လက်လွန်သွားလို့

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေရာ NLD ရုံးချုပ်ရှေ့တွင် လူစုလူဝေးကြီး အုံခဲနေသည်။ ထိုနေရာ အနောက်နားတွင် ချိုကုပ်ဒူးကြီးက မျက်နှာဖုံးစွပ်နှင့် ရုပ်ဖျက်ပြီး ရောက်နေသည်၊ ဦးရုက္ခစိုးလည်း ကိုယ်ဖျောက်ပြီး ရောက်နေသည်။ ဦးရုက္ခစိုးက ချိုကုပ်ဒူးကြီးကို သွားနှုတ်ဆက်လိုက်သည် ...။

cmnatရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီး ဒီနားမှာ ကုပ်ချောင်းချောင်းနဲ့ ဘာလုပ်နေတာလဲ။

ချိုကုပ်။     ။ အောင်မငေး … လန့်လိုက်တာဗျာ။ ဦးရုက္ခစိုးပါလား။ တော်ပါသေးရဲ့။ ဦးရုက္ခစိုးက ကျုပ် ရုပ်ဖျက်ထားတာတောင် မှတ်မိလား။

ရုက္ခစိုး။     ။ သေချာ မှတ်မိလို့တော့ မဟုတ်ပါဘူး။ ချိုကုပ်ဒူးကြီးက မျက်နှာဖုံးစွပ်နဲ့ ခါးတောင်းကလည်း ကျိုက်ထား သေးတော့ သူခိုးနဲ့ တော်တော်တူတာပဲ။ အဲဒါကြောင့် ချိုကုပ်ဒူးကြီးပဲ ဖြစ်မယ်ဆိုပြီး လာနှုတ်ဆက်တာ။

ချိုကုပ်။     ။ ကျုပ်က သူခိုးရုပ် ပေါက်နေလို့လား။

ထိုစဉ် သူတို့နားသို့ လူတဦး ရုတ်တရက် ရောက်လာပြီး ချိုကုပ်ဒူးကြီးကို လက်ညှိုးငေါက်ငေါက် ထိုးကာ “သူခိုးရုပ် ပေါက်တာမဟုတ်ဘူး … ခင်ဗျားက သူခိုးကြီး၊ မဲသူခိုးကြီး။ ပြန်ပေး၊ ကျုပ်တို့ မဲတွေ ခု ပြန်ပေး” ဟု ပြောလိုက်လေသည်။

ချိုကုပ်။     ။ ဟာ … ဟဲလ်မက်  ပါတီ ဥက္ကဋ္ဌ။ 

ဟဲလ်မက်။     ။ ဟုတ်တယ်။ ပြန်ပေး ကျုပ်တို့မဲတွေ။ မပေးလို့ကတော့ တိုင်လို့ရတဲ့ဆီ အကုန် တိုင်မယ်။ ကန့်ကွက်တယ်၊ ရှုတ်ချတယ်။

ချိုကုပ်။     ။ ဟာ … ဘယ်တုန်းက ခိုးလို့လဲဗျာ။ ခင်ဗျားတို့က ရှုံးတာနဲ့ ရှုံးမဲ မဲနေကြတာ။ မပေးနိုင်ဘူး။

“မပေးနိုင်ရင် တရားစွဲမယ်။ ခုံရုံးတင်မယ် … ဥပဒေကြောင်းအရ လုပ်လို့ရတာ အကုန်လုပ်မယ်”

ချိုကုပ်။     ။ အယ် … ဒေါင်းမြီးကျွတ် ပါတီ ဥက္ကဋ္ဌ ပါလား။

ဒေါင်းမြီးကျွတ်။     ။ ဟုတ်တယ်။ ကျုပ်ပဲ။ မဲတွေပြန်မပေးရင် … တရားစွဲမယ်။

ချိုကုပ်။     ။ တရားစွဲချင် စွဲလိုက်လေ။ ၅ သိန်းကုန်ထားတာ မမှတ်သေးဘူးလား။ ခင်ဗျားတို့ တရားစွဲရင် ၁၀ သိန်း ထပ်ပေးရမှာ။ တရားသူကြီးကလည်း ခင်ဗျားတို့ကို ရှုံးတယ်ပဲ ပြောမှာပဲ။ အဲဒီအခါကျ အသရေဖျက်မှုနဲ့ ၃ သိန်း ထပ်ပေးရမယ်။ ရွေးဂေါက်ပွဲတုန်းက အပေါင်ဆုံး ပစ္စည်းတွေတောင် ပြန်ရွေးနိုင်သေးလို့လား။

