ဗိုလ်ချုပ်မှူးကြီးက ဗေဒင်ကို ကိုးကွယ်သတဲ့လား

ချင်းမိုင် ရုက္ခစိုးကြီး တကိုယ်တည်း အလုပ် များနေသည်။ ဘယ်ဘက် လက်တွင် ကျောက်သင်ပုန်း၊ ညာဘက် လက်တွင် ကျောက်တံ တချောင်း ကိုင်ထားပြီး မျက်မှောင် ကုတ်နေစဉ် သူ၏ ဒိုင်ယာလော့ခ် ပါတနာ ၂ ဦးဖြစ်သော ကြွက်စုတ်၊ ဖိုးရှုပ်တို့ ရောက်လာသည်။

ကြွက်စုတ်။     ။ ဦးရုက္ခစိုးကြီး လက်ရေးလှ လေ့ကျင့်နေတာလား။

ရုက္ခစိုး။     ။ မှားပါတယ် နိုင်ငံရေးသမားရယ်၊ ငါက ဂြိုဟ်တွေ နက္ခတ်တွေကိုကြည့်ပြီး တွက်နေတာပါ။

ဖိုးရှုပ်။     ။ ကြိုက်ပြီ၊ ကြိုက်သွားပြီ။ ဦးရုက္ခစိုး တွက်ကြည့်တော့ ဘာနံပါတ်တွေ ရသလဲ။ အတော်ပဲ နှစ်လုံးထီသွားထိုးရမယ်။

ဖိုးရှုပ်က အိတ်ထဲမှ မှတ်စုစာအုပ်နှင့်ဘောပင်ကိုထုတ်ပြီး ကမန်းကတန်း မေးလိုက်သည်။

ရုက္ခစိုး။     ။ နတ်က လောင်းကစား လုပ်ပါ့မလား သတင်းထောက်ရဲ့။ ငါ တွက်နေတာ ဗေဒင်… ကွ၊ ဗေဒင်… ။

ကြွက်စုတ်။     ။ ဗေဒင်တွက်တတ်ရင်တော့ နေပြည်တော်ကို သွားပေတော့ ဦးရုက္ခစိုးရေ၊ ဟိုမှာ ဗေဒင်ဆရာတွေက ဈေးကောင်းရမှာနော်။ ဗေဒင်ဆရာ ရုက္ခစိုး နိုင်ငံခြားပြန် ဆိုပြီး ဆိုင်းဘုတ်ချိတ်လိုက်ရုံပဲ။ ဗိုလ်ချုပ်မှူးကြီးကတောင် ခေါ်သုံးနိုင်တယ်။

ရုက္ခစိုး။     ။ မလုပ်ပါနဲ့ကွာ၊ ဗေဒင်ကို အခုမှ အစပြုလေ့လာနေတုန်းရှိသေးတယ်။ ကဗျာဆရာကိုအောင်ဝေးစကား ငှားပြောရရင် ငါက ဗေဒင်သူငယ်တန်းကျောင်းသားလေးပါ။ ငါ့ဗေဒင်ကို သန်းရွှေကြီး ဘယ်ယုံပါ့မလဲ။

ဖိုးရှုပ်။     ။ စိတ်မပူနဲ့။ ဗိုလ်ချုပ်မှူးကြီး လာမေးရင် နံပါတ် ၁၁ ကိုသာ ပေးလိုက်ပါဗျာ။ အဆင်ပြေသွားလိမ့်မယ်။

ရုက္ခစိုး။     ။ ဘာအဆင်ပြေမှာလဲ၊ ထောင် ၁၁ နှစ်ကျမှာကို ပြောတာလား။

ကြွက်စုတ်။     ။ သေချာတာပေါ့၊ သံဃာခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်တွေကို ၆၅ နှစ်ချနေတာနော်။ ၁၁ ဂဏန်းတွေချည်းပဲ။ ဗိုလ်ချုပ်မှူးကြီးက ၁၁ ဂဏန်းကို  သိပ်ကြိုက်နေတာ။

ဖိုးရှုပ်။     ။ ဟုတ်တယ်၊ ဟိုတလောတုန်းက ဦးဝင်းတင်တို့ကို လွှတ်တုန်းကလည်း အကျဉ်းသား ၉၀၀၂ ယောက် လွှတ်ပေးတယ်ဆိုပြီး  ကြေညာတယ်လေ။ အဲဒီတုန်းက ၉၀၀၃ ယောက်ဖြစ်သွားလို့ ဗိုလ်ကြီးဟောင်းဝင်းထိန်ကို ထောင်ထဲ ပြန်ထည့်လိုက်တာ မှတ်မိလား။

ရုက္ခစိုး။     ။ အင်း …  အဟုတ်ပဲဟေ့… ။ ၉၀၀၂ ဆိုမှ ၁၁ ဂဏန်း ဖြစ်တော့မှာပေါ့။

ဖိုးရှုပ်။     ။ ရန်ကုန်ကနေ နေပြည်တော်ကို ရွှေ့တာလည်း ၁၁ လပိုင်းမှာနော်။ ကားကြီးတွေနဲ့ပြောင်းတာ ဘာဘာညာညာတွေတောင် ရွတ်ဖတ် သရဇ္ဈာယ်ရသေးဆိုပဲ။

ရုက္ခစိုး။     ။ အင်း …  မှတ်မိပြီ၊ ဒုတိယအကြိမ်သွားတဲ့ယာဉ်တန်းက  ၁၁ လပိုင်း၊ ၁၁ ရက်နေ့၊ မနက် ၁၁ နာရီမှာ ထွက်တယ်။ ပြောင်းတဲ့ ၀န်ကြီးဌာန အရေအတွက်တောင်မှ ၁၁ ခု  ဆိုလားပဲ။ သြော် … ဒါဆိုရင် ဗိုလ်ချုပ်မှူးကြီးက ၁၁ မီးငြိမ်းအောင် ၁၁ ဂဏန်းဆောင်တာ ဖြစ်လိမ့်မယ်။

