အရမ်းအရမ်းကို စိုးရိမ်တာပဲ စိုးရိမ်သူကြီးရယ်

ဦးရုက္ခစိုး … စိုးရိမ်နေသည်။

ဖိုးရှုပ်တယောက် ဘီယာကို ရေသောက်သလို ကမူးရှုးထိုးသောက်ပြီး သီးတာကို ကြည့်၍ စိုးရိမ်သည်၊ ကြွက်စုတ် ချင်းမိုင်သူလေးများ အငမ်းလွန်ပြီး အုန်းလွဲသွားတာကို စိုးရိမ်သည်။ အခုတလော ဘာကိုပဲ ကြည့်ကြည့်၊ ဘာပဲ ကြားကြား … ဘယ်ကိုပဲ သွားသွား စိုးရိမ်၍သာ နေတော့သည်။

cmnat-may-20-09ဖိုးရှုပ်။     ။ ဦးရုက္ခစိုး … ဘယ်လိုဖြစ်လို့ ဒီလောက်တောင် စိုးရိမ်နေတာလဲ။ နှလုံးရောဂါများ ရနေလို့လား။ နတ်က နှလုံးရောဂါ ရတယ်လို့လည်း မကြားဖူးပါဘူး။

ရုက္ခစိုး။     ။ ခေတ်မီအောင် စိုးရိမ်ကြည့်နေတာပါ။ အင်တာနေရှင်နယ်မှာ စိုးရိမ်တယ် တခွန်းပြောတတ်ရင် အလုပ်ဖြစ် တယ်လေ။ အမေရိကန် သမ္မတ လုပ်မလား၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးပဲ လုပ်မလား၊ စိုးရိမ်တယ်လို့တော့ ပြောတတ်ရမယ်။

ကြွက်စုတ်။     ။ သြော် ဒီလိုလား ...။ ဖိုးရှုပ်ရေ … ငါလည်း ဦးရုက္ခစိုးကို စိုးရိမ်လာပြီ။ အခုရလာတဲ့ ရောဂါက အဆန်းပဲ။

ရုက္ခစိုး။     ။ မဆန်းပါဘူးကွာ … ခေတ်မီသူတိုင်း စိုးရိမ်ကြသည်တဲ့။ မယုံရင် မင်းလည်း နည်းနည်းလောက် စိုးရိမ် ကြည့်ပါလား။

ဖိုးရှုပ်။     ။ ဟုတ်ပါ့ ကျနော်တောင် နည်းနည်း စိုးရိမ်ချင်သလို ဖြစ်လာပြီ။

ကြွက်စုတ်။     ။ မင်းက ဘာတွေ စိုးရိမ်ပြန်ရတာလဲ။ ဦးရုက္ခစိုးဆီက ရောဂါကူးတာ ထင်တယ်။

ဖိုးရှုပ်။     ။ လစာ မှန်မှန်မရမှာတို့၊ ရည်းစားတယောက်မှ မရလိုက်ဘဲ သေသွားမှာတို့ကို စိုးရိမ်တာပေါ့။

ရုက္ခစိုး။     ။ မဆိုးဘူး ဖိုးရှုပ်လည်း ခေတ်မီလာပြီ။

ထိုစဉ် သူတို့ ရှိရာနေရာသို့ အိပဲ့ အိပဲ့နှင့် လူတဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ကြွက်စုတ်။     ။ ဟာ ချိုကုပ်ဒူးကြီးပါလား။ ချင်းမိုင်ကို ဘာလာလုပ်တာလဲ။

ချိုကုပ်။     ။ ရွေးကောက်ပွဲက နီးပြီဆိုတော့ အိမ်နီးချင်းတွေကို လိုက်ဖားရမယ်လေ။ ဒီကနေတဆင့် လာအိုကိုသွားမယ်၊ အဲဒီက ပြန်ရင် ဘင်္ဂလားဒေ့ရှ်ကို ဝင်မယ်၊ ပြီးရင် ဖိလစ်ပိုင်ကို သွားပြီး ဗီယက်နမ်ကို သွားမယ်၊ ဗီယက်နမ်က ပြန်ရင် ကမ္ဘောဒီးယား ပြီးရင် အိန္ဒိယကို တခေါက်ပြန်ကျော့ပြီး စင်ကာပူကိုပတ် ပြီးရင် တရုတ်မှာ ဂိတ်ဆုံးမယ်။

ရုက္ခစိုး။     ။ အာရှ တခွင်ပတ်တဲ့ ဘတ်စ်ကား စပယ်ယာလုပ်မလို့ ကျင့်နေတာလားဟင်။

ချိုကုပ်။     ။ မဟုတ်ပါဘူး။ အဲဒီနိုင်ငံ တခုချင်းစီကို လိုက်ပြောရမယ် ... မစိုးရိမ်ပါနဲ့ ဆိုတဲ့အကြောင်း။ မဟုတ်ရင် အလကားနေရင်း အစည်းအဝေးတွေလုပ်လုပ်ပြီး စိုးရိမ်နေမှာစိုးလို့။ အခုလောက်ဆို ကုလသမဂ္ဂမှာလည်း ထပ်ဆင့် စိုးရိမ် နေလောက်ပြီ။ သူတို့ စိုးရိမ်တယ်လို့ ပြောမှာကို ကျုပ်ကလည်း စိုးရိမ်ပါတယ်။