ချိုကုပ်ဒူးကြီး၏ အပြောကြောင့် ဒေါင်းမြီးကျွတ် ပါတီဥက္ကဋ္ဌနှင့် ဟဲလ်မက် ပါတီဥက္ကဋ္ဌတို့မှာ အနည်းငယ် တွေဝေသွားပြီး လက်ချိုးရေတွက်ကာ ခေါင်းစားနေကြသည်။

ချိုကုပ်။     ။ သူတို့ ခေါင်းစားတုန်း လစ်မှဖြစ်မယ် ဦးရုက္ခစိုးရေ။ ခဏနေရင် ပြန်ကွိုင်ရှာနေလိမ့်မယ်။

လူအုပ်ကြားမှ မျက်ခြည်ဖြတ်ကာ ထွက်ပြေးသွားသော ချိုကုပ်ဒူးကြီးနောက်မှ ဦးရုက္ခစိုးလည်း နတ်တို့၏ အလျင်ဖြင့် ထက်ကြပ်မကွာ လိုက်ပါသွားသည်။ ချိုကုပ်ဒူးကြီးက ယုဇန စင်တာ အပေါ်ဆုံးထပ်သို့ တက်ပြေးသွားခြင်း ဖြစ်သည်။

ရုက္ခစိုး။     ။ ဘာလို့ ဒီလောက် အလန့်တကြား ထွက်ပြေးရတာလဲ ချိုကုပ်ဒူးကြီးရယ်။ သူတို့ တောင်းတာလေးတွေ ပြန်ပေးလိုက်ရင် ပြီးပြီ မဟုတ်လား။

ချိုကုပ်။     ။ ပြန်ပေးလို့မဖြစ်တော့ဘူး ဦးရုက္ခစိုးရဲ့။ ကျုပ်လုပ်တာ အကုန်လုံး လက်လွန် ခြေလွန်တွေ ဖြစ်ကုန်ပြီ။ ကျုပ်ရဲ့ လမ်းပျောက်မြေပုံကြီးကိုလည်း ပြီးအောင် လုပ်ရဦးမယ်။ မလုပ်နိုင်ရင် ကျုပ်ကို ထောင်ကဲကြီးက ဟားမှာပေါ့ဗျ။

ရုက္ခစိုး။     ။ ဒါပေမယ့် ဟိုပါတီကတိုင်၊ ဒီပါတီက မကျေနပ်နဲ့ ...။

ထိုစဉ် လူတဦး အပြေးအလွှားရောက်လာကာ “ချိုကုပ်ဒူးကြီး … သတင်းစာထဲမှာ မဲထွက်ပေးတဲ့လူထု ရာခိုင်နှုန်း ဘယ်လောက် ထည့်ရမှန်းမသိဘူး ဖြစ်နေတယ် … လုပ်ပါဦး” ဟု မေးလိုက်သည်။ ချိုကုပ်ဒူးကြီးက “၁၃၅၀ ရာခိုင်နှုန်းလို့ ထည့်လိုက်” ဟု ပြောလိုက်ရာ ထိုသူ ပြန်လည် ပြေးထွက်သွားသည်။

ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီး သတိထားဦးလေ … ၁၃၅၀ ရာခိုင်နှုန်းဆိုတာ ရှိပါ့မလား။

ချိုကုပ်။     ။ အဲ … ဟုတ်သားပဲ။ လက်လွန်သွားပြန်ပြီ။ ရပါတယ်။ ဒါမျိုး လုပ်နေကျပဲဟာ။ မနက်ဖြန် သတင်းစာကျမှ ပြန်ပြင်လိုက်မယ်။

