ခွေးခြင်္သေ့မှတပါး အခြားမရှိ

မှန်လုံ ကားကြီးတစီးသည် လွှတ်ရုံးတော် အမတ်မင်း လောင်းလျာများကို သယ်ဆောင်လျက် ကြပ်ပြေး နေပူတော်သို့ ချီတက်လျက် ရှိလေသည်။ ကိစ္စကား အခြားမဟုတ်။ နိုင်ငံရေးပါတီများမှ အမတ်လောင်းလျာများ လေဒီအိုနှင့် ရယ်လီဗေးရှင်းမှ အလှည့်ကျ ဟောပြော ထုတ်လွှင့်ကြရန် ဖြစ်လေသည်။

cmnat-may-20-09လေလှိုင်းမှ မစားရ ဝခမန်း လေကြွားကာ ဓာတ်ပြားဟောင်းကြီး ဖွင့်တတ်သောကြောင့် “လေဒီအို”ဟု လည်းကောင်း၊ရယ်စရာ ဟာသများသာ တချိန်လုံး ထုတ်လွှင့်တတ်သဖြင့် “ရယ်လီဗေးရှင်း” ဟု လည်းကောင်း မြန်မာပြည်တွင် အမည်တွင်၏။ (ဤကား စကားချပ်)

ဦးရုက္ခစိုး၊ ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ကား ပြင်ပလေ့လာရေးနှင့် သတင်းယူရေးတို့အတွက် ကားနောက်ဆုံးခုံတွင် ကုပ်ကုပ် ကလေး ထိုင်၍ လိုက်ပါလာ၏။

ရယ်လီဗေးရှင်းများတော့ ရိုက်ရချည်သေးရဲ့ဟု ပီတိဖြစ်လျက်ရှိသဖြင့် မျက်နှာ ပေါင်းတင်လာသော၊ ဆံပင်ဖြောင့်လာသော၊ လည်တွင်ဆွဲရန် ဘယက်ယူလာ(တကယ်က ငှားလာ) သော လေဒီ အမတ်လောင်းများကား အတွေးကိုယ်စီနှင့် လိုက်ပါ လာကြကုန်၏။

လွှတ်ရုံးတော်တွင် အမျိုးသားများသည် လစာထုတ်လျှင် “ဘတ်” ငွေ မချန်ဘဲ အကုန်အပ်ရေး၊ ခင်ပွန်းများသည် ကာရာ အိုကေနှင့် အနှိပ်ခန်းများ သွားရာမှ “စမော” များ ရလာခြင်းဖြင့် ၎င်းတို့သည် “အကြီး” ရာထူးသို့ မရောက်ရှိရေး စသည့် အမျိုးသမီးရေးရာ အခွင့်အရေးများ တောင်းဆိုကြမည်ဟု လေဒီ အမတ်လောင်းများက အားခဲထားကြလေသည်။

ရယ်လီဗေးရှင်း မရိုက်ခင် ပြင်ဆင်ရန် ဖေရှယ်ဖုန်း ဆိုသော မျက်နှာသစ်ဆေးကို တခြားသူမြင်မည်စိုး၍ ဖွက်ပြီး ယူလာသော၊ မြေဖြူခဲရောင်ဆံပင်ကို မီးသွေးခဲရောင် ဆိုးလာသော၊ တွံတေးသိန်းတန် အသံမျိုးဖြင့် မဲဆွယ်ရန် ကြိတ်၍ လေ့ကျင့်လာသော ဂျင်းတဲလ်မန်း အမတ်လောင်းများကလည်း ကိုယ်စီကိုယ်ငှ စိတ်စကြာ ဖြန့်လျက်ရှိကုန်၏။

ငယ်ငယ်က မင်းသားမဖြစ်ခဲ့ရလည်း အခုတော့ ရယ်လီဗေးရှင်း စခရင်မှာ ပေါ်ရသေးတော့ဟု လည်းကောင်း၊ လွှတ်ရုံး အမတ် ဖြစ်ပါက ဘီယာဆိုင် ပါမစ် များများချပေးလိုက်ဦးမည်ဟု လည်းကောင်း၊ ရောက်တုန်းရောက်ခိုက် နေပူတော်တွင် အနှိပ်ခန်း များ အလွန် ဆားဗစ်ကောင်းသည် ကြားသဖြင့် ဝင်ကြိတ်လိုက်ဦးမှဟု လည်းကောင်း သန်ရာသန်ရာ ကြုံးဝါးကာ နေကြပေ သည်။

