကြာလှပါပြီ။ သေချာတာတခုကတော့ ဒီတိုင်းပြည်မလွတ်မြောက်သေးသရွေ့ နှိပ်စက်မှုတွေက ဆုံးနိုင်မှာမဟုတ်သလို ထောင်သံသရာကလည်း ရှိနေဦးမှာ။ ဒီဘဝကနေအမြန်လွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာက အရေးအကြီးဆုံးပါ။

ဖိုးရှုပ်၏စကားကြောင့် ရုက္ခစိုးကြီးမှာ ဘရမ်းကြက်ပေါင်းရည် ၂ ပုလင်းတပြိုင်တည်းမော့လိုက်သကဲ့သို့ ခွန်အားများပြန်ပြည့် လာကာ …

ရုက္ခစိုး။     ။ အေး ဟုတ်တယ်ကွ … ငါတို့တွေထိုင်ဆွေးနေရုံနဲ့ ထောင်ထဲကလူတွေပြန်လွတ်လာမှာမဟုတ်ဘူး။

ဖိုးရှုပ်။     ။ သေချာတာပေါ့ဗျ … ငိုပြရုံနဲ့သာတိုင်းပြည်ကောင်းစားမယ်ဆိုရင် ကျနော်တို့သတင်းထောက်တွေ တနေ့ကို အနည်းဆုံး ၂ နာရီလောက်တော့ သတင်းအလုပ်တွေဘေးချထားပြီး ငိုပေးနိုင်ပါတယ်ဗျ။

ရုက္ခစိုး။     ။ ဒါဆို ငါတို့ဘာလုပ်ကြမလဲ။

၎င်းတို့ဘာလုပ်သင့်သည်ကို ချက်ချင်းအဖြေမထုတ်နိုင်ကြသေး … ကွမ်းတညက်ခန့်ကြာသောအခါ ကြွက်စုတ်က …

ကြွက်စုတ်။     ။ ဟုတ်ပြီ … ဘာလုပ်ရမယ်ဆိုတာ သိပြီဗျ၊ သိပြီ။

ရုက္ခစိုး။     ။ ပြောစမ်းကွာ … ဒီနေရာမျိုးကျတော့ မင်းတို့လိုနိုင်ငံရေးသမားက ပိုသိသကွ။

ကြွက်စုတ်။     ။ ဒီနေရာမှာ ယူအန်ကို အသုံးချရမယ်။ ကျုပ်တို့သုံးယောက်လက်မှတ်ထိုးပြီး ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်လွှတ်ဖို့ ယူအန်ကနေတဆင့် ဖိအားပေးရမယ်ဗျ။

ကြွက်စုတ်စကားကြောင့် ရင်ခေါင်းနားအထိ တဖြည်းဖြည်းပြန်တက်လာသည့်စိတ်ဓာတ်သည် ခြေမျက်စိအောက်အထိ ဘုတ်ခနဲ ပြုတ်ကျသွားပြန်၏။ သို့သော် ငိုအားထက် ရယ်အားသန်သည်ဟု ဆိုရမလိုပင်၊ ညစ်နေသောစိတ်တွေ ဘယ်ရောက် ကုန်သည်မသိ ရုက္ခစိုးကြီးနှင့် ဖိုးရှုပ်တို့ ခွက်ထိုးခွက်လန် ရယ်ကြလေသည်။

ဖိုးရှုပ်။     ။ ကောင်းလိုက်တဲ့အကြံကွာ။ မြန်မာဆိုင်က ဒီမနက်ရောင်းလိုက်တဲ့ မနေ့ကဟင်းကျန်ထက်ကို ကောင်းသေး။

