ချင်းမိုင်ရုက္ခစိုးနှင့် ချိတ်ဝတ် မာမီများ

နေပြည်တော်ရှိ လွတ်လပ်ရေးနေ့ အလံတင် အခန်းအနားကြီး ဖိတ်ဖိတ် လက်နေသည်။ ရောက်ရှိသွားသော ဦးရုက္ခစိုးပင် နတ်ဖြစ်လျက်နှင့် အရောင်မှိန်သွား သောကြောင့် အားငယ်သွား၏။

ချိုကုပ်။     ။ ဟိုင်း … ဦးရုက္ခစိုး … ရောက်လာပြီလား။ ဒီကို သက်သက်ပဲလား။ ခင်ဗျားရဲ့ဘော်ဒါ ငရှုပ်တွေ မပါဘူးလား။

cmnatရုက္ခစိုး။     ။ နေရာတကာ ခေါ်မသွားနိုင်ပါဘူးဗျာ။ ဆီဈေးတွေက ကြီးကကြီးနဲ့။ ဒီတော့ ဆီမလိုတဲ့ကျုပ်ပဲ လာလိုက် တယ်လေ။ ကျုပ်ကတော့ ဒီကိုသက်သက်ပါပဲ။ လွတ်လပ်ရေးနေ့မှာ ဘာတွေများ လုပ်နေသလဲ လာကြည့်တာပါ။

ချိုကုပ်။     ။ အခု အလံတင်မယ်။ ညကျ ညစာစားပွဲ ကျင်းပမယ်။ ဒါပဲလေဗျာ။

ရုက္ခစိုး။     ။ လွတ်လပ်ရေးနေ့မှာ ခင်ဗျားရဲ့ ချိုကုပ်တွေကြည့်ရတာ မလွတ်မလပ် ဖြစ်နေသလားလို့။ တခုခုများ လွဲနေလား ချိုကုပ်ဒူးကြီး။

ချိုကုပ်။     ။ မလွဲပါဘူး ဦးရုက္ခစိုးရယ်။ အရပ်သားအစိုးရ အဖြစ် လျှောက်လှမ်းမယ့် အနာဂတ်နိုင်ငံတော်သစ်ကြီးဆီ ချီတက်ဖို့ အရပ်သား ဖြစ်ဖို့လိုတယ်မဟုတ်လား။ ဒါကြောင့် အရပ်သားအဖြစ် ကျင့်ခိုင်းနေတာ။ နည်းနည်းတော့ စနိုးစနောင့်နိုင်တာပေါ့။

ချိုကုပ်ဒူးကြီးစကားပင် မဆုံးသေး ချိုကုပ်တယောက် ကျွတ်နေသော ပုဆိုးကို စွန်တောင်ဆွဲကာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ထို ချိုကုပ်မှာ အားလုံးက ၈ လုံးဟု သိထားသော ဦးသီဟ ကိုယ်ရ တင်ပြောင် မြင်းပြူး ဖြစ်နေသည်။

ချိုကုပ်။     ။ ဟဲ့ … ၈ လုံး … ဘယ်လိုဖြစ်လာတာလဲ။ ပုဆိုးမနိုင် ပုဝါမနိုင်နဲ့။

၈ လုံး။     ။ မနိုင်ဆို ဒါမျိုးကြီးကို တခါပဲ ဝတ်ဖူးသေးတာလေ ချိုကုပ်ဒူးကြီးရဲ့။ အခန်းအနားမစခင် အိမ်သာသွားမလို့ ထလိုက်တာ ဘေးက ကိုယ်ရ ရွှေပန်းက ပုဆိုးစတက်နင်းလိုက်လို့ ကျွတ်သွားတာ။ အခု ပြန်မဝတ်တတ်တော့ဘူး။

ပြောပြောဆိုဆိုနှင့် ၈ လုံးမှာ ပုဆိုးကို ကွင်းသိုင်းပြီး အိမ်သာရှိရာသို့ ဆောင့်ကြီးအောင့်ကြီးနှင့် ဆက်လက် ထွက်ခွာ သွားလေသည်။

ချိုကုပ်။     ။ ဒီ ရွှေပန်းတော့ကွာ … နရင်း ၂ ချက်လောက်တီးပြီး ရာထူးချဦးမှနဲ့တူတယ်။

ရုက္ခစိုး။     ။ နေပါဦး ချိုကုပ်ဒူးကြီးရဲ့ … ချိုပြုတ်တွေအကုန်လုံး ဝတ်ထားလိုက်ကြတာ … ကြိုးကြီးချိတ်တွေ ချည်းပဲ။ ဘယ်လိုဖြစ်တာလဲ။ ကျုပ်တောင် အရောင်နည်းနည်း မှိန်သွားသလိုပဲ။