ဦးရုက္ခစိုး၊ ကြွက်စုတ်နှင့် ဖိုးရှုပ်မှာမူကား မည်သူသည် အမတ်ရုပ်၊ ဝန်ကြီးရုပ် ပေါက်လေသနည်းဟု မသိမသာ အကဲခတ်ရင်း တီးတိုး ဝေဖန်လျက် ရှိ၏။

ပါတီ အမတ်လောင်းလျာများသည် နေပူတော်သို့ ရောက်လတ်သော် ပြောချင် ပွားချင်သည်များကို စာမျက်နှာ ၇ မျက်နှာစာ ကြိုတင် တင်ပြရမည်ဖြစ်ပြီး ရွေးဂေါက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းဆိုးနှင့် ပြန်ကြားရေးဝန် ဦးဆော်ကြမ်းတို့က စာလုံးပေါင်း သတ်ပုံစစ်ခြင်း၊ လက်ရေးလက်သားစစ်ခြင်း၊ စာရွက် ကောင်း မကောင်းစစ်ခြင်း၊ လူတွေ့စစ်ဆေး၍ အရွတ်အဖတ် ပီမပီ စမ်း သပ်ခြင်း၊ မိတ်ကပ်အဖို့များ မများနှင့် တိုက်ပုံကြယ်သီး တပ် မတပ်တို့ကိုပါ စစ်ဆေး ဆောင်ရွက်ကြမည် ဖြစ်လေသည်။

အစီအစဉ်ကား စလေပြီ။

ဝါးဖတ် ဦးထုပ်ကို သင်္ကေတပြုထားသော “အမျိုးမျိုး ဒီမိုကရေစီပါတီ” မှ ဒေါက်တာ မီလျံညိန်းက စပြီး တင်ပြသည့် စာမူနှင့် ပတ်သက်၍ “လူမှု အခြေပြု လွတ်လပ်ခွင့်ဝါဒ” တွင် နတ်မှု၊ ဗြဟ္မာမှု လွတ်လပ်ခွင့် မပါဟု ဆိုကာ ဦးသိန်းဆိုးက ပယ်ချသည်။

ဦးရုက္ခစိုး ။   ။ နတ်မှု၊ ဗြဟ္မာမှု မပါလို့ ပယ်တာ သဘာဝ ကျတာပဲ။ တို့လို နတ်တွေ အခွင့်အရေးအတွက် စဉ်းစားပေးတယ် ဆိုရမှာပဲ။

ဦးရုက္ခစိုးက တွေးတွေးဆဆပြောသည်။ ကြွက်စုတ်ကမူ ရေရေလည်လည် ဝေဖန်၏။

ကြွက်စုတ် ။   ။ ဘယ်ကလာ ဦးရုက္ခစိုးကလည်း ... ချိုကုပ်ဒူးကြီးတို့၊ မောင်ကွေးတို့၊ ရွှေပန်းတို့ နတ်ပြည်ရောက်မယ်ထင်လို့ နတ်မှု၊ ဗြဟ္မာမှု အခြေပြု လွတ်လပ်ခွင့်ကို ထည့်တွက်တာ။ တကယ်က သူတို့အတွက် “ငရဲမှု အခြေပြု ထုထောင်းခွင့် ဝါဒ” နဲ့ပဲ သင့်တော်သဗျ။

အမြီးနုတ် ခံထားရသည့် ဒေါင်းသင်္ကေတ ကိုယ်စားပြု “ဒီမိုတစ်လစ်ပါတီ” မှ ဒေါ်နေညိုဗစွေ တင်ပြချက်ကို စိစစ်ရာတွင် “အာဏာဟူသမျှ လူထုထံမှ ဆင်းသက်ရမည်” ဟု ဆိုထားရာ အာဏာသည် လူထုထံတွင် မရှိ၊ ချိုကုပ်ဒူးကြီး ထံတွင်သာ ရှိသည်ကို အခုထိ မသိရသေးကောင်းလားဟု အကြိမ်းအမောင်းခံရပြီးမှ ပယ်ချခံရလေသတတ်။