ရုက္ခစိုး။     ။ ၂၀၀၈ ခုနှစ်အတွက် အပြောင်မြောက်ဆုံးနဲ့ နောက်ဆုံးပျက်လုံးပဲဟေ့။ အောင်မလေး ဉာဏ်ကြီးရှင်ရယ် … မိုးပေါ်ကသိကြားမင်းကိုယ်တိုင်ဆင်းပြီး နင့်ဂျီးဒေါ်ယောက်ျား စစ်ဗိုလ်တွေကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါလို့ သွားပြောရင် သွားပြောတဲ့ သိကြားမင်းကိုပါ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ဖမ်းပြီး ရှေ့နေတွေကိုထောင်ချသလို ၄ လ (သို့မဟုတ်) ၆ လ အနည်းဆုံး ထောင်ချလိုက်မှာ။ နင်တို့ ဘန်ကီမွန်လောက်ကတော့ ရှိတယ်လို့ကိုမထင်တာ။

ကြွက်စုတ်။     ။ အဲလိုလည်း မဟုတ်သေးဘူးလေ … ယူအန်ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံပေါင်းချုပ်အဖွဲ့ကြီးက ဆင်းသက်လာတဲ့ အဖွဲ့အစည်းကြီးပါဗျ။

ဖိုးရှုပ်။     ။ မင်းဟာမင်း အသင်းချုပ်ကြီးဖြစ်ဖြစ် အရှုပ်ထုပ်ကြီးဖြစ်ဖြစ် … ယူအန်လုပ်လို့ ကောင်းစားသွားတဲ့တိုင်းပြည် ဒီကမ္ဘာမှာမရှိသေးဘူး၊ ယူအန်မှာလုပ်လို့ ကောင်းစားသွားတဲ့ ပုဂ္ဂိုလ်တွေတော့ နိုင်ငံတိုင်းလိုလိုမှာရှိသကွ။ မြန်မာပြည်သူ သန်း ၅၀ ထဲက ၁၅ သန်းလောက် ယူအန်မှာအလုပ်ရမယ်ဆိုရင်တော့ … အဟဲ … တို့တိုင်းပြည် ကောင်းသွားနိုင်ပါတယ်။

ကြွက်စုတ်က ယူအန်ကိုအားကိုးသလောက် ဖိုးရှုပ်က ယူအန်ကို လုံးဝရှုတ်ချနေ၏။ ဧကန္တ ဖိုးရှုပ်၏ နိုင်ငံရေးခိုလှုံခွင့် လျှောက်လွှာကို ယူအန်က ပယ်ချထားပုံရသည်။ အခြေအနေကို ရုက္ခစိုးကြီး ကြားဝင်ဖြေရှင်းမှဖြစ်တော့မည်။ ဤနေရာမျိုး၌ ဦးရုက္ခစိုးသည်လည်း အချဉ်မဟုတ်ပေ။ မြန်မာ့အရေးကျွမ်းကျင်သူပီပီ ပြဿနာတက်နေသူနှစ်ဦးအား သီးခြားအကြောင်းအရာတခုသို့ အာရုံလွှဲပေးလိုက်၏။

ရုက္ခစိုး။     ။ ကဲပါကွာ … မြန်မာ့နိုင်ငံရေးကို တို့သုံးယောက်တည်းနဲ့ တထိုင်တည်းပြောင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကွ။ တဖြည်းဖြည်းစဉ်းစားအဖြေရှာရင်း နည်းလမ်းကောင်းတွေရှာကြတာပေါ့ကွာ။ အခုတော့ နိုင်ငံရေးသမားတွေ ထောင်ချတာ အပြင် ပြည်တွင်းမှာ ဘာတွေထူးတယ်ဆိုတာ ဆက်ဆွေးနွေးကြတာပေါ့ကွာ။ ပြောကြစမ်း ပြည်တွင်းသတင်း။

