ဘန်ကောက်မြို့လယ်ရှိ STARBUCKS ကော်ဖီဆိုင်တခုတွင် သူတို့ ထိုင်နေကြသည်။ ရုက္ခစိုးက ဖိုးရှုပ်နှင့် ပေါင်းပြီး သတင်းထောက်ဈာန်ဝင်နေသည်။ ကော်ဖီနှစ်ခွက်အကုန်တွင် ရုက္ခစိုးက သတင်းထောက်ကို အင်တာဗျူးလေသည်။
ရုက္ခစိုး။ ။ မင်းတို့ ဧရာဝတီမှာ ဘာသတင်းတွေ တင်ထားသလဲ။
ဖိုးရှုပ်။ ။ အင်း … ဟိုနေ့က … ဗိုလ်ချုပ်မှူးကြီး သတင်း တင်လိုက်တယ်။ သူ ပျောက်နေတယ်၊ လွတ်လပ်ရေးနေ့ ညစာစားပွဲတောင် မတက်ဘူး ဆိုတဲ့ သတင်း။
ရုက္ခစိုး။ ။ ဟာ … သောက်တလွဲ၊ အဲဒါ သတင်းလားကွ … ။ မင်းရေး တာလား၊ ဘယ်သူရေးတာလဲ။ မင်း တော်တော် ဘော်ချက်တဲ့ ကောင်ပဲ။ သန်းရွှေကြီးက သူ့ဟာသူ အိမ်မှာ ဗီဒီယို ကြည့်နေတာ ဖြစ်မှာပေါ့။
ဖိုးရှုပ်။ ။ ဟာဗျာ … လွတ်လပ်ရေးနေ့ ညစာ စားပွဲဆိုတာ ဗိုလ်ချုပ်မှူးကြီး တက်နေကျလေဗျာ။ အဲဒီညမှာ ထူးထူးခြားခြား သူ ပျောက်နေတယ်။ ဒါ … သတင်းဗျ… သတင်း။ ထင်ရှားသူ တယောက် ပုံမှန် မဟုတ်တော့ဘူးဆိုရင် ကျနော်တို့က ရေးလိုက်မယ် လာထားပဲ။
ရုက္ခစိုး။ ။ မင်းစောစောက ပြောတော့ သူ အခု ဘန်ကောက် ရောက်နေတယ်ဆို။
ဖိုးရှုပ်။ ။ ကျနော့် အယ်ဒီတာချုပ်ကြီး ပြောတာကို ပြန်ပြောပြတာပါဗျာ။ သန်းရွှေကြီး ဘန်ကောက်မှာ ဆေးလာကုတယ်၊ သတင်း လိုက်ချည်ဆိုလို့ ကျနော် လာရတာ။
ရုက္ခစိုး။ ။ အဲဒီတော့ မင်း ဘာလုပ်မလဲ၊ ငါ့အမြင်မှာ ဘန်ကောက်မြို့က အဆုံးအစမရှိ ကျယ်တာနော်၊ မင်း တအိမ်တက်ဆင်း ရှာမလို့လား။
ဖိုးရှုပ်။ ။ ရှာပါဘူးဗျာ။ ကိုယ်လုပ်ချင်တာတွေ လုပ်ပြီး ချင်းမိုင် ပြန်မယ်လေ။ ဒီနေ့တော့ ဒီမှာပဲ ထိုင်ကြတာပေါ့။ ကျနော်သိတဲ့ နိုင်ငံရေးသမား တယောက် ဒီဆိုင်မှာ ကော်ဖီသောက်နေကျ။ ဟော … ပြောရင်းဆိုရင်း ဟိုမှာ … လာနေပြီ။
နေကာမျက်မှန် တပ်ထားသည့် လူတယောက် ဆိုင်ထဲဝင်လာပြီး ကောင်တာတွင် ရပ်လိုက်သည်။ အရပ်ရှစ်မျက်နှာကို မကြာခဏ စောင်းငဲ့ကြည့်သည်။ ကော်ဖီတခွက် ဝယ်သည်။
ရုက္ခစိုး။ ။ ကြည့်ရတာ … ဒီလူက အင်မတန် လျှို့ဝှက်သည်းဖို ဆန်တယ်နော်။