ဖိုးရှုပ် ။   ။ အာဏာဟူသမျှ ချိုကုပ်ဒူးကြီးရဲ့ သေနတ်ပြောင်းဝမှာ ရှိတယ်ဆို ပိုမှန်မှာပဲဗျ။

ကြွက်စုတ် ။   ။ ကြည့်လည်း ပြောဦးကွ၊ အသံဖမ်းစက်တွေ ဘာတွေ တပ်ထားလားမသိ၊ တော်ကြာနေ ရိုက်စစ်ခံရပြီး တမလွန် အလည်ခရီးထွက်ရလို့ နိုဝင်ဘာ ရွေးဂေါက်ပွဲကြီးကို မမြင်လိုက်ရ ရှိဦးမယ်။

မဆလာ ခေတ် လက်ကျန်ပါတီ ပြောင်းဖူးပင် သင်္ကေတ ကိုယ်စားပြု “တိုင်းရင်းသား ပူးပေါင်း ခွင်ရိုက်ရေးပါတီ” မှ ဟင်္သာတ ထွန်းရင် နှင့် နာမည်ဆင်သူ ဦးထွန်းယီ က “လူတဦးမှသည် ဆွေးမျိုးတစု ကြီးပွားတိုးတက်ရေး” ကို ဟောပြောရန် တင်ပြလေ သည်။ ထိုဝါဒကိုမူ ဦးသိန်းဆိုးနှင့် ဦးဆော်ကြမ်းက “အမှန်တရားနှင့် နီးစပ်သည်” ဟု မှတ်ချက်ပေးသော်လည်း ဆိုင်းငံ့ထား လိုက်၏။

ရှေ့မီနောက်မီရှိသော ဦးရုက္ခစိုးကြီးက သံဝေဂရသော လေသံဖြင့် ဖိုးရှုပ်နှင့် ကြွက်စုတ်ဘက်သို့ လှည့်ကာ ပြောသည်။

ဦးရုက္ခစိုး ။   ။ တယ်လည်း အတိုင်အဖောက် ညီသကိုး။ မြွေမြွေခြင်း ရှုးဖိနပ်စီးတာ မြင်သလိုပဲ။ ဒါနဲ့ပဲ မင်းတို့တွေ ခေတ်ပျက်ကြီးမှာ လူဖြစ်လာခဲ့ရတာ ဟေ့။ 

တိုင်းရင်းသား ပါတီတို့မှ ဟောပြောမည့် အမတ်မင်း လောင်းလျာများကမူ စာလုံးပေါင်း သတ်ပုံ ပြင်ရန်နှင့် လေယူလေသိမ်း လေ့ကျင့်ရန် စသည့် မှတ်ချက်များဖြင့် အချိန်ဆိုင်းငံ့ထားခြင်း ခံရလေသည်။

အလုံးမဟုတ် အပြားမဟုတ် ဘာမှန်းမသိရသော တံဆိပ်ကို ကိုယ်စားပြုထားသည့် “မတူကွဲပြဲခြင်းနှင့် ရေခဲတုံးပါတီ” မှ ဦးလေမျိုးဝေ ကမူ “လူသားဆန်သော နိုင်ငံသားဝါဒ” ဟု တင်ရာ “မျောက်ပြဆန်တောင်းသော ဝါဒ” ကိုသာ ကြားဖူးသည် ဟူသော မှတ်ချက်ဖြင့် ဦးဆော်ကြမ်းက ပယ်ချလေ သတတ်။

ဖိုးရှုပ် ။   ။ ဦးဆော်ကြမ်း တခါက ပွဲတပွဲမှာ ကာရာအိုကေ ဆိုပြီး ကွေးနေအောင် ကတဲ့ပုံတွေ အင်တာနက်ပေါ် ရောက်လာဖူး တယ် ဗျ။ ဒါကြောင့်သူက မျောက်ကပဲ သိတာဖြစ်မယ်။