ဖိုးရှုပ်က သတင်းသမားပီပီ သတင်းကိစ္စကို ဦးဆောင်ဆွေးနွေးလေ၏။

ဖိုးရှုပ်။     ။ ပြည်တွင်းမှာ စီးပွားရေးကျချက်ကတော့ ကမ်းကုန်ပေါ့ဗျာ။ ဒီနေရာမှာတော့ ကျုပ်တို့မြန်မာတွေ ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင်သဗျ။ အမေရိကန်တွေ စားသောက်ဆိုင်မထိုင်နိုင်တော့တာ ကျုပ်တို့မြန်မာတွေက ပျင်းတောင်ပျင်းသေးတယ်။ အခု ရန်ကုန်က ကာရာအိုကေဆိုင်တွေမှာအရင်ကလို ပန်းကုံးစွပ်မယ့်လူ ရှားသွားပြီ။ သွားဖို့တောင်အနိုင်နိုင်လို့ ပြောလို့ရတယ်။ စားသောက်ဆိုင်တွေဆိုလည်း လူမစည်တော့ဘူး။

ကြွက်စုတ်။     ။ စားပွဲထိုးကောင်မလေးတွေ သနားပါတယ် …

ရုက္ခစိုး။     ။ ကြွက်စုတ်နော် … ဝင်မနှောက်နဲ့ …

ရုက္ခစိုးကြီး ဝင်ဟန့်သဖြင့် ကြွက်စုတ်မှာ တခါပြန်ငြိမ်ကျသွား၏။

ဖိုးရှုပ်။     ။ စားသောက်ဆိုင်ကြီးတွေမှာ နိုင်ငံခြားအရက်သောက်နေကြသူဌေးတွေတောင် အခုဆို ဖြစ်တွင်းဖြစ် မန္တလေးရမ် ကို ပြောင်းသောက်ကုန်ကြပြီဗျ။ တခြားအရက်ကြိုက်တဲ့လူအတော်များများလည်း အရက်ဖိုးမတတ်နိုင်တော့လို့ ပြတ်ကုန် ကြပြီဗျ။

ရုက္ခစိုး။     ။ ဘာသာရေးရှုထောင့်ကကြည့်ရင်တော့ မဆိုးဘူးနော်။

ကြွက်စုတ်။     ။ အဲဒါတော့ဟုတ်တယ်ဗျို့ … စာရေးဆရာတွေနဲ့ ကဗျာဆရာအသိုင်းအဝန်းထဲမှာ အရက်ဖိုးမတတ်နိုင်ကြလို့ တရားထိုင်တဲ့ ဝိပဿနာသမားတွေ တနေ့တခြား များလာပြီဗျ။

ရုက္ခစိုး။     ။ ဒါဆို ပြည်တွင်းက စာရေးဆရာတွေ၊ ကဗျာဆရာတွေ ဘုန်းကြီးဝတ်ကုန်တော့မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သာဓုခေါ်ပါတယ်ကွာ။

ဖိုရှုပ်။     ။ ဦးရုက္ခစိုးကြီး … အပြောမစောနဲ့ဦး။ ထိုင်းနယ်စပ်ကို တောခိုလာတဲ့ စာပေသမားတွေ အရက်သောက်ခွင့် ပိုရကြ တယ်ဆိုပြီး ပြည်တွင်းစာပေသမားအတော်များများလည်း တောခိုချင်နေကြတယ်ဗျ။

ရုက္ခစိုး။     ။ အင်း … တောင်တန်းကြီးက မိုဟာမက်ဆီမလာတော့လဲ မိုဟာမက်က တောင်တန်းကြီးဆီ သွားရတာပေါ့ကွာ။ ငါလဲလစ်ပြီဟေ့ … ရာသီဥတုက အားကစားသမားအကြိုက်ဆိုတော့ ကိုကြီးကျော်နဲ့မြန်မာ့အရေးဆွေးနွေးဖို့ ချိန်းထားတယ်။ တောင်တန်းကြီးဆီ သွားလိုက်ဦးမယ်။ နောက်တပတ် ဒီနေရာကို လာခဲ့ကြဦး။

ရုက္ခစိုးကြီးသည် ပြောပြောဆိုဆိုပင် ကိုယ်ရောင်ဖျောက်သွားလေ၏။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်