ဖိုးရှုပ်။ ။ အဲဒါ သူ့စတိုင်ဗျ။ သူ့နာမည်က ဦးပြောင်ပြောင်တဲ့။ ဦးရုက္ခစိုး ကံကောင်းလို့ သူ့ကို တွေ့ရတာ။ သူက လူတွေကို အတွေ့ခံတာ မဟုတ်ဘူး။ ဖုန်းတောင် ဆက်လို့ရတာ မဟုတ်ဘူး။ စင်ပြိုင် အစိုးရဖွဲ့ပြီး ပြည်တော်ပြန် အာဏာသိမ်းရေး စီမံကိန်းဆွဲနေတဲ့သူလေ။
မကြာမီ လျှို့ဝှက်သည်းဖိုဆရာ ကော်ဖီခွက်ကိုင်ပြီး သူတို့ရှိရာ ရောက်လာသည်။ ဖိုးရှုပ်က ခရီးဦးကြိုပြုလိုက်သည်။
ဖိုးရှုပ်။ ။ ဆရာ … ထိုင်ပါ ဆရာ… ။
ဦးပြောင်ပြောင်။ ။ ဟဲဟဲ … ကျနော်က ဆရာ မဟုတ်ပါဘူး၊ ဆရာက ဆရာပါ ဆရာရယ် … ဟဲဟဲဟဲ … ။
ဖိုးရှုပ်။ ။ ဟင်းဟင်းဟင်း … ဦးပြောင်ကလည်းဗျာ။ ဦးပြောင်ကို မိတ်ဆက်ပေးရဦးမယ်၊ ဒါက ဦးရုက္ခစိုးတဲ့၊ ချင်းမိုင်မှာ နေတယ်။ ဦးရုက္ခစိုးရေ … ဒါကတော့ ဦးပြောင်ပြောင်။ ဟင်းဟင်းဟင်း… ။
ဦးပြောင်ပြောင်နှင့် ရုက္ခစိုးက “တွေ့ရတာ ဝမ်းသာပါတယ်” ဟု အသီးသီး ပြောဆိုပြီး၊ အပြန်အလှန် အကဲခပ်ကြသည်။
ဦးပြောင်ပြောင်။ ။ ဘယ်လိုလဲ၊ ကျနော်တို့ စင်ပြိုင်အစိုးရ ဖွဲ့မယ့်အကြောင်း ရေးထားတဲ့ နှစ်သစ်ကူး ကြေညာချက် ဖတ်ပြီးကြပြီ မဟုတ်လား။ ကျနော်ကတော့ သိပ်အားရတယ်၊ နှစ်သစ်မှာ လူသစ်၊ စိတ်သစ်၊ အစိုးရသစ် … ဟဲဟဲဟဲ … ။
ရုက္ခစိုး။ ။ ဖတ်ပြီးပါပြီ။ ဟိုနှစ်တွေ တုန်းကလည်း ရှမ်းပြည်အစိုးရ ဆိုပြီး ပေါ်လာသေးတယ်နော်။ အစိုးရတွေကလည်း များလိုက်တာ။
ဦးပြောင်ပြောင်။ ။ ကျနော်တို့ လုပ်တာက မဟာစီမံကိန်း။ ကျနော် ဒီစီမံကိန်းကို ဆွဲထားတာ ၃ နှစ်ရှိပြီ။ တကယ့်ကို အားကောင်း ပြီးတော့ တကယ့်ကို စစ်မှန်တဲ့ စင်ပြိုင်အစိုးရ တရပ် မကြာခင် ပေါ်လာမယ်။
ရုက္ခစိုး။ ။ ပြီးရင် ဘာလုပ်မလဲ။
ဦးပြောင်ပြောင်။ ။ နေပြည်တော်ကို ဝင်မယ်။ အာဏာသိမ်းမယ်။
ရုက္ခစိုး။ ။ ဟာ လွယ်လှချည်လား။
သတင်းထောက်ဈာန် ဝင်နေသော ရုက္ခစိုးကြီးက ဦးပြောင်ပြောင်ကို မေးခွန်းများ အဆက်မပြတ် ထုတ်နေသဖြင့် ကြားထဲက ဖိုးရှုပ် အားနာနေသည်။
ဦးပြောင်ပြောင်။ ။ ဟဲဟဲ … အားလုံး စီစဉ်ပြီးပြီဗျာ။
ရုက္ခစိုး။ ။ ဘာတွေ စီစဉ်ပြီးတာလဲ။