ဖိုးရှုပ်က ကြွက်စုတ်နှင့် တီးတိုး အတင်းပြော၏။

“ခေတ်နောက်ပြန်ဆွဲပါတီ” မှ အမတ်လောင်း ဆောင်းပါးဆရာ အောင်မြေစံ က “လေးနက်သည့် အဘိဓမ္မာအပေါ် အခြေခံ မည် ဟု” ခန့်ခန့်ငြားငြား ရေးသားဖော်ပြထားရာ ဦးသိန်းဆိုးက အဘိဓမ္မာအခြေခံ သင်္ဂြိုဟ် ၉ ပိုင်းကို အလွတ်ရွတ်ခိုင်းလေ သည်။ မရွတ်နိုင်သဖြင့် ပယ်ချခံရပြန်လေ၏။

ဦးရုက္ခစိုးတို့ သုံးဦးသားကား အသံမထွက်ရဲသဖြင့် ကြိတ်၍ ရယ်ကြလေသည်။

“ဝင်သာထု NLD” အမည်ရ ပါတီမှ ဒေါ်ဝါတာလီလီက “မိခင်နှင့် ကလေးစောင့်ရှောက်ရေး” ဆောင်ရွက်မည်ဟု တင်ပြရာ ထိုအသင်းမှာ ချိုကုပ်ဒူးကြီးက ထောင်ထားပြီးဖြစ်၍ မလိုဟု လည်းကောင်း၊ “ဒီမိုးက ရေစီးနှင့် ရေခဲရေပါတီ” က “အသေးစား ငွေစုငွေချေးအသင်း ထူထောင်မည်” ဟု တင်ပြရာ အပေါင်ဆိုင် အားပေးသော စနစ်ဖြစ်သည်ဟု လည်းကောင်း ဦးသိန်းဆိုးနှင့် ဦဆော်ကြမ်းက အသီးသီး အသက အသက ပယ်ချလိုက်လေ၏။

ဤသို့ ပယ်ချလိုက်၊ ဆိုင်းငံ့လိုက် လုပ်လာခဲ့ရာ ကြံ့ဖွတ်ပါတီမှတပါး ရှိသမျှပါတီ အကုန်ကုန်သောဟူ၏။ ကြံ့ဖွတ်ပါတီနှင့် စပ်လျဉ်း၍ကား ဦးသိန်းဆိုးနှင့် ဦးဆော်ကြမ်းတို့ ကိုယ်တိုင်ရေးထားသည်ဖြစ်သဖြင့် အသံလွှင့်ရန် ကန့်ကွက်မဲ မရှိ ကိုယ့် ဘာသာ ရွေးချယ်လိုက်ကြလေသည်။

ကျန်သော ပါတီ အမတ်လောင်းများကား ပွစိပွစိ ပြောသူပြော၊ ပါတီရုံးချုပ်များသို့ ဖုန်းဆက်သူဆက်၊ စိတ်ပျက်လက်ပျက် တိုက်ပုံချွတ်သူ ချွတ်နှင့် ဖြစ်နေလေရာ အင်တာဗျူးပြီး သတင်း တီးခေါက်လိုသော ဖိုးရှုပ်သည်ပင် အဘယ် အမတ်လောင်းကို မေးရမှန်း မသိဘဲ လူကဲမရ ဖြစ်နေ၏။

ကြွက်စုတ် ။   ။ ဦးရုက္ခစိုးကြီး … အခြေအနေ မကောင်းပါလားဗျ။ လာရတာ ခရီးပန်းတာ အဖတ်တင်တာပေါ့။ ပြန်ကြစို့ဗျာ။

စိတ်ပျက်လက်ပျက်ဖြစ်နေသော ကြွက်စုတ်က ဦးရုက္ခစိုးကို ပြောသည်။

ဦးရုက္ခစိုး ။   ။ နေပါဦးကွာ … လာလက်စနဲ့ ကြံ့ဖွတ်ပါတီ ကြေညာတာ ကြည့်သွားလိုက်ကြဦးစို့ရဲ့။