 ကြွက်စုတ်။     ။ ဘာလဲဗျ ၁၁ မီး ဆိုတာ၊ ကျနော်က အချစ်မီး၊ ၀မ်းမီး ဒီ ၂ ခုပဲ သိတာ။ ဗိုလ်ချုပ်မှူးကြီးက ဒီအရွယ်ကြီးမှာ ဘာများ အချစ်မီးလောင်စရာအကြောင်းရှိလို့လဲ။

ရုက္ခစိုး။     ။ မင်းက အချစ်အကြောင်းလောက်ပဲသိလို့ ဟို ပရောဂျက်ကနေ အဖြုတ်ခံရတာဖြစ်မယ်။ ၁၁ မီးထဲမှာ အဲဒီ မီးတွေ မပါဘူးကွ။ ပါတဲ့ မီးတွေက လောဘ၊ ဒေါသ၊ မောဟ ပြီးတော့ …   ဇရာ၊ မရဏ၊ သောက အင်း …  ကျန်တာတော့ ငါလည်း မေ့သွားပြီ။

ဖိုးရှုပ်။     ။ မီးတွေအကြောင်းခဏထားပါဦး၊ ဗေဒင်ဆရာတချို့က ၂၀၀၈ ခုနှစ်အတွက် မြန်မာနိုင်ငံဟောစာတမ်း ဆိုပြီး အသံလွှင့်ဌာနတခုကနေ ဟောကိန်းထုတ်ထားတာ မှတ်မိလား။  လမ်းပြမြေပုံ ပြိုကွဲမယ်။ ဒီဇင်ဘာ ၁ဝ ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ နောက်ဆုံးနေ့ဖြစ်တယ်။ နောက် ၂ယောက်ကလည်း စစ်အစိုးရ အာဏာ လက်လွှတ်ရမယ်လို့ တွက်ပြတယ်နော်။

ကြွက်စုတ်။     ။ သွေးထွက်အောင်မှားတဲ့ဟောကိန်းတွေပေါ့။ အဲဒါကြောင့် ကျနော် ဗေဒင် မယုံတာ။

ရုက္ခစိုး။     ။ ဒါကတော့ ဒါပေါ့ကွာ။ ဒါပေမယ့် ဒီဆရာ သုံးလေးယောက်ကို ကြည့်ရုံနဲ့ ဗေဒင်ပညာကို ပစ်လိုက်လို့ မရဘူးနော်။

ရုက္ခစိုး၏စကားကို ဗေဒင်မယုံသည့် ကြွက်စုတ်က စောဒက ထပ်တက်ပြန်သည်။

ကြွက်စုတ်။     ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်တုန်းကလည်း နိုင်ငံတခုမွေးဖွားတဲ့အချိန်ဆိုပြီး အချိန်ကောင်း အခါကောင်း ရွေးခဲ့ကြတယ်မဟုတ်လား။ ဗေဒင်ဆရာတွေက မနက် ၄ နာရီ မိနစ် ၂၀ ကို ရွေးပေးတယ်လေ။ ကြည့်စမ်းပါဦး၊ ဒီနေ့ မြန်မာပြည်အခြေအနေဘယ်လိုရှိသလဲလို့။

ရုက္ခစိုး။     ။ ငါလည်း အဲဒါ ပြောမလို့ပဲ ကြွက်စုတ်ရဲ့။ နေပြည်တော်မှာရှိတဲ့ ငါ့ရုက္ခစိုးမိတ်ဆွေတွေကို ကိုးကားရရင် သန်းရွှေကြီးက အဲဒီ အချက်ကြောင့် ဗေဒင်ပညာကို အရမ်းယုံကြည်၊ ကိုးကွယ်နေတာလို့ ပြောတာပဲ။

ဖိုးရှုပ်။     ။ စိတ်ဝင်စားစရာပဲ၊ ပြောစမ်းပါဦး၊ သန်းရွှေကြီးက ဘာကြောင့် ဒီပညာကို ကိုးကွယ်နေရတာလဲ။

ရုက္ခစိုး။     ။ လွတ်လပ်ရေးနေ့အတွက် ရွေးလိုက်တဲ့အချိန်က ၄ နာရီ မိနစ် ၂၀ လေ။ အဲဒါကို အင်္ဂလိပ်လို ဖိုးတွမ်တီး (4:20) လို့ ခေါ်တယ်။ ဖိုးတွမ်တီးက  ဥပဒေစကားနဲ့ဆို လိမ်လည်မှုကိုခေါ်တာကွာ။ အရပ်စကားမှာတော့ လိမ်တာ၊ ညာတာ၊ ကလိမ်ကျတာ မဟုတ်ဘူးလား။ ဗေဒင်ဆရာတွေရွေးပေးတဲ့ ဖိုးတွမ်တီး ဆိုတဲ့ ဂဏန်းအတိုင်း မြန်မာပြည်မှာ တကယ်ဖြစ်ပျက်နေတာ မင်းတို့ မျက်မြင်ပဲမဟုတ်လား။

ရုက္ခစိုး၏စကားအဆုံးတွင် ဖိုးရှုပ် နှင့် ကြွက်စုတ်က ပြိုင်တူ ပြောလိုက်ကြလေသည်။

“သြော် … ဒါကြောင့်မို့ ဗိုလ်ချုပ်မှူးကြီးက ဗေဒင်ကို အရမ်း … အရမ်း … ယုံကြည်နေတာကိုး”

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်