ဦးပြောင်ပြောင်။ ။ နိုင်ငံတကာ ထောက်ခံမှု ရအောင်လည်း စီစဉ်နေပါတယ်။ ကမ္ဘာက စစ်အစိုးရကို မကြိုက်ဘူးဆိုတော့ ကျနော်တို့ကို ထောက်ခံကြမှာပဲ။ ဒီအပိုင်းက သိပ်မခက်ဘူး။
ရုက္ခစိုး။ ။ ဒီအပိုင်းက မခက်ဘူး ဆိုတော့ ဘယ်အပိုင်းမှာ ခက်နေတာ ရှိသလဲ။
ဦးပြောင်ပြောင်။ ။ အင်း … အခက်အခဲက မရှိသလောက်ပါပဲ။ အနှစ် ၂ဝ လောက် အတွေ့အကြုံ ရှိပြီးပြီပဲ။ ဟဲဟဲ …။
ရုက္ခစိုး။ ။ ဒါဆို အစိုးရသစ်ဖွဲ့ပြီး ပြည်တော်ဝင် အောင်ပွဲခံဖို့ အဆင်သင့်ဖြစ်နေပြီပေါ့။
ဦးပြောင်ပြောင်။ ။ ဟဲဟဲဟဲ … ဆိုပါတော့ဗျာ။ တောင်ရှည် ပုဆိုးတွေ၊ ခေါင်းပေါင်းတွေ ဝယ်ထားပြီးပြီ။ အားလုံး အဆင်သင့် ဖြစ်နေပြီ။ လွှတ်တော် တက်မယ် ဆိုတော့ ဟဲဟဲဟဲ … ဝန်ကြီး ဝန်ကလေးတွေရဲ့ အဆင်တန်ဆာဖြစ်တဲ့ ခေါင်းပေါင်းတွေ ဘာတွေကို ကြိုတင် စီစဉ်ထားရတာပေါ့ဗျာ။
ထိုသို့ ပြောဆိုပြီး ဦးပြောင်ပြောင်က ကိုယ်ကို တပတ်လှည့်ကာ အရပ်ရှစ်မျက်နှာသို့ မျက်လုံးကစားပြန်သည်။ ထိုစဉ် ဆိုင်အတွင်းသို့ လူသုံးယောက် ဝင်လာသည်။ ဦးပြောင်ပြောင်က ၎င်းတို့ကို လက်တဘက် ဝှေ့ယမ်းပြပြီး “ဟေ့ ဒေါက်တာဝိန်စင်း လာ … လာ… ဒီကိုလာ …” ဟု လှမ်းခေါ်လိုက်သည်။ ဒေါက်တာဝိန်စင်းတို့ လူတသိုက် အနားသို့ ရောက်လာသည်။
ဒေါက်တာဝိန်စင်း။ ။ ကိုပြောင်ပြောင်ရေ၊ Long time no see ဗျာ။ ခင်ဗျားက ဒီလာပြီး လေပစ်နေတာကိုး။ အစည်းအဝေးက ဒီနေ့လုပ်မယ်လေဗျာ။ လာ သွားကြစို့။
ဦးပြောင်ပြောင်။ ။ သြော် ဟုတ်ပါရဲ့၊ အားတော့ နာတယ် ဦးရုက္ခစိုးနဲ့ ကိုဖိုးရှုပ်ရေ၊ အရေးကြီးတဲ့ အစည်းအဝေးတခု သွားရဦးမယ်။
ဖိုးရှုပ်။ ။ ဟုတ်ပြီဆရာ၊ နောက်မှ တွေ့မယ်ဗျာ။
ဦးပြောင်ပြောင်၊ ဒေါက်တာဝိန်စင်းနှင့် အခြား နှစ်ဦး ဆိုင်အပြင်ဘက်တွင် ရပ်ထားသော ကားတစီးထဲ ဝင်ထိုင်ကြသည်။ လမ်းတွင် ဦးပြောင်ပြောင်က နေပြည်တော် သိမ်းပိုက်ရေး ရှေ့လုပ်ငန်းစဉ်များကို တက်တက်ကြွကြွ ရှင်းပြသွားသည်။ ဒေါက်တာဝိန်စင်းက ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးပြီး လိုက်ပါလာသည်။ ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ကလည်း ကားတစီးငှားပြီး နောက်မှ လိုက်လာကြသည်။