ပါတီ အမတ်လောင်းများကား ထိုင်သူထိုင်၊ မှိုင်သူမှိုင်၊ ဗြစ်တောက်ဗြစ်တောက် လုပ်သူလုပ် ရှိရာမှ စတူဒီယိုခန်းထဲမှာ မီးထိန်ထိန်တွင် ယင်ကောင်နား၍မှ မရအောင် ပြောင်ချော်နေသော ထိပ်နှင့် ကြံ့ဖွတ်ပါတီ (ခေါ်) ခွေးခြင်္သေ့ သင်္ကေတ  ကိုယ်စားပြု ပါတီမှ ဝင်ကြီးချုပ် ဦးသိန်းဂိန်ကို မြင်လိုက်မှ အသံတိတ်သွားကြ၏။

ဦးရုက္ခစိုးကလည်း ဖိုးရှုပ်နှင့် ကြွက်စုတ်ကို အသာငြိမ်နေရန် လက်ကုပ်လိုက်သည်။ 

“နိုင်ငံတော်၏ သယံဇာတများသည် စစ်တပ်လက်မှ ပြေးထွက်မသွားရ” ဟူသော ဥပဒေ ကြိုးတုပ်မှု (Legal Binding) ကို အလေးအနက် အုတ်ခဲဆွဲ၍ ကိုင်ပေါက်မည်ဟု ဦးသိန်းဂိန်က အစချီလိုက်သည်။

ဆက်လက်၍ ဦးသိန်းဂိန်က တသက်လုံး အငတ်ဖြစ်အောင် လုပ်ထားသော အစိုးရဝန်ထမ်း အငြိမ်းစားများ၏ လစာကို ထမင်းနပ်မှန်အောင် တိုးပေးမည်ဖြစ်ကြောင်း၊ လယ်သမားများအတွက်လည်း လယ်လုပ်သူ လယ်ထွန်ခွင့်၊ နွားပိုင်သူ နွားကျောင်းခွင့်များ ပေးမည်ဖြစ်ကြောင်း ခွေးခြင်္သေ့ပါတီ မူဝါဒများကို တံတွေးစင်အောင် ဟောလေသည်။

နိုင်ငံတော်က တံတားဆောက်၊ လမ်းဖောက်၊ ကျောင်းဆောက် ပေးခဲ့သည်များကို ပြန်တွက်ကြည့်လျှင် ပြည်သူလူထုက ပြန်ပေးရလောက်အောင် အကြွေးတင်နေကြောင်း၊ ကျပ် သိန်းပေါင်း ရှစ်သောင်းကျော် ထုတ်ချေးထားရာ ခွေးခြင်္သေ့ကို မဲမပေး လျှင် ၂ ဆ လျော်ရမည်ဖြစ်ကြောင်း၊ လိုသလောက်မဲ မရပါက အလကား ပေးထားသော ဖုန်းများ၊ မျက်မှန်များကို ပြန်တောင်း မည် ဖြစ်ကြောင်း အသံသေး အသံကြောင်ဖြင့်..အဲ...အာဘောင် အာရင်း သန်သန်ဖြင့် ပြောကြားသည်။

ထို့နောက် ယခု စတူဒီယိုခန်းထဲတွင်ရှိသည့် လူနှင့် နတ်ပါ မကျန် ခွေးခြင်္သေ့ ပါတီကို မဲမပေးလျှင် အိမ်ပြန်လွှတ်မည် မဟုတ် ကြောင်း ဦးသိန်းဂိန်က ဆက်လက်ပြီး ပေးချင်စဖွယ် မဲဆွယ်ဟောပြောလိုက်ရာ အမတ်လောင်းများနှင့် ဦးရုက္ခစိုးတို့ပါ မြန်နိုင် သမျှ အမြန်ဆုံးနည်းဖြင့် ကိုယ်စီကိုယ်ငှ အရပ်လေးမျက်နှာသို့ ခြေကုန်သုတ် ထွက်ပြေးကြ လေကုန်တော့ သတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်