ချိုကုပ်။     ။ ပုဆိုးဝတ်တယ် ဆိုတာကတော့ အရပ်သားအစိုးရဆိုတာကို လူမြင်ကောင်းအောင် လုပ်တာပေါ့ဗျာ။ ကြိုးကြီးချိတ် ဝတ်ခိုင်းရတာကတော့ ယတြာချေတာရယ်၊ ဒေါ်လာဈေးကျလို့ရယ် ...။

ရုက္ခစိုး။     ။ ရှင်းစမ်းပါဦး ချိုကုပ်ဒူးကြီးရယ်။

ချိုကုပ်။     ။ ကြိုးကြီးချိတ် ဆိုတာ တနင်္လာနံတွေချည်းပဲ မဟုတ်လား။ ကျုပ်ရဲ့ ချစ်ဇနီး နှမတော်လေး ကွိုင်ကွိုင် ဆိုတာလည်း တနင်္လာနံ … ဟုတ်တယ်နော်။ ကွိုင်ကွိုင်က ၂၀၁၁ နှစ်ဆန်းမှာ အသက်အန္တရာယ် ရှိတယ်လို့ ဗေဒင်က ဟောထားတယ်လေ။ အဲဒါ ကွိုင်ကွိုင့် အနေနဲ့ခါးဝတ်ပုဆိုးလို အသက်နဲ့ ခန္တာမြဲစေဖို့ အတွက် တနင်္လာနံ ကြိုးကြီးချိတ်ကို ပုဆိုးလုပ် ဝတ်ခိုင်းတာဗျား။

ရုက္ခစိုး။     ။ အခုနက ၈ လုံး ပုဆိုးကျွတ်သွားတယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။

ချိုကုပ်။     ။ အဲဒါကြောင့် ပြောနေရတာ။ ရွှေပန်းကို ရာထူးချပါမယ်လို့။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ပေါ့တီး ပေါ့ဆ လုပ်နေတယ်။ ရတော့ရပါတယ်။ ၈ လုံးက ပြန်ဝတ်မှာပါ။

ထိုစဉ် ၈ လုံးမှာ အိမ်သာမှနေ၍ လှုပ်လီလှုပ်လဲ့နှင့် ပြန်လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ကြိုးကြီးချိတ်ကို ပုဆိုးလို မဝတ်ဘဲ ထဘီဝတ်သကဲ့သို့ ဝတ်ထားလေ၏။ သူတို့ ရှေ့မှ အဖြတ်တွင် ၈ လုံးက “ပုဆိုး မဝတ်တတ်လို့ မိန်းမကို ပြန်ဝတ် ခိုင်းတာ … သူက ဒီလိုပဲ ဝတ်တတ်တယ်ဆိုပြီး ဝတ်ပေးလိုက်တယ်လေ … သွား … လူဆိုးကြီး” ဟု ပြော၍ ချိုကုပ်ဒူးကြီးကို မျက်စောင်း ထိုးပြသွားကာ ကနွဲ့ကလျ ဆက်လျှောက်သွားသည်။

ချိုကုပ်။     ။ အင်း ဘယ်လိုပဲဖြစ်ဖြစ် ကျွတ်မနေဖို့က လိုရင်းပဲလေ။ ဝတ်တတ်သလို ဝတ်ပါစေ။

ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးဝတ်ခိုင်းတဲ့ ကြိုးကြီးချိတ်တွေကလည်း ထဘီဆင်တွေချည်းပါပဲလား။ အရောင်တွေကလည်း မိန်းမ ဆင်တွေ။

ချိုကုပ်။     ။ ဒါလား … ဒါက တချက်ခုတ် နှစ်ချက်ပြတ် ယတြာလေ။ ဗေဒင်က ဟောတယ်ဗျာ … တိုင်းပြည်မှာ ထဘီဝတ်သူ အုပ်စိုးမယ်တဲ့ … အဲဒါကြောင့် ချိုပြုတ်တွေကို ထဘီတွေ ဆင်ပေးလိုက်တာပဲ။

ရုက္ခစိုး။     ။ ကဲပါဗျာ။ ခုနက ပြောတဲ့ထဲမှာ ဒေါ်လာဈေးကျလို့ ကြိုးကြီးချိတ် ဝတ်ရတယ်လို့ ခင်ဗျား ပြောသွားတယ်။ အဲဒါကကော။