“ချိုကုပ်ဒူးကြီး … ချိုကုပ်ဒူးကြီး ပို့ထားတဲ့ မဲတွေက မလောက်ဘူးတဲ့။ ကြိုတင်မဲတွေ၊ ဂျိုကာမဲတွေ၊ မဲပိုတွေ၊ အင်တာနေရှင်နယ် မဲတွေ အကုန် ထပ်ထည့်တာတောင် တိုင်းရင်းသားတွေက နိုင်နေတုန်းပဲ” ဟု လူတယောက် အပြေးအလွှား လာပြောပြန်ရာ ချိုကုပ်ဒူးကြီးက “ဒါဆို အဲဒီ နိုင်တဲ့ တိုင်းရင်းသားတွေကို မဲခိုးမှုနဲ့ တရားစွဲလိုက်” ဟု ပြန်ပြောလိုက်သည်။ ထိုသူလည်း ပြန်လည် ပြေးထွက်သွားသည်။

ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးရဲ့ ဖြေရှင်းပုံရှင်းနည်းက တော်တော် ခက်မှာပဲနော်။

ဦးရုက္ခစိုးက ရွဲ့ပြောသည်ကို ချိုကုပ်ဒူးကြီးက အဟုတ်ထင်နေသည်။

ချိုကုပ်။     ။ မလွယ်ဘူး ဦးရုက္ခစိုးရေ။ ကြံ့ဖွံ့ပါတီဘေးမှာ အမှန်ခြစ် ခြစ်ဖို့ ကျုပ်နဲ့ ကွိုင်ကွိုင် ၂ ပတ်လောက် အိပ်ရေး ပျက်သွားတာ။ ကျုပ်တို့ ဘယ်လောက် ကြိုးစားလဲဆိုရင် တချို့နေရာတွေမှာ မဲတွေ လက်လွန်ကုန်လို့ ပြန်တောင် လျှော့ယူရသေးတယ်။

ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးကတော့ လက်လွန်ကုန်တာ ချည်းပဲနော်။

ချိုကုပ်။     ။ အဲဒီလောက် လက်လွန်ထားကာမှ တော်ကာကျမှာလေ ဦးရုက္ခစိုးရဲ့။ လက်မလွန်ရင် သေချာပေါက် ရှုံးတော့မှာကိုး။

ရုက္ခစိုး။     ။ ဒါပေမယ့် … လူတွေက ချိုကုပ်ဒူးကြီး လက်လွန်ခြေလွန် မဲခိုးတာကို တော်တော်လေး မကျေမနပ်ဖြစ်နေတာ မဟုတ်လား။

ချိုကုပ်။     ။ အဲဒီလို မကျေမနပ်သံတွေ၊ ပွစိပွစိ သံတွေကြောင့် ကျုပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး လိုက်တာလေ … ဦးရုက္ခစိုးရဲ့။ လူတွေများ အာရုံပြောင်းမလားလို့။

ပြောရင်း ယုဇနစင်တာ အပေါ်ထပ်မှ ငုံ့ကြည့်လိုက်ရာ လူအုပ်ကြီးက တိုးဝှေ့ အော်ဟစ်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို အားပေးနေသည်ကို တွေ့လိုက်ကြရသည်။

ချိုကုပ်။     ။ ကြည့်စမ်းပါဦး ဦးရုက္ခစိုးရယ် ...။ လူတွေကလည်း ဒီ ကောင်မလေးကို ဘာလို့ ဒီလောက် သည်းသည်းလှုပ် ဖြစ်နေရတာလဲ မသိဘူး။ တသက်လုံး အပင်ပန်းခံ အုပ်ချုပ်လာတဲ့ ကျုပ်ကိုကျတော့ တခါမှ သည်းသည်း မလှုပ်ဘူး။

“သည်းသည်းတော့ မလှုပ်ဘူး … သည်းသည်းမည်းမည်း နားရင်း အုပ်မှာ” ဟု ဦးရုက္ခစိုးက စိတ်ထဲက ပြန်ပြောလိုက်သည်။

ထိုစဉ် ပြူတင်းပေါက်မှ အောက်သို့ ငုံ့ကြည့်နေသည့် ချိုကုပ်ဒူးကြီးကို ထောင်ကဲကြီး တဦးက ပုခုံး လာတို့သည်။