ကြွက်စုတ်။     ။ ဘာဖြစ်လို့ သူတို့ စိုးရိမ်တယ် ပြောတာကို စိုးရိမ်တာလဲ။

ချိုကုပ်။     ။ စိုးရိမ်ရတာပေါ့။ သူတို့က စိုးရိမ်တယ်ပြောလိုက် ပြည်ပက မီဒီယာတွေက ရေးလိုက် ...။ အဲဒါတွေကို ဖတ်ဖတ်ပြီး ကွိုင်ကွိုင်က စိုးရိမ်လိုက်နဲ့ ...။ အဲဒါနဲ့ အခု ကျုပ်လည်း ပိုက်ဆံတွေ သောက်သောက် လဲ ကုန်ပါရောလား။

ဖိုးရှုပ်။     ။ ဘာဆိုင်လို့လဲ။

ချိုကုပ်။     ။ ဆိုင်တယ်လေ … ဆိုက်ဘာအတက် ဆိုလား စနိုက်ပါ အတက်ဆိုလား … အတက်တော့ အတက်ပဲ အဲဒီအတက် လုပ်ရတာနဲ့ သောက်သောက်လဲ ကုန်တာ။ ဟက်ကာတွေက ဒေဝါလီ မဂ္ဂဇင်းကို ပစ်မှတ်ထားပြီး တိုက်မယ်ဆိုပြီး ပိုက်ဆံတွေ တောင်းသွားတာလေ။ ကျုပ်ကတော့ ထိရင်ပြီးရောဆိုပြီး ပုံပေးလိုက်တာပဲ။

ရုက္ခစိုး။     ။ စိုးရိမ်လိုက်တာနော်။

ချိုကုပ်။     ။ နေဦး ဦးရုက္ခစိုး … မစိုးရိမ်နဲ့ဦး။

ရုက္ခစိုး။     ။ ကျုပ်က တာဝန်ကျေအောင် စိုးရိမ်တယ်လို့ ပြောပေးတာပါ။ ဒေဝါလီ မဂ္ဂဇင်းလောက် အတွက်တော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က စိုးရိမ်တယ်လို့ ပြောမှာ မဟုတ်ဘူးလေ။

ချိုကုပ်။     ။ ကျုပ်လည်း အခု စိုးရိမ်တဲ့ရောဂါ ကွိုင်ကွိုင့်ဆီက ကူးနေပြီဗျ။

ဖိုးရှုပ်။     ။ ချိုကုပ်ဒူးကြီးက ဘာတွေများ စိုးရိမ်စရာ ရှိလို့လဲ။ ရွေးကောက်ပွဲ နိုင်ဖို့ကိုလည်း ရှိသမျှ အောက်လမ်းနည်း အကုန် သုံးပြီးပြီ မဟုတ်ဘူးလား။

ချိုကုပ်။     ။ ဟုတ်တယ်လေ။ သုံးတာတော့ သုံးတာပေါ့ ...။ ဒါပေမယ့် ယိုပေါက် ဟာပေါက် မရှိမှ ဖြစ်မယ်လေ။ အခု နောက်ဆုံး ဖမ်းမိတဲ့ ဆင်ဖြူတော်က အထီးလား၊ အမလား အခုထိ မသိသေးဘူးတဲ့။ အဲဒါ စိုးရိမ်စရာပေါ့။ တော်ကြာ လိင်တူချစ်သူ ဆင်ဖြူတော် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အဲဒါ စိုးရိမ်တယ်။

ကြွက်စုတ်။     ။ ဟုတ်သားပဲ ...။ အဲဒါ စိုးရိမ်စရာပဲ။

ချိုကုပ်။     ။ စိုးရိမ်တာတွေ ရှိသေးတယ်။ အခု နိုဗဲလ် ဆုပေးခါနီးပြီမဟုတ်လား။ တော်ကြာ မြန်မာအဖွဲ့တခုခုကို ငြိမ်းချမ်းရေးဆု ပေးလိုက်မှာကို အရမ်း အရမ်း စိုးရိမ်နေတယ်။ တော်ကြာ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ် ရတုန်းကလို အတိုက်အခံတွေက ဝိုင်းအော်၊ အမေရိကန်က တခုခု ထအော်မှာကို ထပ်တခါ စိုးရိမ်နေရလိမ့်မယ်။