ဦးပြောင်ပြောင်တို့ကားက လုံခြုံရေးထူထပ်သည့် ဝင်းတခုအတွင်းသို့ ဝင်သွားသည်။ ရုက္ခစိုးတို့ ငှားလာသည့် ကားကလည်း နောက်မှ လိုက်ဝင်သွားသည်။
ရုက္ခစိုး။ ။ ဟေ့ကောင် … ဒါ ဘယ်နေရာလဲကွ။
ဖိုးရှုပ်။ ။ ကျနော်လည်း မသိဘူး။
ရုက္ခစိုး။ ။ ဒီလူတွေ ဒီမှာ အစည်းအဝေး လုပ်မလို့လား … ။ ငါတော့ အထင်ကြီးသွားပြီဟေ့။ အစိုးရအဆင့် အစည်းအဝေး ဆိုတာ ဒီလို အဆောက်အဦးမျိုးနဲ့မှ ဟန်ကျပန်ကျ ရှိတာပေါ့။ ဟာ …ဟာ … ဟေ့ကောင် … ဟိုမှာ … ဦးပြောင်ပြောင် နဲ့ ဒေါက်တာဝိန်စင်းကို ကားပေါ်က ဆွဲချနေပြီ။
ဦးပြောင်ပြောင်၊ ဒေါက်တာဝိန်စင်းတို့ ရုန်းကန်ပြီး အဆောက်အဦး အတွင်းသို့ လိုက်သွားရသည်။ ရုက္ခစိုးတို့လည်း နောက်မှ လိုက်သွားကြသည်။ ဦးပြောင်ပြောင်က “ဟေ့ကောင်တွေ မင်းတို့ ငါ့ကို သစ္စာဖောက်တာလား၊ ဒါ ဘယ်သူ့ အကြံလဲ။ လွှတ် … ငါ့ကို လွှတ် …” ဟု အော်ဟစ်ပြီး ရုန်းထွက်ဖို့ ကြိုးစားနေသည်။
ဒေါက်တာဝိန်စင်းကလည်း အော်ဟစ်ရုန်းကန်နေသည်။ “What the hell is going on?”ဟု အော်လိုက်သည်။ သို့သော်လည်း ကြာကြာ မအော်လိုက်ရပါ၊ အခန်းတခန်း အတွင်းမှ လူတယောက်က ရေနှင့် လှမ်းပက်သဖြင့် ဒေါက်တာဝိန်စင်း ငြိမ်ဆင်းသွားရသည်။
ရေနှင့် လှမ်းပက်လိုက်သောသူမှာ လွတ်လပ်ရေးနေ့ ညစာစားပွဲမှ စတင် ပျောက်ဆုံးနေသော၊ သတင်းထောက် ဖိုးရှုပ် တွေ့ချင်လွန်းသဖြင့် ဘန်ကောက်တွင် လိုက်လံရှာဖွေနေသော ဗိုလ်ချုပ်မှူးကြီး ဖြစ်ကြောင်း အံ့သြဖွယ် တွေ့လိုက်ရသည်။ ဗိုလ်ချုပ်မှူးကြီး၏ အခန်းဘေးတွင် လူတယောက် ရှိနေသည်။ ရှမ်းတိုင်းရင်းသားဝတ်စုံ ဝတ်ထားသော လူကြီးတယောက် ဖြစ်သည်။
အဖြစ်အပျက်များ မြန်ဆန်လွန်းသဖြင့် ရုက္ခစိုး အံ့အားသင့်သွားသည်။ ပျောက်ဆုံး နေသူများကို ဤအဆောက်အဦး အတွင်း တွေ့လိုက်ရသဖြင့် ပို၍ ပို၍ အံ့အားသင့်သွားသည်။ ထိုအချိန်တွင် ဖိုးရှုပ်က အခြေအနေ အမှန်ကို သိရှိသွားလေသည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရေ … ဒါ … ဒါ … စိတ်ရောဂါအထူးကုဆေးရုံဗျ … ။ ။
< Prev | Next > |
---|