ချိုကုပ်။     ။ ဒါကတော့ ချိုကုပ်တွေအားလုံးရဲ့ စိတ်ကူးလည်းပါတယ် ဦးရုက္ခစိုးရဲ့ ...။ ဒေါ်လာဈေးက ကျတော့ ပို့ကုန် လုပ်ငန်းတွေ အကုန် အရှုံးပေါ်ကုန်တယ်။ ဒီလုပ်ငန်းတွေ ပိုင်ဆိုင်တာကလည်း ချိုကုပ်တွေ ချိုပြုတ်တွေချည်းပဲ မဟုတ်လား … အကုန်အရှုံးပေါ်တော့ လုပ်ငန်းလေးဘာလေး ပြောင်းလုပ်ချင်ကြတယ်။ အဲဒီလို ပြောင်းလုပ်တဲ့အခါ အဆင်ပြေအောင်လို့ အခုလို ကြိုးကြီးချိတ် အဆင်ဆန်းတွေ ဝတ်ကြတာ။

ထိုစဉ်သူတို့ ရှိရာသို့ ချိုပြုတ်တယောက် နွဲ့နွဲ့နှောင်းနှောင်း လျှောက်လာပြန်သည်။ ထို ချိုပြုတ်မှာ ကြိုးကြီးချိတ် ပန်းဆီရောင် တောက်တောက်ကို ဝတ်ထားသည်။ “ချိုကုပ်ဒူးကြီး … အလံတင်တော့မယ်တဲ့ … ဂယ်ပဲ … သူများကိုပဲ သွားခေါ်ခိုင်း နေတာပဲ။ ခု လာခဲ့ပါတဲ့ … အဟင့် … လူဆိုးကြီး … လာခဲ့နော်” ဟု ထိုချိုပြုတ်က ပြောကာ ဦးရုက္ခစိုးကို မျက်စိတဖက် မှိတ်ပြ၍ ထွက်သွားသည်။

ရုက္ခစိုး။     ။ ဒီချိုပြုတ်တွေက ဘယ်လိုအလုပ်တွေများ ပြောင်းလုပ်မှာ မို့လို့လဲ ချိုကုပ်ဒူးကြီးရဲ့။ ရင်တုန်စရာကြီးပါလား။

ချိုကုပ်။     ။ သြော် ဦးရုက္ခစိုးရယ်။ ဒီချိုကုပ်တွေ ချိုပြုတ်တွေ က ဘာစီးပွားရေး နားလည်မှာ မို့လို့လဲ။ တေဂွတို့လို စီးပွားရေးသမားတွေ ရှာပေးတာကို ထိုင်းစားနေကြတဲ့ဟာ။ အခု ဒေါ်လာဈေးကကျ၊ စုထားတဲ့ ရွှေတွေ ထုတ်ရောင်းမယ်ဆိုပြန်တော့လည်း ဈေးကကျနဲ့ … ဘာမှမလုပ်တတ်တော့ … ထိုင်းက ဂေးဘားတွေကို သွားပြီး စီးပွားရှာမယ်တဲ့။ အဲဒါ သူတို့ကို ဟိုက ခေါ်ချင်အောင် ကြိုးကြီးချိတ် အဆင်ဆန်းလေးတွေ ဝတ်ပြထားတာလေ။

ရုက္ခစိုး။     ။ ဟင် … ဒီ ချိုကုပ် ရုပ်ကြမ်းကြီးတွေ အကုန်လုံး သွားမှာလား။ ဘုရားဘုရား ထိုင်းတော့ စီးပွားပျက်ကပ် ဆိုက်တော့မယ်ထင်တယ်။

ချိုကုပ်။     ။ အကုန်လုံးတော့ ဘယ်လွှတ်လို့ ဖြစ်ပါ့မလဲ ဦးရုက္ခစိုးရယ် … လွှတ်တော်ထဲကို ၁၆၆ ယောက် ဝင်ခိုင်းထားတာ ရှိသေးတယ်။ သူတို့ကိုတော့ နေခဲ့ခိုင်းရမှာပေါ့။

ရုက္ခစိုး။     ။ ချိုကုပ်တွေကို လွှတ်တော်ထဲ ဝင်ခိုင်းမယ်ဆိုတော့ … တော်တော်လေး နိုင်ငံရေး ကျွမ်းကျင်တဲ့ သူတွေ ဖြစ်မှာပေါ့နော်။

ချိုကုပ်။     ။ နိုင်ငံရေးကတော့ ဘာကျွမ်းသလဲ မမေးနဲ့ … စာလုံးတောင် ဘယ်လိုပေါင်းရလဲ သိတဲ့ကောင်တွေ မဟုတ် ပါဘူးဗျာ။ သူတို့ကို တပတ်အပြတ် သင်တန်းပေးပြီး လွှတ်တော်ထဲ သွားခိုင်းရမှာ။