ဖိုးရှုပ်။     ။ အတိုက်အခံတွေနဲ့ အမေရိကန်ကလည်း စိုးရိမ်တယ်လို့ပဲ အော်မှာပါ။

ချိုကုပ်။     ။ အဲဒါကိုပဲ ကျုပ်က စိုးရိမ်နေတာလေ။ ဒါနဲ့ စိုးရိမ်ရတာတွေက ကုန်ကို မကုန်နိုင်သေးဘူး သိလား။ အခု ချင်းမိုင်အထိ လာပြီး အမေရိကန်ကို ရောက်နေတဲ့ ဉာဏ်ပျင်းတို့ အတွက် စိုးရိမ်နေတာ။ ညာမှ ချရဲကြပါ့မလား၊ ပြောလိုက်တဲ့အတိုင်း အလွတ်ကျက်သွားရဲ့လား ဆိုတာတွေ အရမ်း စိုးရိမ်တယ်။ နေပူတော်ကနေ စိုးရိမ်ရတာ အားမရတာနဲ့ ချင်းမိုင်အထိ လာစိုးရိမ်တာ။

ကြွက်စုတ်။     ။ ဘာလို့ အမေရိကန်အထိ သွားမစိုးရိမ်တာလဲ။

ချိုကုပ်။     ။ အမေရိကန်က ကမ်ပိန်းအဖွဲ့တွေ ဆန္ဒပြမှာ စိုးရိမ်လို့ပါ။ နာမည်လေးလုံးနဲ့ မင်းသမီးလေးတောင် စတိတ်ရှိုး ဆိုမရအောင် ဆန္ဒပြတာ ကျုပ်သာသွားလို့ကတော့ အမှုန့်ကြိတ်လိမ့်မယ်။

ရုက္ခစိုး။     ။ ဒါနဲ့ ချိုကုပ်ဒူးကြီး စိုးရိမ်စရာ ကျန်သေးလားဟင်။

ချိုကုပ်။     ။ အမေရိကန် သမ္မတ အိုဘားမားနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအတွက် စိုးရိမ်တယ်ဗျာ။

ဖိုးရှုပ်။     ။ ဘာဖြစ်လို့ပါလိမ့်။ သူတို့ဘာသာ သူတို့ ဟိုလူ့အတွက် စိုးရိမ်လိုက်၊ ဒီနိုင်ငံအတွက် စိုးရိမ်လိုက်နဲ့ အဆင်ပြေ နေသားပဲ။

ချိုကုပ်။     ။ တခြားသူတွေအတွက် စိုးရိမ်တာက အကြောင်းမဟုတ်ဘူးလေ၊ ကျုပ်အတွက် စိုးရိမ်တာက အကြောင်းဗျ။ မြန်မာနိုင်ငံအတွက် စိုးရိမ်ရင်း စိုးရိမ်ရင်းနဲ့ ရူးသွားမှာကို ကျုပ် အရမ်း အရမ်းကို စိုးရိမ်တယ်လို့ ပြောပြလိုက်စမ်းပါ ဦးရုက္ခစိုးရယ်။

ထိုစဉ် “မောင်တော် … မောင်တော် … ဆေးသောက်ဖို့ အချိန်ကျပြီ။ ဘယ်တွေလျှောက်သွား နေတာလဲ။ စိတ်ပူလိုက်ရတာ” ဟု ပြောရင်း ဒေါ်ကွိုင်ကွိုင် ပျာယီးပျာယာဖြင့် ရောက်လာသည်။

ရုက္ခစိုး။     ။ ဒေါ်ကွိုင်ကွိုင်ပါလား။ ဘယ်လိုဖြစ်တာလဲဗျ။

ဒေါ်ကွိုင်ကွိုင်က သူ့ခေါင်းကို လက်ညှိုးထိုးကာ လက်ကို ခါပြရင်း “သိပ်မမှန်တော့လို့ ရွာသာကြီးမှာ ဆေးရုံတင်ထားတာ။ လစ်တုန်းမှာ အဲဇလုံနဲ့ လိုက်သွားတာထင်တယ်။ ချင်းမိုင်ကို ဘယ်လိုရောက်လာလဲမသိပါဘူး။ စိတ်ပူအောင် သိပ်လုပ်တာပဲ။ စိတ်ပူလိုက်တာ မောင်တော်ရယ်” ဟု ပြန်ဖြေသည်။

ထိုအခါ ချိုကုပ်ဒူးကြီးက မျက်လုံးကြီးကို ပြူးရင်း “စိတ်ပူတယ်လို့မပြောနဲ့ … စိုးရိမ်တယ်လို့ပြောစမ်း” ဟု ဝမ်းခေါင်း သံကြီးဖြင့် အမိန့်ပေးလိုက်ရာ ဦးရုက္ခစိုးက “ကဲ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ … ငါတို့လည်း ဒီအရူးဆီကနေ ရောဂါကူးမှာ စိုးရိမ်တယ်ဟေ့ လစ်ရအောင်” ဟု ပြောရင်း တချိုးတည်း လစ်ပြေးကြလေတော့ သတည်း။    

မှတ်ချက်။     ။ ဤစာကိုရေးရင်း ရန်ကုန်သားတာတေလည်း မြန်မာပြည်အရေး၊ ကမ္ဘာ့အရေး၊ စကြဝဠာအရေး၊ ရှိသများ အရေးများနှင့် ပတ်သက်၍ အရမ်းအရမ်းကို မတရားသဖြင့် စိုးရိမ်နေပါကြောင်း … အကြိမ်တသန်း ကြိမ်တွယ် ပြောဆိုပါသည်။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်