ချိုကုပ်။     ။ ဟာ … အစ်ကိုတော် ထောင်ကဲပါလား။ ကျန်းခန့်သာလို့ မာရဲ့လား။ ဘယ်လိုလဲ …၊ ညီလေးရဲ့ လုပ်ရပ်ကို ဝေဖန်ပါဦး။

ထောင်ကဲ။     ။ ဝီဖန်ရရင်တော့ မင်း တော်တော် မိုက်မဲတယ်လို့ ပြောရမှာပဲ ချိုကုပ်ရယ်။ မင်းက ဒီကောင်မလေးကို လွှတ်လိုက်တော့ ဝ ကို အင်တာ နီရှီနယ်က ဟိုတယောက်ကိုပါ လွှတ်ပေးဖို့ အော်မှာပေါ့။

ချိုကုပ်။     ။ ဒါဆိုလည်း ညီလေးနဲ့ အတူတူ ဖြစ်သွားအောင် အစ်ကိုတော်လည်း ဟိုတယောက်ကို လွှတ်လိုက်ပါလား။

ထောင်ကဲ။     ။ လွှတ်လိုက်ရင် ဝ ခေါင်းကို တက်နင်းမှာပေါ့။ ဒီ ကောင်မလေးကို ပြန်ဖမ်းလို့ မီရဘူးလားကွာ။

ချိုကုပ်။     ။ မီရဘူး … အဲ မရဘူး အစ်ကိုကြီးရဲ့။ လက်လွန်သွားပြီ။ အခုမှ ပြန်ဖမ်းရင် သားသားကို လူတွေက အစိမ်းလိုက် ဝါးစားမှာပေါ့။ ကြောက်စရာကြီး။

ထောင်ကဲ။     ။ ဒါဆို မင်း ဘာဆက်လုပ်မှာလဲ။

ချိုကုပ်။     ။ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ။ လောလောဆယ်တော့ စကားလွန်ထားပြီးသား လမ်းပျောက် မြေပုံ ၇ ရပ်ထဲက နောက်ဆုံးအချက်ကို ဆက်လုပ်မယ်လေ။

ရုက္ခစိုး။     ။ လမ်းပျောက်မြေပုံ ၇ ရပ်ကို နောက်မှလုပ်။ အခုလောလောဆယ် လမ်းပျောက်နေတဲ့ကိစ္စ ဘယ်လိုလုပ်မလဲ။ ကျုပ်ကတော့ လစ်ပြီဗျို့။

ဦးရုက္ခစိုး ကိုယ်ယောင်ဖျောက်ပြီး ထွက်သွားသည်နှင့် ဒေါ်အောင်ဆန်းစုကြည်နားတွင် ဝိုင်းနေသည့် လူအုပ်ကြီးမှာ ဘယ်က ဘယ်လို သတင်းရသွားသည်မသိ ချိုကုပ်ဒူးကြီး ရှိရာ ယုဇန စင်တာ အပေါ်ဆုံးထပ်သို့ အော်ဟစ်ရင်း တက်လာကြသည်။

“ချိုကုပ်ဒူးကြီးကို ဘယ့်နှယ်ဝိုင်းမယ် … ဒီ့နှယ် ဝိုင်းမယ်”
“ချိုကုပ်ကို အပြုတ်နှံ … တလုပ်စာတောင် မချန်ကြနဲ့” ဟု လူအုပ်ကြီးက အော်ဟစ်လာသည်။

ထောင်ကဲကြီးလည်း မကယ်နိုင်တော့။ ထို့ကြောင့် လမ်း တကယ်ပျောက်သွားသော ချိုကုပ်ဒူးကြီးမှာ လက်လွန်ခြေလွန် ကိစ္စတခုကို မလွှဲမရှောင်သာ လုပ်လိုက်ရလေတော့၏။

တခြားတော့ မဟုတ် … ဆံပင်တု စွပ်၍ မိန်းမကဲ့သို့ ဝတ်ကာ အရေးပေါ် လှေခါးမှ ခွေးပြေး ဝက်ပြေး ထွက်ပြေးသွားရခြင်း ဖြစ်ပေတော့သည်။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်