ရုက္ခစိုး။     ။ တပတ်ထဲသင်မယ် ဟုတ်လား။ ဆယ်တန်း ကလေးတွေ အနီးကပ် ကျူရှင် တက်ရင်တောင် အနည်းဆုံး တလလောက်တော့ သင်ရတာ မဟုတ်ဘူးလား။

ချိုကုပ်။     ။ လွယ်ပါတယ် ဦးရုက္ခစိုးရယ်။ မြန်မာပြည်က ပါမောက္ခအဆင့်တောင် တလလောက်နဲ့ ကျောင်းဆင်းတာ … ချိုကုပ်တွေ နိုင်ငံရေး လုပ်ဖို့က တပတ်ဆိုတာတောင် များသေးတယ်။

ရုက္ခစိုး။     ။ တပတ်နဲ့ ဘာတွေ သင်မှာလဲဗျ။

ချိုကုပ်။     ။ ပုဆိုးဝတ်နည်းက တရက်၊ လူကွယ်ပြီး အိပ်ငိုက်နည်းက တရက်၊ ပါတီ ကိုယ်စားလှယ်တွေ ပြောသမျှ သိသိ မသိသိ ဖင်ပိတ်ငြင်းနည်းက တရက်၊ ကွန်ပျူတာ ဖွင့်နည်း ပိတ်နည်းက တရက်၊ ကျန်တဲ့ သုံးရက်ကတော့ နိုင်ငံရေး ဆိုတာရယ် ဒီမိုကရေစီ ဆိုတာရယ် စာလုံးပေါင်း တတ်ဖို့၊ တို့ တာဝန်အရေးသုံးပါးတို့၊ သူ့တာဝန် အရေးသုံးပါးတို့ကို အလွတ်ရွတ်တတ်အောင် ကျက်ဖို့ … ဒါပဲလေ။ တပတ်က များတောင် များနေသေးတယ် မဟုတ်ဘူးလား။

ထိုစဉ် အလံတင်အခမ်းအနား ကျင်းပပြီး အလံကို အလေးပြုကြသည် ...။ ပြီးသွားသည်နှင့် ကြိုးကြီးချိတ်ဝတ် ချိုကုပ်များမှာ ဦးရုက္ခစိုးနားသို့ သူ့ထက်ငါ ဝိုင်းလာကြလေသည် ...။

ချိုကုပ်။     ။ ဟဲ့ဟဲ့ … ဘာလုပ်ကြတာလဲ … ဘာလုပ်ကြမလို့လဲ … ဦးရုက္ခစိုးကြီး အသက်ရှူကျပ် နေပါ့မယ်။

ချိုကုပ်ဒူးကြီးပြောသည်ကို တယောက်မှ ဂရုမစိုက်ကြဘဲ ဦးရုက္ခစိုးကြီး၏ ခြေများလက်များကို ဆွဲကိုင်က အသီးသီး တောင်းပန်နေကြသည် …။

ကြိုးကြီးချိတ် ခရမ်းရောင်ဝတ် ချိုကုပ်တယောက်က ချိုကုပ်ဒူးကြီးဘက်သို့ လှည့်၍ “များတို့ … ဒီက ဦးရုက္ခစိုးကြီးနဲ့ ထိုင်းနိုင်ငံ လိုက်သွားမလို့လေ။ သူနဲ့ဆို ဗီဇာလည်း မလိုဘူး၊ လေယာဉ်လည်း စီးစရာမလိုဘူးဆိုတော့ များတို့ထဲက နိုင်သလောက် ခေါ်သွားခိုင်းမလို့ ...။ နော် … ဦးရုက္ခစိုးကြီး များတို့ကို ခေါ်သွားပါနော်” ဟု ပြောလိုက်သည်။

နောက်တယောက်ကလည်း “ဟုတ်တယ် များတို့ကို ခေါ်သွားပေးပါ။ ဟိုရောက်ရင် ဦးရုက္ခစိုးကို ဒုက္ခ မပေးပါဘူး။ များတို့ဘာသာ များတို့ လုပ်စားပါ့မယ်” ဟု ပြောပြန်သည်။

အဖြစ်မှန်ကို သိသွားသော ဦးရုက္ခစိုးကြီးမှာ ဤ အခမ်းအနားသို့ ဆတ်ဆော့စွာ လာမိသော ကိုယ့်ကိုယ်ကိုယ် ကြိမ်ဆဲရင်း ကြိုးကြီးချိတ်ဝတ် ချိုကုပ်များကြားမှ အမြန်ဆုံးအလျင်ဖြင့် ကိုယ်ရောင်ဖျောက်ကာ ထွက်ပြေးရလေတော့သတည်း။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်